သိပ္ပံပညာထွန်းကားလာသောအခါ ဘာသာရေး၏အခြေခံ တရားတို့ကို မေးခွန်းထုတ်လာကြသည်။ ဂေါ့ဒ် တကယ်ရှိ သလားဟု မေး၍ ဂေါ့ဒ်တည်ရှိမှု (Existence of God) ကို မေးခွန်းထုတ်သည်။ ဗုဒ္ဓဘာသာ၌လည်း အမေးခံရသည်။ နိဗ္ဗာန်ဆိုတာဘာလဲ၊ နိဗ္ဗာန်ဘယ်နေရာမှာ ရှိသလဲဟူ၍ ဖြစ် သည်။ ဂေါ့ဒ်နှင့် နိဗ္ဗာန်တို့လောက် အခြေခံကျသောတရား မရှိလေရကား ဤသို့ အခြေခံကျကျအစမ်းသပ်ခံလာရသည့် အတွက် သက်ဆိုင်ရာဘာသာရေး အတွေးအခေါ်ပညာရှင်တို့ အတော်ဉာဏ်အားထုတ်လာကြရသည်။ နောက်ပြဿ နာတစ်ရပ်ပေါ်လေသည်။ ဘာသာ ရေးနှင့် သိပ္ပံပညာကို ဆက်စပ်ကြည့်ခြင်းဖြစ်သည်။ အဓိက အားဖြင့် ဘာသာရေးသည် သိပ္ပံပညာကျသော ဘာသာရေး ဖြစ်မဖြစ် မေးခွန်းထုတ်သည်။ ဘာသာရေးက ညန်းသော သစ္စာတရားနှင့် သိပ္ပံပညာက ညွှန်းသောသစ္စာတရားတို့ကို နှိုင်းယှဉ်ကြည့်ခြင်း၊ ဤသို့နှိုင်းယှဉ်နိုင်ရန် တူညီသော အ ခြေခံအုတ်မြစ်တွေ ရှိ မရှိကိုလည်း ရှာဖွေကြ သည်။ ဒေါက်တာဥန္ဒောဘာသ (ကာလကတ္တား) မြန်မာ ပြန်သော ဗုဒ္ဓဓမ္ဓဆွေးနွေးချက်များ စာအုပ်ကို ဖတ်မိရာ၊ အထက်တွင် ဖော်ပြထားသော ''နိဗ္ဗာန်က ဘာလဲ၊ ဘယ်နေ ရာမှာ တည်ရှိသလဲ'' ဆိုသော မေးခွန်းအား ဖြေဆိုထားသည် ကို ဖတ်လိုက်ရသည်။ ''နိဗ္ဗာန်သည် ကာလဒေသတို့နှင့် မဆိုင်၊ ကာလ ဒေသအလွန် အခြေအနေတစ်ရပ်ကို ညွှန်းသည်'' ဟု ဖတ် လိုက်ရသည်။ ကာလဒေသ (Time and Space ) ဖြင့် ရှင်းပြထား သဖြင့် အိုင်စတိုင်း၏ရီလေဗီတီသီအိုရီ သွားသတိရသည်။ အရာရာသည် ကာလနှင့်ဒေသတွင် ဖြစ်တည်ရသည်။ကာလ အတိုင်းအဆနှင့် ဒေသအတိုင်းအဆ (Time Dimension and Space Dimension ) တို့သည် အခြေခံအကျဆုံးတရားဖြစ် သည်။ နိဗ္ဗာန်သည် ဤအတိုင်းအဆနှစ်ရပ်ကို လွန်သည်။ လွန်သည်ဆိုသည်မှာ နိဗ္ဗာန်၌ ကာလမရှိ၊ ဒေသမရှိဟု ဆိုလိုဟန်ပေါက်သည်။ ဤသို့ဆိုလျင် ကာလအတိုင်းအဆ၊ ဒေသအတိုင်းအဆရှိသလို ကာလမဲ့၊ ဒေသမဲ့ကိုလည်း အ တိုင်းအဆတစ်ပါးအဖြစ် မှတ်ယူရန် ရှိလာသည်ဟု စောဒက တက်သည်။ ပြန်ရှင်းသောဆရာတော်က ကာလမဲ့၊ ဒေသမဲ့ အ ခြေအနေ၊ သို့မဟုတ် ကာလဒေသလွန်အခြေအနေကို အ တိုင်းအဆတစ်ပါးအဖြစ် မှတ်ယူရန်ဖြစ်နိုင်ပုံကို ဝန်ခံသည်။ သို့ရာတွင် ဤကာလမဲ့အခြေအနေကို စကားလုံးတို့ဖြင့် ရှင်းပြလို့မရဟုဆိုသောအခါ ဘာသာဗေဒပြဿနာ အကျုံး ဝင်လာတော့သည်။ စကားလုံးဆင်းရဲမှုကြောင့် မဟုတ်ပေ။ စကားလုံး ၏ဖန်ရှင် (Function) ကိုက နိဗ္ဗာန်၏အပြင်အပတွင် ရောက်ရှိသောကြောင့် ဖြစ်သည်။ ဆရာတော်က ဤလိုတော့ မပြော။ စကားလုံးဖြင့် ရှင်းပြလို့နားလည်မည်မဟုတ်။ ကိုယ်တိုင်ကျင့်ကြံမှ တွေ့ရမည့်နိဗ္ဗာန်ဟု ဆိုသည်။
မောင်သာဇုံ