ကျွန်မတို့ဟာ အာရှသားတွေဆိုတော့ အကြံဉာဏ်ပေးတဲ့သူကို ဉာဏ်ပူဇော်ခပေးရမယ်ဆိုတာ မသိကြဘူး။ အလကားရဖို့ပဲ မျှော်လင့်ကြတယ်။ အကြံဉာဏ်အတွက် ဉာဏ်ပူဇော်ခပေးတဲ့အခါ ''ဒါဟာ ဝန်ဆောင်မှုကောင်း တစ်ခုဖြစ်တယ်၊ ဗဟုသုတအများကြီးတိုးလာတဲ့အပြင် အချိန်မကုန် လူမပင်ပန်းဘဲ ဒီပညာကို ရလိုက်တယ်'' လို့ ကျွန်မ သဘောပေါက်မိတယ်။
လုပ်ငန်းအစပိုင်းမှာ ကျွန်မဟာသူများဆီက အကြံဉာဏ် မယူခဲ့ဘူး။ မိမိကိုယ်သာကိုးကွယ်ရာဆိုတဲ့ စိတ်မျိုးရှိပါတယ်။ ဒါကြောင့် လက်တွေ့လုပ်လိုက်၊ အမှားတွေ့ရင်ပြင်လိုက်နဲ့ အခက်အခဲကြားက အတွေ့ အကြုံယူရတယ်။
တစ်ချိန်မှာတော့ အကြံဉာဏ်ယူတာဟာ အကုန်အကျသက်သာပြီး ထိရောက်အောင်မြင်မှုရနိုင်တယ်လို့ သိခဲ့တယ်။ ဒါဟာ ကျွန်မရဲ့ ပထမခြေလှမ်းဖြစ်တယ်။ ဘယ်တော့မှနောင်တမရပါဘူး။ လုပ်ငန်းလေးနှစ်မြောက်မှာ ပရော်ဖက်ရှင်နယ်အကြံဉာဏ်ကို ဉာဏ်ပူဇော်ခပေးပြီး ရယူခဲ့တယ်။ စီးပွားရေးလမ်းခရီးမှာ တခြားသူတွေရဲ့ ဦးနှောက်ဉာဏ်နဲ့ ခြံရံပြီး ရှေ့ဆက်ခဲ့တယ်။ ကြီးမားတဲ့ အမှားမျိုးမလုပ်မိအောင် ကယ်တင် နိုင်ခဲ့ပါတယ်။
အခုတော့ ကျွန်မဟာ ဒင်္ဂါးပြားတစ်ခုရဲ့ တခြားမျက်နှာစာလို ကိုယ်တိုင်အကြံပေးသူဖြစ်နေပြီ။ ကျွန်မအကြံပေးလိုက်တဲ့ လူတွေရဲ့ တုံ့ပြန်မှုကို လေ့လာရတာ သိပ်ပြီး စိတ်ဝင်စားစရာကောင်းပါတယ်။
တစ်ခါက လက်ကိုင်အိတ်စတိုးဆိုင်တွေရဲ့ ပိုင်ရှင်ကို အကြံပေးခဲ့ဖူးတယ်။ ကျွန်မဟာ သူ့စတိုးဆိုင်ရဲ့ ထူးခြားမှုတွေ ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို အလွယ်တကူ ခွဲခြမ်းစိတ်ဖြာခဲ့တယ်။ နှစ်ကြိမ်တွေ့ဆုံပြီး အဖြေရှာပေးခဲ့ပါတယ်။ ကျွန်မရဲ့ အကြံဉာဏ်အတိုင်း လိုက်နာလို့ အောင်မြင်မှုတွေရလာတော့ ကျွန်မဆီကို ထပ်ပြီး လာခဲ့တယ်။
ဒီတစ်ကြိမ်မှာ ဉာဏ်ပူဇော်ခ မပေးရင် မပြောဘူးလို့ သန္နိဋ္ဌာန်ချထားပြီး ဉာဏ်ပူဇော်ခအကြောင်း စကားစလိုက်တယ်။ ဒီစကားပြောပြီး မိနစ်ပိုင်းအတွင်းမှာ ဖုန်းလိုင်းပြတ်တောက်သွားပြီး သူ့ကို ဘယ်တော့မှ မတွေ့ရတော့ဘူး။
နောက်ထပ် တွေ့ကြုံရတာက အမျိုးသမီးတစ်ယောက်ပါ။ ကျွန်မရဲ့အကြံဉာဏ်ကြောင့် သူ့လုပ်ငန်းဟာ တစ်လအတွင်း ၁၈ ရာခိုင်နှုန်း တိုးတက်သွားတယ်။ တကယ်လို့ သူ့ဆီက ဉာဏ်ပူဇော်ခရရင် ၈၀ ရာခိုင်နှုန်း လောက် အောင်မြင်အောင် ကျွန်မကူညီနိုင်ပါတယ်။ ကျွန်မရဲ့စိတ်ထဲမှာ အကြံဉာဏ်ကောင်းတချို့ တကယ်ရှိ နေပါတယ်။ ဒါပေမဲ့ သူက ဉာဏ်ပူဇော်ခမပေးချင်ဘူး။ ဒီဥပမာကို အခြေခံပြီး ဒီလိုကောက်ချက်ချမိတယ်။ အမြင်တိုတဲ့သူတွေက ၁၈ ရာခိုင်နှုန်းမြတ်တာကိုပဲ ကျေနပ်နေတယ်။ ၈၀ ရာခိုင်နှုန်း မြတ်ဖို့ ဉာဏ်ပူဇော်ခ မဖြစ်စလောက်ကို မပေးချင်ကြဘူးလို့။
နောက်တစ်ခုကတော့ Spa ပိုင်ရှင်တစ်ယောက် ဖြစ်ပါတယ်။ ကျွန်မပေးတဲ့ အကြံကိုလက်မခံဘဲ ဆန့်ကျင်ဘက်လုပ်ခဲ့တယ်။ ကျွန်မရဲ့ သတိပေးချက်တွေကို လျစ်လျူရှုပြီး လုပ်ငန်းမလည်ပတ်နိုင်သေးခင် လုပ်ငန်းချဲ့လိုက်တာ အရှုံးကြီးရှုံးပါတော့တယ်။ အဲဒီအမျိုးသမီးက ကျွန်မဆီပြန်လာတော့ ခပ်ကုပ်ကုပ် ဖြစ် နေတယ်။ ကျွန်မရဲ့ အကြံဉာဏ် လိုချင်တာတောင် ''ကျွန်မ လုပ်ငန်းအဆင်ပြေအောင် တခြားလူတစ်ယောက် ကို ဒေါ်လာနှစ်ထောင်ပေးရင် ဘယ်လိုနေမလဲ'' လို့ ရွဲ့ပြီး ပြောခဲ့တယ်။ လုပ်ငန်းငယ်တဲ့လူတွေဟာ အကြံဉာဏ်ကောင်းရရင် ခရီးဝေးဝေးသွားနိုင်ပါတယ်။ အပြောင်းအလဲလုပ်နိုင်တဲ့ ဆုံးဖြတ်ချက်မရှိရင် အမှားနွံထဲမှာ နစ်နေပြီး ကံကောင်းဖို့ပဲ ဆုတောင်းနေရမယ်။
ရည်မှန်းချက်ပန်းတိုင် ချထားပါ
တက္ကသိုလ်က စာသင်ခန်းတစ်ခုမှာ ကျောင်းသား ကျောင်းသူတွေကို ဘဝရည်မှန်းချက်ပန်းတိုင် စီစဉ် ထားတာရှိသလားလို့ မေးတဲ့အခါ ၃၀ ရာခိုင်နှုန်းက ရှိတယ်လို့ဖြေတယ်။ အဲဒီ ၃၀ ရာခိုင်နှုန်းထဲက ၁၀ ရာခိုင်နှုန်းလောက်သာ တိကျတဲ့ရည်မှန်းချက်ပန်းတိုင်ကို အကောင်အထည်ဖော်နိုင်တယ်တဲ့။ သူတို့ရဲ့ ဘဝကို တောက်လျှောက် သုတေသနလုပ်တဲ့အခါ ၃၀ ရာခိုင်နှုန်း ကျောင်းသားကျောင်းသူတွေဟာ ဆယ်နှစ်အတွင်း အောင်မြင်သူတွေ ဖြစ်လာကြတယ်။ အဲဒီထဲက ၁၀ ရာခိုင်နှုန်းကတော့ တိကျသေချာတဲ့ ရည်မှန်းချက်ပန်းတိုင်တွေရှိကြလို့ သူတို့ရဲ့ အိပ်မက်အတိုင်း လုံးဝအောင်မြင်သူတွေ ဖြစ်လာကြတယ်တဲ့။
ပန်းတိုင်ချမှတ်တဲ့ အလုပ်ဟာ ပြေးလမ်းမှာဝင်ဖို့ ကြိုးတားတာနဲ့တူတယ်။ ပန်းတိုင်မရှိရင် ချာချာလည်အောင် ပြေးနေရမှာပဲ။ ဒါကိုမသိခဲ့လို့ ပြင်းပြတဲ့ ဆာလောင်မှုတွေနဲ့ပဲ တွန်းအားပေးခဲ့ရတယ်။ ကျွန်မ အသက် လေးနှစ်မှာ မိဘတွေကပင်ပင်ပန်းပန်း ရှာဖွေနေရတာကို မြင်ခဲ့တယ်။ ပစ္စည်းတွေ ဝယ်တယ်၊ ရောင်းတယ်။ ဝန်ဆောင်မှုပေးတယ် ဆိုတာပဲသိတယ်။ ဟောင်ကောင်ကျောက်စိမ်းဈေးကွက်မှာ အလုပ်လုပ်တော့ တချို့နေ့တွေမှာ ရောင်းရပေမယ့် မရောင်းရတဲ့နေ့တွေက ပိုများတယ်။ သူတို့ကို ကြည့်ပြီးမိဘတွေကို ပြုစုစောင့် ရှောက်နိုင်မယ့် စီးပွားရေးတစ်ခုလုပ်ချင်လာတယ်။ တစ်ချိန်လုံး ငွေတွေဝင်နေမယ့် စီးပွားရေးမျိုးပေါ့။ ကျွန်မမှာ ရွေးချယ်စရာနှစ်ခုရှိတယ်။ မီလီယံနာတစ်ယောက်ကို လက်ထပ်မလား၊ စီးပွားရေးတစ်ခု လုပ်မလား။ စီးပွားရေးလုပ်တာက ပိုပြီးလက်တွေ့ကျလို့ ဒီလမ်းကို ရွေးခဲ့ပါတယ်။
ဒါကြောင့် တစ်ဒေါ်လာ ၉၉ ပြားဆိုင်ဟာ ရှင်သန်လာပြီး ငွေတွေဝင်ခဲ့တာပေါ့။ စတိုးဆိုင် ၁၄ ခုထိ ဖွင့်နိုင်မယ်လို့ လုံးဝမထင်ခဲ့ဘူး။ ငွေတွေဝင်လာတာနဲ့အမျှ ကျော်ကြားမှုဆိုတာတစ်ပါတည်း လိုက်ပါလာတယ်။ ပထမနှစ်ရဲ့ပန်းတိုင်က ငွေတွေအများကြီးရဖို့ပဲ။ ဒါကို ကျွန်မလုပ်နိုင်ခဲ့တယ်။ ဘဏ်ကို သွားရတာ ပျော်တယ်။ စတိုးဆိုင်မှာ လူတွေပြည့်ကျပ်နေလို့ တံခါးပိတ်ထားရတယ်။ အထဲကလူတွေ ထွက်လာမှ စောင့်နေတဲ့ လူတွေကို ဝင်ခိုင်းရတယ်။
ကျွန်မလုပ်ငန်းဖွံ့ဖြိုးလာတော့ ငါးနှစ်စီမံကိန်း ချလိုက်တယ်။ အာရှရဲ့ Wal-Mart ကြီးဖြစ်ရမယ်လို့။
စာအုပ်တွေ ပညာရှင်တွေဆီက လေ့လာခဲ့တာ Smart ဖြစ်ရမယ်တဲ့။ ရည်မှန်းချက်ပန်းတိုင်တွေဟာ
Specific တိကျရမယ်
Measurable တိုင်းတာနိုင်ရမယ်
Achievable အမှန်တကယ်ဖြစ်ရမယ်
Realistic အမှန်တကယ်ဖြစ်ရမယ်
Time-Specific အချိန်အခါနဲ့ ကိုက်ညီရမယ်တဲ့။
ရည်မှန်းချက်ပန်းတိုင်တွေကို ထိန်းမထားနိုင်ရင် စီးပွားရေးထိခိုက်တတ်တယ်။ ကျွန်မက စီအီးအို (CEO) ဆိုတော့ ရလဒ်တွေကို သိရမယ်။
နှစ်တွေကြာလာတော့ တစ်ဒေါ်လာ ၉၉ ပြားဆိုင်ရဲ့ ရေရှည်ရည်မှန်းချက်ပန်းတိုင်တွေကိုပဲ အာရုံစိုက်နေရတော့တယ်။ ဘတ်ဂျက်ပြည့်မီအောင် ရောင်းနေတာမျိုးပေါ့။ နေ့စဉ်အလုပ်တွေက ရှေ့ရေးအမြင်ကို တိုက်စားသွားတော့တယ်။
လုပ်ငန်းဖွံ့ဖြိုးလာလေ အကြီးအကဲရဲ့ ရှေ့ရေးအမြင်က အရေးကြီးလာလေပဲ။ မှန်ကန်တဲ့လမ်းကြောင်းအတိုင်း ရှေ့မဆက်နိုင်ရင် ကင်းခြေများကောင်တွေလို ရှုပ်ထွေးလိမ့်မယ်။
အခုအချိန်မှာ ကျွန်မဟာ ရှေ့မဆက်နိုင်ရင် ကင်းခြေများကောင်တွေလို ရှုပ်ထွေးလိမ့်မယ်။
အခုအချိန်မှာ ကျွန်မဟာ ရှင်းလင်းတဲ့ပန်းတိုင်မျိုး ချတတ်ပြီ။ အရေးမကြီးတာတွေကို အချိန်မရွေး ဖြတ်တောက်နိုင်ပြီ။ ပန်းတိုင်ချထားတဲ့ စီးပွားရေးကို ကြိုးစားနိုင်ပြီး အသီးအပွင့်တွေ ခံစားနိုင်ပါပြီ။ ငါးနှစ်စီမံကိန်းအတွက် တစ်နှစ်ချင်းရည်မှန်းချက်တွေ ချထားတယ်။
ကျွန်မရဲ့ပန်းတိုင်တွေကို ရုပ်လုံးဖော်တဲ့ပုံစံမျိုး ကြိုက်ပါတယ်။ ဒီစာအုပ်ကို စီစဉ်တော့ စာအုပ်မျက်နှာဖုံးကို ပုံကြမ်းထုတ်ပြီး စာအုပ်စင်မှာ စားပွဲပေါ်မှာ ထားကြည့်တယ်။ စာအုပ်ရေးပြီးသွားရင် ဘယ်လိုနေမလဲလို့ ခံစားကြည့်တယ်။ တကယ်မပြီးသေးခင် မြင်ယောင်ကြည့်တာဟာ စိတ်လှုပ်ရှားမှုများစွာ ပေးနိုင်ပါတယ်။
ပန်းတိုင်တွေကို အမြဲမြင်ဖို့လိုတယ်။ စာလုံးတွေနဲ့ ချရေးပြီး ကိုယ်မြင်နိုင်တဲ့နေရာတွေမှာ နေသားတကျ ကပ်ထားရမယ်။ ဥပမာ- ကွန်ပျူတာစားပွဲ၊ မှန်တင်ခုံ၊ ကားလက်ကိုင်ဘီး၊ ရေခဲသေတ္တာ၊ ပိုက်ဆံအိတ်တွေမှာပေါ့။
ကိုယ့်ရဲ့စိတ်က ပန်းတိုင်တွေမှာ အစဉ်အမြဲ ကပ်ငြိနေပြီဆိုရင် အလုပ်ကို အာရုံစိုက်ပြီးလုပ်ပါ။ ကိုယ့်အိပ်မက်ကို အကောင်အထည် မဖော်နိုင်သေးသရွေ့ လက်မမြှောက်ပါနဲ့။
John.C.Maxwell ဆိုတဲ့ အရောင်းရဆုံး စာရေးဆရာက ပြောတယ်။ 'ပန်းတိုင်ကို စီမံကိန်းချနိုင်ရုံ ဘဝင်မမြင့်ပါနဲ့။ ပန်းတိုင်ကို တကယ်ရောက်ပြီဆိုရင်တော့ လက်မထောင်လိုက်ပါ' တဲ့။
ဒေါက်တာခင်စန်းမော်