များမကြာမီ အစိုးရသစ်တာဝန်ယူပါတော့မည်။ အားလုံးမျှော်လင့်တောင့်တသည့် ခေါင်းဆောင်သစ်နှင့် သူ့အဖွဲ့၏ဆောင်ရွက်နိုင်စွမ်းကို ပြည်သူအများစုက အကောင်းမြင်အပြုသဘောဖြင့် ပါဝင်လုပ်ဆောင်ရန် မျှော်လင့်ထားသည်။ အရာရာကို အစိုးရ၏တာဝန်ဟု ပုံချရန် မဟုတ်ကြောင်း၊ အားလုံးက ပူးပေါင်းပါဝင်ကူညီမှသာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စသည့် နိုင်ငံ့အရေးအရာများအားလုံး အချိုးကျကျ တိုးတက်လာနိုင်မည်ဖြစ်ကြောင်း တာဝန်သိသူလုပ်ငန်းရှင်များက ခံယူထားကြပါသည်။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်သည့်အရာထဲတွင် အစိုးရ၏ မူဝါဒပေါ်လစီချမှတ်မှုလည်း ပါဝင်စေချင်ပါသည်။ လက်တွေ့လုပ်ငန်းနယ်ပယ်တွင် လုပ်ကိုင်နေကြသူများ၏အတွေ့အကြုံ အခြေခံအကြံပြုချက်များသည် Policy Maker များအတွက် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အထောက်အကူပြုနိုင်ပါလိမ့်မည်။ နှစ်ဦးနှစ်ဖက် အပြန်အလှန်ထားသောမျှော်လင့်ချက်များ ပြည့်စုံနိုင်ကြပါစေကြောင်း . . . . . ။
စီးပွားရေးကဏ္ဍနယ်ပယ်စုံ၌ ဦးဆောင်နေသူများအား လိုက်လံတွေ့ဆုံပြီး အစိုးရသစ်ပြင်စေချင်သော မူဝါဒစည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍၊ မိမိ Industry နှင့် ပတ်သက်၍၊ မိမိကုမ္ပဏီနှင့်ပတ်သက်၍ မျှော်လင့်ထားသည်များကို တွေ့ဆုံမေးမြန်းထားပါသည်။
ဒေါက်တာထွန်းသူရသက်
CEO
Myanmar Information Technology Pte Ltd
နိုင်ငံအတွက် အဓိကကျအရေးကြီးတဲ့ Sector တွေကို အဓိကထားပြီး ကဏ္ဍစုံအောင်မြင်စေဖို့ Multi-sectorial Development နဲ့ အများပါဝင်နိုင်တဲ့ လူမှုစီးပွားတိုးတက်မှု Inclusive Socio-economic Development ၊ အထူးသဖြင့် ကျေးလက်ဒေသတွေနဲ့ အခြေခံလူတန်းစားတွေ ပါဝင်နိုင်မှုကို အလေးထားဆောင်ရွက်မယ့် မူဝါဒတွေ ချမှတ်မယ်လို့ မျှော်လင့်ပါတယ်။
ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး အစရှိတဲ့ကဏ္ဍအားလုံးမှာ ICT က အဓိကကျတဲ့ Enabler ပံ့ပိုးမှုဖြစ်တဲ့အတွက် ICT နဲ့ Innovation ကို နိုင်ငံပြန်လည်ထူထောင်မှုမှာ အခြေခံသွားမယ်လို့ ယူဆပါတယ်။ ဒါအပြင် ICT Industry ဟာ GDP ကို တိုက်ရိုက်တိုးတက်စေနိုင်ပြီး Export Income ကိုပါ ရရှိစေတဲ့ အိန္ဒိယ၊ တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ် စတဲ့နိုင်ငံတွေလိုပဲ အောင်မြင်တဲ့နိုင်ငံတစ်ခုဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်။
Academics တွေ၊ Professional တွေ၊ Entrepreneurs တွေအားလုံးပါဝင်ပြီး အောင်မြင်နိုင်တဲ့ Ecosystem ရှိဖို့ လိုအပ်ပါတယ်။ ဒါအပြင် Government-led ၊ Private-driven နဲ့စပြီး PPP (Public-Private Partnership) ဆိုတာမျိုးလည်း လိုအပ်လာမှာ ဖြစ်ပါတယ်။ နည်းပညာအဟောင်းတွေနဲ့ အမှိုက်ပစ်ခံရတဲ့ နိုင်ငံတစ်ခုမဖြစ်ဘဲ နောက်ဆုံးပေါ်နည်းပညာအသစ်တွေကိုအသုံးပြုပြီး အခြားနိုင်ငံတွေထက် ခေတ်ရှေ့ပြေးနိုင်အောင် Leapfrog လုပ်သွားနိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ်က နောက်ကျနေတဲ့အတွက် သူများထက်ပိုပြီး ကြိုးစားရမယ်၊ နည်းဗျူဟာ ပိုပြီးကောင်းရမယ်ဆိုတဲ့ အသိနဲ့ သတိရှိဖို့ လိုအပ်ပါတယ်။
ဦးညိုမင်း
Chairman
Min Zarni Group of Companies
တခြား Industry တွေအခြေအနေကိုတော့ တိတိကျကျ မသိပေမယ့် ရေလုပ်ငန်းရှင်တွေရဲ့ အခြေအနေကတော့ မရပ်ရုံထိန်းလုပ်နေရတဲ့အနေအထား ရှိနေပါတယ်။ သုံးသပ်ပြရရင်တော့ မြန်မာနိုင်ငံဟာ ကမ်းရိုးတန်းဒေသ ရှည်လျားစွာတည်ရှိပြီး ကုန်းတွင်းပိုင်းမှာလည်း မြစ်ချောင်းအင်းအိုင်များစွာရှိတာကြောင့် ရေချိုရေငန် ငါး ပုစွန် အလွန်ပေါများခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။ ရရှိလာတဲ့ ကုန်ကြမ်းတွေကို အိမ်နီးချင်း ထိုင်း၊ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို တင်ပို့ရောင်းချလျက်ရှိပါတယ်။
ဒီနိုင်ငံတွေရဲ့ ပြည်ပတင်ပို့မှုတန်ဖိုးက မြန်မာနိုင်ငံထက် များစွာသာလွန်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ပင်လယ်ပြင်ရော ကုန်းတွင်းမှာပါ ရေထွက်သယံဇာတတွေဟာ နှစ်ပေါင်းများစွာကတည်းက ပျက်စီးသွားပြီး ပြည်ပက ကုန်ကြမ်းတွေကိုပဲ အမှီပြုနေရပေမယ့် ပို့ကုန်တန်ဖိုးများစွာ ဘာကြောင့် ရရှိနေတာလဲ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ နှစ်စဉ်ရေကြီးမှု သဘာဝဘေးကို ခံစားနေရတဲ့နိုင်ငံဖြစ်ပြီး ဘာကြောင့် ပို့ကုန်ပိုများနေတာလဲ။ တရုတ်နိုင်ငံကို မြန်မာပြည်က ကုန်ကြမ်းတွေကို ဈေးပေါပေါနဲ့ ဘာကြောင့်ရောင်းနေရတာလဲ။ ဒါဟာဈေးကွက်ရှာမရလို့ဖြစ်တဲ့ပြဿနာလို့ အခြေခံယူဆလို့ရတယ်။ ဘာကြောင့်ဈေးကွက်မရတာလဲလို့ ပြန်စဉ်းစားရင် ပြည်ပပို့ကုန်အပေါ်မှာ ၁၀ ရာခိုင်နှုန်း အခွန်ကောက်တာကစပြောရမယ်။ တဖြည်းဖြည်းနဲ့ ဖမ်းဆီးသူရော၊ မွေးမြူသူရော ဒီအခွန်ကြောင့် မရှင်သန်နိုင်တော့ဘူး။ အဲဒီတော့ အဖြေက ဘာထွက်လာလဲဆိုတော့ ၁- လုပ်ငန်းရှင်သန်နိုင်ဖို့ အခွန်သက်သာတဲ့ နည်းလမ်းရှာဖို့ရယ်၊ ၂- လုပ်ငန်းကို ရပ်ဆိုင်းပစ်တာရယ် ဖြစ်လာတယ်။ အထူးသဖြင့် မွေးမြူရေးလုပ်ငန်းတွေ ရှင်သန်ဖို့ သိပ်ခက်ခဲလာတယ်။ ပင်လယ်ပြင်မှာလည်း ဖမ်းဆီးတဲ့စနစ်တွေကြောင့် ကုန်ကြမ်းရှားပါးလာသလို ကုန်းတွင်းမှာလည်း ဒီအခြေအနေအတိုင်း ယနေ့ရင်ဆိုင်နေရတယ်။ ဥပမာအနေနဲ့ပြောရင် တစ်ခါတစ်ရံ ငါးပုစွန်တွေကို ထိုင်းနိုင်ငံကနေ ပြန်သွင်းလာရတဲ့အခြေအနေတောင် ရှိခဲ့တယ်။ ဒီကုန်ကြမ်းရှားပါးမှုပြဿနာဟာ ဈေးကွက်ကို အာမခံနိုင်တဲ့အခြေအနေမရှိတော့ တဖြည်းဖြည်းနဲ့ ဈေးကွက်ပျောက်လာပြီး ဝယ်သူတွေကလည်း ဈေးကွက်ကို တည်ငြိမ်အောင် မပေးနိုင်ရင်း ပတ်ချာလည်နေတော့တယ်။ အဲဒီတော့ ဘာကြောင့်ဖြစ်လဲဆိုတာ စဉ်းစားရင် ပထမ စနစ်မမှန်တာက စတာပဲ။ စနစ်ဆိုတာ ပေါ်လစီပဲ။ ပေါ်လစီဆိုတာ အစိုးရက မှန်ကန်အောင် ထိန်းကျောင်းပေးရတာဖြစ်တယ်။ ဒါကြောင့် အစိုးရမပါဘဲ အောင်မြင်အောင် လုပ်ဖို့မဖြစ်နိုင်ဘူး။ ပြောရရင် ပေါ်လစီနဲ့ ထိန်းကျောင်းပေးသွားရမယ့် ကိစ္စတွေအများကြီးရှိတယ်။ ဒီနေ့ ရေလုပ်ငန်းရှင်တွေ အားလုံးဟာ မိမိတို့ရဲ့အခြေခံလုပ်ငန်းသည် စားသောက်ကုန်ထုတ်လုပ်တဲ့လုပ်ငန်းဖြစ်တော့ တစ်နေ့ကောင်းလာနိုးနဲ့ မျှော်လင့်လုပ်ကိုင်ရင်း စောင့်နေကြ တာဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ဒီနေ့အခြေအနေက မသေသေးတဲ့ သစ်ငုတ်တိုနဲ့ တူနေတယ်။ ရေလောင်း ပေါင်းသင်ကောင်းရင်တော့ နဂိုကကြီးထွားပြီးသား သစ်ပင်ဆိုတော့ အမြန်ကြီးအောင်လုပ်ဖို့ မခက်ခဲပါဘူး။ ဒါဆိုဘာတွေ မျှော်လင့်နေတာလဲဆိုရင် ၁- အခြေခံလိုအပ်ချက်ဖြစ်တဲ့ ငွေကြေးပံ့ပိုးမှုစနစ်ကောင်းလာဖို့ ၂- ပြည်တွင်းထုတ်ကုန်လုပ်ငန်းရှင်တွေအတွက် အစိုးရရဲ့ကာကွယ်စောင့်ရှောက်မှုပေါ်လစီကောင်းတွေ ထွက်လာဖို့နဲ့ ၃- အစိုးရရဲ့လုပ်ငန်းရှင်တွေ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ဖို့တွေပဲဖြစ်ပါတယ်။
ဦးနေအောင်
CEO
Oway Co Ltd
မြန်မာနိုင်ငံမှာ အစိုးရက ပထမဆုံးအနေနဲ့ Telecommunication ၊ Electrity and Energy နဲ့ Infrastructure ဆိုတဲ့ Sector သုံးခုကို ဆက်ပြီးရင်းနှီးမြှုပ်နှံသင့်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီသုံးခုဟာ တကယ့်ကို အရေးကြီးတယ်လို့ သတ်မှတ်ပါတယ်။
အရင်သုံးလေးနှစ်တုန်းက စီးပွားရေးလုပ်ငန်းရှင်တွေဟာ Real Estate Industry မှာ Investement တွေ တော်တော်ပြုလုပ်ကြပါတယ်။ ဒါဟာ ကောင်းတာတွေလည်းရှိသလို မကောင်းတာတွေလည်း ရှိပါတယ်။ စောစောက ကျွန်တော်ပြောတဲ့ Industry သုံးခုကိုသာ တကယ်တမ်း Development မလုပ်ခဲ့ဘူးဆိုရင် Real Estate Industry ဟာ Sustainable ဖြစ်မှာ မဟုတ်ပါဘူး။ အဆောက်အအုံတွေ၊ အခန်းတွေ များလာမှာဖြစ်ပေမယ့် လူတွေမှာ တကယ့် Real Income မရှိလို့ ဒီအိမ်ခန်းတွေမှာ နေမယ့်လူမရှိရင် ဒါတွေက ပိုဆိုးလာနိုင်ပါတယ်။ ဒါကြောင့် Real Estate Industry က သွားသင့်တယ်ဆိုပေမယ့် ခုနကပြောတဲ့ Industry သုံးခုက ပိုပြီးတော့ သွားသင့်တယ်လို့ မြင်ပါတယ်။ Real Estate Industry ကိုပါ ပြန်ပြီး Lead လုပ်သွားနိုင်မှာ ဖြစ်ပါတယ်။
နောက်ပြီး မြန်မာနိုင်ငံဟာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့အတွက်ကိုလည်း Manufacturing နဲ့ Agriculture Sector တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်သင့်ပါတယ်။ စောစောက ကျွန်တော်ပြောတဲ့ Industry သုံးခုကနေ တကယ့် Capital တွေ အများကြီး ဝင်လာမှာဖြစ်ပြီး ဒီနှစ်ခုကတော့ Job Creation အတွက် ပိုအဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး Medium Term နဲ့ Long Term အတွက် Soft Sector တွေအနေနဲ့ Education နဲ့ Health ကို Develope လုပ်ဖို့ လိုအပ်ပါတယ်။
နောက်တစ်ချက်က ကျွန်တော်တို့တိုင်းပြည်ဟာ ကမ္ဘာပေါ်မှာ လှူဒါန်းမှုအမြင့်ဆုံးဖြစ်တာနဲ့အညီ ကျောင်းတွေမှာ စာကြည့်တိုက်တွေ ဖွင့်လှစ်ပေးတာ၊ ဆရာ၊ ဆရာမတွေကို လခတွေ ပိုပေးတာ၊ Scholarship တွေပေးတာတွေက Popular ဖြစ်လာသင့်ပါတယ်။ ကျောင်းတွေရဲ့ ပညာရေးတွေကို Develop ဖြစ်အောင် လုပ်တာကောင်းတယ်ဆိုတာ လူတွေရဲ့ Mindset ထဲကို ပြန်ပြီး Develop လုပ်သင့်ပါတယ်။ အစိုးရတက္ကသိုလ် တချို့ကို Business Communities က Support လုပ်ပေးသင့်ပါတယ်။ ကျန်းမာရေးအတွက်ကိုတော့ ကျွန်တော် သိပ်ပြီး Comment မပေးတတ်ပါဘူး။
Travel နဲ့ပတ်သက်တဲ့၊ Logistic နဲ့ပတ်သက်တဲ့ ကျွန်တော့်အမြင်ကို ပြောရမယ်ဆိုရင်တော့ မြန်မာပြည်ကို Tourist တွေ ပိုပြီးတော့လာနေကြပါတယ်။ မြန်မာပြည်ကို သူတို့ဒီထက်ပိုပြီး စိတ်ဝင်စားလာအောင် ဆွဲဆောင်နိုင်ဖို့အတွက် Visa ကို Extend လုပ်သင့်ပါတယ်။ အခု မြန်မာနဲ့ထိုင်းမှာဆိုရင် Visa Requirement မရှိတော့သလို နောက်ပိုင်းအာဆီယံနိုင်ငံတွေ၊ ဥရောပနိုင်ငံတွေထိ ဖြစ်လာအောင် လုပ်သင့်ပါတယ်။ ထိုင်းနိုင်ငံကို Tourist တွေဟာ တစ်နှစ်ကို ၂၁ သန်းလောက်လာတဲ့အတွက် ထိုင်းနိုင်ငံရဲ့ Tourism Industry ဟာ စီးပွားရေးရဲ့ ၇ ရာခိုင်နှုန်းလောက်ကို Contribute လုပ်ပေးထားတယ်ဆိုတာကို တွေ့ရှိရပါတယ်။ Tourist အမြောက်အမြားလာနိုင်အောင်လည်း ထိုင်းဟာ နိုင်ငံပေါင်း ၅၃ နိုင်ငံကို Visa Extend လုပ်ထားတာကို တွေ့ရပါတယ်။ သူတို့မှာ Bilateral Extension တွေလည်းရှိတယ်။ အဲဒီတော့ လာချင်တဲ့လူက ချက်ချင်းလာလို့ ရပါတယ်။ အဲဒီတစ်ခုတည်း လုပ်ရင်တောင်မှ အများကြီးအကျိုးရှိမယ်လို့ မြင်ပါတယ်။ တခြားဟာတွေလည်း လုပ်ရဦးမှာဆိုပေမယ့် အရင်ဆုံးမြန်မာပြည်ကို ပိုသိအောင်လုပ်ရမယ်လို့ မြင်ပါတယ်။ ဟိုဘက်က Tourism Board တွေနဲ့ ဒီဘက်က Tourism Board တွေ အတူတူတွဲပြီးလုပ်ဖို့ လိုနေတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ Visa ကဏ္ဍကို နည်းနည်းလေး ပြောင်းလိုက်တယ်ဆိုရင် ပိုပြီးအကျိုးရှိမယ်လို့ မြင်ပါတယ်။
ဒါကို တချို့က မြန်မာပြည်ဟာ Tourist တွေ အများကြီးလာဖို့အတွက် အဆင်သင့်ဖြစ်နေပြီလားလို့ မေးကောင်းမေးနိုင်ပါတယ်။ ဒီမေးခွန်းကို ပြန်ဖြေရမယ်ဆိုရင် Tourist တွေ လာတယ်ဆိုတာ Demand ကို Create လုပ်တာ ဖြစ်ပါတယ်။ Demand ကို Create လုပ်နိုင်ရင် Investment ဆိုတာ ဝင်လာမှာဖြစ်ပါတယ်။ ဒါနဲ့တင် လည်ပတ်နိုင်ပါတယ်။ Demand ရှိမယ်ဆိုရင် တော်တော်များများက သူ့ဟာသူ နည်းလမ်းရှာပြီးတော့ Invest လုပ်လာမယ်လို့ မြင်ပါတယ်။ အဲဒီ Demand ကို Create လုပ်ဖို့ Regulation တွေကို Create လုပ်ပေးဖို့လိုပါတယ်လို့ မြင်ပါတယ်။
အမေရိကန်နိုင်ငံမှာဆိုရင် အရေးကြီးတဲ့ Industry တစ်ခုအတွက် Commission တစ်ခုစီထားထားတာကို တွေ့ရပါတယ်။ အစိုးရက ဘယ်သူပဲဖြစ်လာဖြစ်လာ Industry တွေက သူ့ဟာနဲ့သူ အဆင်ပြေအောင် ထိန်းကျောင်းသွားနိုင်ကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း အရေးကြီးတဲ့ Industry တွေမှာ အစိုးရ၊ ဝန်ကြီးဌာနတွေရဲ့ လက်အောက်မှာမဟုတ်တဲ့ Independent Commission တွေကို ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းသင့်ပါတယ်။ ဒါမှလည်း ဘယ်အစိုးရ တက်လာတက်လာ Industry တွေဟာ သူ့ဟာနဲ့သူ ပြန်ထိန်းသွားနိုင်မှာ ဖြစ်ပါတယ်။
နောက်တစ်ခု ကျွန်တော်ပြောချင်တာက Currency အကြောင်းပါ။ မြန်မာပြည်မှာ Uncertain အဖြစ်ဆုံး Factor က Currency ဖြစ်ပါတယ်။ Currency က တိုင်းပြည်တိုင်းမှာ မငြိမ်မသက်ဖြစ်နိုင်ပါတယ်။ ကျွန်တော် ၁၉၉၅ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိမှာ တရုတ်က သူ့ရဲ့ Currency ကို အမေရိကန်တစ်ဒေါ်လာကို ရှစ်ဒေါ်လာနဲ့ Pact လုပ်တယ်။ ဒါကို ရှစ်နှစ်လောက်လုပ်တဲ့အခါမှာ စီးပွားရေးလုပ်ငန်းတွေအတွက် တော်တော်အကျိုးရှိသွားတယ်။ တော်တော်များများ နိုင်ငံတွေမှာ အဲဒီလိုလုပ်ထားတာကြောင့် ရင်းနှီးမြှုပ်နှံတဲ့အခါမှာ ပိုပြီးမြန်လာမှာ ဖြစ်ပါတယ်။ ဘဏ်တွေမှာ Future Contract တို့၊ Forward Contract တို့လို Hedging လုပ်တဲ့ Facility တွေနဲ့လည်း ဖြေရှင်းနိုင်ပါတယ်။ ဒါပေမဲ့ ဒီလို Contract မျိုးတွေကို လူတိုင်း မလုပ်နိုင်ဘူး၊ Bank မှာလည်း Professional ဒီလောက်မရှိဘူးဖြစ်နေပါတယ်။ Currency ကို Stablize လုပ်ဖို့အတွက် အစိုးရမှာ Research တွေမရှိဘူး။ အကယ်၍ တစ်ဒေါ်လာကို ၁,၃၀၀ ကျပ်နဲ့ Fixed လုပ်လိုက်ပြီဆိုတဲ့အချိန်မှာ ကျပ်တွေအများကြီးက ဒေါ်လာနဲ့လဲမယ်ဆိုရင် အစိုးရမှာလည်း အဲဒီအတွက် ပိုက်ဆံမရှိဘူး။ အဲဒီတော့ World Body တွေဆီကနေ ဘယ်လို အကူအညီတွေတောင်းခံမလဲဆိုတာမျိုးနဲ့ ပြန်ပြီးတော့ စဉ်းစားသင့်ပါတယ်။ အခုဆိုရင် လစာကို အကုန်လုံးက မြန်မာကျပ်ငွေနဲ့ပေးနေတော့ နိုင်ငံခြားငွေနဲ့လစာပေးနေတဲ့ အဖွဲ့အစည်းတွေအတွက်တော့ အခက်အခဲ ရှိလာနိုင်ပါတယ်။
နောက်ပြီး ဝန်ကြီးဌာနတွေမှာ အတိုင်းအတာတစ်ခုအထိ State-owned Enterprise တွေ ရှိသင့်ပါတယ်။ လောလောဆယ် ကျွန်တော်တို့ဆီမှာ Telecommunication Industry နဲ့ Energy Industry အတွက် Stated-owned Enterprise နှစ်ခုရှိပြီးဖြစ်ပါတယ်။ ဒီအပြင် တခြား Industry တွေမှာလည်း State-owned Enterprise တွေ ရှိသင့်သလို Private ကိုလည်း ပေးသင့်ပါတယ်။ ဘယ် Industry မှာ အစိုးရအနေနဲ့ State-owned Enterprise တွေ ရှိသင့်တယ်ဆိုတာကိုတော့ ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။
ဦးဖြိုးဝေရာဇာ
Managing Director
All Asia Exclusive Travel Co Ltd
ကျွန်တော်တို့ Tourism Industry က တခြား Industry တွေလို နိုင်ငံတော်မူဝါဒတွေမှာ အပြောင်းအလဲတွေ မများဘူး။ မူဝါဒချမှတ်ထားတာဆိုရင် ကျွန်တော် သိသလောက်က နှစ်ခုလောက်ပဲ ရှိတယ်။ ပထမတစ်ခုက Responsibility to Sustainability ဆိုတာပါ။ ခရီးသွားလုပ်ငန်းကို ရေရှည်တည်တံ့ခိုင်မြဲအောင်၊ ပြီးတော့ ခရီးသွားလုပ်ငန်းဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုအသိုက်အဝန်းကို ထိခိုက်တာတွေမဖြစ်ဘဲ အကောင်အထည်ဖော်ဖို့ဖြစ်ပါတယ်။ နောက်ပြီး ခရီးသွားလုပ်ငန်းဆိုတာ သယ်ယူပို့ဆောင်ရေးကုမ္ပဏီတွေ၊ ဟိုတယ်လုပ်ငန်းတွေ၊ ခရီးသွားကုမ္ပဏီတွေပဲ အကျိုးအမြတ်ရတာမဟုတ်ဘဲ ခရီးစဉ်ဒေသတွေမှာ နေထိုင်တဲ့ပြည်သူလူထုကလည်း အကျိုးအမြတ်ခွဲဝေရရှိဖို့ဆိုတဲ့ Community Involvement Goal ဆိုတာလည်း ရှိပါတယ်။
လက်ရှိကျင့်သုံးနေတဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာဥပဒေက ၁၉၉၀ ပြည့်နှစ်အစောပိုင်းကနေ စတင် ပြဋ္ဌာန်းထားတာကို ဆက်လက်ကျင့်သုံးနေတာဖြစ်ပါတယ်။ လက်ရှိမှာ ဒီနေ့ခေတ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ ဥပေဒေဖြစ်လာအောင်လည်း Review လုပ်နေတယ်။ လွှတ်တော်ကိုလည်း တင်ထားပြီးပြီ။ လာမယ့် လွှတ်တော်အသစ်မှာတော့ ဒီဥပဒေဟာ ဦးစားပေးအနေနဲ့ပါလာမယ်လို့ ထင်ပါတယ်။ အခုဆိုရင် AEC စပြီးအသက်ဝင်လာတဲ့အခါမှာ ကိုယ့်ဘက်ကအားနည်းနေတဲ့ Infrastructure ပိုင်း၊ Transportation ပိုင်းတွေ ရှိတယ်။ ဒေသတွင်းမှာရှိတဲ့ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတို့ဆိုရင် Transportation ပိုင်းမှာ ကိုယ်တွေထက် တအားကို ရှေ့ပြေးနေတယ်။ သူတို့ရဲ့ လေကြောင်းလိုင်းတွေကလည်း တစ်လိုင်းကို လေယာဉ်အစင်း ၃၀၊ ၄၀ နဲ့ဆိုတော့ Open Sky Policy ဖွင့်လိုက်မယ်ဆိုရင် သူတို့လေကြောင်းလိုင်းတွေ ကိုယ့်နိုင်ငံထဲမှာ ဥဒဟို ဝင်ထွက်လို့ရတယ်ဆိုတာမျိုး ဖြစ်လာမယ်ဆိုရင် ကိုယ့်တိုင်းပြည်ရဲ့အကျိုးစီးပွားကို ကာကွယ်ရအောင် ဥပဒေနဲ့ ထိန်းညှိတာမျိုးလုပ်ဖို့ လိုအပ်ပါမယ်။
၂၀၁၄-၂၀၁၅ ရဲ့ Tourism Industry မှာ ဆုတ်ယုတ်တာမျိုး မဟုတ်ပေမယ့် အားနည်းလာတဲ့ အပိုင်းဆိုရင် ဝန်ဆောင်မှုပိုင်းလို့ ပြောရပါမယ်။ Tourism Industry ဆိုတာ အဓိကက ဝန်ဆောင်မှုကို ရောင်းတာဖြစ်တယ်။ အခုဆိုရင် Service Quality ကို Maintain လုပ်ဖို့လိုနေပြီလို့ မြင်ပါတယ်။ ဝန်ထမ်းတွေရဲ့ အရည်အသွေးကို မြှင့်တင်ပေးတဲ့ Training တွေ များများပေးဖို့လိုတယ်။
ဝန်ဆောင်မှုကိုပေးရတဲ့ငွေကြေးက မြန်မာနိုင်ငံမှာ တော်တော်မြင့်ပါတယ်။ ကိုယ်ပေးရတဲ့တန်ဖိုးနဲ့ ကိုယ်ရတာနဲ့ ညီမျှတယ်လို့ထင်ရင် Customer က ပေးမှာပဲ။ မတန်တော့ဘူးလို့ ထင်တဲ့အခါမှာဆိုရင်လည်း အရင် ဆယ်ခုစားသုံးနေရာကနေ ငါးခုဖြစ်ရင် ဖြစ်သွားမယ်၊ သုံးခု ဖြစ်ရင်ဖြစ်မယ်။ အဲဒီအခြေအနေကို မရောက်သွားခင် မြန်မာနိုင်ငံအနေနဲ့ ကြိုပြီးတော့ လုပ်သင့်တာကတော့ ဝန်ဆောင်မှုအရည်အသွေးကို မြှင့်ဖို့ပဲဖြစ်ပါတယ်။ ဈေးကိုမြင့်မြင့်လိုချင်တယ်ဆိုရင် ကိုယ်ပေးတာကိုလည်း အရည်အသွေးမြင့်မြင့်ပေးနိုင်ဖို့ လိုပါတယ်။ ဒီလိုမဟုတ်ဘဲ ဝန်ဆောင်မှုအရည်အသွေးက နိမ့်ကျလာပြီဆိုရင် Customer မသိခင်မှာ လုပ်ငန်းရှင်က အရင်ဦးဆုံး သိရမယ်။ ဒီလိုမသိဘူးဆိုရင် ကိုယ့်လုပ်ငန်းရဲ့ကျရှုံးမှုက စတင်မှာပဲ ဖြစ်ပါတယ်။
Product Life Cycle အရဆိုရင် လက်ရှိမှာ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ Tourism Product အနေနဲ့ ရောင်းချတဲ့ ခရီးစဉ်ဒေသတွေက ဒီပြင်နိုင်ငံတွေနဲ့ယှဉ်လို့ရှိရင် မလျော့ဘူး။ Customer ကတော့ ခရီးစဉ်အသစ်တွေကို အမြဲတမ်းလိုချင်တာပဲ။ ဒါကြောင့် ခရီးစဉ်အသစ်တွေ ဖော်ထုတ်တယ်ဆိုတာ အဆန်းတော့မဟုတ်ဘဲ အမြဲတမ်းဖော်ထုတ်နေရမှာပါပဲ။ ဒါပေမဲ့ လက်ရှိရှိပြီးသား ခရီးသွားဒေသတွေကိုလည်း ပိုပြီးအရည်အသွေးရှိအောင် သေချာစီမံခန့်ခွဲဖို့လည်း လိုအပ်ပါတယ်။ လက်ရှိရှိနေတဲ့ ခရီးစဉ်ဒေသကိုတောင်မှ သေချာစီမံမခန့်ခွဲနိုင်ဘဲနဲ့ အသစ်တွေ ဖော်ထုတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
လက်ရှိမှာ ဇုန်ကြေးတို့၊ ဝင်ကြေးတို့ကောက်နေပေမယ့် ဒါတွေကို ဘယ်လိုပြန်သုံးလဲဆိုတာ ပွင့်လင်းမြင်သာမှု မရှိဘူး။ ပြည်သူလူထုက ဝေဖန်ကြတယ်။ ဒါကြောင့် နောက်အစိုးရအနေနဲ့ ဒါတွေကို ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ပေးစေချင်တယ်။ နောက်ပြီး ခရီးစဉ်ဒေသကို စီမံခန့်ခွဲဖို့အတွက် အဖွဲ့အစည်းတွေ လိုနေပါတယ်။ ဆိုလိုတာက မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းကို စီမံခန့်ခွဲဖို့အတွက် ဝန်ကြီးဌာနရှိပေမဲ့လည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေမှာ အဲဒီ Function က တော်တော်လေးကို အရာမရောက်ဖြစ်နေတယ်။ ဒါတွေက အပြုသဘောနဲ့ ဝေဖန်တာပါ။ ဒီတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေမှာ စီခံခန့်ခွဲတာကို လုပ်နိုင်ဖို့အတွက် Capacity လိုအပ်ပါတယ်။ ပြည်ထောင်စုအစိုးရအနေနဲ့ အာဏာခွဲဝေပေးရုံတင် မဟုတ်ဘဲ Capacity ဖြည့်ပေးဖို့လည်း လိုပါတယ်။ စီမံခန့်ခွဲမယ့်သူတွေမှာ ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့ အသိပညာဗဟုသုတတွေ ပေးဖို့လိုမယ်။ တခြားနိုင်ငံတွေမှာ စီးပွားရေးလုပ်ငန်းကို ဘယ်လိုစီမံခန့်ခွဲတယ်ဆိုတာကို ကိုယ်တွေ့မျက်မြင် မြင်ဖို့အတွက် ပြည်ပကိုစေလွှတ်ပြီး လေ့လာခိုင်းဖို့လိုပါတယ်။ ဒီလိုမလွှတ်နိုင်ဘူးဆိုရင်တောင်မှ နိုင်ငံခြားတိုင်းပြည်က Expert တွေကို ဖိတ်ကြားပြီးတော့ Training ပေးဖို့တွေလိုမယ်။ ဒါတွေက နောက်တက်လာမယ့်အစိုးရအနေနဲ့ မဖြစ်မနေ လုပ်ရမယ့်အရာတွေပါ။
မြန်မာကျပ်ငွေခိုင်မာမှုကို သေချာမလုပ်ဘဲနဲ့ ခရီးသွားလုပ်ငန်းမှာ ကျပ်ငွေနဲ့ပေးချေစေတာမျိုးဆိုရင်တော့ မသင့်လျော်ပါဘူး။ လက်ရှိလေကြောင်းလိုင်းတွေ၊ ဟိုတယ်တွေကို ဒေါ်လာနဲ့ပေးချေနေတာမျိုးက အဆင်ပြေပါတယ်။
ဗီဇာကင်းလွတ်ခွင့်ပေးတာကိုတော့ ရှေ့တန်းခံတပ်မို့ လျှော့ပေးလို့မရဘူးဆိုပြီး ပြောကြတယ်။ ဒါဆို ထိုင်းနိုင်ငံမှာ ခရီးသွားလုပ်ငန်းအောင်မြင်မှုကို ဘာကြောင့်ရတာလဲဆိုရင် နိုင်ငံ ၈၀ လောက်ကို ဗီဇာမလိုဘဲ နှစ်ပတ်တိတိ နေဖို့ပေးထားတာကြောင့်ပဲ။ ဒီလို ပေးထားတဲ့အခါ နိုင်ငံအတွက် လုံခြုံရေးကို သူတို့လည်း ထည့်စဉ်းစားမှာပဲ။ အဓိကကတော့ Tourism မှာ Travel Facilitation ဆိုတာ အဓိကအားသာချက်ကြီးတစ်ခုပါပဲ။ ဒီလိုဗီဇာပေးတဲ့အခါ ခရီးသွားဧည့်သည်တွေရဲ့အမြင်မှာ ငါတို့ကို ကြိုဆိုတယ်။ ငါတို့ကို တံခါးဖွင့်ပေးထားတယ်ဆိုတဲ့ ခံစားချက်မျိုးကို ဖြစ်စေတယ်။ အဲဒီတော့ ပိုပြီး လာချင်စိတ်ရှိတယ်။ Visa Fees မရတော့မှာစိုးလို့ဆိုတာမျိုး မဖြစ်သင့်ပါဘူး။ အဲဒီ ဗီဇာမလိုဘဲ မြန်မာနိုင်ငံထဲ ဝင်လာတဲ့အခါ သူသုံးသွားတာက ဒေါ်လာငါးထောင်လည်း ဖြစ်နိုင်တယ်။ တစ်သောင်းလည်းဖြစ်နိုင်တယ်။
တစ်ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းတွေဖြစ်တဲ့ WTO တို့၊ WTCC တို့က ၂၀၂၀ ပြည့်နှစ်မှာဆိုရင် ခရီးသွားလုပ်ငန်းက ဘယ်အခြေအနေထိရောက်နေမယ်၊ လူဦးရေဘယ်လောက်က ခရီးသွားကြမယ်၊ ဘယ်လောက်အကျိုးအမြတ်တွေရကြမယ်ဆိုတာကို ထုတ်ပြန်တာတွေရှိပါတယ်။ အခုဆိုရင် အွန်လိုင်းပေါ်မှာ ခရီးသွားလုပ်ငန်းတွေလုပ်ကိုင်လာတဲ့အခါ B to B ဖြစ်လာတာတွေရှိပါတယ်။ Air Bnb လိုမျိုး၊ Trip Advisor ကနေတစ်ဆင့် Booking တွေလုပ်နေကြတာမျိုးတွေက ရှောင်လွှဲလို့မရပါဘူး။ Digitize လုပ်လိုက်တဲ့အခါမှာ စီးပွားရေးကလုပ်ရတာ ပိုလွယ်ကူလာတယ်။ Payment တွေလည်း ပိုပြီးလွယ်ကူလာတယ်။ ဒီလိုအခြေအနေမှာ ခရီးသွားကုမ္ပဏီတွေအနေနဲ့ အရည်အသွေးပိုပြီး မြှင့်ပေးရမယ်။ Consumer နဲ့ Supplier ကြားထဲမှာ တိုက်ရိုက်ချိတ်ဆက်ပေးနိုင်တဲ့ လုပ်ငန်းတွေပေါ်လာတဲ့အခါမှာ သူတို့ထက် ကိုယ်က ဘာကိုပိုသာပြီး ပေးနိုင်မလဲဆိုတာ အရေးကြီးလာပါတယ်။ App ဆိုတာက သူ့ System အတိုင်း Software ကပဲလုပ်ပေးတာဆိုတော့ လူရဲ့စေတနာနဲ့ ဝန်ဆောင်မှုပေးတာက သိသိသာသာဖြစ်လာအောင် Communication Skill တွေလိုအပ်မယ်။ ဒီ Skill တွေကို ကိုယ့်ရဲ့ဝန်ထမ်းတွေကို ပြည့်မီအောင် ဖြည့်ပေးထားဖို့လိုတယ်။ ရေရှည်မှာ Competition တအားမြင့်လာမယ်ဆိုတာ မှန်ပါတယ်။ စက်နဲ့ လူနဲ့ ယှဉ်ပြိုင်ရတာမျိုးရှိလာတဲ့အခါ လူသားတစ်ယောက်ကနေ တစ်ယောက်ကို ဝန်ဆောင်မှုပေးတာက အားသာမှုတော့ရှိလိမ့်မယ်လို့ မြင်ပါတယ်။
အချုပ်အနေနဲ့ပြောရမယ်ဆိုရင် နိုင်ငံခြားဧည့်သည်တွေဝင်ရောက်လာဖို့ကို ပိုပြီးလွယ်ကူအောင် လုပ်ပေးဖို့၊ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရကြားမှာ အာဏာခွဲဝေမှုမှာ အကျိုးသက်ရောက်မှု တကယ်ရှိအောင် အကောင်အထည်ဖော်ဖို့၊ ဟိုတယ်လိုင်စင်ချပေးတာမျိုးသာမဟုတ်ဘဲ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးတော့၊ ခရီးစဉ်ဒေသက ဧည့်သည်တွေ လာလည်ချင်စိတ်ဖြစ်လာအောင်၊ သက်သောင့်သက်သာနဲ့ ခရီးသွားလို့ရအောင် စီမံခန့်ခွဲမှုမျိုးအတွက် စနစ်တစ်ခုလိုပါတယ်။ ဥပမာတစ်ခုပေးချင်တာက ကျွန်တော် ကန်ချနာဘူရီကို ခရီးထွက်ဖြစ်ခဲ့တယ်။ အဲဒီမှာ ဟိုတယ်အသစ်တစ်ခုမှာတည်းဖြစ်တော့ နှစ်ယောက်ခန်းတစ်ခန်းကို တစ်ရက်ဘတ်ရှစ်ရာပဲကျတယ်။ မြန်မာငွေနဲ့ဆို သုံးသောင်းကျပ်ဝန်းကျင်ပဲရှိတာပေါ့။ သန့်သန့်ရှင်းရှင်းနဲ့ အဆင့်မြင့်မြင့်လုပ်ထားတယ်။ ရေကူးကန်လည်း ပါတယ်။ ဒီလို Fascilities မျိုးနဲ့ဆိုရင် ရန်ကုန်မှာဆိုရင်တော့ ဒေါ်လာတစ်ရာဝန်းကျင် လောက်ပေးရမယ်။ ဒီတော့ သုံးဆလောက်ကွာနေတယ်။ ဒါဆို သူတို့က ဘာကြောင့် ကျွန်တော်တို့ထက် သုံးဆလောက်လျော့ပြီး ရောင်းနိုင်ရတာလဲ။ သူတို့ သုံးဆလောက် လျော့တာတောင် သူတို့မှာ အမြတ်ရှိနေသေးတယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်မှာ တစ်ခုခုမှားနေပြီ။ အနီးဆုံးထိုင်းနိုင်ငံက ကိုယ့်ရဲ့ပြိုင်ဘက်လို့ပဲ ပြောရမှာပဲ။ ဒီတော့ ကျွန်တော်တို့လုပ်ရမှာက လက်ရှိ ရှိနေတဲ့ဝန်ဆောင်မှုကိုမြှင့်ရမယ်။ ဒါလည်းအများကြီး လုပ်ရဦးမယ်။ ထိုင်းနိုင်ငံမှာ ကားလမ်းနဲ့ ခရီးသွားရတာနဲ့ မြန်မာနိုင်ငံမှာ ကားလမ်းနဲ့ခရီးသွားရတာလည်း မတူပါဘူး။ Safety နဲ့ပတ်သက်ရင်လည်း ကွာခြားချက်တွေ အများကြီးရှိသေးတယ်။ ဒါကြောင့် ကုန်းလမ်းနဲ့ ပတ်သက်ရင် လိုအပ်ချက်တွေအများကြီးရှိတယ်။ တည်းခို နေထိုင်မှုဆိုရင်လည်း လက်ရှိမှာ ထိုင်းနိုင်ငံနဲ့ ဘယ်လိုမှ ယှဉ်လို့မရဘူး။ ဒါတွေကို တိုးတက်အောင်လုပ်တဲ့ နေရာမှာ Efficiency ဖြစ်အောင်လုပ်ဖို့လိုတယ်။ လက်ရှိမှာတော့ စီမံခန့်ခွဲမှုအပိုင်းမှာ အားနည်းချက်တွေအများကြီးရှိနေတယ်လို့ မြင်ပါတယ်။
ဒေါ်ဝင်းဝင်းတင့်
Managing Director
City Mart Holding Co Ltd
စီးပွားရေးလုပ်နေတဲ့သူတော်တော်များများရဲ့ အဓိက မျှော်မှန်းချက်ကတော့ လူတိုင်းအတွက် တူညီတဲ့ စည်းကမ်းတွေ တူညီတဲ့အခွင့်အရေးတွေရှိတဲ့ Level Playing Field ပဲဖြစ်ပါတယ်။ စီးပွားရေး Policy ဆိုရင်လည်း ဟိုလူတစ်မျိုး ဒီလူတစ်မျိုးဆိုတဲ့ ပုံစံတွေ အရင်တုန်းက ဖြစ်ခဲ့ဖူးတယ်။ လူတိုင်းအတွက် အခွင့်အရေးတွေ၊ စည်းကမ်းတွေတစ်ပြေးညီဖြစ်တဲ့ အနေအထားမျိုးကို အားလုံးကမျှော်လင့်ပါတယ်။ လူတိုင်းက မျှတမှုရှိတဲ့ အနေအထားမှာပဲ ယှဉ်ပြိုင်ချင်တဲ့ အခွင့်အရေးကို လိုချင်ကြတာပါ။ ယခုအစိုးရသစ် တက်လာတော့မှာဆိုတော့ တိုင်းပြည်အတွက် ကဏ္ဍတိုင်းမှာ ရေရှည် Vision တစ်ခုကို ချမှတ်စေချင်တယ်။ ရှိဖို့လိုအပ်တယ်လို့လည်း ထင်တယ်။ ဥပမာဆိုရင် စိုက်ပျိုးရေးကဏ္ဍကို ရေရှည်မှာဘာဖြစ်စေချင်တာလဲ၊ မွေးမြူရေးကဏ္ဍကို ရေရှည်မှာ ဘာဖြစ်စေချင်တာလဲဆိုတဲ့ ရေရှည် Vision ပေါ်မှာမူတည်ပြီး ရေတိုမှာ ဘာတွေ လုပ်သင့်တာလဲဆိုတာမျိုးကို ဖြစ်စေချင်တယ်။ လူတစ်ဦးနဲ့တစ်ဦး Direction တွေ မတူနိုင်တဲ့အတွက် လူတစ်ဦးတစ်ယောက်ရဲ့ Vision ပေါ်မှာ အကောင်အထည်ဖော်နေတာမဟုတ်ဘဲ နိုင်ငံတော်အနေနဲ့ ဖြစ်သင့်တဲ့ရေရှည် Vision ပေါ်မှာမူတည်ပြီး အစိုးရအဖွဲ့က အကောင်အထည်ဖော်စေချင်တယ်။ ရေရှည်၊ ရေတို Plan တွေရှိပြီး အဲဒီအပေါ်မှာ အကောင်အထည်ဖော်တဲ့အခါ အဲဒီ Vision က ကောင်းမယ်ဆိုရင် အခုတက်မယ့် အစိုးရမှမဟုတ်ဘဲ ဘယ်အစိုးရတက်တက် အဲဒီ Plan တွေကို အာရုံစိုက်ပြီး လုပ်ဆောင်ရင်တော့ တိုင်းပြည်ရဲ့တိုးတက်မှုနှုန်းက ပိုမြန်မယ်လို့ ထင်ပါတယ်။ စီးပွားရေးအသိုက်အဝန်းကလည်း တိုင်းပြည်ရဲ့ Vision ပေါ်မှာမူတည်ပြီး မိမိတို့လုပ်ငန်းရဲ့ Vision ကို ချမှတ်နိုင်မယ်၊ လုပ်ငန်းအကောင်အထည် ဖော်နိုင်မယ်ဆိုရင် တိုးတက်မှုနှုန်းက တအားကောင်းလာမှာပါ။
အခုဆိုရင် ခေတ်ကာလနဲ့ လိုက်လျောညီထွေမှုမရှိတဲ့ Policy တွေလည်း ရှိနေပါတယ်။ လက်တွေ့မကျတဲ့ Policy တွေလည်း ရှိနေပါတယ်။ လက်တွေ့မကျဘူးဆိုတာက လက်တွေ့မှာလုပ်နေတာနဲ့ Policy မှာ ပြဋ္ဌာန်းထားတာက တခြားစီဖြစ်နေတဲ့ အခြေအနေတွေလည်း အများကြီးရှိနေပါတယ်။ အဲဒါကြောင့် လူကြီးတွေအနေနဲ့ အဲဒါတွေကို အာရုံစိုက်ပေးစေချင်တယ်။ နိုင်ငံတော်အနေနဲ့ လူတိုင်း စီးပွားရေးကောင်းကောင်း လုပ်နိုင်အောင် ကောင်းမွန်တဲ့ Policy ၊ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးတာက စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခြေခံလို့ပဲ ကျွန်မမြင်ပါတယ်။ စီးပွားရေး Policy ကောင်း၊ ပတ်ဝန်းကျင်ကောင်းရှိရင် လူတိုင်းက စီးပွားရေးကို ပိုပြီးတိုးတက်အောင် ချဲ့ထွင်လာမယ်၊ လုပ်ချင်တဲ့စိတ်တွေရှိလာမယ်၊ လုပ်နိုင်တဲ့သူတွေ များလာမယ်ဆိုရင် စီးပွားရေးက ပိုပြီးတိုးတက်မှုတွေရှိလာမှာ ဖြစ်ပါတယ်။ အရင်ခေတ်က အနေအထားကို ကြည့်မယ်ဆိုရင် ဒီလို အခြေအနေကောင်း မရှိတဲ့အတွက် ပတ်ဝန်းကျင်ကောင်း အားနည်းနေတယ်။ တန်းတူညီမျှအခွင့်အရေးမရှိတဲ့အတွက် တချို့ဆိုရင် ကိုယ့်စီးပွားရေးက ဘယ်လောက်အခွင့်အလမ်းရှိရှိ တိုးချဲ့ဖို့စိတ်မဝင်စားတာတို့၊ ရေရှည်ရင်းနှီးမြှုပ်နှံဖို့ စိတ်မဝင်စားတာတို့ အများကြီးဖြစ်ခဲ့တယ်။ အဲဒီလိုအခြေ အနေမျိုးမှာ လူတွေက တစ်ပွဲတိုးငွေရဖို့ပဲ စဉ်းစားကြတယ်။ အကျိုးအမြတ်များများရမယ့် အလုပ်ကိုပဲ အာရုံစိုက်လုပ်တော့ အဲဒါက နိုင်ငံတော် ရေရှည်ဖွံဖြိုးတိုးတက်မှုအတွက် နစ်နာစေတယ်လို့ ထင်ပါတယ်။ အခြေအနေကောင်းတွေ ဖြစ်လာရင် CMHL အနေနဲ့ ယခုထက်ပိုကောင်းအောင် တိုးချဲ့ပြီး လုပ်ချင်တာတွေ အများကြီးရှိပါတယ်။ အဲဒီလိုဖြစ်လာမယ်လို့လည်း မျှော်လင့်ပါတယ်။ ကျင့်သုံးလို့မရတဲ့၊ လက်တွေ့မကျတဲ့ Policy တွေဖြစ်နေတာကို လူတွေကသိပါတယ်။ ဒါကို Monitor လုပ်ရမယ့် လူကြီးတွေကသိနေပေမယ့်လည်း မပြင်နိုင်တဲ့ အခြေအနေတွေ အများကြီးရှိနေပါတယ်။ တကယ်လုပ်နေတာကျတော့ Policy နဲ့ တခြားစီဖြစ်နေတယ်။ ဒါပေမဲ့ များသောအားဖြင့် ပြင်ဖို့လည်း ဂရုမစိုက်ဘူး။ ပြဿနာပေါ်လာမှသာ ဒီ Policy ကြောင့်၊ ဒီ Policy ကို မလိုက်နာဘူးဆိုတာတွေ မဖြစ်သင့်ဘူး။ လူတိုင်းလုပ်ကိုင်နိုင်တဲ့ Policy ဖြစ်ဖို့ လိုအပ်ပါတယ်။ နောက်ဖြစ်တတ်တာက Policy တွေတိုင်းမှာ အကျိုးအပြစ်၊ အားသာချက် အားနည်းချက်တွေရှိနိုင်ပါတယ်။ အပြစ်တွေ အားနည်းချက်တွေကို မလုပ်ခင်ကတည်းက ကြိုတင်စဉ်းစားပြီး ကာကွယ်နိုင်တာ ကာကွယ်မယ်။ ကြိုတင်ပြင်ဆင်နိုင်ဖို့ လိုပါတယ်။ အဲဒီလို ကြိုတင်စဉ်းစားထားတာတွေ မရှိတာကြောင့် ယခင်က Policy တစ်ခုခုနဲ့ ပတ်သက်ပြီး အခက်အခဲတစ်ခုခု ကြုံတွေ့ရလျှင် ကြောက်လန့်ပြီး တစ်ဖက်စွန်းရောက်တဲ့ Policy တွေ ချမှတ်ခဲ့လို့ ခြေတစ်လှမ်းတိုးပြီး ခြေနှစ်လှမ်း ပြန်ဆုတ်ရတဲ့ အခြေအနေတွေ အများကြီးရှိခဲ့ပါတယ်။ လောလောဆယ်မှာ Policy ပိုင်းဆိုင်ရာကို ကြည့်မယ်ဆိုရင် ငွေရေးကြေးရေးနဲ့ပတ်သက်တဲ့ Banking ပိုင်းဆိုင်ရာမူ ဝါဒတွေ ပိုပြီးပြောင်းလဲတိုးတက်လာဖို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ စီးပွားရေးလုပ်ငန်းလုပ်တဲ့အခါ ငွေရေးကြေးရေးပိုင်းမှာ ရင်းနှီးငွေရနိုင်ဖို့ အခက်အခဲရှိနေတဲ့ အနေအထားမှာ ရှိနေတယ်။ ဥပမာ ယခုဆိုရင် နိုင်ငံခြားဘဏ်တွေရှိတယ်။ ဒါပေမဲ့ မြန်မာကုမ္ပဏီတွေကို Service မပေးနိုင်ဘူးဆိုတာမျိုးကလည်း ဖြစ်သင့်သလားဆိုတာကို ပြန်ကြည့်သင့်တယ်လို့ မြင်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေကို Banking Sector ကနေ အခုရှိနေတဲ့မူဝါဒနဲ့ ပံ့ပိုးပေးနိုင်လားဆိုတာကို သေချာစဉ်းစားပြီး လိုအပ်တာကို အမြန်ဆုံးပြုပြင်ပြောင်းလဲပေးသင့်တယ်လို့ ထင်ပါတယ်။
CMHL အနေနဲ့ အခုဆိုရင် IFC ကနေ ချေးငွေရယူခဲ့တယ်။ ကျွန်မတို့က ၅၂ သန်းရှိတဲ့ ပြည်သူတွေကို လက်လှမ်းမီချင်တယ်။ ခုဆိုရင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာ ဆိုင်တွေရှိတယ်။ ၅၂ သန်းသော ပြည်သူတွေကို ဝန်ဆောင်မှုပေးချင်ရင်တော့ ဆိုင်ခွဲတွေ ထပ်ဖွင့်ဖို့ လိုအပ်ပါတယ်။ CMHL အနေနဲ့ ၂၀၁၆ ခုနှစ် အတွင်းမှာ မုံရွာ၊ မော်လမြိုင်၊ ပုသိမ်နဲ့ တောင်ကြီးမှာ ဖွင့်သွားဖို့ ရှိပါတယ်။
Retail Industry အနေနဲ့ ကျွန်မတို့နဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ Tax Policy Regulation တွေက အရင်ထက်စာရင်တော့ ပိုကောင်းလာပြီ။ ဒါပေမဲ့ ဒီထက် ပိုတိကျတဲ့ မူဝါဒတွေဖြစ်စေချင်တယ်။ FDA ပိုင်းနဲ့ ပတ်သက်ရင်လည်း ပိုကောင်းတဲ့မူဝါဒနဲ့ ပိုကောင်းတဲ့ စောင့်ကြည့်ကြီးကြပ်မှုတွေကို ပိုပြီးဖြစ်စေချင်တယ်။ နည်းပညာပိုင်းကတော့ Internet Infrastructure က အရင်ကထက် ပိုကောင်းလာတယ်။ ဒါပေမဲ့ ဒီထက်ပိုကောင်းဖို့လိုပါတယ်။ နောက်ပိုင်းသုံးတဲ့နည်းပညာတွေက Online Infrastructure နဲ့ချိတ်ဆက် အသုံးပြုနေရတာတွေချည်းပဲဆိုတော့ Internet Infrastructure ကို ဒီထက်ပိုကောင်းလာဖို့ လိုအပ်ပါတယ်။ ဒါမှသာ Retail မှာဆိုရင် Real Time Information တွေကို ရနိုင်ဖို့ လိုအပ်တယ်။
ဒေါက်တာသင်းနွယ်ဝင်း
Managing Director
Royal Ruby Co Ltd
ကျွန်မတို့ Industry အနေနဲ့ Medical Equipment တွေ၊ ဆေးဝါးတွေကို Up to Date တွေ၊ အကောင်းစားတွေ ပိုပြီးတော့သွင်းလာဖို့ ရှိတယ်။ ဟိုအရင်တုန်းက Sanction ရှိလို့ ဥရောပနိုင်ငံတွေ၊ အမေရိကန်နိုင်ငံတွေက ပြန်ထွက်သွားပေမဲ့ ခုချိန်မှာတော့ ပြန်ဝင်လာတဲ့အတွက်ကြောင့် ကောင်းတယ်။ တချို့ပစ္စည်းတွေကတော့ တကယ့်အမေရိကကုမ္ပဏီကြီးတွေက လာတယ်ဆိုပေမဲ့ စင်ကာပူ၊ ထိုင်းတို့ကနေ သွင်းနေတာတွေလည်း ရှိတယ်။ ကျွန်မအနေနဲ့ကတော့ Premium Brand တွေရော၊ Latest Molecule တွေရော ဝင်လာဖို့တွေရှိတော့ ကျန်းမာရေးကဏ္ဍအနေနဲ့ အားရပါတယ်။
ဒီ၂၀၁၆ ခုနှစ်အလွန်မှာ တကယ့် Premium Brand တွေပြန်ဝင်လာရင် ဈေးသက်သက်သာသာရဖို့တော့ မရှိပေမဲ့ အခုချိန်မှာ မြန်မာပြည်ကို International Association က Grant တွေ၊ Aid တွေ ပေးလာတဲ့အခါကျတော့ HIV တို့ ၊ C ပိုးရှိတဲ့လူနာတွေ ဈေးကြီးတဲ့ဆေးတွေကို မဝယ်သောက်နိုင်တဲ့လူတွေအတွက် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ Foundation တွေက မြန်မာပြည်ကို အာရုံစိုက်လာပြီးပံ့ပိုးပေးနိုင်တာ တွေ့ရတယ်။ ကျွန်မတို့ ဆေးကုန်သည်အသင်းမှာလည်း ကုမ္ပဏီပေါင်း အသင်းဝင်ပေါင်း သုံးရာကျော်ရှိတော့ ကျွန်မတို့လည်း အမယ်သစ်တွေရမယ်။ အဲဒီလိုများလာရင် ဈေးနှုန်းအရ Competitive ဖြစ်ဖို့ လုပ်ရမယ့်အပိုင်းတွေက ရှိလာတော့ စားသုံးသူတွေအတွက် ပိုကောင်းဖို့ရှိပါတယ်။
နောက်တစ်ခုသတိထားရမှာက မြန်မာနိုင်ငံရဲ့ ပထဝီအနေအထားအရ Border ကနေ Illegal ဖြစ်တဲ့ ပစ္စည်းတွေ ဝင်လာမယ်။ ဒီအတုအပတွေအတွက် နိုင်ငံတော်အပိုင်းမှာ Laws တွေ၊ Regulations တွေ ပိုရှိလာရမယ့်အနေအထား၊ နိုင်ငံတော်အနေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ပိုခန့်အပ်ရမယ့် အနေအထားမျိုးရှိပါတယ်။ ဒါတွေကိုတော့ အမြဲတမ်း Adjust လုပ်သွားရမှာပါ။ ၂၀၁၄-၂၀၁၅ မှာ ကျန်းမာရေးဘတ်ဂျက်က ပိုရလာတာဖြစ်တဲ့အတွက် ဆေးရုံတက်တဲ့သူတွေကို အခမဲ့ဆေးဝါး ကုသနိုင်ရေးဆိုတာက အင်မတန်ကောင်းမွန်မြင့်မားတဲ့ ရည်ရွယ်ချက်ပါ။ ဘတ်ဂျက်တွေချပေးတော့ ဆေးကုမ္ပဏီတွေကလည်း ဝင်ရောက်ပြိုင်ကြတယ်။ အဲဒီမှာ ဆေးဝါးတွေက ဆေးရုံကို အများကြီးရောက်လာကြတယ်။ ဒါတွေက ပြည်သူ့လွှတ်တော်မှာရော ဘတ်ဂျက်လျာထားမှု အကုန်လုံးက ပါနေတာဆိုတော့ အဆပေါင်းများစွာ တက်လာတာပေါ့။ ဒီနေရာမှာ ဆေးတင်မကဘူး Equipment ပိုင်းတွေ၊ Instrument ပိုင်းတွေပါ ပါလာပါတယ်။ အရင်တုန်းကဆိုရင် Operation တစ်ခုဆိုရင် လူနာကမတက်နိုင်တာတွေရှိတယ်။ အခုဆိုရင် အဲလိုမျိုးမဟုတ်ဘူး။ ဘယ် Operation Level လောက်ဆို ပြည်သူ့ဆေးရုံတွေမှာဆိုရင် အခမဲ့လုပ်ပေးတယ်ဆိုတဲ့ အဆင့်အထိ ရောက်လာကြတယ်။ ဒီအခြေအနေတွေက သိပ်ကောင်းပါတယ်။ ဒါပေမဲ့ ကောင်းတာနဲ့အတူတူ တစ်ဖက်မှာလည်း လိုအပ်ချက်တွေ ရှိလာပါတယ်။ လူတွေခန့်ဖို့လိုအပ်တယ်၊ ကျန်းမာရေးဝန်ထမ်းတွေ များဖို့လိုအပ်တယ်။
တတ်နိုင်တဲ့သူတွေကျတော့လည်း ပုဂ္ဂလိကဆေးရုံတွေ သွားကြတယ်။ အခုဆိုရင် ပုဂ္ဂလိကဆေးရုံတွေ များလာတဲ့အပြင် အပြိုင်အဆိုင် နောက်ဆုံးပေါ်စက်ကိရိယာတွေ သုံးလာတော့ သိပ်ကောင်းလာကြတယ်။ ဒါတွေက အသေးစိတ်တွေလုပ်လာတဲ့အတွက်ကြောင့် လွဲချော်မှုတွေ နည်းလာမယ်။ ဒီအပိုင်းတွေမှာ အကောင်းဆုံးမျှော်လင့်ပေမယ့် ဒါတွေကို ကိုင်တွယ်ဖြေရှင်းမယ့် Health Care Personal တွေ၊ Service Provider တွေ အကုန်လုံးကတော့ အရည်အချင်းတွေ ပြည့်ဝဖို့လိုပါတယ်။ ဒါကြောင့် Training လုပ်ပေးဖို့ ခုကတည်းက စသင့်ပါတယ်။
အခုဆို ပန်းလှိုင်ဆေးရုံက ထိုင်းနိုင်ငံက Silom ဆေးရုံနဲ့ ပေါင်းလိုက်တော့ အင်မတန်ကောင်းသွားတယ်။ နည်းပညာပိုင်းရော ရင်းနှီးမြှုပ်နှံမှုအပိုင်းတွေမှာပါ သိပ်ကောင်းသွားတယ်။ တစ်ဖက်ကနေ ပြန်ကြည့်လိုက်ရင် နိုင်ငံတော်က ဖြစ်ချင်တဲ့ရည်မှန်းချက်တစ်ခုဖြစ်တဲ့ Medical Tourism ရှိတယ်။ နိုင်ငံခြားကိုသွားပြီး ဆေးကုသတဲ့အခါ ကျွန်မတို့ Foreign Currency တွေ ဆုံးရှုံးနေတဲ့စရိတ်တွေကို ချွေတာနိုင်မယ့် ရည်မှန်းချက်တွေ ပြည့်မီသွားနိုင်တယ်။
နောက်ဆက်တွဲအနေနဲ့ ဖြည့်ဆည်းပေးရမယ့် ကဏ္ဍတွေကတော့ အများကြီးရှိပါတယ်။ မြန်မာနိုင်ငံမှာ ကျန်းမာရေးအသိပညာပိုင်းက သိပ်ကိုလိုအပ်တယ်။ တကယ်တမ်းဆေးတွေက သိပ်ကောင်းတယ်။ လူနာတွေက ဒီဆေးသောက်ပြီးရင် နေချင်သလို နေလို့ရပြီလို့ ထင်နေတယ်။ ဆေးပေးလိုက်လို့ တစ်နေ့သုံးကြိမ် သောက်ပါလို့ ပြောရင်တောင် မနက်ကမေ့သွားပြီးရင် နေ့လယ်နဲ့မနက်ကို ပေါင်းသောက်ချင် သောက်လိုက်တယ်။ ဒါတွေက သိပ်ရိုးရှင်းပေမယ့် လူတွေလိုက်နာဖို့ သိပ်အရေးကြီးတယ်။ ဒီဆေးကဏ္ဍမှာ ဆေးဝါး Resistance ဖြစ်သွားရင် သိပ်ကြောက်ဖို့ကောင်းတယ်။ လူကိုအမြစ်တုံးစေနိုင်တယ်။ ဒါကြောင့် ပြည်သူတွေအတွက် ဆောင်ရန်၊ ရှောင်ရန်တွေ ကျန်းမာရေးအသိပညာပေးတွေကို အများကြီးလုပ်စေချင်တယ်။ အခုဆိုရင် နိုင်ငံခြားကနေ ဝင်လာတဲ့ အသင့်စား အစားအစာတွေက တစ်ပုံကြီးပဲ။ တစ်ဖက်ကကြည့်လိုက်ရင်လည်း ရန်ကုန်မြို့ကြီး ခေတ်မီလာပြီ။ နိုင်ငံခြားသွားမှ စားရတဲ့အစားအစာတွေ ရောက်လာပြီပေါ့။ ဒါပေမဲ့ Healthy Lifestyle တွေ Healthy Living တွေပါ ပြောင်းလာတယ်။ ဒါကြောင့် အသိပညာပေးတာတွေကို တစိုက်မတ်မတ်နဲ့ လုပ်လာဖို့လိုပြီလို့ ပြောချင်ပါတယ်။ လူထုကျန်းမာရေးပညာပေးဆိုတဲ့ကဏ္ဍကို လူတန်းစားမရွေး တောရောမြို့ပါမရွေး ဆေးရုံမှာ ပုဂ္ဂလိကရော၊ အစိုးရရော၊ မီဒီယာပိုင်းတွေမှာပါ သေချာဇောင်းပေးပြီးတော့ Highlight လုပ်ပေးနိုင်ရင် လူနေမှု Standard တစ်ခုကို ရောက်တယ်။
အခုဆိုရင် ဆေးပေါင်းစုံ ဝင်လာတယ်။ Marketing Strategy တွေက ပေါင်းစုံရှိတယ်။ အချို့လည်း Multi Level Marketing အနေနဲ့ လုပ်နေကြတာတွေရှိတယ်။ လူ့သဘာဝအရ Strategy ပေါင်းစုံကို စိတ်ဝင်စားပြီး နည်းပေါင်းစုံနောက် လိုက်နေကြတာတွေလည်း ရှိမှာပေါ့။ ဒါတွေဝင်လာတယ်ဆိုတဲ့အပိုင်းမှာ ဘယ်တော့မှတော့ ကောင်းခြင်းတစ်ခုတည်း ပါမှာမဟုတ်ဘူး။ ဒါကို ကိုယ့်ရဲ့ Mindset နဲ့ အသိသတိရှိဖို့ လိုအပ်တယ်။
အစားအသောက်ပိုင်းမှာဆိုရင် နယ်စပ်က အေးခဲထားတဲ့ တရားမဝင်အသားတွေ ဝင်လာတယ်။ ဘယ်နှခုနှစ်က အသားတွေလည်းတောင် မသိနိုင်ဘူး။ ဒါတွေအကုန်လုံးက FDA ကိုပဲ အပြစ်တင်နေလို့ မပြီးဘူး။ Law တွေနဲ့ပဲ မပြီးဘူး။ ပြည်သူလူထုအနေနဲ့လည်း အသိနဲ့သတိလေးတွေ ရှိဖို့လိုတယ်။ ဥပမာ - ဆေးကုန်သည်အသင်းမှာ အရင်ကဆို သင်တန်းပို့ချပေးတယ်။ ဆေးဝါးတင်သွင်း ဖြန့်ဖြူးခြင်းလုပ်ငန်းကို လုပ်ဆောင်သူတွေအတွက် အဓိကအချက်အလက်တွေဆိုတဲ့ကိစ္စမှာ ကိုယ်ကဆေးဝါးတင်သွင်းပြီး ဆေးဆိုင်ထောင်ချင်တယ်ဆိုတဲ့ကိစ္စမှာ ကိုယ့်ကိုပို့လိုက်တဲ့သူက ဈေးပေါပေါနဲ့ပို့တာ အကြောင်းတစ်ခုတော့ ရှိရမယ်။ အဲဒီတော့ စီးပွားရေးလုပ်မှမဟုတ်ဘူး စားသုံးသူတွေအနေနဲ့ရော ကိုယ့်အနေနဲ့က အကုန်သိရမယ့်ကဏ္ဍတွေ ရှိတယ်။ အခုဆိုရင် ကားပေါ်မှာ အလွယ်တကူ ရေသန့်တွေတင်သွားတယ်။ ရေသန့်တွေတင်သွားရင် ပလတ်စတစ်တွေက ဘယ်လိုဓာတ်ပြုလို့ Oxidize ဖြစ်ပြီး ကင်ဆာဖြစ်နိုင်တယ်ဆိုတာတွေဟာ အံ့အားသင့်စရာကောင်းပါတယ်။ ဒီလိုဖြစ်လို့ ကိုယ်က ရေသန့်သမားကို သွားပြီးအပြစ်တင်လို့ မရပါဘူး။ ဒါဆိုရင် ကိုယ့်အတွက်ကို တစ်ပိုင်တစ်နိုင် ဘာနဲ့လုပ်မလဲဆိုတာ စဉ်းစားရပါမယ်။
ဆေးအတုတွေတင်မကဘူး။ အစားအသောက်အတုတွေပါ ပေါ်လာတော့ Law & Enforcement ကဏ္ဍကတော့ FDA အနေနဲ့လည်း အစွမ်းကုန်လုပ်နေတာပေါ့နော်။ ဖွဲ့စည်းပုံအရ လူအင်အားတွေ ထပ်ဖြည့်ဖို့လည်း လိုပါတယ်။ အစားအသောက်ကဏ္ဍမှာ တင်သွင်းဖြန့်ဖြူးတဲ့သူတွေရဲ့ကဏ္ဍအတွက်ကို Import Recommendation လုပ်ရတာတွေရှိတယ်။ Food ကနေပြီးတော့ စံချိန်စံညွန်းမီတယ်ဆိုရင် ပစ္စည်းရောက်လာတဲ့အခါ ကိုက်ညီမှု ရှိ မရှိ IR ဆိုတာနဲ့ ညှိရတယ်။ ဒီအပိုင်းမှာလည်း သမ္မာအာဇီဝနဲ့ အလုပ်လုပ်နေတဲ့သူတွေရှိသလို မသမာသောနည်းနဲ့ အတုအပလုပ်ပြီး ရေတိုလမ်းလိုက်နေတဲ့သူတွေလည်း ရှိတယ်။ ဒီကဏ္ဍတွေမှာ သိလာပြီဆိုရင် သတင်းပေးဖို့လည်း လိုအပ်တယ်။ ကျွန်မတို့ Association ကဏ္ဍကျတော့ နိုင်ငံတော်ရဲ့ပြဋ္ဌာန်းချက်တွေ သတင်းအချက်အလက်တွေ အကုန်လုံးကို Association Member တွေကို ဖြန့်ပေးတယ်။ နိုင်ငံတော်ကဏ္ဍကတော့ ပိုပြီးတော့ ထဲထဲဝင်ဝင် နက်နက်နဲနဲရှိတာပေါ့။ အထူးသဖြင့် ကျန်းမာရေးဝန်ကြီးဌာန တစ်ခုတည်းသာမက နယ်စပ်ဒေသမှာရှိတဲ့ နယ်စပ်ဒေသဆိုင်ရာရော၊ နယ်စပ်ကုန်သွယ်ရေးအတွက် စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ Immigration ပိုင်းတွေရော ပူးပေါင်းဆောင်ရွက်ဖို့တော့ လိုပါတယ်။
တိုင်းရင်းဆေးက ရေထွက်၊ မြေထွက်၊ အပင်ထွက် ပစ္စည်းတွေလုပ်တဲ့ သဘာဝပစ္စည်းတွေဖြစ်တဲ့အတွက် Side Effect ကတော့ Chemical နဲ့စာရင် နည်းတာပေါ့။ နိုင်ငံတော်ပိုင်းကလည်း တိုင်းရင်းဆေးပညာကို ဦးစီးဌာနကို သတ်သတ်ခွဲထားတယ်။ ဆေးပညာသင်ကြားရေးပိုင်းမှာလည်း သင်ရိုးညွှန်းတမ်း သတ်သတ်ရှိတယ်။ ရန်ကုန်မှာရှိတဲ့ တိုင်းရင်းဆေးရုံဆိုရင်လည်း တကယ်ယုံကြည်လို့ လာရောက်ကုသတဲ့သူတွေလည်း ရှိတယ်။ ဆယ်စုနှစ်ရာစုနှစ်တိုင်အောင် တကယ်တမ်း သိပ်တော်တဲ့သမားတော်ကြီးတွေရှိတယ်။ မတိမ်ကော မပပျောက်အောင် ထိန်းသိမ်းနိုင်ရင် အကောင်းဆုံးပဲ။ ကျွန်မကိုယ်တိုင်လည်း တိုင်းရင်းဆေးထုတ်တယ်။ နိုင်ငံခြားကနေလာတဲ့ တိုင်းရင်းဆေးတွေလည်းရှိတယ်။ သူတို့ကလည်း ဒီမှာ တိုင်းရင်းဆေးပညာဦးစီးဌာနနဲ့ ပူပေါင်းလုပ်နေတာရှိတယ်။ ဒီမြန်မာပြည်မှာရှိတဲ့ တိုင်းရင်းဆေးပညာက အဆင့်သာမရှိခဲ့ရင် ဒီလိုပူးပေါင်းမှုတွေရှိမှာ မဟုတ်ပါဘူး။ သိပ်ကောင်းတာတစ်ခုက ဂျပန်နိုင်ငံမှာရှိတဲ့ Foundation တစ်ခုက တောနေလူထုအတွက် တိုင်းရင်းဆေးသေတ္တာတွေ လှူဒါန်းထောက်ပံ့နေတယ်။ ဘာကြောင့်လဲဆိုရင် တောနေလူတန်းစားက ဒါကိုပဲ ယုံကြည်ပြီး သုံးချင်တယ်ဆိုတော့ အဲဒီသေတ္တာမှာ အရေးပေါ်သုံးတာတွေ ရှိတယ်။ တစ်နိုင်တစ်ပိုင် မီးဖိုချောင်သုံးဆေးဝါးတွေကို သိန်းချီပြီးတော့ လှူဖို့ကိုလုပ်ပေးနေတာတွေရှိတယ်။ ဒါဟာ အင်မတန်ကောင်းတဲ့ လက္ခဏာပါ။ ကျွန်မတို့တိုင်းပြည်မှာ တိုင်းနဲ့ပြည်နယ်အသီးသီးက ရာသီဥတုတွေ မတူဘူး။ ထွက်ရှိလာတဲ့ သယံဇာတတွေကလည်း မတူဘူး။ မြန်မာပြည်တစ်ခုတည်းမှာပဲ Variety တွေ အများကြီးရှိတာ အင်မတန်ကောင်းတဲ့လက္ခဏာပါ။ ဒီမှာသိပ်ကောင်းတာတွေရှိပေမယ့် ငွေကြေးပိုင်းအရရော၊ Research ပိုင်းအရရော၊ Technical အရရော Upgrade လုပ်ဖို့ လိုနေပါသေးတယ်။ အနောက်တိုင်းဆေးမှမကဘူး တိုင်းရင်းဆေးလည်း မသမာတဲ့နည်းနဲ့ လုပ်မယ့်သူတွေလည်း ရှိမှာပါပဲ။ လူတွေက တိုင်းရင်းဆေးက ဈေးသက်သာတယ်။ Side Effect နည်းတယ်ဆိုပေမယ့် ဆင်းရဲသားပဲ လုပ်သလားဆိုပြီး အဓိပ္ပာယ်ကောက်လို့တော့ မရနိုင်ပါဘူး။ တိုင်းရင်းဆေးတိုက်တွေရှေ့မှာ ကားကြီး၊ ကားငယ်တွေနဲ့ လာရောက်ကုသတဲ့သူတွေလည်း ရှိပါတယ်။ ဒါသူတို့ တကယ်ပျောက်ကင်းလို့ပေါ့။ ချက်ချင်း Effect ကို သိပ်မြင်ချင်တဲ့ လူတန်းစားတွေက တအားများတော့ တိုင်းရင်းဆေးကတော့ Gradual & Steady သွားနေတယ်ဆိုတာ သဘောပေါက်ဖို့ပါပဲ။ သူ့မှာလည်း သူ့ကဏ္ဍနဲ့သူ လုပ်ပေးနေတဲ့အပိုင်းတွေရှိတယ်။ Formalize နဲ့ Legalize လုပ်ဖို့တွေလည်း ရှိပါတယ်။
ကျွန်မတို့သိရတာတော့ ရန်ကုန်မြို့အစွန်တွေဘက်မှာ ဆေးရုံတွေပေါ်လာမယ်ဆိုတာက သတင်းကောင်းပါပဲ။ ကားတွေကျပ်လို့ လူနာက လမ်းမှာတစ်ခုခု ပိုဆိုးသွားနိုင်တယ်။ ကျွန်မတို့ Sector က တစ်ခုထူးခြားတာက ဟိုတုန်းကဆေးဝါးထုတ်လုပ်ခွင့်ကို ပုဂ္ဂလိကတစ်ဦးတည်း လုပ်ပိုင်ခွင့်မရှိဘူး။ အခုနောက်ပိုင်းမှာ လုပ်ပိုင်ခွင့်ရသွားပြီ။ အဲဒီအပိုင်းမှာ ဆက်ပြီးတော့ Explore လုပ်ရမယ့် အပိုင်းတွေရှိတယ်။ အခုဆိုရင် ပြည်တွင်းကထွက်တဲ့ဆေးကို Marketing လုပ်ရမယ့်အပိုင်းမှာ ဆေးကဏ္ဍကတော့ Sensitive ဖြစ်တယ်။ နည်းပညာတွေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုတွေ လိုတယ်ဆိုတော့ နိုင်ငံတော်အနေနဲ့ကလည်း အခုဆိုရင် ပေါ်လစီတွေကို Release လုပ်လာပြီဆိုတော့ ဒီအပိုင်းတွေက အင်မတန်ကောင်းပါတယ်။
တစ်ချိန်ချိန်မှာ မြန်မာလုပ်ငန်းရှင်တွေ ထွက်ပေါ်လာပြီဆိုရင် ဒီဆေးဝါးလုပ်ငန်းအနေနဲ့ကလည်း Trading & Local Manufacturing ဆိုတာ ပေါ်လာမယ်။ ကိုယ့်ပြည်တွင်းက ထုတ်လာနိုင်တယ်ဆိုရင် ကျွန်မတို့အပေါ်မှာ သုံးစွဲသူတွေရဲ့ ယုံကြည်မှုရနိုင်ဖို့ Quality Assurance နဲ့ Service Provider တွေ ကောင်းအောင်ပေးနိုင်ဖို့ လိုပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာ အများကြီး လိုအပ်နေပါသေးတယ်။ Policy Issue ပိုင်းတွေမှာရော၊ နိုင်ငံတော်မှာရော၊ ဖွံ့ဖြိုးနေတဲ့ နိုင်ငံတွေကရော လက်တွဲခေါ်ပြီး Support လုပ်ရမယ့် အပိုင်းတွေလည်း ရှိပါတယ်။
ဒေါ်သီတာသန့်
Managing Director
New Link Marketing Limited
၂၀၁၆ ခုနှစ်ကတော့ အပြောင်းအလဲတွေ အများကြီးဖြစ်မယ့်နှစ်လို့ မျှော်လင့်ပါတယ်။ ကျွန်မတို့ Industry ဆိုရင် Marketing and Distribution လုပ်တာဆိုတော့ အပြောင်းအလဲနဲ့အတူ လိုက်ပြောင်းဖို့လိုပါတယ်။ အလုပ်ကြိုးစားရမယ့်အတွက် လူတွေက အဓိကပါပဲ။ ပစ္စည်းတွေက အများကြီးထပ်ဝင်လာရင်လည်း Competition က များလာမယ်။ အခုဆိုရင် AEC ကလည်း စလာပြီဆိုတော့ Human Resources ပဲဖြစ်ဖြစ်၊ တခြား Resources တွေပဲဖြစ်ဖြစ် Product Flow တွေရော HR Flow တွေရော အကုန်လုံစီးဆင်းလာတော့မှာဆိုတော့ မတော်ရင်မတော်သလို ကျန်ခဲ့မှာပါ။ အဲဒါကြောင့် ခေတ်ရဲ့ရေစီးကြောင်းနဲ့အတူ မျောပါဖို့ ကြိုးစားရပါမယ်။
ကျွန်မတို့ ရုံးမှာ Department တစ်ခု ထပ်တိုးလိုက်တယ်။ အဲဒါက Training and Development Department ပါ။ ဟိုတုန်းက Training လုပ်ချင်တယ်ဆိုရင် အပြင်က ဆရာခေါ်ရတယ်။ အခုဆိုရင် သက်ဆိုင်ရာ Subject အလိုက် ခေါ်ကောင်းခေါ်မယ်။ ဒါပေမယ့် Customer Service လို၊ Ethics လို Subject မျိုးဆိုရင်တော့ သူ့ရဲ့သက်ဆိုင်ရာမန်နေဂျာက Training ပေးပါတယ်။
အဓိကမြင်တာကတော့ အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်။ ပထမဆုံးတစ်ချက်ကတော့ HR ဆိုတာပဲ စပြန်ပြောရမယ်။ HR ဆိုတာကလည်း လူပဲဖန်တီးရတာဖြစ်တဲ့အတွက် တော်အောင်လုပ်ဖို့ကလည်း လူပါပဲ။ ပစ္စည်းကောင်းရင်လည်း ကောင်းတာပေါ့။ ဒါပေမဲ့ လူတော်ဖို့လည်း လိုတယ်။ လူတော်လူကောင်းတွေ တစ်ချိန်တည်းမှာရှိပြီးတော့ Operation တွေကို တာဝန်ယူနိုင်ပြီး မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်မယ့်သူတွေ ရှိနေဖို့လိုပါတယ်။ Team Work ကောင်းကောင်း ရှိဖို့လည်း လိုပါတယ်။ အဲဒီကျတော့မှပဲ ဘယ်လို Challenge မဆို ရင်ဆိုင်နိုင်မှာပါ။ External Factor အနေနဲ့ အခက်အခဲရှိတာကတော့ Exchange Rate ပါ။ Exchange Rate ကတော့ အလှကုန်ပဲလုပ်လုပ်၊ လူသုံးကုန်ပစ္စည်းပဲလုပ်လုပ် Import လုပ်တဲ့သူတိုင်း ထိမှာပဲ။ Exchange Rate က တည်ငြိမ်နေတယ်ဆိုရင် အလုပ်လုပ်ရတာ ကောင်းတယ်။
Exchange Rate ကကျတော့ Control လိုက်လုပ်လို့မရတော့ Internal Adjustment လုပ်ရမှာပေါ့။ ဈေးတက်တိုင်းသာ လိုက်တက်ရမယ်ဆိုရင် သုံးစွဲသူတွေအတွက် ပြဿနာရှိနိုင်တယ်။ Exchange Rate တွေ အတက်အကျကြမ်းခဲ့ပေမယ့် ဈေးနှုန်းကို Adjustment ခဏခဏ မလုပ်ခဲ့တဲ့အတွက် ကုမ္ပဏီက ဆုံးရှုံးမှု ပိုရှိပါတယ်။ ဒေါ်လာဈေးက မြင့်နေလို့တော့ ရတယ်။ ဒါပေမဲ့ Stable ဖြစ်နေဖို့လည်း လိုတယ်။ အဲဒါဆိုရင် လုပ်ရကိုင်ရတာ ပိုအဆင်ပြေပါတယ်။
ပစ္စည်းတွေတင်သွင်းတာက အရင်ကထက်စာရင် အခု ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှာ ပိုပြီးတော့ ကောင်းလာတယ်။ စည်းမျဉ်းစည်းကမ်းတွေကပိုပြီးတော့လျော့လာတယ်။ အရင်တုန်းက Logistic တို့ Importation တို့ကို အများကြီး အာရုံထားလုပ်နေရာကနေ အခု Marketing ပိုပြီးတော့ လုပ်လာနိုင်တယ်။ Marketing ဆိုင်ရာ Activity တွေလည်း ပိုပြီးတော့ လုပ်လာနိုင်တယ်။ ကိုယ်လုပ်လာနိုင်သလို ကိုယ်နဲ့ ပြိုင်ဘက်တွေကလည်း လုပ်လာနိုင်တယ်။ လုပ်လာနိုင်တဲ့အချိန်မှာ ပိုပြီးတော့ Creative ဖြစ်အောင်လုပ်ရတော့ စရိတ်စက ပိုကြီးလာတယ်။
၁၉၉၆ ခုနှစ်၊ ကျွန်မတို့ လုပ်ငန်းစလုပ်ကတည်းက Brand အမျိုးအစားတူ ကုန်ပစ္စည်းတွေကို တရားမဝင် သွင်းလာတာမျိုးတွေ ရှိပါတယ်။ ကျွန်မတို့က Sole Distributor ရထားတဲ့အတွက်ကြောင့် ပစ္စည်း စုံစုံလင်လင်ကိုတော့ ကျွန်မတို့ပဲရနိုင်တယ်။ တခြားက သွင်းလာတယ်ဆိုတာက ဘာကြောင့်သွင်းလာနိုင် တာလဲဆိုတာ ပြန်ပြီးတော့မေးရမှာပေါ့။ ကျွန်မတို့ကတော့ နောက်ဆုံးပေါ် အရောင်အသွေးစုံ၊ ပစ္စည်းအမျိုး အစားအစုံ သွင်းနိုင်ပါတယ်။
ကျွန်မတို့ဆီမှာ Beauty Advisor နဲ့ သူ့ကောင်တာနဲ့သူ ရောင်းတာပါ။ တကယ်လို့ ပြဿနာတစ်ခုခုရှိခဲ့ရင် ဒီ Beauty Advisor က Company ကိုယ်စား ဖြေရှင်းပေးပါတယ်။ ကျွန်မတို့ပစ္စည်းတွေက Fresh ဖြစ်ဖို့ လိုပါတယ်။ Expire နီးတာမျိုးဆိုရင် ကျွန်မတို့ ကိုယ်တိုင်ကလည်း ဂရုစိုက်ရတယ်။
အပြိုင်အဆိုင်တွေကတော့ အစကတည်းက ရှိတယ်။ အလှကုန်လုပ်ငန်းဆိုတော့ Counter Management တွေ လုပ်ရတဲ့အပိုင်းတွေရှိတယ်။ အလှကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေလုပ်တော့ သေချာအောင် အဓိက Inventory Control ကောင်းဖို့လိုတယ်။ ကိုယ်မှန်းတဲ့ Demand နဲ့ Supply ကို အကွက်ချပြီးတော့ စနစ်တကျလုပ်ဖို့ လိုပါတယ်။ Historical Data တွေ ပြန်ကြည့်ရမယ်။ ဘယ်လို Trend ရှိလဲ၊ Seasonal Factor တွေက ဘာတွေဖြစ်မလဲ၊ လအလိုက် ပွဲတော်တွေကိုကြည့်ပြီး ချိတ်ဆက်ပြီးလုပ်ရတာပေါ့။ တကယ်တမ်းတော့ Creative ဖြစ်ဖို့ လိုတာပေါ့။ Customer Loyalty ဖြစ်တယ်ဆိုတာ အမြဲဆန်းသစ်နေဖို့ လိုပါတယ်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ Promotion တွေကို အမြဲတမ်းစဉ်းစားပြီးတော့ လုပ်နေဖို့လိုတာပေါ့။
ခြုံငုံပြီးပြောရမယ်ဆိုရင် ၂၀၁၆ ခုနှစ်အလွန်မှာ ကျွန်မတို့လိုချင်တဲ့ Business Envrionment က Fair Competition ရှိတာမျိုး လိုချင်ပါတယ်။ နောက်ပြီး Exchange Rate တည်ငြိမ်တဲ့ပတ်ဝန်းကျင်မျိုးလည်း လိုချင်ပါတယ်။ လူတော်လူကောင်းတွေစုပြီးတော့ Team Work ကောင်းတဲ့ ပတ်ဝန်းကျင်မျိုး ဖြစ်ချင်ပါတယ်။
ဦးအောင်စိုးသာ
Chairman
Myanmar ComBiz Group
၂၀၁၆ ခုနှစ် အစိုးရသစ်တက်လာတဲ့အချိန်မှာ ကျွန်တော်တို့ Business Sector အတွက် လိုအပ်တာတွေကတော့ အများကြီးပါ။ လွယ်လွယ်ပြောရင် ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေက အကောင်းဆုံးဆိုတဲ့ နမူနာယူစရာတွေကို ကျွန်တော်တို့ယဉ်ကျေးမှုနဲ့ ညီအောင်ညှိပြီး သုံးလို့ရတဲ့ Policy တွေ အဖြစ် ပြောင်းလဲဖို့လိုပါတယ်။ ကျွန်တော့်အနေနဲ့ Business Sector အတွက် အရေးအကြီးဆုံးမျှော်လင့်တာကတော့ Financial ပိုင်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဗဟိုဘဏ်တို့၊ ဝန်ကြီးဌာနတို့ဟာ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တွေ၊ စီးပွားရေးအဖွဲ့အစည်းတွေကို ကူညီတဲ့ အဖွဲ့အစည်းတွေအဖြစ် ရပ်တည်ဖို့ ပထမဆုံးအနေနဲ့ ကျွန်တော်မျှော်လင့်ထားပါတယ်။ လောလောဆယ်မှာ ဖြစ်သင့်သလောက် မဖြစ်ဘူးလို့ပဲ မြင်ပါတယ်။ ဒါဟာ ဘယ်အချိန်မှာပဲဖြစ်လာဖြစ်လာ မြန်မြန်ဖြစ်လာလေ ကောင်းလေပါပဲ။
Financial Sector အားကောင်းလာအောင် ပြုပြင်ပြောင်းလဲမှလည်း ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းတွေကို လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေရော၊ စီးပွားရေးလုပ်ငန်းရှင်တွေရော အသက်ရှုချောင်ချောင်နဲ့ ရပ်တည်နိုင်မှာဖြစ်ပါတယ်။ ဒါတွေကို လွယ်လွယ်ကူကူ ဆက်လုပ်နိုင်အောင်လို့ Regulator လို့ခေါ်တဲ့ ဌာနတွေရဲ့ ပါဝင်ထောက်ပံ့ပေးမှုတွေ လိုအပ်ပါတယ်။ အရပ်စကားနဲ့ပြောရင် ကျပ်နေမယ့်အစား ထိုက်သင့်သလောက် စည်းနဲ့ဘောင်အတွင်းမှာ ထိန်းကျောင်းပြီးတော့ စီးပွားရေးလုပ်ငန်းတွေကို စနစ်တကျလုပ်တဲ့အဖွဲ့အစည်းဖြစ်အောင် Guide လုပ်ပေးတတ်တဲ့ အဖွဲ့အစည်းဖြစ်အောင် ထိန်းကျောင်းပေးဖို့ ကျွန်တော့်အနေနဲ့ မျှော်လင့်ထားပါတယ်။
နောက်တစ်ခုကတော့ စီးပွားရေးလုပ်ငန်းလို့ ပြောလိုက်တာနဲ့ စည်းကမ်းထိန်းကျောင်းတဲ့ဌာနတွေ၊ လိုင်စင်ပေးတဲ့ဌာနတွေ၊ လုပ်ပိုင်ခွင့်ရှိတဲ့မိခင်ဌာနတွေနဲ့ ဆက်ဆံရတယ်။ အဲဒီလို ဌာနတွေနဲ့ ဆက်ဆံရတဲ့အခါမှာ ဘယ်လိုပြောင်းလဲမှုတွေ လုပ်တယ်ပဲပြောပြော ပြောင်းလဲမှုကတော့ အဆင့်တိုင်းမှာ လိုအပ်နေသေးတယ်လို့ မြင်ပါတယ်။ စင်ကာပူလို တအားတိုးတက်တယ်လို့ ပြောတဲ့နိုင်ငံလည်း နိစ္စဓူဝပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။
အခု ကျွန်တော်တို့ဟာ AEC ၊ Regional ၊ Global ၊ Asean စတဲ့ ခေါင်းစဉ်တွေအောက်မှာ မျက်စိသူငယ် နားသူငယ် ဖြစ်နေပါတယ်။ ကျွန်တော်တို့ဟာ တစ်သက်လုံး ထိန်းကျောင်းမယ်၊ ပိတ်ဆို့မယ်ဆိုတဲ့ စကားလုံးတွေနဲ့ပဲ ရင်းနှီးခဲ့ကြတာဖြစ်ပါတယ်။ ဒီစကားလုံးတွေဟာ ဘာသာပြန်တဲ့အခါမှာ အဓိပ္ပာယ်က နားထောင်လို့ မကောင်းဘူးဆိုပေမဲ့ တချို့စကားလုံးတွေက အဓိပ္ပာယ်ရှိပါတယ်။ ဥပမာ - Protection လို့ပြောရင် နားထောင်လို့မကောင်းဘူးဆိုပေမဲ့ ကိုယ့်တိုင်းသူပြည်သား၊ စီးပွားရေးသမားကို Protect လုပ်ပေးရမှာ နိုင်ငံတော်မှာရှိတဲ့တာဝန်လို့ ကျွန်တော်ယူဆတယ်။ သူများနိုင်ငံတွေကိုကြည့်ရင်လည်း ထို့အတူပဲ သူ့နိုင်ငံသား၊ စီးပွားရေးလုပ်ငန်းရှင်တွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေရှိတာကို တွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ကိုယ့်တိုင်းသူပြည်သား စီးပွားရေးသမားတွေကို Protect လုပ်ပေးတာ အားနည်းလွန်းတယ်လို့မြင်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေဟာ တချို့စကားလုံးတွေ၊ တချို့ကိစ္စတွေကို အမုန်းခံရပ်တည်ပေးဖို့၊ ပြောပေးဖို့လိုအပ်တယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။
နောက်တစ်ချက်က တကယ်တမ်းပြောရရင် မမျှော်လင့်တဲ့ပူးပေါင်းမှု၊ ရုန်းကန်မှု၊ ပြိုင်ဆိုင်မှုတွေဟာ စာထဲမှာ သင်လို့မရတဲ့ ပြဿနာတွေဖြစ်တဲ့အတွက် မြန်မာလက်ရည်အချင်းချင်းကိုတောင် မနည်းပြိုင်ရတဲ့အချိန်မှာ International လို့ခေါ်တဲ့ စားပွဲပေါ်တက်ပြိုင်ရရင် လက်ဝှေ့ထိုးတဲ့အခါမှာ Heavy Weight နဲ့ Light Weight ထိုးသလို ဖြစ်နေမှာပါ။ တံခါးဖွင့်စီးပွားရေးဝါဒကို ကျင့်သုံးတာဟာ စားသုံးသူတွေအတွက် အကျိုးရှိတယ်ဆိုပေမဲ့ လုပ်ငန်းရှင်တွေအနေနဲ့ Survive ဖြစ်ဖို့ကတော့ တော်တော်ခက်သွားပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ကိုယ့်နိုင်ငံသားကို စီးပွားရေးလုပ်ငန်းရှင်ဆိုတဲ့ Standard ရဲ့ အောက်ကိုမကျအောင် တွဲခေါ်သွားနိုင်တဲ့မူတွေ၊ ဘောင်တွေ ရှိဖို့လိုအပ်တယ်လို့ မြင်ပါတယ်။ နောက်ပြီး လုပ်ငန်းရှင်တွေအနေနဲ့လည်း ပိုပြီးစည်းလုံးဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာနဲ့ချိတ်သွားပြီဆိုရင် ငွေကြေးခိုင်မာတောင့်တင်းတဲ့ကုမ္ပဏီတွေ ဝင်လာနိုင်ပါတယ်။ အဲဒီအခါမှာ ကိုယ်ကဘယ်ထောင့် ဘယ်နေရာမှာ ဘာလုပ်မယ်ဆိုတာကို သေချာပြင်ဆင်ထားဖို့ လိုပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာရှိနေတဲ့ ကုမ္ပဏီတစ်ရာမှာ ၈၀ လောက်က အလုပ်မျိုးစုံကိုလုပ်ပြီး ရပ်တည်နေကြတာဖြစ်ပါတယ်။ တခြားနိုင်ငံတွေက ကုမ္ပဏီကြီးတွေလည်း လုပ်ငန်းမျိုးစုံကို လုပ်ကြတယ်ဆိုပေမဲ့ သက်ဆိုင်ရာကျွမ်းကျင်မှုအလိုက်သာ စီမံခန့်ခွဲအလုပ်လုပ်ကြတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ဆီက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ Professional အဆင့်မီအောင် အလုပ်လုပ်တတ်ဖို့လည်း လိုအပ်ပါတယ်။
ဦးထွန်းထွန်းနိုင်
Chairman & CEO
Blue Ocean Operating Management Co Ltd
နိုင်ငံတော် ပေါ်လစီတွေနဲ့ပတ်သက်ပြီး ဘယ်လိုမျော် လင့်ထားသလဲဆိုရင် နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းက တော့ ပြည်တွင်းရဲ့ပေါ်လစီပေါ့။ ပြည်တွင်းရဲ့ ပေါ်လစီဆိုတာက ၂၀၁၆ ခုနှစ်မှာ အစိုးရကလည်း အသစ်ဖြစ်လာမှာဖြစ်တဲ့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ ပိုဝင်လာနိုင်တယ်။ နောက်တစ်ခုက ပြည်တွင်းမှာလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ များလာမယ်လို့ထင်တယ်။ အခုအစိုးရသစ်ရဲ့ ပေါ်လစီတွေကို မသိသေးဘူး။ လက်ရှိကတော့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိတာတွေကို တည်ငြိမ်အောင်လုပ်ရမယ်။ အဲဒါတွေဖြစ်လာရင်တော့ မြန်မာနိုင်ငံက ပိုကောင်းလာမှာပါ။ နောက်တစ်ခုက မြန်မာနိုင်ငံက အာဆီယံနိုင်ငံဖြစ်တဲ့အတွက်ကြောင့် အခု ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာကနေစပြီး AEC က အသက်ဝင်သွားပြီ။ အဲဒါကြောင့် ၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ AEC ရဲ့ အကျိုးဆက်တွေကို ခံစားရမှာပါ။ ကျွန်တော်တို့အနေနဲ့ အာဆီယံအသိုက်အဝန်းကို ဝင်နိုင်ဖို့အတွက် အခုကတည်းက Prepare လုပ်သင့်တယ်။ အာဆီယံနိုင်ငံတွေကလည်း ကိုယ့်ဆီကိုလာဖို့အတွက် အခုကတည်းက Prepare လုပ်သင့်တယ်။ ခုချိန်မှာတော့ ပြည်တွင်းရဲ့ စီးပွားရေးပေါ်လစီတွေ ပြောင်းတဲ့အပေါ်မှာ ကိုယ်ဘယ်လိုလိုက်လုပ်မလဲ၊ AEC ပေါ်မှာ ကိုယ်ဘယ်လိုလိုက်လုပ်မလဲဆိုတာတွေကို စဉ်းစားဖို့ လိုပါတယ်။
အဓိကကတော့ တိုင်းပြည်တစ်ခု ဖွံဖြိုးဖို့ဆိုတာက Foreign Direct Investment(FDI) တွေလာရင် ပိုကောင်းတာပေါ့။ အဲဒီပြင် ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းအသေးလေးတွေကိုလည်း ကြီးထွားလာအောင် လုပ်ဖို့လိုပါတယ်။ နိုင်ငံတစ်နိုင်ငံကြီးပွားချမ်းသာဖို့ဆိုတာ ကုမ္ပဏီအကြီးကြီးတွေရှိနေလို့လည်း မပြီးသေးဘူး။ ကုမ္ပဏီအလတ်စားနဲ့ အသေးလေးတွေကျယ်ပြန့်လာပြီး လူလတ်တန်းစားတွေများလာမှ တိုင်းပြည်ရဲ့စီးပွားရေး ဖွံ့ဖြိုးတာပါ။ အခုမြန်မာနိုင်ငံမှာက SME လို့ပြောလိုက်ရင် အသေးစားစက်မှုလုပ်ငန်းတွေကိုပဲ အစိုးရက SME လို့ သတ်မှတ်ထားတာရှိတယ်။ တကယ်တော့ SME ဆိုတာက ကွန်ပျူတာဆိုင်၊ မိတ္တူကူးဆိုင်၊ ဓာတ်ပုံဆိုင်တွေလို ကိုယ်ပိုင်တစ်နိုင်တစ်ပိုင် လုပ်ငန်းလေးတွေကိုပါ SME ထဲ ထည့်သင့်တယ်။ အဲဒီလိုတစ်နိုင်တစ်ပိုင်လုပ်ငန်းတွေကို ဘယ်လိုကြီးပွားအောင်လုပ်မလဲဆိုရင် အဓိကကတော့ အလွယ်တကူ ငွေချေးလို့ရအောင် လုပ်ပေးသင့်တယ်။ အဲဒီလိုလူမျိုးတွေ တိုးတက်လာဖို့အတွက် ပေါ်လစီတစ်ခု ထုတ်ပေးသင့်တယ်။ အခုဆိုရင် နိုင်ငံတကာဘဏ်တွေကလည်း ငွေချေးဖို့အလားအလာတွေ ရှိနေတယ်။
နောက်တစ်ခုက Education Sector ပါ။ လူတော်တော်များများက MBA တက်မှ စီးပွားရေးပညာ၊ DBA တက်မှ စီးပွားရေးပညာလို့ သတ်မှတ်ကြတယ်။ SME တွေအတွက် နားလည်နိုင်တဲ့ အသုံးချစီးပွားရေးပညာရပ်တွေကို လက်လှမ်းမီအောင် ပေးသင့်တယ်။ အခုဆိုရင် သင်တန်းတစ်ခုတက်မယ်ဆိုရင် အနည်းဆုံး ငါးသောင်း ၊ တစ်သိန်းပေးနေရတော့ စီးပွားရေးလုပ်ငန်းတွေ ဖွံဖြိုးဖို့ဆိုရင် အစိုးရအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေက လူတိုင်းတက်နိုင်မယ့် စီးပွားရေး Education တွေကို ပေးသင့်တယ်။ နောက်တစ်ခုက Skill Level တွေ ဖြစ်ဖို့အတွက် Vocational Training တွေကို များများပေးသင့်ပါတယ်။
Blue Ocean ကတော့ မြန်မာနိုင်ငံမှာ ပထမဆုံးနဲ့ အကြီးဆုံး Call Center ဖြစ်တဲ့အတွက် AEC ဖြစ်လာတဲ့နောက်ပိုင်းမှာ ကျွန်တော်စဉ်းစားမိတာက မြန်မာနိုင်ငံထဲမှာ ဒီထက်မက အောင်မြင်အောင် လုပ်ရမယ့်အပြင် အာဆီယံနိုင်ငံတွေမှာ ဘယ်နိုင်ငံတွေကို ကိုယ်သွားလို့ရမလဲဆိုတာတွေကို ကြည့်ရတယ်။ မြန်မာတွေအများဆုံးနေတဲ့နိုင်ငံတွေမှာ ကိုယ်က ဘယ်လို Service တွေ ပေးလို့ရမလဲဆိုတာတွေလည်း စဉ်းစားသင့်တယ်။ ပြည်တွင်းမှာလည်း နိုင်ငံတကာကလာတဲ့အခါ ကိုယ်နဲ့ပူးပေါင်းဖို့ ပြင်ဆင်ထားရမှာတွေ ရှိပါတယ်။
နောက်ပိုင်းမှာ Blue Ocean အနေနဲ့ Service ပိုင်းတွေ တော်တော်များများတိုးတက်လာမှာ ဖြစ်ပါတယ်။ 1876 Hotline ကတော့ ပြည်သူတွေအတွက် အလွယ်တကူမေးလို့ရတဲ့ Hotline ပါ။ အခုကတော့ အင်တာနက်လိုင်းတွေလည်း များလာတယ်၊ တယ်လီဖုန်းလိုင်းတွေလည်း များလာတယ်၊ သူတို့အတွက် Access ဖြစ်တဲ့ Information တွေက နေရာတိုင်းမှာရလာပြီ။ အဲဒီအတွက် ကျွန်တော်တို့အနေနဲ့ ၂၀၁၆ ခုနှစ် နောက်ပိုင်းမှာ Goverment Hotline တွေ လုပ်ဖို့ရှိတယ်။ နိုင်ငံတကာမှာဆိုရင် အစိုးရ Hotline တွေက သူတို့က မလုပ်ဘဲ Outsource တွေပေးကြတယ်။ နောက်တစ်ခုက နိုင်ငံခြားကုမ္ပဏီတွေက ဝင်လာတဲ့အတွက် သူတို့ရဲ့ Outsource တွေကို ကမ်းလှမ်းလို့ရမယ်။ ပြည်သူတွေအတွက် အသုံးချလို့ရမယ့် 1880 ဆိုရင် အမြန်လမ်းအတွက်၊ 180 က သွေးလှူဖို့အတွက်တွေလိုမျိုး လူကုန်ကူးမှု တိုက်ဖျက်ရေးလိုဟာမျိုး၊ Child Labour နဲ့ ပတ်သက်ပြီး တိုင်ကြားလို့ရတဲ့ Hotline မျိုးတွေကို ထပ်လုပ်ဖို့ရှိတယ်။ ကျွန်တော်တို့ကတော့ အစိုးရရယ်၊ UN အဖွဲ့လိုမျိုးနဲ့ ပြည်သူတွေကြားထဲမှာ သုံးပွင့်ဆိုင်ပေါ့။ Blue Ocean အနေနဲ့ ပြည်သူတွေနဲ့ အဖွဲ့အစည်းတွေကြားထဲမှာ လုပ်ပေးနိုင်တဲ့ Platform မှန်သမျှကို လုပ်ပေးသွားမယ်။
ဒေါ်ပို့ပို့ကြည်
Managing Director (Founder)
Myanmar Imperial College
ဒီနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူငယ်တွေရဲ့ အနာဂတ်အခွင့်အလမ်းတွေ အများကြီးပေးနိုင်တဲ့ ကောင်းမွန်တဲ့ပညာရေး Policy တွေကို မျှော်လင့်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ နိုင်ငံတော်ကနေ ရေးဆွဲခဲ့တဲ့ Private University Act ပေါ်မှာလည်း အများကြီးမျှော်လင့်ထားပါတယ်။ ဒီဥပဒေထွက်လာတဲ့အခါမှာ ဒီဥပဒေက နိုင်ငံတကာနဲ့ In Line ဖြစ်တဲ့ တကယ် Implement လုပ်လို့ရတဲ့ Policy တစ်ခုဖြစ်လာဖို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံက Private University တစ်ခုက ပေးလိုက်တဲ့ Qualification ကို Asean နိုင်ငံတွေက အသိအမှတ်ပြုပြီး ဒီကနေပထမနှစ်ပြီးတဲ့ လူတစ်ယောက်က ဘယ်နိုင်ငံကိုပဲသွားသွား ဒုတိယနှစ်ကို ဆက်လက်တက်နိုင်ခွင့်ရှိဖို့ လိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ တစ်နိုင်ငံတည်းမှာ In Line လုပ်ထားတဲ့ဟာမဟုတ်ဘဲ အာဆီယံအဆင့်မှာပါ In Line ဖြစ်နိုင်တဲ့ Policy တစ်ခုကို ကျွန်မတို့ဘက်ကနေ မျှော်လင့်ပါတယ်။
ဒီ Policy ကို Implement လုပ်တဲ့အခါမှာ အရည်အသွေးကို ပထမဦးစားပေးတဲ့ Policy ဖြစ်ဖို့လည်း မျှော်လင့်ထားပါတယ်။ နိုင်ငံတကာနဲ့ယှဉ်ရင် ကိုယ်က ဘယ်အဆင့်မှာလဲဆိုတာ သိနေဖို့လိုပါတယ်။ ဒါကြောင့် ဒီ Policy ကို Benchmark လုပ်တဲ့အခါမှာ ပြည်တွင်းမှာတင်မဟုတ်ဘဲနဲ့ အရှေ့တောင်အာရှအဆင့်ကို Benchmark လုပ်တဲ့ Policy ဖြစ်ဖို့ မျှော်လင့်ထားပါတယ်။ ဒါဆိုရင် မြန်မာနိုင်ငံဟာ ပညာရေးပိုင်းမှာ အများကြီးရှေ့ကိုရောက်လာလိမ့်မယ်လို့ မြင်ပါတယ်။
အစိုးရအနေနဲ့ Private University ပေးမယ်၊ Private Colledge ပေးမယ်ဆိုတဲ့အခါကျရင်လည်း တကယ်အရည်အချင်းပြည့်မီတဲ့လူတွေကိုသာ ပေးသင့်ပါတယ်။ အရည်အသွေးကို ထိန်းသိမ်းတယ်ဆိုတာဟာ တစ်ယောက်တည်းလုပ်လို့ မရပါဘူး။ Institution တွေ အကုန်လုံးက တက်ညီလက်ညီနဲ့လုပ်ရမှာ ဖြစ်ပါတယ်။ ကျောင်းသားတွေဘက်ကလည်း ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။ နောက်ပြီး ကျွန်မတို့ Institution တွေဟာ ဘယ်နှနှစ်အတွင်း နိုင်ငံတကာပညာရေးအဆင့်မီအောင် လုပ်ရမယ်ဆိုတဲ့ Objective တစ်ခုကို ရေရှည်စီမံကိန်းမှာ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ ကျွန်မတို့ MIC အနေနဲ့ကတော့ နောက်ထပ်ငါးနှစ်မှာ အရှေ့တောင်အာရှကနေ မြန်မာနိုင်ငံရဲ့ပညာရေးကို အသိအမှတ်ပြုလာအောင် ဆောင်ရွက်သွားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
မြန်မာနိုင်ငံပညာရေးအနေနဲ့ အာဆီယံအဆင့်မီဖို့ဆိုရင် ပထမဆုံးတိကျခိုင်မာတဲ့ Private University တွေရဲ့ Quality Assurance ကို စစ်ပေးတဲ့ Quality Frame Work တစ်ခုလိုအပ်ပါတယ်။ ဒါမှ တို့နိုင်ငံမှာတော့ ဒါနဲ့လုပ်ထားတယ်ဆိုပြီး ပြောနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ လောလောဆယ် မြန်မာနိုင်ငံမှာ Private University Act က မထွက်လာသေးတဲ့အခါမှာ လုပ်ရကိုင်ရတာ အခက်အခဲတွေရှိနေပါတယ်။
မြန်မာလူမျိုးတွေဟာ အင်မတန်တော်ကြတယ်ဆိုပေမဲ့ ပုံမှန်လုပ်နေတာတွေကနေ ဖောက်ထွက်ဖို့ကိုတော့ တအားစဉ်းစားကြပါတယ်။ နိုင်ငံခြားသားတွေနဲ့ လုပ်ငန်းခွင်မှာ တန်းတူရည်တူလုပ်ကိုင်နိုင်ဖို့ဆိုတာ အဓိကအနေနဲ့ သူတို့သင်ယူခဲ့ရတဲ့ သင်ကြားမှုပုံစံတွေပေါ်မှာ အများကြီးမူတည်တယ်လို့ မြင်ပါတယ်။ မြန်မာနိုင်ငံသားတွေဟာ Memorizing Skill တွေမှာ တအားအားသာနေပြီး Analyzing Skill တွေမှာ အားနည်းနေတာကို သတိထားမိပါတယ်။ ဒါကြောင့် ကျွန်မတို့ Institution တွေအနေနဲ့ Analyzing Skill ဘက်ကို ပိုသွားဖို့လိုအပ်တယ်လို့ မြင်ပါတယ်။
အခုအချိန်မှာ စီးပွားရေးလုပ်ငန်းတွေမှာ နိုင်ငံခြားသားတွေကို ခန့်ထားတာများလာကြတာကို သတိထားမိပါတယ်။ ကျွန်မအနေနဲ့ကတော့ မြန်မာလူမျိုးအများစုက သူများအုပ်ချုပ်တာကိုပဲ ခံနေရတာမျိုးကို မဖြစ်စေချင်ပါဘူး။ တကယ်တော့ ဒါဟာ သင်ယူခဲ့ရတဲ့ သင်ကြားမှုပုံစံမှာ အများကြီးမူတည်ပါတယ်။ မြန်မာပြည်က ကျောင်းသားတွေက သင်ခန်းစာအားလုံးကို ဆရာနဲ့သင်ယူတဲ့ သင်ကြားမှုစနစ်ကနေပဲ ကြီးပြင်းလာတာဖြစ်တဲ့အတွက် သူတို့တွေဟာ လုပ်ငန်းခွင်ကို ရောက်လာတဲ့အခါမှာ မန်နေဂျာမရှိရင် အလုပ်မလုပ်တတ်တော့ဘူး။ ဆုံးဖြတ်ချက်မချနိုင်တော့တာတွေ ဖြစ်လာပါတယ်။ မန်နေဂျာတွေကိုယ်တိုင်လည်း တစ်ခါတလေမှာ သူ့ရဲ့အထက်က စီနီယာမန်နေဂျာတို့၊ BOD တို့က ဆုံးဖြတ်ချက်မချပေးရင် မဆုံးဖြတ်တတ်တော့တာမျိုးတွေ ဖြစ်နေကြပါတယ်။
ကျွန်မအနေနဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေရဲ့ ကုမ္ပဏီတွေကို သွားရောက်လေ့လာတဲ့အခါမှာ သူတို့ရဲ့ မန်နေဂျာတွေက တကယ်တမ်း Facts and Figures ပြောရမယ်၊ ဆက်လုပ်ရမယ့် အစီအစဉ်တွေအကြောင်း ပြောရမှာဖြစ်ပေမဲ့ ဘာတွေဖြစ်နေတယ်ဆိုတဲ့ သတင်းတွေလောက်ပဲ ပေးနိုင်တာကိုတွေ့ရပါတယ်။ တကယ်တမ်းက သူကဌာနကို ကိုယ်တိုင်ကိုယ်ကျအုပ်ချုပ်နေရတာဖြစ်တဲ့အတွက် သူ့ရဲ့ဆုံးဖြတ်ချက်ကသာ ကောင်းတယ်ဆိုရင် အထက်ကလူက ဘာမှသိပ်စဉ်းစားစရာ မလိုတော့ပါဘူး။ အဲဒီအခါမှာ တဖြည်းဖြည်းနဲ့ ယုံကြည်မှုမြင့်လာရင် အထက်ကိုတက်ဖို့ဆိုတာလည်း ပိုပြီးမြန်လာလေလေ ဖြစ်လာမှာပါ။
၂၀၁၆ ခုနှစ် ပေါ်လစီမှာဆိုရင် နိုင်ငံတကာကို Welcome လုပ်မယ့်ပေါ်လစီတွေ အများကြီးပါပါတယ်။ ဒါတွေကိုတွေ့လေလေ ကျွန်မအနေနဲ့ ကြောက်လာလေလေဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ယှဉ်ပြိုင်ဖို့ဆိုရင် ကျွန်မတို့က တစ်ဦးတစ်ယောက်အဆင်သင့်ဖြစ်နေရုံနဲ့တင်မရဘဲ Organization တစ်ခုလုံးကနေပါ အဆင်သင့်ဖြစ်နေဖို့လိုပါတယ်။ ဒါဟာ လုပ်ငန်းရှင်တွေဘက်က စဉ်းစားရမှာဖြစ်သလို ဝန်ထမ်းတွေဘက်က နေပြီးတော့လည်း စဉ်းစားဖို့လိုပါတယ်။ ဒါဟာ လုပ်ငန်းရှင်တွေ ပျောက်သွားနိုင်သလို ဝန်ထမ်းကောင်းတွေလည်း ပျောက်သွားနိုင်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။
ခြုံပြောရမယ်ဆိုရင် မြန်မာနိုင်ငံကို နိုင်ငံတကာက အသိအမှတ်ပြုလာဖို့ ပထမဆုံးလုပ်သင့်ပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံကနေ So Called Diploma ပေးတယ်ဆိုရင်လည်း ဘယ်သူမှကို တန်ဖိုးထားမှာ မဟုတ်ပါဘူး။ ကျောင်းသားကလည်း တန်ဖိုးထားမှာ မဟုတ်သလို၊ လုပ်ငန်းရှင်တွေကလည်း တန်ဖိုးထားမှာ မဟုတ်ပါဘူး။ ဒါကြောင့် Evidence တွေက အရေးအကြီးဆုံးဖြစ်တာဖြစ်တဲ့အတွက် ဒီပေါ်လစီမှာလည်း Evidence တွေကို Impact ဖြစ်စေမယ့်၊ Inline ဖြစ်စေမယ့် Performance Measure Indicator လိုအပ်ပါတယ်။ ဥပမာ- အလုပ်အကိုင်ရရှိမှုမှာဆိုရင် Private University တွေက Ranking တွေ ချမှတ်ပေးတဲ့အခါမှာဆိုရင် Satisfaction ဘယ်လောက်ရရင်တော့ Ranking ဘယ်လောက်မှာ ဝင်မယ်ဆိုတာမျိုးကိုပါ အစိုးရအနေနဲ့ ပြတ်ပြတ်သားသားဆုံးဖြတ်ပေးဖို့ လိုတယ်လို့မြင်ပါတယ်။
အယ်ဒီတာအဖွဲ့