ခေါင်းဆောင်ခရီးလမ်းအဆင့်ဆင့် (The Leadership Pipeline)

သင့်လုပ်ငန်းမှာရှိတဲ့ လူတိုင်းကို နောက်ထပ်လုပ်ငန်းတာဝန်အဆင့်တက်ချင်ရင် သူတို့ဘာတွေ ကျွမ်းကျင်ရမယ်။ ဘာတွေကို ပြီးအောင်လုပ်ရတယ်ဆိုတာ ရှင်းရှင်းလင်းလင်း နားလည်အောင်ပြောပြဖို့ လိုပါတယ်။ ဒီလိုပြောထားရင် သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တွေကို အောင်မြင်အောင် လုပ်ရာမှာ အထောက်အကူ ဖြစ်သွားမယ်။ တစ်ချိန်တည်းမှာပဲ သင့်ရဲ့ စီးပွားရေးလုပ်ငန်းဟာလည်း တိုးတက်လာမှာ ဖြစ်တယ်။

Biz92

အယူအဆ . . .

စီးပွားရေးလုပ်ငန်းကုမ္ပဏီအများအပြားဟာ Career Planning နဲ့ ပတ်သက်ပြီး သတ်သတ်မှတ်မှတ် စီစဉ်ထားခြင်း မရှိကြဘူး။ ပါးစပ်ပြောပဲ ရှိနေကြတယ်။ လုပ်ငန်းခွင်ကလူတွေ လုပ်ငန်းနဲ့ပတ်သက်ပြီး ပိုမိုကောင်းလာအောင် လုပ်ပေးတဲ့အစီအစဉ် Career Planning မရှိကြဘူး။ လူမှန်၊ နေရာမှန် အရည်အချင်းရှိတဲ့ လူတွေ ပြတ်လပ်ရှားပါနေချိန်မှာ သင့်ရဲ့လုပ်ငန်းအတွင်း လူတွေရဲ့အရည်အချင်းကို ပြုစုပျိုးထောင်ပေးပါ။ အကျိုးရှိပါတယ်။ အဲသလို ထိထိရောက်ရောက် ကောင်းစွာဆောင်ရွက်ပေးတဲ့လုပ်ငန်းကို နမူနာအဖြစ် ပြရမယ်ဆိုရင် RBS Engrave ကုမ္ပဏီကို ပြလိုက်တယ်။ ဒီကုမ္ပဏီဟာ မိမိဝန်ထမ်းတွေကို အောက်ပါ အချက်အလက်တွေကို ရှင်းရှင်းနားလည်အောင်ပြောပြထားတယ်။

- စီမံခန့်ခွဲမှုအဆင့်ဆင့်မှာ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ

- နောက်အဆင့်ကို မတက်ခင် ကြိုတင်ရှိထားသင့်တဲ့ကျွမ်းကျင်မှုတွေ

- ခေါင်းဆောင်မှုအဆင့်ဆင့်မှာ ဆောင်ရွက်ရမှု လုပ်ငန်းတာဝန်တွေနဲ့ အဲဒီတစ်ဆင့်ချင်းစီမှာ ဘာတွေလုပ်နေကြသလဲဆိုတာတွေ။

''The Leadership Pipeline'' (ခေါင်းဆောင်သူများရဲ့ ခရီးလမ်းအဆင့်ဆင့်) ဆိုတဲ့ စာအုပ်ထဲမှာ စာရေးသူတွေဖြစ်တဲ့ Ram Chara ၊ Stephen Droher နဲ့ James Noel ဆိုတဲ့ ခေါင်းဆောင်လုပ်မယ့်သူတွေ ဖြတ်သန်းလျှောက်လှမ်းရမယ့် ခရီးအဆင့်ဆင့်ကို တင်ပြထားတယ်။ အောက်ပါအတိုင်း အဆင့်ခြောက်ဆင့် ရှိတယ်။

၁။ မိမိကိုယ်မိမိ ခေါင်းဆောင်ခြင်းအဆင့်

၂။ လူတွေနဲ့ ပတ်သက်တဲ့အဆင့်

၃။ မန်နေဂျာတွေနဲ့ ပတ်သက်တဲ့အဆင့်

၄။ လုပ်ငန်းစိတ်အဆင့် (လုပ်ငန်းစိတ်တွေမှာ အသီးသီးတာဝန်ယူရ၊ လုပ်ကိုင်နေကြသူတွေ)

၅။ စီးပွားရေးလုပ်ငန်းတစ်ခုလုံး (လုပ်ငန်းအားလုံးရဲ့ ရလဒ်အားလုံးကို တာဝန်ခံကြသူတွေ)

၆။ လုပ်ငန်းအားလုံးကို ဦးဆောင်နေကြသူတွေ (အလုပ်တစ်ခုထက်ပိုပြီး တာဝန်ယူလုပ်ကိုင်နေကြသူတွေ)

လူတစ်ဦးချင်းဟာ ခေါင်းဆာင်မှု လုပ်ငန်းအဆင့်ဆင့်ကို ဆက်လက်လျှောက်လှမ်းကြရာမှာ တစ်ဆင့်နဲ့တစ်ဆင့် မတူတဲ့ စိန်ခေါ်မှုတွေကို တွေ့ရတယ်။ ဥပမာ မိမိကိုယ်မိမိ ခေါင်းဆောင်တဲ့အဆင့်ကနေ လူတွေနဲ့ ပတ်သက်တဲ့ (လူတွေကို ဆက်ဆံထိန်းကျောင်းရတဲ့) အဆင့်မှာ အခက်အခဲတွေ တွေ့ရတတ်တယ်။ ဒါအပြင် သတ်မှတ်တဲ့ နားလည်ကျွမ်းကျင်မှုတွေ လိုအပ်တဲ့ တရားဥပေဒေရေးရာ၊ စာရင်းအင်းဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာနဲ့ Marketing ဆိုတဲ့ ဘယ်လိုကြော်ငြာမလဲ၊ ဈေးနှုန်းဘယ်လောက် သတ်မှတ်မလဲဆိုတာတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ အထူးအာရုံစိုက် လုပ်ကိုင်ရတာတွေလည်းရှိလာတယ်။

အထက်ပါလုပ်ငန်းတာဝန်အဆင့်ဆင့်ကို ကိုင်တွယ်ဆောင်ရွက်နိုင်ခြင်းရဲ့ အကျိုးကျေးဇူးကတော့ ဒါဟာ ခေါင်းဆောင်မှု ဖွံ့ဖြိုးလာရေးအတွက် အခြေခံကို ရသွားခြင်းဖြစ်တယ်။ တစ်ဆင့်ချင်းစီမှာ ဘာတွေ အောင်မြင်သွားတယ်ဆိုတာကိုလည်း ထင်ထင်ရှားရှားသိလာတယ်။ ဝန်ထမ်းသစ်တွေကအစ ထိပ်ပိုင်းက အမှုဆောင်တာဝန်ခံတွေအထိ ပိုကျွမ်းကျင်လာအောင် ဆောင်ရွက်နည်းလည်းသိလာရမှာဖြစ်တယ်။ စီးပွားရေးလုပ်ငန်းရဲ့ အလုပ်တာဝန်တွေအားလုံး အချိတ်အဆက်မိမိ လုပ်ကိုင်နိုင်ရုံသာမက ဝန်ထမ်းတွေအနေနဲ့လည်း ရာထူးတာဝန်တိုးတက်ရေးအတွက် ဘယ်လိုပြင်ဆင်ဆောင်ရွက်ရလဲဆိုတာ သိလာရတယ်။

ခေါင်းဆောင်မှုအဆင့်ဆင့်ကို လျှောက်လှမ်းတဲ့အတွက် စီးပွားရေးလုပ်ငန်းရဲ့ လိုအပ်ချက် ၃ ခု ပြည့်စုံလာတယ်။ သင့်လျော်မှန်ကန်တဲ့ ဖွံ့ဖြိုးမှုကို အားလုံးရရှိစေနိုင်တယ်၊ ဖွံ့ဖြိုးအောင်လုပ်ရမယ့် အလုပ်တွေကိုလည်း အာရုံစိုက်လာနိုင်စေတယ်။ ရှင်းရှင်းလင်းလင်းသိသာစွာ မြင်နိုင်တဲ့ ဒီလမ်းအတိုင်း လျှောက်လှမ်းသွားတဲ့လူတိုင်း အများကြီးအကျိုးရှိလာမှာဖြစ်တယ်။

လက်တွေ့ဆောင်ရွက်ရန် . . .

သင့်လုပ်ငန်းမှာ ခေါင်းဆောင်မှုသို့ သွားရာလမ်းအဆင့်အမျိုးမျိုးကို သိအောင်လုပ်ပါ။

အဆင့်တစ်ခုချင်းစီမှာ ဆုံးဖြတ်ချက်ချ ဆောင်ရွက်ရမယ့်ကိစ္စတွေကတော့

(က) ဘယ်လိုကျွမ်းကျင်မှုတွေ လိုအပ်နေသလဲ၊

(ခ) အဆင့်တိုင်းမှာ ဘာတွေလုပ်ဖို့ လိုနေသလဲ၊ အဲဒီအဆင့်တွေမှာ ခေါင်းဆောင်နေသူတွေ တကယ်တမ်း လုပ်နေတာတွေက ဘာတွေလဲ၊

(ဂ) ခေါင်းဆောင်ဟာ နောက်အဆင့်အတွက် ဘာတွေ ပြင်ဆင်ထားရမလဲ၊ နောက်တစ်ဆင့်မှာ လိုအပ်လာမယ့် ကျွမ်းကျင်မှုတွေနဲ့ လုပ်ငန်းတွေထဲက ဘာတွေဟာ မရှိသေးဘဲ ဖြစ်နေသလဲ ဆိုတာတွေဖြစ်တယ်။

အထက်ပါလုပ်ငန်းအဆင့်ဆင့်အတွက် တစ်ကိုယ်ရည်ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်တွေနဲ့ သင်ကြားပေးမှုတွေကို လက်တွေ့လုပ်ပါ။

ညွှန့်သောင်း