အောင်မြင်တဲ့စီးပွားရေးလုပ်ငန်း စွန့်စားလုပ်ကိုင်ကြသူ အားလုံးရဲ့နောက်ကွယ်မှာ သူတို့ကိုအကြံဉာဏ်ကောင်းတွေ ပေးနိုင်တဲ့ အကြံပေးအဖွဲ့များ ရှိကြပါတယ်။ အကြံပေးအဖွဲ့တွေဟာ ကုမ္ပဏီရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေကို အစုရှယ်ယာဝင်တွေကို ကိုယ်စားမပြုဘူး။ ဆုံးဖြတ်ခွင့်လည်းရှိကြတာ မဟုတ်ကြဘူး။ ဒါပေမဲ့ ဒီအကြံပေးပုဂ္ဂိုလ်တွေဟာ လုပ်ငန်းဆိုင်ရာ အတွေ့အကြုံတွေ ကြွယ်ဝကြသူတွေဖြစ်ပြီး ကုမ္ပဏီရဲ့တိုးတက်ကြီးပွားရေးအတွက် အကြံကောင်းဉာဏ်ကောင်းများ ပေးနိုင်ကြသူတွေ ဖြစ်တယ်။
ထိရောက်တဲ့အကြံပေးအဖွဲ့ ဖွဲ့စည်းရေးအတွက် အောက်ပါအချက်ငါးချက်ကို သိထားသင့်တယ်။
၁။ သင်လိုအပ်နေတာတွေဟာ ဘာတွေလဲဆိုတာ သိအောင်လုပ်ပါ။
အရင်တုန်းက သင့်ကိုအကြံဉာဏ်ပေးဖူးခဲ့သူတွေ၊ တွေ့ကြုံဆက်ဆံခဲ့ဖူးသူတွေ ရှိကောင်းရှိခဲ့မှာပါပဲ။ အကြံပေးအဖွဲ့ဖွဲ့မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်တွေကို စိတ်ထဲမှာရှိနေနိုင်တယ်။ အတော်ဆုံးအကြံပေးအဖွဲ့ဆိုတာ အရည်အချင်းနဲ့လည်း ပြည့်စုံ၊ သင်ကလည်း စိတ်ချယုံကြည်ရသူတွေဖြစ်ဖို့လိုတယ်။
ကိုယ်မသိတာတွေကို သူတို့က ဖြည့်ဆည်းပေးနိုင်တယ်။ အဲသလို ကူညီနိုင်သူတွေကို ရှာပါ။ သင့်ရဲ့လိုအပ်ချက်ဟာ မားကက်တင်းမှာလည်းဖြစ်နိုင်တယ်။ အရောင်းလုပ်ငန်းတို့၊ စာရင်းအင်းတို့မှာလည်း ဖြစ်နိုင်တယ်။
၂။ လူရွေးမှန်ကန်ဖို့လိုတယ်။
အများအားဖြင့် အကြံပေးအဖွဲ့တွေဟာ အဖွဲ့ဝင်အတော်လေးနည်းကြတယ်။ သုံး၊ လေး၊ ငါးယောက်လောက်ပါပဲ။ သင် ကြားချင်နေတာကို မဟုတ်ဘဲ သင် ဘာတွေလိုအပ်သလဲဆိုတာကိုပဲ ဓမ္မဒိဋ္ဌာန်ကျကျ သုံးသပ်ပြောပြပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်ဖို့လိုတယ်။ ဒါကြောင့် မိသားစုဝင်တွေ၊ ရင်းနှီးတဲ့မိတ်ဆွေတွေကို သိပ်ပြီးထည့်မစဉ်းစားပါနဲ့။ သင့်စီးပွားရေးမှာ ငွေကြေးအရ အကျိုးစီးပွားပတ်သက်မှုရှိနေကြသူတွေ (ဥပမာ - ရှေ့နေ၊ စာရင်းကိုင်၊ ဝန်ထမ်း စသူတွေ)ကိုလည်း သိပ်ပြီးထည့်သွင်းစဉ်းစားခြင်း မပြုသင့်ဘူး။ အကြံပေးပုဂ္ဂိုလ်တွေကို စိတ်ထဲမှာတွေးထားတာ မရှိသေးရင် သင့်လိုပဲ စီးပွားရေးစွန့်စားလုပ်ကိုင်နေသူတွေ၊ လုပ်ငန်းအဆက်အသွယ်ရှိတဲ့သူတွေကို မေးမြန်းစုံစမ်းကြည့်ပါ။
၃။ အကြံပေးအဖွဲ့မှာပါဝင်လာဖို့ ဖိတ်ခေါ်ပါ။
အကြံပေးပုဂ္ဂိုလ်အဖြစ် ရွေးဖို့သိထားပြီဆိုရင် အဲဒီပုဂ္ဂိုလ်တွေနဲ့ စကားစမြည်ပြောကြည့်ပါ။ အဲဒီပုဂ္ဂိုလ်ကတစ်ဆင့် နောက်ပုဂ္ဂိုလ်တစ်ဦးရှိကြောင်း သိရတဲ့အခါ အဲဒီနောက်တစ်ယောက်အကြောင်းကို သိရအောင်မေးပါ။ မိတ်ဆက်ပေးတဲ့ပုဂ္ဂိုလ်ဟာ အဲဒီလူက သင့်လုပ်ငန်းကို အကျိုးပြုနိုင်တယ်ဆိုတာ သိထားပြီးသား ဖြစ်နိုင်တယ်။
၄။ အကြံပေးအဖွဲ့အစည်းအဝေးလုပ်ပါ။
အကြံပေးအဖွဲ့ဖွဲ့ပြီးသွားပြီဆိုရင် ပုံမှန်အစည်းအဝေး လုပ်ပေးပါ။ ထမင်းစတဲ့ အစားအသောက်တွေနဲ့လည်း ဧည့်ခံပေးနိုင်တယ်။ အစည်းအဝေးမတက်နိုင်တဲ့ ပုဂ္ဂိုလ်တွေကိုတော့ ဖုန်းနဲ့ဆက်သွယ်ဆွေးနွေးနိုင်တယ်။
အကြံပေးအဖွဲ့နဲ့ တစ်နှစ်တစ်ခါ ညှိနှိုင်းဆွေးနွေးပွဲလုပ်ချင်ရင် သူတို့ရဲ့ခရီးစရိတ်၊ တည်းခိုနေထိုင်စရိတ်တွေကို ကျခံပေးပါ။ သူတို့ဟာ သူတို့ရဲ့အကြံဉာဏ်တွေကို သင့်စီးပွားရေးမှာ မြှုပ်နှံထားကြသူတွေ ဖြစ်ကြတယ်။
၅။ အားလုံးအတွက် စည်းမျဉ်းစည်းကမ်း သတ်မှတ်ပေးထားပါ။
အစည်းအဝေးစတင်မကျင်းပမီ သင့်အတွက်ရော အကြံပေးအဖွဲ့ဝင်တွေအတွက်ပါ လိုက်နာရမယ့်အချက်တွေနဲ့ တာဝန်တွေကို ချထားသတ်မှတ်ပေးထားပါ။ အစည်းအဝေးတွေကို ဘယ်နှကြိမ်ကျင်းပမယ်။ သင့်စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ ဘယ်ကိစ္စတွေကို လျို့ဝှက်ထားကြရမယ်။ အကြံပေးပုဂ္ဂိုလ်တွေရဲ့ ရာထူးသက်တမ်းက ဘယ်လောက်အထိ သတ်မှတ်ထားတယ်ဆိုတာတွေလည်း သတ်မှတ်ပေးထားပါ။ ဒီအချက်တွေကို ပထမဦးဆုံးအစည်းအဝေး မကျင်းပခင်ကတည်းက အကြံပေးပုဂ္ဂိုလ်တွေသိအောင် ကြိုတင်ပေးထားပါ။
ယုံကြည်အားထားရတဲ့ အကြံပေးပုဂ္ဂိုလ်များ ထားရှိလုပ်ကိုင်ခြင်းဖြင့် ကိုယ့်စိတ်ကူးနဲ့ ကိုယ်လုပ်နေတာထက် ပိုပြီးလုပ်ငန်းကို အထောက်အကူဖြစ်စေနိုင်တယ်။ ကိုယ့်လိုစွန့်စားလုပ်ကိုင်သူတွေကိုလည်း အလားတူ အကြံဉာဏ်တွေ ပေးနိုင်သွားမှာဖြစ်ပါတယ်။
ညွှန့်သောင်း