ထောင်စုနှစ် သန်းကြွယ်သူဌေးနှစ်ဦးရဲ့ ချမ်းသာစေမယ့် နည်းလမ်း ၆ သွယ်

 

စာအုပ်ကြီးအတိုင်းဆိုရင် ချမ်းသာတဲ့ မိသားစုက မဟုတ်ရင်တော့ အသက်သုံးဆယ်အရွယ်မှာသန်းကြွယ်သူဌေး ဖြစ်ဖို့ဆိုတာ သိပ်တော့မလွယ်ကူလှပါဘူး။   ရင်းနှီးမြှုပ်နှံမှုကောင်းကောင်းနဲ့ ချွေတာတဲ့နည်းလမ်းတွေနဲ့ ချမ်းသာဖို့ အကြံတွေရှိပေမယ့် ကိုယ်ကိုယ်တိုင်ကလည်း ငွေကြေးသုံးစွဲဖို့ အစီအစဉ်မရှိရင်တော့  သန်းကြွယ်သူဌေး ငယ်ငယ် ရွယ်ရွယ်နဲ့ ဖြစ်ဖို့ဆိုတာ အဆုံးအစမဲ့တဲ့ အိပ်မက်လိုဖြစ် နေမှာ ဖြစ်ပါတယ်။

Mr Taso Du Val and Mr Grant Sabatier

          ဒါပေမဲ့လည်း ကိုယ်ကိုယ်တိုင်က ဗဟုသုတ ကြွယ်ဝမယ်၊ တက်တက်ကြွကြွရှိမယ်၊ ကံလည်းကောင်း မယ်ဆိုရင် သန်းကြွယ်သူဌေးဖြစ်နိုင်ပါတယ်။     ထောင်စုနှစ် လူသားတွေက ဆက်ဆံရေးကောင်း၊ တီထွင်နိုင်စွမ်း ရှိပြီး စီးပွားရေးလုပ်တဲ့အခါမှာလည်း အောင်မြင်တတ်ကြတယ်လို့ သတင်းကျော်စောပါတယ်။ သန်ကြွယ်သူဌေး နှစ်ဦးဝေမျှပေးခဲ့တဲ့ အကြံဉာဏ်တွေကတော့ . . .

         

၁။ ကိုယ့်အတွက် ဝင်ငွေရနေမယ့် ဒုတိယအလုပ်ကိုရှာပါ။

စွန့်ဦးတီထွင်မှုဆိုတာ အမေရိကန်ပတ်ဝန်းကျင်အတွက တော့ မဖြစ်နိုင်ဘူးလို့ ထင်နိုင်ပါတယ်။ စွန့်ဦးတီထွင် လုပ်ငန်းကို ဘယ်လိုလုပ်ရမလဲဆိုတဲ့ မဟာဗျူဟာကို သိသွားမယ်ဆိုရင်တော့ ဒီလိုအမြင်မျိုး ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

          Millennial Money လုပ်ငန်းကို တည်ထောင်ခဲ့တဲ့ လုပ်ငန်းရှင် Grant Sabatier ကလည်း အပေါ်ကအတိုင်း ထင်ခဲ့ပေမယ့် သူ့ရဲ့ Freelance Project တစ်ခုကို စလုပ်ခဲ့ တဲ့အခါမှာ အောင်မြင်ဖို့ အကြောင်းဖြစ်လာခဲ့ပါတယ်။ သူက Digital Marketing Agency တစ်ခုမှာ အချိန်ပြည့်ဝန်ထမ်းအနေနဲ့ လုပ်ကိုင်ခဲ့ပြီး ဒုတိယအလုပ်အနေနဲ့ Website ရေးပေးတဲ့ Project ကိုလုပ်ခဲ့ပါတယ်။ ဥပဒေ လုပ်ငန်းအသေးလေးအတွက် Website တစ်ခုကို ဒေါ်လာ ၅ဝဝ နဲ့ဆွဲပေးပြီး  သိပ်မကြာခင်မှာပဲ ဒီထက်ပိုကြီးတဲ့ ဥပဒေလုပ်ငန်းအတွက် Website ကို ဒေါ်လာ ငါးသောင်းနဲ့ ဆွဲပေးခဲ့ပါတယ်။ အဲဒီအချိန်ကနေစပြီး Sabatier က သူ့ကိုယ်ပိုင်စီးပွားရေးအတွက် ကိုယ်ရောစိတ်ပါနှစ်ပြီး လုပ်ကိုင်ခဲ့တဲ့အခါ တစ်နှစ်ပြည့်ချိန်မှာ ဒေါ်လာသုံးသိန်းနီးပါးအထိရှာနိုင်ခဲ့ပြီး စွန့်ဦးတီထွင်သူတစ်ဦးဖြစ်လာခဲ့ပါ တယ်။ Sabatier က ‘ကိုယ့်ကိုယ်ကို ကျွမ်းကျင်ပညာရှင်လို့ သတ်မှတ်ထားတဲ့ ထောင်စုနှစ်ဖွား ပုဂ္ဂိုလ်တွေအတွက် ဝင်ငွေအကောင်းဆုံး ရှာပေးနိုင်တဲ့ အလုပ် မတွေ့မချင်းရှာပါ’ လို့ အကြံပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လို စီးပွားရေးမျိုးကို  ဦးတည်တာလဲဆိုတာကိုတော့ သိထား ရမှာဖြစ်ပါတယ်။

 

၂။ အခြားအရာတွေထက် ဒါကိုပဲ ပိုလိုချင်ရမယ်။

မပြောဘဲ သိနေရမှာက ငယ်ငယ်ရွယ်ရွယ်နဲ့ ချမ်းသာချင်တယ်ဆိုရင်တော့ အာရုံစိုက်ပြီး ဇောက်ချလုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ တကယ်လိုချင်မှပဲ ရမှာဖြစ်ပါတယ်။ လူတိုင်းကတော့ လိုချင်တယ်ပြောနေပေမယ့် တကယ်ရဖို့ တော့ ဘယ်သူမှ အားမထုတ်ကြပါဘူးလို့ Sabatier က ချမ်းသာဖို့အကြောင်းနဲ့ဆက်စပ်လို့ ပြောခဲ့ပါတယ်။ ကိုယ့် ရဲ့ Netflix Subscriptionကိုဖျက်၊ Instragram က ဝေးဝေးနေပြီးတော့ စီးပွားရေးကိုပဲ အာရုံစိုက်ရမှာ ဖြစ်ပါတယ်။ အမြဲမပြတ်လေ့လာနေဖို့လိုပြီး ကိုယ့်ကိုယ်ကို ရှေ့ကိုရောက် အောင် အားထုတ်ရမှာဖြစ်ပါတယ်။

 

၃။ အချိန်ကို တန်ဖိုးထားပါ။ ဒါက ကိုယ့်ပိုက်ဆံပဲ။

ကိုယ့်ကိုယ်ကိုယ် ကိုးနာရီကနေ ငါးနာရီစက်ဝန်းထဲမှာ တန့်နေပြီလို့ တွေးမိတဲ့အခါမှာ ဒီအချိန်တွေက ကိုယ့်အ တွက် ဘာအကျိုးရှိသလဲဆိုတာကို ပြန်စဉ်းစားဖို့လိုနေပြီ ဖြစ်ပါတယ်။ Vicki Robin ရဲ့ Your Money or Your Life ဆိုတဲ့ စာအုပ်ဖတ်ပြီး သိလာရတာ တစ်ခုကတော့ လစာ အတွက် အလုပ်လုပ်နေတာဆိုရင်တော့ ကိုယ့်ဘဝကိုယ် ပိုက်ဆံနဲ့လဲနေပြီဆိုတာပဲဖြစ်ပါတယ်။ ကျွန်တော်ကတော့ ကိုယ့်အချိန်ကိုယ်တန်ဖိုးထားပြီး ရသလောက်ပိုက်ဆံကို ရှာတယ်လို့ Sabatier က ဆိုပါတယ်။

 

၄။ တန်ဖိုးတစ်ခုခုထည့်ပြီးမှ ပိုက်ဆံကိုရှာပါ။

ပိုက်ဆံများများရဖို့ သော့ချက်တစ်ခုကတော့ ကိုယ့်ဆီက ဝယ်တဲ့သူတွေကို ကိုယ်က ဘာပစ္စည်းမျိုး ပေးမယ်ဆို တာကို ဂရုပြုဖို့ ဖြစ်ပါတယ်။ ပိုက်ဆံဆိုတာက တန်ဖိုး တစ်ခုခုထည့်ပြီး ရောင်းတာဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် ကလည်း ရောင်းစရာရှိတာ တန်ဖိုးတစ်ခုခု ထည့်ပြီးရောင်း လို့ ရတဲ့ပိုက်ဆံကို ကိုယ့်အတွက် တန်ဖိုးရှိတဲ့နေရာမှာ သုံးရမှာဖြစ်တယ်လို့ Toptalဆိုတဲ့ Freelance Talent Network ရဲ့ Co-founder နဲ့ CEO ဖြစ်သူ Taso Du Val က ပြောခဲ့ပါတယ်။

 

၅။ ရင်းနှီးမြှုပ်နှံဖို့ ပိုက်ဆံရှာပါ။ ဖြုန်းဖို့ မရှာပါနဲ့။

ကိုယ်က ပိုက်ဆံအများကြီး ရှာနိုင်တယ်ဆိုတိုင်း ဒီပိုက်ဆံတွေကို ထိန်းသိမ်းထားနိုင်တယ်လို့ မဆိုနိုင်ပါဘူး။ ကိုယ့်ရဲ့ဘဏ်မှတ်တမ်းက နံပါတ်တွေမှာ Comma တိုးဖို့ ဆိုရင်တော့ ငွေစုတတ်ဖို့လည်း လိုပါတယ်။ ပေးချင်တဲ့ အကြံကတော့ ရတဲ့ဝင်ငွေရဲ့ ၅ ရာခိုင်နှုန်းကနေ ၁၅ ရာ ခိုင်နှုန်းအထိ စုသင့်ပြီး ခိုင်ခံ့တဲ့ လုပ်ငန်းတစ်ခုမှာ ရင်းနှီး မြှုပ်နှံမှုလုပ်မယ်ဆိုရင်တော့ ချမ်းသာဖို့ နီးစပ်တယ်လို့ Du Val က ပြောကြားခဲ့ပါတယ်။

 

၆။ ထောင်စုနှစ်လူသားဖြစ်ခြင်းကို ကြံ့ကြံ့ခိုင်ခိုင် ခံစားလိုက်ပါ။

ဒစ်ဂျစ်တယ်ခတ်မှာမွေးဖွားလာခဲ့တဲ့ ထောင်စုနှစ်ဖွား လူသားတွေက လက်ရှိစီးပွားရေးအတွက် အရေးပါတဲ့သူတွေ ဖြစ်ပါတယ်။ မိရိုးဖလာနည်းလမ်းအတိုင်းသွားနေတဲ့ စီးပွားရေးတွေလည်း တဖြည်းဖြည်း ပြောင်းလဲလာပြီး စနစ်အသစ်တွေနဲ့ လုပ်ကိုင်နေကြပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ ဘယ်နေရာကနေမဆို Online ကနေ ရောင်းဝယ်ဖောက်ကားလို့ ရနေပြီဖြစ်ပါတယ်။ ဒါက အားတက်စရာကောင်း ပါတယ်လို့ Sabatier က ပြောခဲ့ပါတယ်။ အမေရိကန် ထောင်စုနှစ်လူသားတွေနဲ့ပတ်သက်ပြီး သူတို့တွေက စိတ်ပျက်လွယ်တယ်၊ ဒါက အားနည်းခြင်းရဲ့ လက္ခဏာတစ် ရပ်ဖြစ်ပြီး ဒါကိုတိုးတက်အောင်လုပ်ရမယ်လို့ Du Val က ပြောကြားခဲ့ပါတယ်။