ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ သိထားသင့်တဲ့ အချက်ငါးချက်

goodleader1

ပထမဆုံးအကြိမ်အဖြစ် မန်နေဂျာရာထူးကို ရရှိလာတဲ့အတွက် ဝမ်းသာပါတယ်။ မန်နေဂျာရာထူးကို ရရှိလာတော့ သင့်မှာအဖွဲ့အစည်း၊ လုပ်ငန်းတစ်ခုလုံးကို အောင်မြင်မှုဆီရောက်အောင် ဦးဆောင်လမ်းပြရမယ့်တာဝန်တွေ ရှိလာပါပြီ။ အရင်ကထက် အလုပ်တွေပိုများလာတဲ့သင့်ကို ခင်မင်ရင်းနှီးသူတွေက ဒီတာဝန်ကို ရေရှည်ကော ထမ်းဆောင်နိုင်ပါ့မလားဆိုတဲ့ အကြည့်မျိုးတွေနဲ့ ကြည့်လာမှာတွေအတွက် သင့်မှာ အဖြေကြိုရှိထားဖို့လိုပါတယ်။

မန်နေဂျာရာထူးကို ပထမဆုံးအကြိမ်အဖြစ် လုပ်ကိုင်ကြတဲ့လူတော်တော်များများဟာ အရာရာကို စမ်းလုပ်ကြည့်တာတွေ၊ အမှားမှားအယွင်းယွင်း လုပ်မိတာတွေ ရှိတတ်ကြလေ့ရှိပါတယ်။ လုပ်ငန်းခွင်မှာ အဲဒီလို အမှားမှားအယွင်းယွင်းမဖြစ်အောင် သင့်ကို အကောင်းဆုံးကူညီပေးနိုင်မယ့် အကြံပေးချက်တချို့ကို တက်သစ်စမန်နေဂျာတွေ အဆင်ပြေစေဖို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ စီမံခန့်ခွဲရေးနဲ့ ဝန်ထမ်းရေးရာကဏ္ဍတွေက ကျွမ်းကျင်သူတွေက တက်သစ်စမန်နေဂျာတွေ အလွယ်တကူနဲ့ သူတို့ရဲ့ လုပ်ငန်းခွင်မှာ အသားကျလာစေနိုင်ဖို့ ရည်ရွယ်ပြီး ဒီအကြံပေးချက်တွေကို မျှဝေပေးထားတာဖြစ်ပါတယ်။

သင့်ရဲ့ စွမ်းဆောင်ရည်တွေကို ပိုမိုတိုးတက်လာအောင် လေ့ကျင့်ပါ . . .

သင်ဟာ အဖွဲ့အစည်းတစ်ခုမှာ ခေါင်းဆောင်ဖြစ်လာပြီဆိုရင် သင့်ရဲ့ တစ်နေ့တာလုပ်ငန်းစဉ်တွေ၊ သင် တာဝန်ယူရမယ့်ကဏ္ဍတွေဟာ သိသိသာသာကြီးကို ပြောင်းလဲလာမှာပါ။ တက်သစ်စမန်နေဂျာ တော်တော်များများဟာ အရင်ရာထူးမှာတုန်းက သူရခဲ့တဲ့ပညာဗဟုသုတတွေကို အခုရာထူးမှာ ဘယ်လိုပြန်အသုံးချရမလဲဆိုတာနဲ့ ပတ်သက်ပြီး အခက်အခဲကြုံရလေ့ရှိပါတယ်။

တာဝန်အသစ်တစ်ခုကို ပြောင်းလဲပြီးတာဝန်ထမ်းဆောင်ရတာဟာ တကယ့်ကို အရေးကြီးပါတယ်လို့ Deloitte စီးပွားရေးအကြံပေးအဖွဲ့အစည်းရဲ့ Chief Learning Officer ဖြစ်သူ Mr Ashley Goodall က ပြောကြားခဲ့ပါတယ်။ သင်အရင်ရာထူးမှာတုန်းက လုပ်ခဲ့တာတွေကိုပဲ သင်္ဘောကျောက်ချထားသလို စိတ်ထဲစွဲလမ်းနေတာမျိုး မဖြစ်သင့်ပါဘူး။ အခု အသစ်ရရှိလာတဲ့ ရာထူးနဲ့ အံဝင်ခွင်ကျဖြစ်အောင် သင့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်တွေကို ပြောင်းလဲနိုင်မယ်ဆို သံစုံတီးဝိုင်းလိုပဲ သင့်ရဲ့လုပ်ဆောင်မှုတွေဟာ အဆင်ပြေ ချောမွေ့နေစေမှာဖြစ်ပါတယ်။ အဲဒီလို လိုက်လျောညီထွေ ပြောင်းလဲနိုင်စေမယ့် အဓိကသော့ချက်က သင့်ရဲ့တာဝန်နဲ့ဝတ္တရားတွေကို ဘယ်လိုအကောင်းဆုံးဆောင်ရွက်နိုင်မလဲဆိုတာကို သေသေချာချာ အာရုံစူးစိုက်ထားဖို့ပဲ ဖြစ်ပါတယ်။ Goodall က သင့်ရဲ့ရာထူးအသစ်နဲ့ သင်ကိုက်ညီစေဖို့ သင့်မှာလိုအပ်နေတဲ့ အရည်အချင်းတွေကို ဖြည့်တင်းထားဖို့ အကြံပေးထားပါတယ်။

ပွင့်လင်းမြင်သာမှုရှိဖို့ အရေးကြီးပါတယ် . . .

အုပ်ချုပ်မှုပိုင်းနဲ့ မသက်ဆိုင်တဲ့ဝန်ထမ်းတစ်ယောက်ဟာ ကုမ္ပဏီရဲ့ သတင်းအချက်အလက်တိုင်းကို မသိနိုင်ဘူးဆိုပေမဲ့ သင်ဟာလုပ်ငန်းမှာ ခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီဆိုရင်တော့ လုပ်ငန်းရဲ့ စီမံခန့်ခွဲမှုပိုင်းတွေ၊ အနာဂတ်ရေးရာကိစ္စတွေမှာ ပါဝင်ပတ်သက်လာရတော့မှာဖြစ်တာကြောင့် သင့်ရဲ့လက်အောက်က အဖွဲ့အစည်းတွေကို ကုမ္ပဏီဟာ အနာဂတ်မှာ ဘာတွေဆက်လုပ်ဖို့ရှိတယ် ဆိုတာတွေကို သိထားစေဖို့ ပြောထားသင့်ပါတယ်။

ပထမဆုံးအကြိမ်ဖြစ် မန်နေဂျာရာထူးကို စတင်လက်ခံသူတော်တော်များများဟာ ပွင့်လင်းမြင်သာမှုရဲ့အရေးပါမှုကို သိပ်နားမလည်ကြဘူးလို့ Employee Engagement Tool TINY Pulse ရဲ့ Founder နဲ့ CEO ဖြစ်တဲ့ David Niu က ပြောကြားခဲ့ပါတယ်။ သူတို့တွေက တစ်ခါတလေမှာ သူတို့ရဲ့ အဖွဲ့သားတွေ ဒါတွေသိဖို့မလိုပါဘူးလေဆိုပြီး များသောအားဖြင့် အကောင်း၊ အဆိုးကို အဖွဲ့နဲ့အတူ မျှဝေခံစားကြလေ့မရှိဘူး။ ဥပမာ-ကုမ္ပဏီက သုံးစွဲနိုင်တဲ့ ငွေပမာဏ္ဍတွေ၊ Customer Feedback တွေ၊ ကုမ္ပဏီရဲ့ အနာဂတ်ဗျူဟာတွေ စတာတွေကို ကိုယ့်ရဲ့အဖွဲ့သားတွေနဲ့အတူ မထိမ်ချန်ထားဘဲ မျှဝေခံစားတာက ကိုယ့်ကို ပေါင်းသင်းဆက်ဆံရခက်တဲ့ လူတစ်ယောက်လို့မြင်မှာကို ရှောင်ရှားထားပြီးသားလည်း ဖြစ်စေပါတယ်။ ပွင့်လင်းမြင်သာမှုရှိတာဟာ ဝန်ထမ်းတွေကို သူတို့ရဲ့ ရာထူးနဲ့လိုက်တဲ့တာဝန်တွေ ပိုသဘောပေါက်နားလည်စေတယ်။ သူတို့ရဲ့အရေးပါမှုတွေကိုလည်း ပိုပြီးသဘောပေါက်နားလည်စေသလို ကုမ္ပဏီနဲ့ဝန်ထမ်းဆက်ဆံရေးဟာလည်း ပိုပြီးကောင်းမွန်စေပါတယ်။

သင့်ရဲ့အဖွဲ့နဲ့ ဆက်ဆံရေးကို ခိုင်မြဲပါစေ . . .

မန်နေဂျာသစ်တွေ အကြီးမားဆုံး ပြုလုပ်မိတဲ့အမှားတစ်ခုက သူတို့ရဲ့အဖွဲ့နဲ့ ရင်းနှီးမှုတည်ဆောက်ဖို့ ပျက်ကွက်တာပဲဖြစ်တယ်လို့ Michigan's Ross ရဲ့ စီးပွားရေးတက္ကသိုလ်ရဲ့ Management and Organization Professor ဖြစ်သူ Gretchen Spreitzer က ပြောပါတယ်။ ခေါင်းဆောင်က အဖွဲ့သားတွေနဲ့ ပွင့်လင်းတဲ့ ဆက်ဆံရေးရှိတာ၊ မရှိတာဟာ အဖွဲ့သားတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည် ကောင်းတာ၊ ညံ့တာနဲ့ လုပ်ငန်းရှင်အပေါ် အမြင်တွေပေါ်မှာ တိုက်ရိုက်ကြီးကို သက်ဆိုင်နေပါတယ်။ ခေါင်းဆောင်ဟာ အဖွဲ့သားတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးမရှိဘူးဆိုရင် သူတို့အဖွဲ့ရဲ့ စွမ်းဆောင်ရည်ဟာ ဘယ်တော့မှ ကောင်းလာဖို့ မရှိပါဘူး။

ခေါင်းဆောင်သစ်တွေဟာ သူ့ရဲ့ဝန်ထမ်းတွေကို ယုံကြည်မှုရှိဖို့နဲ့ လုပ်ပိုင်ခွင့်တွေပေးရမယ့်အစား စီမံခန့်ခွဲမှုတွေကို ကိုယ်တိုင်အသေးစိတ်ဆောင်ရွက်ကြတယ်လို့ Spreitzer က စီးပွားရေးနေ့စဉ်သတင်းစာစောင်ကို ပြောခဲ့ပါတယ်။ စီမံခန့်ခွဲမှုဆိုင်ရာတာဝန်ကို ပထမဆုံးစတင်တာဝန်ထမ်းဆောင်ရတဲ့ ဝန်ထမ်းဟာ လုပ်ငန်းကို အခိုင်အမာမစတင်ခင် သူ့ဌာနက လူတွေအကြောင်းကို အတွင်းကျကျမဟုတ်တောင် တော်တော်လေးသိရှိနေဖို့၊ သူတို့ရဲ့စွမ်းဆောင်နိုင်စွမ်းတွေကို သိရှိနေဖို့ လိုအပ်ပါတယ်လို့လည်း သူက အကြံပေးထားပါတယ်။

သူတို့တွေရဲ့ လုပ်ငန်းခွင်က အကြောင်းတွေအပြင် ပုဂ္ဂိုလ်ရေးဆိုင်ရာအကြောင်းတွေကိုပါ သိထားတာက သင့်ကိုအဖွဲ့အစည်းနဲ့ ပိုပြီးစည်းစည်းလုံးလုံးရှိစေတဲ့အပြင် သူတို့တွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေဟာလည်း သာမန်ထက်ပိုပြီး တိုးတက်လာတယ်ဆိုတာကို တွေ့ရမှာဖြစ်တယ်လို့ Spreitzer က ပြောပါတယ်။ သင့်ဝန်ထမ်းတွေနဲ့ တစ်ဦးချင်းခေါ်ယူတွေ့ဆုံတာကလည်း သင်နဲ့သူတို့ကြားက ရင်းနှီးမှုကို ခိုင်မြဲစေပါတယ်။

သင့်ရဲ့အဖွဲ့သားတွေ အောင်မြင်မှုတစ်ခုရယူလိုက်တာကို အသိအမှတ်ပြုပါ . . .

သင့်ရဲ့အဖွဲ့နဲ့ သင့်ရဲ့ဆက်ဆံရေးကို အချိန်တိုအတွင်းမှာတင် ငယ်ပေါင်းကြီးဖော်တွေလို တစ်သားတည်းကျအောင် ဆက်ဆံနိုင်စေဖို့အတွက် အကောင်းဆုံးနည်းလမ်းက သူတို့တွေကို ပေးအပ်ထားတဲ့တာဝန်တွေကို ပေးထားတဲ့အချိန်အတွင်း ပြီးစီးအောင်လုပ်နိုင်တာကို ချီးကျူးစကားဆိုဖို့၊ အသိအမှတ်ပြုဖို့ ဖြစ်ပါတယ်။

Niu က သင့်အဖွဲ့သားတွေရဲ့ အကြောင်းတွေကို မှတ်မိစေဖို့၊ သင်နဲ့အဖွဲ့တစ်သားတည်းဖြစ်စေဖို့ အချိန်သတ်သတ်ယူပါလို့ အကြံပေးထားပါတယ်။ မကြာခဏအသိအမှတ်ပြုပေးတာဟာ အဖွဲ့အစည်းအတွင်းမှာ တကယ့်ကို ကောင်းမွန်တဲ့ဆက်ဆံရေးမျိုးကို ဖြစ်စေပြီး တစ်ဦးနဲ့တစ်ဦး လေးစားတတ်ဖို့၊ ကျေးဇူးတင်တတ်ဖို့တွေကို မွေးမြူပေးရာလည်း ရောက်ပါတယ်။ သင့်ရဲ့အဖွဲ့သားတွေ အားလုံးကို ချီးကျူးဖို့အတွက် အောင်မြင်မှုအကြီးကြီးဖြစ်လာတဲ့အထိ စောင့်စရာမလိုပါဘူး။ ဥပမာအနေနဲ့ ပါတီပွဲပြီးသွားတဲ့နောက်မှာ ပထမဆုံး သန့်ရှင်းရေးစပြီးလုပ်တဲ့ သင့်ရဲ့ဝန်ထမ်းကို ကျေးဇူးတင်စကား စပြောလိုက်ပါ။

တစ်ပါးသူရဲ့ အကြံပေးချက်တွေကို လက်ခံပါ . . .

လူတိုင်းမှာ သင်ဘယ်လိုမျိုးဦးဆောင်သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်အတွက် စဉ်းစားပေးထားတာတွေ ရှိပါတယ်။ တစ်စုံတစ်ယောက်က သင့်ကို အကြံဉာဏ်ပေးလာတဲ့အခါမှာ အလေးအနက်ထားပြီး ခံယူပါ။ ဒါပေမဲ့ အမှန်တကယ်ဦးဆောင်တဲ့အခါမှာတော့ သူတို့ပေးလာတဲ့အကြံဉာဏ်က သင့်ရဲ့အစီအစဉ်ထက် ပိုကောင်းနေတယ်ဆိုရင် သူ့ရဲ့နည်းလမ်းကို အသုံးပြုမယ်ဆိုရင်တောင် ကိုယ့်ရဲ့ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်နည်းလမ်းပုံစံကိုပဲ ပိုကောင်းလာအောင် ပြုလုပ်သင့်ပါတယ်။

တခြားလူတွေ ဝေဖန်ပြစ်တင်လာမှာတွေပေါ် စိုးရိမ်နေမယ့်အစား အဖွဲ့အစည်းတစ်ခုလုံးအတွက် အကျိုးရှိဖို့ အကောင်းဆုံးဘယ်လိုဦးဆောင်ရမလဲဆိုတာကို ကိုယ်တိုင်နားလည်သဘောပေါက်ဖို့က ကျွန်တော့်ရဲ့ အကြီးမားဆုံးစိန်ခေါ်မှုပဲ ဖြစ်တယ်လို့ Goodall က ပြောပါတယ်။ ပထမဆုံးမန်နေဂျာစလုပ်တဲ့ လူတွေဟာ ''လူတွေဘာကြောင့် ငါဦးဆောင်တဲ့နောက်ကို လိုက်သင့်တာလဲ'' ဆိုပြီး ကိုယ့်ကိုယ်ကိုယ်ပြန်မေးသင့်ပါတယ်။ ယေဘုယျအနေနဲ့ ဒီမေးခွန်းက လွယ်တယ်လို့ ထင်ရပေမယ့် ဒါဟာခေါင်းဆောင်ဖြစ်စေတဲ့ အဓိကအချက်ဖြစ်တယ်လို့ ကျွန်တော်ကတော့ ယူဆတယ်လို့ သူကပြောပါတယ်။ လူတိုင်းမေးခွန်းကို အမျိုးမျိုးဖြေကြတာပါပဲ။ အခုအချိန်ဟာ သင်ဘယ်လိုနည်းလမ်းကိုသုံးပြီး ဦးဆောင်မလဲဆိုတာကို သေချာစဉ်းစားဖို့ အချိန်ရောက်နေပါပြီ။ ခေါင်းဆောင်ဟာ သူ့နောက်ကို လူတွေလိုက်ဖို့ ဆွဲဆောင်နိုင်တာရဲ့ အဓိကသော့ချက်က သူတို့ရဲ့ရပ်တည်ချက်၊ သူတို့ရဲ့ ခံယူချက်နဲ့ သူတို့ရဲ့အဖွဲ့အစည်းကို တိုးတက်ကောင်းမွန်အောင် ကူညီနိုင်မှုတွေပေါ်မှာ မူတည်တာဖြစ်ပါတယ်။

Spreitzer က ကိုယ့်ရဲ့ကိုယ်ပိုင်စီမံခန့်ခွဲမှုပုံစံကို ကိုယ်လေးစားအားကျတဲ့ လူတစ်ယောက်ရဲ့ပုံစံကို အတုခိုးသင့်တယ်ဆိုပေမဲ့ ပုံတူကူးချတာမျိုးကိုတော့ ရှောင်သင့်ပါတယ်လို့ အကြံပြုထားပါတယ်။

ကိုဒီ