ကျွန်တော်တို့သက်တမ်းတစ်လျှောက်တွင် ကြုံတွေ့ရသောခေါင်းဆောင်များ၏ အရည်အချင်းများမှာ တစ်ကိုယ်ကောင်းဆန်ခြင်း၊ တာဝန်ယူမှုအားနည်းခြင်း၊ ပြဿနာအမျိုးမျိုးကြုံတွေ့ရပါက လက်အောက်ငယ်သားများအပေါ် အပြစ်ဖို့ခြင်း၊ ရသင့်ရထိုက်သော အခွင့်အရေးများအပြင် မထိုက်တန်သောအခွင့်အရေးများ ရယူခြင်း၊ အလုပ်နှင့်အပြော တခြားစီလုပ်ခြင်း၊ ရာထူးနှင့် တာဝန်ထိုက်တန်စွာ အဆုံးသတ်မှုအားနည်းခြင်း၊ ရာထူးအဆင့်တူအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း၊ သင်ယူလေ့လာခြင်းနှင့် နားထောင်တတ်မှုအားနည်းခြင်း၊ မိမိအကျိုးကို ကာကွယ်တတ်သော တပည့်များမွေး၍ လုပ်ကိုင်ဆောင်ရွက်ခြင်း၊ ရိုးသားစွာဝန်ခံတတ်မှု အားနည်းခြင်း၊ စည်းကမ်းလိုက်နာမှုမရှိခြင်း၊ မိမိမလုပ်တတ်သော၊ မလုပ်နိုင်သော၊ မလုပ်ချင်သော တာဝန်များကို လက်အောက်ငယ်သားများအား ထမ်းဆောင်စေခြင်းတို့ဖြစ်ပါသည်။
အထက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသည့်ခေါင်းဆောင်များရလဒ်ကြောင့် လက်ရှိလုပ်ငန်းခွင်ရှိ လူငယ်အများစုမှာ John C. Maxwell အဆိုအတိုင်း 'လူမည်သည် မြင်သည့်အတိုင်း လုပ်ဆောင်ကြသည်။ ကြားသည့်အတိုင်း လုပ်ဆောင်ခြင်းမဟုတ်' ဖြစ်ရာ တစိုက်မတ်မတ် ကြိုးစားမှု အားထုတ်မှုနည်းခြင်း၊ သင်ယူလေ့လာလိုစိတ်မရှိခြင်း၊ မိမိကိုယ်မိမိ တော်သည်၊ တတ်သည်ဟု ထင်မြင်ခြင်း၊ ပူးပေါင်းဆောင်ရွက်နိုင်မှုမရှိခြင်း၊ အထက်အရာရှိကို လေးစားမှုအားနည်းခြင်း၊ ဝန်ခံတောင်းပန်ခြင်းနှင့် ကျေးဇူးတင်တတ်ခြင်း မရှိခြင်း၊ စာနာထောက်ထားမှုမရှိခြင်းတို့ကို တွေ့မြင်နေရပါသည်။
ယခုနိုင်ငံရေးအခင်းအကျင်းအသစ်နှင့် ပြိုင်ဆိုင်မှုပြောင်းလဲလာသော စီးပွားရေးပုံစံများအရ လူငယ်များအတွက် အခွင့်အရေးများစွာရှိသည်မှာ အထင်အရှားပင် ဖြစ်ပါသည်။
ထို့ကြောင့် ယခုလက်ရှိနိုင်ငံရေးခေါင်းဆောင်များ၊ စီးပွားရေးခေါင်းဆောင်များ စသဖြင့် နယ်ပယ်အသီးသီးရှိ ခေါင်းဆောင်များအနေဖြင့် ဂုဏ်သိက္ခာနှင့် ပြည့်စုံသောခေါင်းဆောင်များ ဖြစ်ရန် လေ့ကျင့်ကြံဆောင်မှသာ နောင်မျိုးဆက်သစ်များအတွက် ပုံသက်သေကောင်းများရှိလာပြီး စံနမူနာယူထိုက်သော ခေါင်းဆောင်များအဖြစ် နိုင်ငံ့သမိုင်းသစ်ကို ပုံဖော်သွားနိုင်မည်ဖြစ်ပါကြောင်း။
မောင်သာ