အွန်လိုင်းတွင် ဈေးကွက်ရှာဖွေခြင်း

JulyCoverstory1

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းသုံးစွဲမှုမှာ လွန်ခဲ့သောနှစ်များနှင့် နှိုင်းစာလျှင် လွန်စွာတိုးတက်လာခဲ့သည်။ မြို့ပြ၏ နေရာအနှံ့အပြားတွင် Smart Phone ဖြင့် မျက်နှာအပ်ထားသူများကို တွေ့မြင်နိုင်ပါသည်။ မိုဘိုင်းဖုန်းဖြင့် Internet သုံးနေကြခြင်း။ Online Media သည် အခြားမီဒီယာများနှင့် စာလျှင် လူများနှင့် ပိုမိုထိတွေ့လာသည်နှင့်အမျှ လူများနှင့်ဆက်သွယ်ရန်၊ ဆက်ဆံရန်လုပ်ငန်းရှင်များအနေနှင့် Online ကို ပိုမို အားပြုလာကြသည်။ မိမိတို့၏စားသုံးသူများကို သတင်းစကားပေးပို့ရန်အတွက် ယခင်က တီဗီ၊ သတင်းစာ၊ ဂျာနယ်၊ ရေဒီယိုတို့ကို အားထားခဲ့ရာမှ ယခုအခါ Online ကိုပါ နေရာပေးလာကြရသည်။ Online သက်သက်ကိုသာ အားပြုသည်အထိ အရဲမစွန့်နိုင်သေးသော်လည်း အနာဂတ်တွင် Online သည် အဓိက Marketing Communication Media ဖြစ်လာမည်ဆိုသည်ကို ကြိုတင်မြင်နေရပြီဖြစ်သည်။ ထိုအတွက် CEO အနေဖြင့် ယနေ့မြန်မာ့ဈေးကွက်အတွင်း သက်ဝင်လှုပ်ရှားလာနေသည့် Online Marketing နှင့်ပတ်သက်၍ စာဖတ်သူများကို တင်ပြမိတ်ဆက်ပေးအပ်ပါသည်။ ဤဆောင်းပါးတွင် Online Marketing နှင့်ပတ်သက်၍ လုပ်ကိုင်ဆောင်ရွက်နေမှု၊ ဝန်ဆောင်မှုများ၊ အယူအဆ၊ အပြောင်းအလဲ၊ အခက်အခဲများနှင့် အနာဂတ် အလားအလာများကို လေ့လာသိရှိနိုင်မည်ဖြစ်ပါသည်။

DawYuYuDin

ဒေါ်ယုယုဒင်

Managing Director

Wave Digital

Wave Digital Online Marketing နဲ့ပတ်သက်လို့ ဘာတွေ ဝန်ဆောင်မှုပေးနေပါသလဲ . . .

Online Marketing ဆိုတာက ကျယ်ပြန့်ပြီး မြန်မာနိုင်ငံမှာ အခုမှ စတင်တာဖြစ်ပါတယ်။ Telecom ကွန်ရက် ကျယ်ပြန့်တာနဲ့ အင်တာနက်အသုံးပြုသူများလာတဲ့အတွက် Online Marketing နယ်ပယ်ကလည်း ကျယ်လာတာဖြစ်လို့ ဒါကိုကျေးဇူးတင်ရပါမယ်။ ဒီလိုဆိုရင် ကုမ္ပဏီတွေအနေနဲ့လည်း Target Audience   တွေဆီကို Channel အသစ်တွေကနေတစ်ဆင့် ရောက်ရှိနိုင်ပါတော့မယ်။ ပြီးတော့ Online ဆိုတာကလည်း Conversation တွေပဲဖြစ်တာကြောင့် အလှုပ်အခတ်၊ လှိုင်းတွေလည်းရှိပါတယ်။ Wave Digital ကတော့ ကုန်အမှတ်တံဆိပ်တွေကို အဲဒီ Conversation တွေထဲမှာ ပါဝင်နိုင်ဖို့ ကူညီပေးပါတယ်။

ဆိုလိုတာက ကျွန်မတို့က Paid ၊ owned ၊ earned media တွေအကုန်လုံးပေါ်မှာ အလုပ်လုပ်တယ် ဆိုတာပါပဲ။ Owned ဆိုတာကတော့ Brand တွေ၊ Organization တွေအတွက် ကိုယ်ပိုင် Content ၊ ဒါမှမဟုတ် ကိုယ်ပိုင် Platform တွေဖြစ်ပါတယ်။ Earned ဆိုတာကတော့ Share များများ၊ Like များများနဲ့ Brand ကို ချစ်တဲ့စိတ်ကို လူတွေ Online မှာ ပိုဖော်ပြအောင် လုပ်တာပါ။ ပုံမှန်အားဖြင့်တော့ ဘယ်လိုအဖွဲ့အစည်းမျိုးအတွက်မဆို Wave Digital က အားလုံးခြုံငုံမိစေမယ့်  Marketing နည်းဗျူဟာတွေ အသုံးပြုပေးပါတယ်။ လတ်တလောမှာတော့ B2C ကုမ္ပဏီတွေအတွက် ပိုလုပ်ပေးဖြစ်နေပါတယ်။

ဘယ်သူတွေက Online Marketing လုပ်နေကြပါသလဲ . . .

လူငယ်တွေအတွက် ကုန်ပစ္စည်းထုတ်သူတွေနဲ့ လူငယ်တွေကို Target အဖြစ်ထားတဲ့ အဖွဲ့အစည်းတွေကတော့ Facebook  ၊ ဒါမှမဟုတ် Messenger App တွေကနေတစ်ဆင့် Online မှာ ရှိနေဖို့ ကြိုးစားကြပါတယ်။ ဆုံးဖြတ်ချက်ချနိုင်တဲ့ Level တွေကို Target ထားတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှု၊ Policy Maker တွေနဲ့ လုပ်ငန်းတွေကတော့ Email Marketing  ကို သုံးကြပြီးတော့ တချို့ကလည်း LinkedIn မှာ ကိုယ့် Presence  ရှိနေဖို့ လုပ်ထားကြပါတယ်။ ကျွန်မတွေ့ဖူးသလောက်တော့ ကော်ဖီမစ်ကစလို့ ကားအရောင်းအဝယ်၊ အိမ်ခြံမြေလုပ်ငန်းနဲ့ အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီတွေအထိ အားလုံးလိုလိုက Online Marketing လုပ်ကြပါတယ်။ Display Adအဖြစ်ဆုံးကတော့ Telecom ကုမ္မဏီတွေနဲ့ Facebook မှာ Active အဖြစ်ဆုံးကတော့ FMCG – Fast Moving Consumer Goods F&B – Food & Beverage  ကုမ္ပဏီတွေပဲဖြစ်ပါတယ်။

Wave Digital အနေနဲ့ဆိုရင်တော့ Marketing Manager တွေကိုမှန်ကန်တဲ့ Platform ရွေးချယ်နိုင်စေဖို့၊ သူတို့ရဲ့ Target Audience တွေနဲ့ ဘယ်လိုရောက်ပြီး ဘယ်လောက်အထိ ချိတ်ဆက်မိစေမလဲ စသဖြင့် ကူညီဆုံးဖြတ်ပေးပါတယ်။ Brand တစ်ခုအနေနဲ့ Focus ကောင်းကောင်းလုပ်နိုင်လေ သူတို့ Digital မှာ ပြန်ရတဲ့ RoI – Return On Investment ပိုကောင်းလေပဲဖြစ်ပါတယ်။  ကိုယ်က လူမှန်ကို သတင်းစကားမှန် ပြောနေနိုင်ဖို့ အရေးကြီးပါတယ်။

ဘာတွေအသုံးပြုပြီး Online Marketing လုပ်ပေးနေပါသလဲ . . .

Display Ads တွေအတွက် Website နဲ့ Facebook, Viber ၊ ဒါမှမဟုတ်  Line တို့ကတော့ Online Marketing မှာ သုံးနေကြ Platform တွေပါပဲ။ Wave Digital အနေနဲ့ Campaign ကြီးကြီးမားမားတွေအတွက် ဆိုရင်တော့ Instagram၊ Youtube၊ Native Ad တွေ၊ App တွေနဲ့ Facebook Event Page တွေကို အသုံးပြုပါတယ်။ Online Marketing လုပ်ရတဲ့ စိတ်ချမ်းသာစရာ စိန်ခေါ်မှုဖြစ်တဲ့အချက်ကတော့ အမြဲတမ်း Platform အသစ်တွေနဲ့ Conten ပုံစံအသစ်တွေနဲ့ ထိတွေ့နေရတာပဲဖြစ်ပါတယ်။ လက်ရှိအချိန်အနေနဲ့ ပြောရရင်တော့ .gif လို Video တွေလို Content format တွေအတွက် Platform တွေက ပိုပြီး လူကြိုက်များလာနေတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံအတွက် Online Marketing လို့ ပြောရင် တခြားဈေးကွက်တွေနဲ့ လုံးဝမတူတာက အသုံးပြုသူတွေရဲ့ Behavior တွေပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း တခြားနိုင်ငံ၊ တခြားဈေးကွက်တွေနည်းတူ Platform တွေကို မြန်မာနိုင်ငံမှာ အသုံးပြုနေပေမဲ့ အဲဒီ နိုင်ငံတွေမှာလို နည်းလမ်း၊ စည်းမျဉ်းတွေကို ဒီမှာအသုံးပြုလို့ မရနိုင်တာပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ Mobile First ဆိုတာက တခြားနိုင်ငံဈေးကွက်တွေမှာ များမကြာခင်က အသုံးပြုခဲ့ကြတယ်ဆိုပေမယ့် မြန်မာနိုင်ငံမှာကတော့ Mobile Only နည်းဗျူဟာကသာ အလုပ်ဖြစ်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံက ကျွန်မတို့ဈေးကွက်က ဖုန်းပထမဆုံးအသုံးပြုတဲ့ User က စမတ်ဖုန်း စသုံးတယ်ဆိုတဲ့ ဈေးကွက်ပါ။ ကျွန်မတို့က App တွေဆိုရင်လည်း Download လုပ်သုံးတာ မဟုတ်ဘဲ Share ပြီးသုံးတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီဈေးကွက်အတွက် ကိုက်ညီမယ့် Platform ကို အမြဲစဉ်းစားရွေးချယ်နေရတာဖြစ်ပါတယ်။

ကျေးဇူးတင်ဖို့ကောင်းတာတစ်ခုကတော့ Mango Group က မြန်မာနိုင်ငံမှာ ၁၂ ကျော်ရပ်တည်ခဲ့ပြီး ဖြစ်တာကြောင့် Mango Group ကလည်း အမြဲတမ်း အသစ်ထွက်လာတဲ့ Platform တွေ၊ နည်းပညာတွေမှာ ရှေ့တန်းကနေရာက နေနိုင်တာဖြစ်ပါတယ်။ အကျိုးရလဒ်အဖြစ်ကတော့ ဒါတွေကို ကျွန်မတို့ Client တွေရဲ့ ကောင်းကျိုးအတွက် အသုံးချနိုင်တာပါပဲ။

ဘယ်လို Campaign တွေလုပ်နေပါသလဲ . . .

Campaign ဆိုတဲ့ စကားအသုံးအနှုန်းက နည်းနည်းတော့ Tricky ဖြစ်ပါတယ်။ Online Marketing မှာဆိုရင်တော့ အချိန်အတိုင်းအတာတစ်ခုအတွင်း ကိုယ်လုပ်တဲ့ ကိစ္စတစ်ခုဖြစ်နိုင်သလို၊ အမြဲတမ်းလုပ်နေရတဲ့ Campaign တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်က Online Marketing စလုပ်ပြီဆိုတာနဲ့ မြန်မာနိုင်ငံမှာတော့ ကုန်အမှတ်တံဆိပ် တော်တော်များများကတော့ Facebook Page စဖွင့်တာပါပဲ။ ပြီးတော့ ဒါက စပြီးရင် ပြန်ပိတ်လို့ မရတော့ပါဘူး။ Facebook Page တစ်ခု စဖွင့်ဖို့ဆိုတာကလည်း အင်တာနက် Connection ပေါ်မူတည်ပြီးတော့ အချိန် ၁၀ မိနစ်လောက်ပဲ လုပ်တာဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ့်အပေါ် စိတ်ဝင်စားမှုကို ထိန်းသိမ်းရုံသာမက ကိုယ့်ရဲ့ Target Audience အစစ်အမှန်တွေနဲ့ အပြန်အလှန်ချိတ်ဆက်မိနေစေဖို့ နည်းဗျူဟာနဲ့ ကြားခံဆက်သွယ်ပုံစံတော့ လိုအပ်ပါတယ်။

ကျွန်မတွေ့ဖူးသမျှထဲက အကောင်းဆုံး သဘာဝအကျဆုံး Campaign တွေကတော့ ရေဒီယို အသံလွှင့်ရုံတွေပဲ ဖြစ်ပါတယ်။ သူတို့က နားထောင်သူတွေကို Comment လုပ်ခိုင်းပြီးတော့ Top Up ဆုတွေ ယူခိုင်းတာတွေ၊ နားထောင်သူတွေရဲ့နာမည်ကို ရေဒီယို အစီအစဉ်တွေကနေ ကြေငြာပေးတာမျိုးတွေ ပြန်လုပ်ပေးပါတယ်။ ကျွန်မတို့နောက်ဆုံး Client တစ်ယောက်ကို လုပ်ပေးခဲ့တဲ့ Campaign ကတော့ ဘယ်လိုပြဿနာတွေ ဖြစ်နေသလဲဆိုတာ ဖော်ထုတ်ပေးပြီး Brand Advocate ရှာပေးခဲ့တာပဲဖြစ်ပါတယ်။

JulyCoverstory2

Online Marketing နဲ့ Traditional Marketing တို့ရဲ့ကွာခြားချက် (အားသာချက်/အားနည်းချက်) . . .

Online Marketing က Traditional Marketing ကို ထပ်ဖြည့်ပေးပြီး Brand Extension အနေနဲ့ ဖြစ်တည်ပေးပါတယ်။ ဥပမာ - ကျွန်မ နောက်ဆုံးလုပ်ခဲ့တဲ့ အေဂျင်စီမှာတုန်းကဆိုရင် IndiGo Airline (အိန္ဒိယ နာမည်ကျော်လေကြောင်းလိုင်း) က Twitter ပေါ်မှာရှိချင်ပြီး အဲဒီအတွက် ကျွန်မက အကြံပေးလုပ်ခဲ့ပါတယ်။ ကျွန်မ အဖွဲ့သားတွေနဲ့ IndiGo အဖွဲ့သားတွေနဲ့ပူးပေါင်းပြီး တတ်နိုင်သမျှ Real Time အနေနဲ့ Twitter ပေါ်မှာ Active ဖြစ်ဖို့ လုပ်ကိုင်ခဲ့ပါတယ်။ အပြန်အလှန် ဆက်သွယ်မှု ခိုင်ခိုင်မာမာဖြစ်လာဖို့ ကျွန်မတို့ရဲ့ အခြေခံအချက်ကတော့ On Time ဖြစ်ဖို့နဲ့ ခေတ်မီဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ ကိစ္စတော်တော်များများ ဖြတ်သန်းပြီးတဲ့နောက်မှာတော့ IndiGo ရဲ့ Chairman နဲ့ CEO က ကျွန်မတို့ကို Operational Command Center ထဲမှာ ပါဝင်ခွင့်ပေးခဲ့ပါတယ်။ ဒီ Unit ဟာ လေကြောင်းလိုင်းတစ်ခုရဲ့ ဦးနှောက်ဖြစ်ပါတယ်။ ကျွန်မတို့အေဂျင်စီကတော့ Client တစ်ယောက်အတွက် ၂၄ နာရီ ၇ ရက် Operation တွေ ကိုင်တွယ်ပေးဖို့ အဖွဲ့အသစ်အနေနဲ့ လေ့ကျင့်ခဲ့ကြရတာပါ။ ဘယ်လိုအခက်အခဲနဲ့ကြုံကြုံ ကျွန်မတို့အဖွဲ့ဝင် ပါခဲ့ကြရပါတယ်။ နောက်ပိုင်းမှာ ကျွန်မတို့လေကြောင်းလိုင်းက Twitter မှာ တတိယ Responsive အဖြစ်ဆုံး လေကြောင်းလိုင်း ဖြစ်လာခဲ့ပါတယ်။

မြန်မာနိုင်ငံဈေးကွက်နဲ့ဆိုရင် စိန်ခေါ်မှုက အဲဒီဈေးကွက်အနေအထား ကိုယ်တိုင်ပဲဖြစ်ပါတယ်။ ကျွန်မတို့ လုပ်နေကျ Display Ad တွေကလည်း အရောအနှော ပုံစံတွေဖြစ်နေတုန်းပါပဲ။ အနောက်တိုင်းဈေးကွက်မှာ ၁၉၉၀ ပြည့်နှစ်တွေလောက်က သုံးခဲ့တဲ့စနစ်နဲ့တူညီတဲ့ Website တွေမှာ Book လုပ်ပြီး ဘီလ်ဘုတ် ကြော်ငြာသလိုပဲ ကြော်ငြာလက်ခံတဲ့ စနစ်တွေလည်း ရှိပါတယ်။ ပြီးတော့ မြန်ဆန်အလားအလာကောင်းတဲ့ Facebook အသုံးတွင်ကျယ်လာမှုကလည်း ရှိနေပါသေးတယ်။ ကျွန်မ မြန်မာနိုင်ငံကို ပြန်မရောက်ခင်အချိန် ၂၀၁၄ ခုနှစ်တုန်းက အသုံးပြုသူ ၂ သန်းလောက် ရှိရာကနေ လက်ရှိအချိန်မှာ ၁၀ သန်းကျော်လောက် အသုံးပြုသူတွေ ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်မှာ ကုန်အမှတ်တံဆိတ်တစ်ခု၊ အဖွဲ့အစည်းတစ်ခု ရှိနေခဲ့တယ်ဆိုရင် အဲဒီလိုပြောင်းလဲမှုတွေနဲ့ အမီလိုက်နိုင်ဖို့ကူညီပေးမယ့် လုပ်ငန်းပါတနာတွေ၊ အေဂျင်စီတွေ ရှိဖို့လိုပါတယ်။

Online Marketing မှာဆိုရင် ကိုယ့်ဘာသာ စည်းကမ်းသတ်မှတ် Focus လုပ်ထားနိုင်ပါတယ်။ Mass Marketing နဲ့ Traditional Marketing ဆိုတာမျိုးတွေက ဘီလ်ဘုတ်ဘယ်နှခုနဲ့ ကြော်ငြာဘယ်နှခုလောက်ကို သတ်မှတ်ထားတဲ့အချိန်၊ ငွေကြေးနဲ့ရနိုင်မလဲဆိုတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ Online Marketing မှာဆိုရင်တော့ ကိုယ်ပေးချင်တဲ့ သတင်းစကားအမှန်ကို ကိုယ်လိုချင်တဲ့ Target Audience ဘယ်လောက်များများဆီ ရောက်မလဲဆိုတာကို အဓိကထားပါတယ်။

Mass Marketing က လူများများတွင်တွင် ကျယ်ကျယ် ရောက်တာတော့ဟုတ်ပါတယ်။ ဒါပေမဲ့ ဥပမာ- ပြည်လမ်းပေါ်က ဘီလ်ဘုတ်ကြော်ငြာတစ်ခု ဆိုပါစို့ ဒါကို ဘယ်သူတွေ တွေ့မြင်ကြမလည်းဆိုတာကို အတိအကျမသတ်မှတ်ပေးနိုင်ပါဘူး။ လူငယ်၊ ကလေး၊ ဒါမှမဟုတ် အမျိုးသမီး စသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါ တယ်။ ဒါပေမဲ့ Online Marketing ဆိုရင်တော့ အမျိုးသမီးလား လူငယ်ချည်းသက်သက်လားဆိုတာ သတ်မှတ် သလို ရန်ကုန်မှာနေတဲ့သူလား၊ မန္တလေးမှာနေတဲ့ သူ လားဆိုတာတောင် သတ်မှတ်နိုင်ကာ သူတို့ရဲ့ ဝါသနာနဲ့ စိတ်ဝင်စားမှုအလိုက်လည်း ခွဲခြမ်းနိုင်ပါသေးတယ်။

UYarZarAung

ဦးရာဇာအောင်

Chief Consultant

Mocha Agency

Mocha Agency က Online Marketing နဲ့ပတ်သက်လို့ ဘာတွေ ဝန်ဆောင်မှုပေးနေပါသလဲ . . .

ကျွန်တော်တို့ Mocha Agency ကို Online Marketing လို့ ပြောတာထက် Digital Marketing လို့ ပြောတာက ပိုပြီးမှန်ပါတယ်။ Online Marketing ဆိုတာက အင်တာနက် ချိတ်ဆက်ပြီးမှသာ လုပ်လို့ရပေမယ့် ကျွန်တော်တို့ကျတော့ Mobile Apps တွေဘက် ပါသွားတာကြောင့် ဖြစ်ပါတယ်။ ဒီလုပ်ငန်းက IT လုပ်ငန်းတွေနဲ့ တော်တော်လေးဆင်တူပါတယ်။ ဒါပေမဲ့ IT လုပ်ငန်းတွေက နည်းပညာဘက်ကို ဇောင်းပေးတယ်။ ကျွန်တော်တို့က နည်းပညာလည်းပါသလို Marketing Sence လည်း ပါတာက ကွာခြားချက်ဖြစ်ပါတယ်။

ဘယ်သူတွေက Online Marketing လုပ်နေကြပါသလဲ . . .

အဓိကအနေနဲ့ Social Media နဲ့ Mobile Platform တွေဘက်ကို သွားတာတွေ လုပ်ပါတယ်။ Customer ရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး Website လုပ်ပေးတာလည်း ရှိပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်မှာက Customer တွေက Website မှာ Information တင်ထားတာကို လာယူကြတာလောက်ပဲ ရှိပါသေးတယ်။ Social Media က ကျတော့ Bi-directional ဖြစ်တယ်။ တစ်ယောက်က ပြောတာကို တစ်ဖက်ကနေပြီးတော့ ချက်ချင်း Feed-back ပြန်ရနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့က Social Media ဘက်ကို သွားတာပိုများတယ်။

လက်ရှိ ကျွန်တော်တို့ဆီမှာ Direct Client ကိုးယောက်ရှိတယ်။ Third Party ၊ Supplier အနေနဲ့ ကျွန်တော်တို့ကို အပ်ထားတာတွေလည်း ရှိပါတယ်။ တချို့ကိုတော့ လက်ရှိမှာ တခြား Agency တွေကို တစ်ဆင့်ပြန်အပ်ပြီး သူတို့မလုပ်နိုင်တဲ့အပိုင်းတွေကို ကျွန်တော်တို့က လုပ်ပေးနေတာတွေ ရှိပါတယ်။ Clinet တွေကတော့  IBTC ၊ Grand Royal အမည်း (GRW) ၊ Signature၊ ရွှေပတ်လို့ ဈေးကွက်ထဲမှာသိတဲ့  Special Reserve ၊ Dutch Lady တို့အပြင် ထိုင်းကဝင်လာတဲ့ Brand တွေ ရှိပါတယ်။ ကျွန်တော်တို့က ထိုင်းဘက်က Agency နဲ့လည်း တွဲထားတဲ့အတွက် ထိုင်းဘက်က Brand တွေလည်း ရှိတာဖြစ်ပါတယ်။ လက်ရှိမှာဆိုရင်တော့ Premier နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

အခုဆိုရင် သတင်းစာ၊ ဂျာနယ်ဖတ်တဲ့ လူတော်တော်များများဟာ Online ပေါ်တက်လာကြပြီဖြစ်ပါတယ်။ ဒီလိုတက်လာတဲ့အပေါ်မှာ ကျွန်တော်တို့က ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး ရောင်းပေးတာတွေ၊ မီဒီယာကုမ္ပဏီတွေမှာ ကြော်ငြာလုပ်ပေးတာတွေ ပြုလုပ်နေပါတယ်။ ဒါအပြင် Website တွေမှာ Banner တွေ ရောင်းပေးတာမျိုးတွေလည်း ရှိပါတယ်။

နောက်ပြီး ကျွန်တော်တို့ဆီမှာ နောက်လမှာ လုပ်မယ့် Campaign တစ်ခုအတွက် Facebook ကို ဒီကြော်ငြာကို လူနှစ်သန်းကို ရောက်စေချင်တယ်။ လူတစ်ယောက်စီကိုလည်း နှစ်ကြိမ်ပြန်ပေါ်စေချင်တယ် ဆိုပြီးတော့ ဘိုကင်တင်ပြီးတော့လည်း ကြော်ငြာလို့ ရပါတယ်။

ဘာတွေအသုံးပြုပြီး Online Marketing လုပ်ပေးနေပါသလဲ၊ ဘယ်လို Campaign တွေလုပ်နေပါသလဲ . . .

လက်ရှိမှာတော့ Facebook ၊ Youtube နဲ့ Instagram ကို အဓိကသုံးပါတယ်။ အသုံးအများဆုံးကတော့ Facebook ဖြစ်ပါတယ်။ မြန်မာပြည်မှာက အင်တာနက်သုံးစွဲသူတွေ အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းလောက်က Facebook သုံးနေတာကြောင့် ဖြစ်ပါတယ်။ လက်ရှိ Facebook ပေါ်မှာ လစဉ် Active ဖြစ်နေတဲ့ အင်တာနက်သုံးစွဲသူပေါင်းဟာ ရှစ်သန်းနဲ့ ကိုးသန်းကြားမှာ ရှိနေပါတယ်။ ဒါအပြင် Facebook ဟာ ယေဘုယျဆန်တဲ့အတွက် ဘာအကြောင်းအရာတင်တင် အဆင်ပြေတယ်။ Facebook ရဲ့ အကောင်းဆုံးအချက်က သူ့ဆီမှာအောက်က Comment ပြောတာက တအား Active ဖြစ်တယ်။ နောက်ပြီး ကြော်ငြာ Delivery က တအားတိကျတယ်။ ပိုပြီးတော့ Detail ကြည့်ချင်ရင် Inside Data တအားကောင်းတယ်။ အခုအချိန်မှာ Facebook လောက် Inside Data ပြည့်ပြည့်စုံစုံထွက်တာ မရှိသေးပါဘူး။

Instagram ကတော့ ဝါသနာရှင်တွေအတွက် သွားတယ်။ ဥပမာ- Gym ၊ စားသောက်ဆိုင်တို့ဆိုရင် Instagram ကို ပိုပြီးတော့ သွားသင့်တယ်။ သူက Virtuality အရ လူတွေကို Show Out လုပ်ချင်တာမျိုး၊ ဝါသနာကြီးတဲ့လူတွေက သူ့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေကို Record လုပ်တာတို့ စတာတွေက Instagram နဲ့ ပိုအဆင်ပြေပါတယ်။ Youtube ကတော့ ဘယ်လိုသုံးရတယ်ဆိုတာမျိုး သရုပ်ပြတာမျိုးက ပိုကောင်းပါတယ်။ တစ်ခုနဲ့တစ်ခု သုံးပုံသုံးနည်းချင်း မတူပါဘူး။ ဒါပေမဲ့ တချို့ Brand တွေဆိုရင် လက်ရှိကျွန်တော်တို့က Instagram သွားသာ သွားနေပေမဲ့ Active မဖြစ်တာလေးတွေ ရှိနေပါတယ်။ ဒါက မြန်မာပြည်ရဲ့ အသုံးပြုမှုအနေအထား နည်းနေတာကြောင့်ပါ။

PR Agency တွေကတော့ များသောအားဖြင့် Viber လုပ်ကြတာ များပါတယ်။ ဒါပေမဲ့ လက်ရှိ မြန်မာပြည်မှာ Viber သုံးစွဲသူတွေက Page တွေ Follow လုပ်တာတွေတော့ သိပ်မရှိသေးပါဘူး။ Viber ကို ဒီမှာ သုံးတဲ့လူများပေမဲ့ ထိရောက်မှုနည်းနေသေးတယ်လို့ ယူဆပါတယ်။ Viber က ထွက်လာတဲ့ Measurement တွေကလည်း Client ကို ပြန်ပြဖို့ ခက်နေပါသေးတယ်။

Online Marketing နဲ့ Traditional Marketing တို့ရဲ့ ကွာခြားချက်(အားသာချက်/အားနည်းချက်) . . .

အဓိကကွာခြားချက်ကတော့ Monolog နဲ့ Dialog ဖြစ်ပါတယ်။ ဥပမာ - Bill Board ထောင်လိုက်တယ်ဆိုရင် ဒီ Bill Board နဲ့ပတ်သက်ပြီး Feedback ပြန်ရဖို့ Research ပြန်လုပ်ရတယ်။ Online ကျတော့ ပြန့်ထွက်တာ တအားမြန်တယ်။ ဒါကြောင့် Customer Feedback ရဖို့က မြန်သလို တကယ်တမ်းအပြောင်းအလဲ လုပ်ရတာလည်း ခက်ပါတယ်။ တစ်ဖက်မှာကလည်း ကိုယ်တင်လိုက်တာကို စိတ်ဝင်စားတဲ့လူတွေက ချက်ချင်းတုံ့ပြန်လာနိုင်တာကြောင့် တစ်ခုခုတင်တော့မယ်ဆိုရင် ဒီတင်လိုက်တာက ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကို ကြိုစဉ်းစားပြီး ပြင်ဆင်ထားရပါတယ်။ Online မှာက ကိုယ်ရည်ရွယ်ထားတဲ့ လူဆီကို တိုက်ရိုက်ရောက်အောင် ကြော်ငြာနိုင်တာက အဓိကအားသာချက်ဖြစ်ပါတယ်။

Facebook ကို Customer Service အနေနဲ့လည်း သုံးလို့ရပါတယ်။ Facebook ပေါ်မှာ Customer တစ်ယောက်ယောက်က Complain တက်လာခဲ့ရင်လည်း ချက်ချင်းပြန်ဖြေရှင်းပေးနိုင်တဲ့အတွက် ကောင်းတဲ့ Feedback တစ်ခုလည်း ချက်ချင်းပြန်ရနိုင်ပါတယ်။ ဒါပေမဲ့ လောလောဆယ် Online က Traditional ကို ဘာလို့ ယှဉ်လို့မရလဲဆိုရင် အဓိက Traditional Raise ကို မယှဉ်နိုင်သေးတာကြောင့် ဖြစ်ပါတယ်။

Online ကို လူငယ်ပိုင်းတွေကပဲ အဓိကသုံးစွဲနေကြတာဖြစ်တဲ့အတွက် လူကြီးတွေကို Target ထားတဲ့ ကြော်ငြာတွေဆို တီဗီတို့၊ သတင်းစာတို့လို Traditional ကနေ ကြော်ငြာတာက ပိုပြီးထိရောက်နေဆဲ ဖြစ်ပါတယ်။ လူငယ်တွေကို Target ထားမယ်ဆိုရင်တော့ Online က ပိုပြီးထိရောက်တယ်လို့ မြင်ပါတယ်။

UWinHtun

ဦးဝင်းထွန်း

Founder/Director

iBiz Service Provider Co Ltd

iBiz က Online Marketing နဲ့ပတ်သက်လို့ ဘာတွေ ဝန်ဆောင်မှုပေးနေပါသလဲ . . .

ကျွန်တော်တို့ပေးနေတဲ့ Service တွေဆိုရင် Website Design & Development ၊Social Media Marketing ၊ Application Development ၊ Ecommerce & Online Advertising ၊ Online Shopping Mall နဲ့ IT Consulting တို့ ဖြစ်ပါတယ်။

Social Media Marketing ကနေ နောက်တစ်ဆင့်တက်ဖို့ Inbound Marketing ဆိုတာကို စဉ်းစားနေပါတယ်။ Social Media က ဒီထဲမှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်နေတယ်။

ဘယ်သူတွေက Online Marketing လုပ်နေကြပါသလဲ . . .

Client တွေကို တစ်ဦးချင်းတော့မပြောတော့ဘဲ Sector အလိုက်ပြောပြချင်ပါတယ်။ အများစုကတော့ ကျောက်မျက်ရတနာပစ္စည်းဆိုင်(Jewelry) တွေကများတယ်။ နောက်ပြီး ခရီးသွားလုပ်ငန်း ၊ Beauty & Spa ၊ ပရိဘောဂပစ္စည်းဆိုင်၊ စာရေးကိရိယာ၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းနဲ့ သင်တန်းကျောင်းတွေ၊ အလှကုန်ပစ္စည်း၊ အစားအသောက်၊ Online Store တွေ၊ Facebook Store တွေဖြစ်ပါတယ်။ နောက်ထပ်လုပ်ဖို့ရှိတာတွေက ဘဏ်လုပ်ငန်းတွေ၊ အာမခံလုပ်ငန်းတွေဖြစ်ပါတယ်။

Online Marketing လုပ်တဲ့ Process ကို ပြောပြပေးပါ . . .

စစချင်းမှာ Customer နဲ့ တွေ့ပြီးတော့ Analyse လုပ်တယ်။ ဘာလုပ်ချင်တာလဲ၊ ဘာလိုချင်တာလဲ၊ သူ့ရဲ့ Business Goal ကဘာလဲဆိုတာကို လေ့လာတယ်။ Strategy and Planning လုပ်တဲ့အပိုင်းပေါ့။ အဲဒီအပေါ်မှာ ကျွန်တော်တို့ Time Schedule ၊ သူ့ရဲ့ Budget ပေါ်မူတည်ပြီးတော့ Plan လုပ်တာ အများကြီးကွာသွားတယ်။ Budget ပေါ်မူတည်ပြီးတော့လည်း Awareness ရတာ ကွာသွားပါတယ်။ Budget  ကို ပွင့်ပွင့်လင်းလင်း မေးပြီးတော့ Budget သေချာသိရမှသာ Plan ချလို့ရပါတယ်။ ဥပမာ - သိန်းတစ်ရာကုန်မယ့် Plan မှာ သူသုံးမှာက သိန်းတစ်ရာမရှိရင် ဒီ Plan အတိုင်း တိုက်ရိုက်သုံးလို့ မရတော့ဘူး။ Budget နဲ့ကိုက်တဲ့ Plan ကို ပြန်ပြောင်းသုံးရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ Strategy ရော၊ Plan ရောက Client ရဲ့ သဘောတူညီချက်ရပြီဆိုရင် Implementation လုပ်ပါတယ်။ ပြီးရင်တော့ Monitoring နဲ့ Controlling ကို တောက်လျှောက်သွားတာပေါ့။ ပုံမှန်အားဖြင့်ဆိုရင် ပစ္စည်းတစ်ခုက ရောင်းလိုက်တယ်ဆိုရင် တော်တော်လေးကြာမှ After Sale Service ကို လုပ်လို့ရတယ်။ Campaign ကျတော့ Continuous Monitoring လုပ်နေရတယ်။ Customer နဲ့ Interaction လုပ်နေတဲ့အခါကျတော့ Comment နဲ့အတူ Complaint က တောက်လျှောက်လာတာပေါ့။ နောက်ပြီး  Reputation အတွက် လုပ်ရတာတွေလည်း အများကြီးရှိတယ်။

Campaign ပြီးသွားတဲ့အခါမှာလည်း Analyse ပြန်လုပ်ရတယ်။ လိုချင်တဲ့ Target ရောက်သလား။ ရောက်ရင် ဘာ့ကြောင့်လဲ၊ မရောက်ရင် ဘာ့ကြောင့်လဲ ဆိုတာ ဆန်းစစ်ရတယ်။ ဘယ်လိုပိုကောင်းအောင် လုပ်မလဲဆိုတာ Review လုပ်ရတယ်။ နောက်ပြီး Campaign ဆိုတာ One Time Process မဟုတ်ဘဲ Continuous Process ဖြစ်ပါတယ်။ ဆက်တိုက်လုပ်တယ်ဆိုတာကတော့ ကုမ္ပဏီရဲ့အရွယ်အစားပေါ်မှာလည်း မူတည်ပါတယ်။ တချို့ကုမ္ပဏီအသစ်ကတော့ တစ်ကြိမ်ပဲ လုပ်မယ်ဆိုရင်တော့လည်း တစ်ကြိမ်ပဲပေါ့။ ဒါပေမဲ့ တချို့ Campaign က ဆက်တိုက်သွားရမယ့် Content Management လိုအပ်တဲ့ပုံစံမျိုး၊ Channel Management လိုမျိုးဆိုရင် တောက်လျှောက်သွားရတာပေါ့။ ဒါကြောင့် အဓိကကတော့သုံးမယ့် Budget ပေါ်မူတည်တာပဲပေါ့။

ဘယ်လို Campaign တွေလုပ်နေပါသလဲ . . .

Project ပုံစံတွေက Client လိုချင်တဲ့အပေါ်မှာ မူတည်ပြီး ကွဲပြားတာပေါ့။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် ကာလတိုနဲ့ ကာလရှည်ဆိုပြီး နှစ်မျိုးရှိမယ်။ Client ရဲ့ Marketing Goal ကဘာလဲ၊ Budget ဘယ်လောက်သုံးမှာလဲ၊ ဘယ်လောက် Time Frame ထဲမှာ လုပ်မှာလဲတွေအပေါ် မူတည်ပြီး ကျွန်တော်တို့က ဘယ် Platform ကို သုံးသင့်တယ်ဆိုတာကို အကြံပေးတယ်။ Campaign ဆိုရင်တော့ Social Media Advertising ကလည်း Campaign တစ်ခုပေါ့။ Social Media ဆိုရင် Facebook ကတော့ အသုံးအများဆုံးပေါ့။  နောက်ထပ် Campaign တွေဆိုရင် Social App ၊ Content Marketing ၊ Email Marketing ၊ Website တို့ပါမယ်။ Social Media ကတော့ Online Marketing အောက်မှာ ပါဝင်ပါတယ်။ နောက်ပြီး ကျွန်တော်တို့သွားတဲ့ Campaign တွေက Multi Channel ရှိတယ်။ Multi Channel က Online နဲ့ Offline ပေါင်းပြီး Parallel သွားတာပါ။ နောက်ပြီး Contest တွေဆိုလို့ရှိရင် Photo Contest ရှိတယ်။ နောက်ပြီး Like and Share Campaign လုပ်ပြီး နိုင်ငံခြားခရီးစဉ်မဲ ဖောက်ပေးတာမျိုး၊ Group Offer၊ Voting တွေရှိပါတယ်။

လုပ်ခဲ့တဲ့ Campaign တွေထဲက မှတ်မှတ်ရရဖြစ်နေတဲ့ Campaign . . .

၂၀၁၃ ခုနှစ်မှာ ရွှေနန်းတော်အတွက် Photo Model Challenge တစ်ခုလုပ်ပေးဖူးပါတယ်။ Brand Ambassador ရွေးဖို့ပါ။ Online ကနေ ဖောင်တင်ခိုင်းတယ်။ သူတို့ပုံတွေကို Facebook မှာ Public Post အနေနဲ့တင်ပြီး Like တွေ လုပ်စေတယ်။ Selection အဆင့်အထိ Facebook ကို သုံးပြီးတော့ပဲ လုပ်သွားတယ်။ Selection အဆင့်ကနေ စခါတင်အဆင့်ဆက်ရွေးဖို့ကို Website ပေါ်မှာ Voting စနစ်နဲ့ ဆက်ယှဉ်ပြိုင်စေတယ်။ နောက်ဆုံးဆန်ခါတင် ဆယ်ယောက်လောက်ကို အပြင်မှာ ပြိုင်ပွဲလုပ်တယ်။ Online နဲ့ Offline နှစ်ခုပေါင်းထားတာပေါ့။ အဲဒီ Campaign က လူအများရဲ့ အာရုံစိုက်ခံရပြီး တော်တော်အောင်မြင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။

ဒီနှစ်ထဲမှာတော့ Jewellery Company တစ်ခုကလုပ်တဲ့ Valentine Campaign လေးက မှတ်မှတ်ရရ ဖြစ်နေပါတယ်။ သူက ရိုးရိုး Like & Share Campaign လေးပါပဲ။ ဒါပေမဲ့  Interaction တော်တော်များတာကြောင့် ကျွန်တော်တို့ Customer လည်း တော်တော်စိတ်ကျေနပ်ခဲ့ပါတယ်။

နောက်ပြီး Miss Forever ပွဲလေးလည်း မှတ်မှတ်ရရ ဖြစ်ခဲ့တယ်။ Online ပိုင်းက ပြိုင်တာကို ကျွန်တော်တို့တာဝန်ယူပြီး အပြင်ပွဲကိုတော့ Dream Boat က ကိုမောင်မောင်အေးတို့က တာဝန်ယူလုပ်ခဲ့တာပါ။

Social Media Marketing အတွက် အသုံးပြုတဲ့ Platform တွေက . . .

အများဆုံးအသုံးပြုဖြစ်တာကတော့ Facebook ဖြစ်ပါတယ်။ ကျွန်တော်တို့ Online Marketing စလုပ်တဲ့ ၂၀၁၃ ခုနှစ်မှာ Facebook User က ခြောက်သိန်း၊ ခုနစ်သိန်းလောက်ပဲ ရှိပါသေးတယ်။ ၂၀၁၄ ခုနှစ်မှာ ၁.၂ သန်းလောက် ဖြစ်လာတယ်။ ၂၀၁၅ ခုနှစ်လည်းကျရော ၄.၄ သန်းလောက်ဖြစ်လာရော။ ၂၀၁၆ ခုနှစ်၊ မေလကျတော့ ၉.၅ သန်းလောက် ရှိနေပါပြီ။ ထပ်နေတဲ့ Account တွေ၊ Fake Account တွေတော့ ရှိပေမဲ့ တကယ့် User ကို ခန့်မှန်းလို့တော့ ရနေပါပြီ။ ဒီလို Account တွေ တစ်သန်းလောက်ရှိတယ်ဆိုရင်တောင် ကိုးသန်းနီးပါး ကျန်ပါတယ်။

ကုမ္ပဏီကြီးတွေကတော့ Channel အစုံသုံးပါတယ်။ Branding ဘက်ကိုပိုသွားတာကြောင့် နေရာတိုင်းမှာ ရှိနေချင်တာကြောင့်ပါ။ Facebook ပြီးရင် Instagram သုံးတာများတယ်။ Professional Society ကို သွားချင်ရင် LinkedIn ကိုသုံးတယ်။ Twitter ကတော့ ဒီမှာသိပ်ပြီး စိတ်မဝင်စားကြသေးဘူး။ နိုင်ငံခြားကုမ္ပဏီတချို့ကိုပဲ Twitter လုပ်ပေးရတယ်။ နောက်တစ်ခုကောင်းတာက YouTube ပါ။ ဒါလည်း နိုင်ငံတကာမှာတော့ ပိုအသုံးများတာပေါ့။ ဒီမှာတော့ အင်တာနက်မြန်နှုန်းကြောင့် အသုံးနည်းသေးတာပေါ့။ ဒီ Platform ငါးခုက မြန်မာပြည်အတွက် အဆင်ပြေတဲ့ Platform တွေပါ။

JulyCoverstory3

Social Media Marketing နဲ့ Traditional Marketing တို့ရဲ့ ကွာခြားချက် (အားသာချက်/အားနည်းချက်) . . .

Social Media ကနေ Marketing လုပ်တဲ့အခါမှာ ကိုယ့် Customer ဖြစ်ဖို့ဆိုတာ အဆင့်တွေအများကြီး ဖြတ်သန်းရပါတယ်။ ဥပမာ - Gym မသွားဘဲနဲ့ အိမ်မှာတင် လေ့ကျင့်ခန်းနည်း ၃၀ ကျော် လုပ်လို့ရတဲ့စက်ကို ကြော်ငြာလိုက်တယ်ဆိုပါစို့။ ဒါကစစချင်းမှာပဲ Attraction ရတယ်။ ပြီးရင် Interaction နည်းနည်းလေး ရှိလာမယ်။ ဝယ်ရင် လာပို့ပေးမှာလားဆိုတာမျိုး၊ ငွေဘယ်လိုချေရမှာလဲ ဆိုတာမျိုးမေးလာမယ်။ အဲဒီအချိန်မျိုးမှာ ယုံကြည်မှု တည်ဆောက်လာရတယ်။

အဲဒီမှာ Social Media ကနေ ဘယ်လို Service ပေးတယ်ဆိုတာ ပြန်ဖြေလိုက်ပေမယ့် တကယ့် Based Service က လိုက်နိုင်ဖို့လိုတယ်။ မဟုတ်ရင် ကုန်ပစ္စည်းကကောင်းတယ်ဆိုရင်တောင် Service မကောင်းဘူး ဆိုတာမျိုးဖြစ်ပြီး ယုံကြည်မှုက ပျက်သွားတယ်။ Reputation ကျသွားတယ်။ ဒါမျိုးဆိုရင် ကျွန်တော်တို့က Client နဲ့ ပြန်ညှိရတာပေါ့။ ကျွန်တော်တို့က Customer Management လုပ်တယ်။ Customer ရဲ့ Feedback ကို စောင့်ကြည့်တယ်။ တကယ်လို့  Service ၊ ဒါမှမဟုတ် ကုန်ပစ္စည်းမကောင်းဘူးဆိုရင် Customer ဘက်က Interaction ဖြစ်တဲ့ Complaint က ချက်ချင်းတက်လာတယ်။ အဲဒီအချိန်မှာ Complaint က မှန်၊ မမှန် အရင်ဆုံးစစ်ရတယ်။ မှန်တယ်ဆိုလို့ရှိရင် Client ဘက်က တကယ်ဖြေရှင်းပေနိုင်တဲ့ တာဝန်တကယ်ရှိတဲ့သူကို ပြောရတာပေါ့။ သူ့ဘက်က ဘယ်လိုလုပ်ပေးနိုင်တယ်ဆိုတာ ို ရှင်းရှင်းလင်းလင်းသိရတဲ့အခါ ကျွန်တော်တို့က Feedback ပြန်ပေးလို့ ကောင်းတာပေါ့။ Customer ဘက် Negative Feedback ကို ကျွန်တော်တို့က ကောင်းကောင်းမွန်မွန် ဖြေရှင်းလိုက်ရင် Positive Impact ဖြစ်သွားတာပေါ့။

ဒါကြောင့် Social Media Marketing က ကုမ္ပဏီအကြီးတွေဆိုလို့ရှိရင် Brand Building , Customer Relationship နဲ့ Reputation Management လုပ်လို့ရတယ်။ ဒါအပြင် Community Building လုပ်လို့ ရပါတယ်။

Traditional Marketing နဲ့ ဘာကွာသလဲဆိုရင် အဓိကကတော့ ရလဒ်ချင်းအတူတူမှာ ကုန်ကျစရိတ် သက်သာတာပါ။ အပြန်အလှန်အားဖြင့် ကုန်ကျစရိတ် အတူတူသုံးစွဲရင် ပိုမိုကောင်းမွန်ပြီး အသုံးဝင်တဲ့ရလဒ်ကို ရနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး ရလဒ်ကိုခြေရာခံလို့ရတယ်။ Traditional Marketing မှာဆိုရင် ဥပမာ - Publication တစ်ခုထဲ ထည့်လိုက်တယ်ဆိုရင် စောင်ရေ နှစ်သောင်းထုတ်တယ်ဆိုရင် လူနှစ်သောင်းဆီ ရောက်သွားမယ်လို့ ယူဆလိုက်တယ်။ ဒါပေမဲ့ ကိုယ့်ကြော်ငြာအကွက်ကို ဒီလူနှစ်သောင်းစလုံး တွေ့သွားသလားဆို တာ ခြေရာခံလို့မရဘူး။ Online Marketing မှာကျတော့ Pay Per View တို့၊ Pay Per Click တို့ရှိတဲ့အတွက် Customer က ကြည့်မှ၊ နှိပ်မှသာ Charge ပေးရတယ်။

နောက်တစ်ခုက ကိုယ့်ရဲ့ Target ကို Demographic သွားလို့ရတယ်။ Demographic က ကိုယ်ဦးတည်ချင်တဲ့ နေရာဒေသအလိုက် ဥပမာ - ရန်ကုန်မြို့ကိုကြော်ငြာချင်တယ်ဆိုတာမျိုး၊ ယောကျ်ား၊ မိန်းမခွဲပြီး ကြော်ငြာချင်တာမျိုး၊  အသက်အပိုင်းအခြား ခွဲခြားကြော်ငြာချင်တာမျိုးစသဖြင့် Traditional Marketing မှာ ဒါမျိုးမရဘူးလားဆိုတော့ ခွဲတော့ခွဲခြားထားပါတယ်။ ဥပမာ - ဘောလုံးဘောင်းဘီ ကြော်ငြာမယ်ဆိုလို့ရှိရင် အားကစားဂျာနယ်မှာ ကြော်ငြာမှာပေါ့။ ဒါပေမဲ့ Target က Online Marketing နဲ့ ယှဉ်မယ်ဆိုရင် ပိုပြီးကျယ်ပါတယ်။ Online Marketing မှာ မန်နေဂျာချည်းပဲ၊ ဒါရိုက်တာချည်းပဲ ကြော်ငြာချင်တယ်ဆိုလို့ရှိရင် Target တိတိကျကျရောက်ဖို့ သင့်တော်တဲ့ Social Media Platform (ဥပမာ - LinkIn) မှာ ကြော်ငြာလိုက်လို့ ရတယ်။ ဒါပေမဲ့ Demographic ခွဲလေ၊ Cost တက်လေပဲဖြစ်ပါတယ်။

ကျွန်တော်တို့ဆီမှာ ပြဿနာနည်းနည်း ရှိတာကတော့ Facebook မှာကြော်ငြာရင် Like များချင်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ Like ဆိုတာ တကယ်အရည်အသွေးရှိတဲ့ Like ရှိတယ်။ နောက်ပြီး Like များအောင် လုပ်တဲ့ နည်းမျိုးစုံရှိတယ်။ ကျွန်တော်တို့က Like ရအောင်ဆိုတဲ့နေရာမှာ နည်းမှန်လမ်းမှန်းကိုသုံးပါတယ်။ ဒါကို Client ကို တော်တော်ရှင်းပြရတယ်။ နည်းမှန်လမ်းမှန်သွားတဲ့အခါ ရလဒ်လည်းကောင်းတယ်၊ ဘယ်အချိန်မဆို Customer ကို ပြန်ပြီးတော့လည်း ခြေရာခံလို့ရတယ်။ Like ၁၀၀၀ ပဲရပေမယ့် ကိုယ်သွားချင်တဲ့ Sector က လူတွေဆီကို ရောက်တယ်ဆိုရင် ဒါကတန်ဖိုးရှိတဲ့ Like ဖြစ်ပါတယ်။

Online Marketing လက်ရှိအခြေအနေနဲ့ အနာဂတ် Trend . . .

လက်ရှိ Trend ဆိုရင် လက်ရှိ Multi Channel ကို လုပ်ဖို့ကြိုးစားနေတယ်။ ဒါပေမဲ့ Facebook ကတော့ အသုံးအများဆုံး ဖြစ်နေဆဲပါပဲ။ Multi Channel ကိုတော့ Branding နဲ့ Reputation သွားမယ့်သူတွေပဲ သုံးကြပါသေးတယ်။

အနာဂတ် Trend ဆိုရင်တော့ မြန်မာနိုင်ငံမှာ Facebook သုံးစွဲမယ့်သူကတော့ ၂၀၁၆ - ၂၀၁၇ ခုနှစ် မှာ ၁၅ သန်းလောက် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် Social Media Marketing က ပိုပြီးတိုးတက်လာမယ်လို့ ပြောလို့ရပါတယ်။ နောက်ပြီးတော့ ၂၀၁၆ ခုနှစ်အလွန်မှာ Facebook တစ်မျိုးတည်းသုံးတာ မဟုတ်တော့ဘဲ တခြား Social Media တွေလည်း သုံးလာကြမှာဖြစ်ပါတယ်။ နောက် Trend တစ်ခုကတော့ Content Management တွေပိုပြီး လုပ်လာကြမှာ ဖြစ်ပါတယ်။ ကွဲပြားခြားနားပြီး များပြားတဲ့ သတင်းအချက်အလက်တွေကနေ User အတွက် တန်ဖိုးရှိတဲ့ သတင်းအချက်အလက်အဖြစ် ပေးလာမယ်။ Strategy တစ်ခုအနေနဲ့ လုပ်ရမယ်။ ကြော်ငြာဆိုတာက ခဏပဲခံပေမဲ့ Content ကိုကောင်းကောင်း Manage လုပ်မယ်ဆိုရင် User တွေရဲ့ စိတ်ဝင်စားခြင်းကို ရေရှည်ရရှိမှာဖြစ်ပါတယ်။

UAgKhanKyaw

ဦးအောင်ခမ်းကျော်

Co-Founder/Editor

Yoyarlay.com

ရိုးရာလေး Website နဲ့ သူ့ရဲ့ Busienss Model . . .

ရိုးရာလေးကတော့ သတင်း Site သက်သက်ပါပဲ။ ကျွန်တော်က Founding Mamber အနေနဲ့ ပါဝင်ခဲ့တာဖြစ်ပြီး စာလည်းကိုယ်တိုင်ရေးပါတယ်။ ရိုးရာလေးက Facebook မှာ User လေးသန်းရှိပြီး Website မှာကတော့ လေးသိန်းလောက် ရှိပါတယ်။ ဒါက Monthly Active User ဖြစ်ပါတယ်။ လက်ရှိမှာ ရိုးရာလေးက Website ကြော်ငြာနဲ့ Product Review ဝန်ဆောင်မှု လုပ်ပေးနေပါတယ်။ လက်ရှိမှာတော့ ကျွန်တော်က Myanmar-Enterpereneur.com ကို တည်ထောင်ထားပြီး Media Consultant အနေနဲ့ Tun New Technology မှာလည်း တာဝန်ယူလုပ်ကိုင်နေပါတယ်။

Online Marketing ဆိုတာ . . .

Online Marketing ဆိုတာက Brand တွေ၊ Service တွေ၊ Product တွေကို Online ပေါ်ကနေပြီးတော့ လူသိအောင် ကြော်ငြာတာ၊ Market ကိုချဲ့ထွင်ပေးတာလို့ ရိုးရိုးရှင်းရှင်းပြောလို့ရပါတယ်။

Online Marketing အမျိုးအစားတွေနဲ့ ဘာကို မြန်မာနိုင်ငံမှာ လူသုံးအများဆုံးဖြစ်နေပါသလဲ . . .

လောလောဆယ်မြန်မာနိုင်ငံမှာတော့ Facebook ကို လူသုံးအများဆုံးပဲဖြစ်ပါတယ်။ Facebook ကနေ ကုန်ပစ္စည်းတွေအတွက် Facebook Page တွေလုပ်ပြီး ကြော်ငြာကြပါတယ်။ ဒါက မြန်မာနိုင်ငံမှာ အများဆုံးပါပဲ။ နိုင်ငံတကာမှာတော့ Online Marketing လို့ပြောမယ်ဆိုရင် SEO – Search Engine Optimaization ၊ Blogging ၊ Social Media နဲ့ တခြား Channel တွေ အများကြီးရှိပါသေးတယ်။

Online Marketing လုပ်ပေးခဲ့ဖူးတဲ့ Client တွေ . . .

ကျွန်တော် Smartphone brand တစ်ခုရဲ့ ကုန်ပစ္စည်းသစ်ကို လုပ်ပေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက ရိုးရာလေးမှာတင် မဟုတ်ဘဲ Myanmar Mobile App Store အပါအဝင် နည်းပညာနဲ့ပတ်သက်တဲ့ သတင်း  Site ဆယ်ခုပေါ်မှာ သတင်းပါအောင် မတူညီတဲ့ Review ပုံစံတွေ လုပ်ပေးခဲ့ပါတယ်။ အဲဒီလို သတင်းဆယ်ခုအတွက် ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ လေးထောင်ဝန်းကျင်ရှိပါတယ်။ သတင်းတစ်ပုဒ်ကို လူတစ်သန်းလောက်မြင်တယ်ဆိုရင် အဲဒီထဲက ၂၀ ရာခိုင်နှုန်းလောက်ကတော့ ဒီကုန်ပစ္စည်းကိုဝယ်ဖို့ Yes ဆိုတဲ့ ဆုံးဖြတ်ချက်တော့ ချကြမှာပါပဲ။ ဒါကြောင့် အဲဒီသတင်းတွေအတွက် သုံးလိုက်တဲ့ ပိုက်ဆံက အလကားဖြစ်သွားတာတော့မဟုတ်ပါဘူး။

Dairy Product Websit အတွက် SEO လည်း လုပ်ပေးခဲ့ဖူးပါတယ်။ သူတို့ရဲ့ Site ကို Search Engine မှာရှာရင် Rank တက်အောင်လုပ်ပေးရတာဖြစ်ပါတယ်။ သူတို့အတွက်က ပြည်တွင်းမှာ Competitor မရှိလို့ လုပ်ပေးရတာ လွယ်ပါတယ်။ ဒါတွေကတော့ ဥပမာပေးတာပါ။ တခြား Project တွေ အများကြီးရှိပါသေးတယ်။ မြန်မာနိုင်ငံက လူတွေရဲ့ ကြော်ငြာနဲ့ပတ်သက်တဲ့ Nature ကလည်း မပြောင်းသွားသေးပါဘူး။ ဥပမာ - Bill Board ၊ ဂျာနယ်၊ သတင်းစာတွေ၊ တီဗီလိုင်းတွေဘက်ကို ပိုသွားတာကြောင့် သတင်း Site တစ်ခုအနေနဲ့ လူသိများပေမယ့် ကြော်ငြာဝင်ငွေအနေနဲ့ နည်းပါတယ်။

ဒါတွေကို ကျွန်တော့်သူငယ်ချင်းတစ်ယောက်နဲ့အတူ ပူးတွဲတည်ထောင်တဲ့ Digital Kaway ဆိုတဲ့ Innovative Digital Marketing Startup တစ်ခုမှာ CEO အဖြစ် တာဝန်ယူလုပ်ကိုင်ပေးခဲ့စဉ်က လုပ်ပေးခဲ့တာပါ။

Online Marketing လုပ်မယ်ဆိုရင် . . .

လုပ်ငန်းရှင်တွေဘက်က ကြည့်ပြီးပြောရမယ်ဆိုရင် ကိုယ့်လုပ်ငန်းကို ကြော်ငြာဖို့ငွေသုံးမယ်ဆိုရင် ကျွန်တော့်မှာ ရွေးစရာ Online နဲ့ Traditional ရှိပါတယ်။ Online ကိုကြည့်တဲ့အခါ မြန်မာနိုင်ငံရဲ့ Internet User Status ကိုကြည့်ရပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ Mobile User က သန်း ၂၀ ကျော်သွားပါပြီ။ ဆိုလိုတာက အဲဒီသန်း ၂၀ ကျော်က Internet ကိုသုံးပါတယ်။ ဒါကြောင့် မြန်မာပြည်ရဲ့ လူဦးရေရဲ့ သုံးပုံတစ်ပုံလောက်က အင်တာနက်သုံးပါပြီ။ ဒါပေမဲ့ သူ့ရဲ့ User Behavior ကိုသွားကြည့်တဲ့အခါ သူတို့ကို အင်တာနက်သုံးလားလို့ မေးရင် Facebook သုံးတယ်လို့ ဖြေကြပါတယ်။ မြန်မာပြည်မှာ Media Literacy အရက Facebook တစ်ခုပဲ သုံးတတ်သေးတဲ့ Population က ၇၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ မြို့နေလူတော်တော်အချို့လောက်သာ Facebook အပြင် တခြားအရာတွေကို သုံးတာဖြစ်ပါတယ်။ Facebook ပြီးရင် Instagram လောက်ပါပဲ။ အောင်မြင်နေတဲ့သတင်း Site တွေအနေနဲ့လည်း Site Visitor သိန်း၊ သန်းချီ ရှိပါတယ်။ တစ်လကို User တစ်သိန်းရှိတယ်လို့ ပြောလေ့ရှိသည့်တိုင် ရန်ကုန်မှာ Bill Board  တစ်ခု တင်လိုက်မယ်ဆိုရင် ဒီမြို့နေလူဦးရေ အကုန်မဟုတ်တောင် တစ်သန်းလောက်က တစ်လအတွင်း မြင်နိုင်တယ်လို့  Estimate တွက်လို့ရပါတယ်။ ဒါကြောင့်ဒီလို Bill Board ကို တစ်နိုင်ငံလုံးမှာ ၁၀ ခု ထားရင် တစ်လအတွင်းမှာ User ဆယ်သန်းလောက် မြင်နိုင်တယ်လို့ Estmate တွက်လို့ရပါတယ်။ ပြီးတော့ TV ဆိုရင် လူဦးရေသန်း ၅၀ မှာ လူဦးရေသန်းသုံးဆယ်က TV ကြည့်ကြပါတယ်။ အဲဒီတော့ လူပေါင်းသန်း ၃၀ လောက်စီကို ရောက်ဖို့ TV ရှိပါသေးတယ်။ ဒါကြောင့် Online ပေါ်ကနေပြီးတော့ ကြော်ငြာဖို့ကို လူတွေ ဘာကြောင့် အခုထိ မလှည့်ကြသေးတာလဲဆိုတဲ့အချက်ကို ပြန်ပြောတဲ့အခါမှာ လူတွေက Facebook ပေါ်မှာပဲ ရှိနေသေးတဲ့အတွက် သတင်း Site တွေမှာ ကြော်ငြာထည့်တာမျိုး သိပ်စိတ်မပါပါဘူး။ နောက်တစ်ချက်က Online ပေါ်က ပစ္စည်းတွေကို အယုံကြည်မရှိဘူး။ နိုင်ငံခြားမှာတော့ ပစ္စည်းတစ်ခု ဝယ်ချင်တယ်ဆိုရင် Online ပေါ်မှာ အရင်ကြည့်ပြီးတော့ သူတို့ယုံမှ ဝယ်တာပါ။ Trust ကို Build လုပ်တဲ့အခါမှာ Online ပေါ်မှာ ကြည့်ပါတယ်။ အခုမြန်မာနိုင်ငံမှာတော့ ဒီလို Behavior မရှိသေးပါဘူး။ Trust တစ်ခုကို Build လုပ်ဖို့ Online ပေါ်မှာ မကြည့်သေးပါဘူး။ အဲဒီတော့ လူတွေက Online ပေါ်မှာ မြင်တဲ့ Content တွေကို Trust မရှိသေးပါဘူး။ ပြီးတော့ User လည်း နည်းနေသေးတယ်။ Facebook ပေါ်မှာတော့ User များပါတယ်။ ဒါပေမဲ့  Facebook  ပေါ်မှာရှိတဲ့ သူတို့ရဲ့ Trust က နည်းပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်တော်တော်များများက လူတော်တော်များများရှိနေတဲ့ Facebook ပေါ်မှာပဲ ကြော်ငြာနေပါသေးတယ်။ ဒါကလည်း သူတို့အတွက် လုံလောက်နေတဲ့ အနေအထားတစ်ခုဖြစ်နေသေးလို့ပါ။

တကယ်လို့ ကိုယ့်လုပ်ငန်းအတွက် Online Marketing လုပ်မယ်ဆိုရင် လုပ်ငန်းရှင်အနေနဲ့ ပြင်ဆင်ထားသင့်တာတွေ ရှိပါတယ်။ ကိုယ့်ရဲ့ Product/Service/Company ကို ကိုယ်စားပြုတဲ့ Website တစ်ခု ရှိဖို့လိုပါတယ်။ Social Media Platform တွေပေါ်မှာလည်း ကိုယ့် Product/Service ရဲ့ Presence ရှိဖို့လိုပါတယ်။ Directory တွေဖြစ်တဲ့ Google Map တို့ Yellow Page တို့လို Listing Site တွေမှာ ကိုယ့်ရဲ့လုပ်ငန်းရှိနေဖို့ လိုပါတယ်။ ဒါကအတတ်နိုင်ဆုံး အနည်းဆုံးရှိသင့်တဲ့ အချက်သုံးချက်ပါပဲ။ ဒါကို အရင်ဆုံး သိဖို့လိုအပ်ပါတယ်။

Brand တစ်ခု Online ပေါ်မှာပေါက်ဖို့ဆိုရင် . . .

Brand တစ်ခုကို Online ပေါ်မှာဖောက်ဖို့ဆိုရင် အနည်းဆုံးအချိန် တစ်လလောက်လိုပါတယ်။ ဒါတောင်မှ Trust တည်ဆောက်ဖို့ လုံလောက်တဲ့အချိန် မဟုတ်သေးပါဘူး။ နိုင်ငံတကာမှာဆိုရင်တော့ ကုန်ပစ္စည်းတစ်ခု ထုတ်ပြီဆိုရင် သတင်း Site တွေ၊ Blog တွေမှာပါအောင် ကြိုးစားကြပါတယ်။ ဖုန်းကုမ္ပဏီဆိုရင် ဖုန်းအကြောင်းရေးတဲ့ သတင်း Site မှာ ပါအောင် ကြိုးစားကြပါတယ်။ တစ်လအတွင်း သတင်း Site အနည်းဆုံး ဆယ်ခုမှာ ပါအောင် ကြိုးစားကြပါတယ်။ သတင်းတစ်ခုကို ဒေါ်လာငါးရာ၊ ခြောက်ရာကနေ စပြီးတော့ သတင်း Site ရဲ့ Popularity ပေါ်မူတည်ပြီးတော့ ပေးရပါတယ်။ Popularity ဆိုတာကလည်း သတင်း Site ရဲ့ User ဘယ်လောက်ရှိတယ်၊ Site ရဲ့တန်ဖိုး စတာတွေပေါ် မူတည်ပါတယ်။ နောက်တစ်ချက်ကတော့ Social Media ပါ။ သူတို့တွေလည်း Social Media တွေကို မရှောင်နိုင်ပါဘူး။ အမေရိကန်လို နိုင်ငံမှာလည်း သတင်း Site တွေရဲ့ အသုံးပြုသူတွေကျလာပါတယ်။ ဘာကြောင့်လဲဆိုတော့ User တွေက Facebook ပေါ်မှာပဲ သတင်းတွေကို ဖတ်နေတာကြောင့်ပါ။ အဲဒါကြောင့် သူတို့ရဲ့ Brand တွေကိုလည်း Facebook ပေါ်မှာ ကြော်ငြာကြပါတယ်။ နောက်တစ်ခုက Twitter ကိုသုံးပါတယ်။ သူတို့အခုနောက်ပိုင်း Snapchat ဆိုတဲ့ Messaging ကိုလည်းသုံးကြပါတယ်။ သူတို့ဆီက Brand တွေ အကုန်လုံး Snapchat ရှိကြပါတယ်။

Social Media Marketing လုပ်မယ်ဆိုရင် . . .

Social Media Marketing လုပ်တဲ့အခါမှာ Organic Marketing နဲ့ Paid Marketing ဆိုပြီး နှစ်မျိုး ရှိပါတယ်။ Paid ဆိုတာက Facebook မှာ Sponsord Post လုပ်တာ၊ Google Search မှာကြော်ငြာတာ၊ Google Adsense ကိုသုံးတာမျိုးတွေပါ။ မြန်မာနိုင်ငံမှာက Sanction တစ်ခုရှိနေပါသေးတယ်။ Google ရဲ့ Paid Service ကို သုံးလို့မရသေးပါဘူး။ ဒါပေမဲ့ လုပ်ငန်းတော်တော်များများက နိုင်ငံခြား Account တွေကို သုံးပြီးတော့ ပြည်တွင်းလုပ်ငန်း တော်တော်များများကို နိုင်ငံတကာသတင်း Site တွေမှာ ကြော်ငြာနေကြတာ တွေ့ရမှာပါ။ နောက်ပြီးတော့ Organic တစ်ခုတည်းဆိုရင် မလုံလောက်ပါဘူး။ Facebook Page တစ်ခုမှာ Like က တစ်ရာရှိတယ်ဆိုရင် Post တစ်ခုတင်ရင် လူခုနစ်ယောက်ရဲ့ Wall တွေကိုပဲ ပို့ပေးပါတယ်။ Like က တစ်ထောင်ရှိရင် လူဦးရေ ၆၀ လောက်စီကိုပဲ ပို့ပေးတာပါ။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ပိုက်ဆံတော့သုံးရတာပါပဲ။

Social Media Marketing မှာ Real Time Respsonse က ဘယ်လောက်အရေးပါပါသလဲ . . .

လူတွေရဲ့သဘောတရားအရတော့ အခုမေးတာကို အခုဖြေရင် သဘောကျကြပါတယ်။ ရုံးဖွင့်ရက်မှာတော့ အများဆုံးကတော့ နှစ်နာရီထက် နောက်မကျဘဲ ဖြေပေးသင့်ပါတယ်။ ရုံးချိန်ပြင်ပဆိုရင်တော့ မနက်ရုံးတက်ချိန်မှ ပြန်ဖြေလို့ရပါတယ်။ ရုံးပိတ်ရက်ဆိုရင်တော့ လေးနာရီလောက်အတွင်း ပြန်ဖြေသင့်ပါတယ်။ Real Time Response လုပ်ပေးခြင်းအားဖြင့် ကိုယ့်ကိုပိုပြီး ယုံကြည်မှုရှိလာစေပါတယ်။

Online Marketing နဲ့ Traditional Marketing တို့ရဲ့ ကွာခြားချက် (အားသာချက်/အားနည်းချက်) . . .

Online Marketing နဲ့ယှဉ်ရင် ဥပမာ - Bill Board တစ်ခု ကြော်ငြာထားတယ်ဆိုပါတော့ လူဘယ်နှယောက် မြင်လဲဆိုတာကို ထုတ်ပြလို့မရပါဘူး။ Online Marketing မှာကျတော့ Banner ကို လူဘယ်နှစ်ယောက် မြင်တယ်ဆိုတဲ့ သတင်းအချက်အလက်ကို ထုတ်ပေးလို့ရပါတယ်။ လူဘယ်နှယောက်က ဝင်ကြည့်ဝင်သွား၊ ဘယ်နိုင်ငံဝင်ကြည့်သွားသလဲ၊ အသက်အရွယ်အပိုင်းအခြား ဘယ်လောက်က ဝင်ကြည့်သွားတာလဲဆိုတဲ့ အချက်အလက်တွေ ထုတ်ပေးလို့ရပါတယ်။ ဥပမာ - သတင်းတစ်ခု၊ Product Review တစ်ခုတင်လိုက်ပြီဆိုရင် ဒီ Product Review ကို လူဘယ်နှယောက် ဖတ်သွားသလဲဆိုတာအပြင် ဒီ Product Review ကို လူတွေက သဘောကျတယ်၊ သဘောမကျဘူးဆိုတာတွေကိုပါ Interaction တစ်ခုပြန်ရပါတယ်။ Billboard ၊ TV ကြော်ငြာနဲ့ သတင်းစာဂျာနယ်ဆိုလည်း Feedback ပြန်မရပါဘူး။ Online Marketing ရဲ့ သဘောတရားကတော့ Feedback ချက်ချင်းပြန်ရတာမျိုး ရှိပါတယ်။ နောက်တစ်ခုရှိသေးတာက Online Marketing က Offline ထက်စာရင် အကုန်အကျပိုပြီးတော့ သက်သာပါတယ်။ Online Marketing ဈေးကွက်ကလည်း ပိုပြီးတော့ ကြီးထွားလာပါပြီ။

ကိုယ့်ရဲ့ကုန်ပစည်းရဲ့ Target Audience စစ်ဆေးကြည့်ပြီး အဲဒီအတွက် Content ဖန်တီးတဲ့အခါမှာ သတိထားရပါမယ်။ လူကြီးတွေကို ရည်ရွယ်တဲ့ ကုန်ပစ္စည်းတွေဆိုရင် လူကြီးတွေကို ရည်ရွယ်တဲ့စာတွေ၊ ပုံတွေဖန်တီးတဲ့အခါမှာ ပုံတွေ၊ စာတွေက လူငယ်ဆန်နေလို့မရပါဘူး။ ပြီးတော့ Content တွေက Neutral ဖြစ်နေဖို့ လိုပါတယ်။ သဘာဝအတိုင်းဖြစ်ဖို့လိုပါတယ်။ Marketing လုပ်နေတယ်လို့ သဘောမထားဘဲနဲ့ ကိုယ့်ရဲ့ ကုန်ပစည်းနဲ့ သူတို့ကိုအကျိုးပြုမယ်ဆိုတဲ့ Mindset နဲ့ လုပ်ဖို့လိုပါတယ်။ Online Marketing ရဲ့ သဘောတရားတစ်ခုက User တွေက ကြော်ငြာမမြင်ချင်တော့ပါဘူး။ ကြော်ငြာမြင်ရတာရိုးနေပါပြီ။ အဲဒါကြောင့် သူတို့အတွက်ကို ကြော်ငြာမဟုတ်ဘဲ Valuable ဖြစ်တဲ့ Content တစ်ခုကို ဖန်တီးပေးရမှာဖြစ်ပါတယ်။ Campaign တစ်ခုပြီးတိုင်း Review ပြန်လုပ်ပြီးတော့ ကိုယ့်ကြော်ငြာကို လူဘယ်နှယောက်မြင်သွားတယ်၊ ကောင်းတဲ့ Feedback ပေးတဲ့လူတွေ၊ မကောင်းတဲ့ Feedback ပေးတဲ့လူတွေ၊ ဘယ်နိုင်ငံက လူတွေလာကြည့်တယ်ဆိုတဲ့ အချက်အလက်တွေကို ထုတ်ပြီးတော့ နောက်ထပ် campaign အသစ်အတွက် ပြန်သုံးရပါတယ်။

 

၂၀၁၆ ခုနှစ်အတွင်း Marketer တွေကြားထဲမှာ ပိုမိုအသုံးပြုလာတဲ့ Content Format ကတော့ Video တွေဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ၇၃ ရာခိုင်နှုန်းသော Marketer တွေက Video တွေကို တိုးမြှင့်သုံးစွဲလာကြတာဖြစ်ပါတယ်။ Content Marketing အထဲမှာ Video Format က အဓိကနေရာ ယူလာခဲ့တယ်လို့ Marketer ၂၁ ရာခိုင်နှုန်းလောက်က ယူဆကြပါတယ်။ YouTube လို Video Platform နဲ့ပတ်သက်လို့ အသုံးပြုသူတွေကိုရော ကြော်ငြာရှင်တွေကိုပါ နိုင်ငံတကာ Marketer တွေက ပိုသိလာစေချင်နေကြပါပြီ။ နောက်ပြီးကျွမ်းကျင်သူတွေက ၂၀၁၆ ခုနှစ်အတွင်းမှာ Content Marketing မှာ Video Content ကို ၅၀ ရာခိုင်နှုန်းလောက် တိုးမြှင့်သုံးစွဲလာကြမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါကြောင့် Video Content  Creator တစ်ယောက်အဖြစ် Today Ogilcy & Mather Myanmar မှာ လုပ်ကိုင်နေတဲ့ ဦးသန့်မောင်ကို Video Content Creation  (Online) နဲ့ပတ်သက်လို့ မေးမြန်းဖြစ်ခဲ့ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကတည်းက သူ့ရဲ့ Career ကို အင်္ဂလန်နိုင်ငံမှာ TV Commerical တွေ ၊ TV Program တွေ ဖန်တီးရိုက်ကူးရင်းက စတင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ Finland နိုင်ငံကို ရောက်ရှိပြီးနောက်မှာတော့ Online Content Creation ကို စတင်ပြုလုပ်လာခဲ့တာပဲဖြစ်ပါတယ်။

UThantMg

ဦးသန့်မောင်

Video Content Creator

TODAY Ogilvy & Mather Myanmar

Online Content Creation နဲ့ပတ်သက်လို့ ပြောပြပေးပါ . . .

Online Content Creation က TV Commercial တွေ၊ တခြား Content တွေနဲ့ ကွာတာက TV Commercial ဆိုရင် ဒီနေ့စပြီး အိုင်ဒီယာရမယ်ဆိုရင် အနည်းဆုံး နှစ်လလောက်နေမှ အဲဒီကြော်ငြာက ပြီးမယ်။ အဲဒီကျတော့မှ TV ပေါ် ရောက်ပါမယ်။ ဒီ Internet/ Online Marketing က ဒီနေ့ရတဲ့ အိုင်ဒီယာကို ဒီနေ့ချက်ချင်း တင်နိုင်ပါတယ်။ ပြီးတော့ အဲဒါက Topical ဖြစ်ပါတယ်။ ဥပမာ - ဒီနေ့ဖြစ်ပျက်တာတစ်ခုခုကို ချက်ချင်း Comment - မှတ်ချက်ပေးလို့ရပါတယ်။ ဒီခေတ်မှာ အဲဒီလိုစဉ်းစားရမှာဖြစ်ပါတယ်။

အရင်တုန်းကတော့ သတင်းတွေက ဒီလောက် ခေတ်မစားပါဘူး။ အဲဒါကြောင့် မဂ္ဂဇင်းတစ်ခုအတွက်ဆိုရင် နှစ်လလောက်ကြိုရေးထားလည်း ထွက်တဲ့အခါကျရင် အဲဒါက သိပ်နောက်မကျသေးပါဘူး။ အခုဆိုရင်တော့ လွန်ခဲ့တဲ့ နှစ်လတုန်းကဖြစ်တာကို ဘယ်သူမှ ဂရုမစိုက်တော့ပါဘူး။ အခုအချိန်မှာ လူတွေက အကုန်လုံးကို ချက်ချင်းလိုချင်ကြပါတယ်။ မစောင့်ချင်ကြပါဘူး။ အဲဒီတော့ Marketing လုပ်တဲ့လူတွေကလည်း ပရိသတ်ကို အဲဒါမျိုးပေးရပါမယ်။

Content တွေကို ချက်ချင်းပေးနိုင်ရမယ့်အပြင် နောက်ထပ်အရေးကြီးတာက Regularly ဖြစ်ရမယ်ဆိုတာပါ။ အဲဒီတော့ ကိုယ်ပေးတဲ့ Content က အမြဲလိုလို ရနေတဲ့ Content ဖြစ်ရပါမယ်။ Content Provider တစ်ယောက်က ကောင်းတဲ့ Product ပေးနေတယ်ဆိုတာ Regular ဖြစ်တာလို့ ပြောလို့ရပါတယ်။ Regular ဆိုတဲ့နေရာမှာလည်း တစ်လတစ်ခါ ဖြစ်လို့မရပါဘူး၊ တစ်ပတ်တစ်ခါဖြစ်လို့မရပါဘူး။ စစချင်းတော့ Daily လုပ်စရာ ကိုယ့်မှာ Content ရှိချင်မှ ရှိပါလိမ့်မယ်။ ဒါကြောင့် တစ်ပတ်နှစ်ခါလောက်ကနေ အစပြုသင့်ပါတယ်။ အခုမှစတဲ့ လုပ်ငန်းတစ်ခုဆိုရင်တော့ အနည်းဆုံးတစ်ပတ်တစ်ခါ တင်ရပါမယ်။ ဥပမာ - တနင်္လာနေ့တိုင်း၊ အင်္ဂါနေ့တိုင်း အသစ်တစ်ခုတင်တယ်ဆိုတာမျိုးပေါ့။ တစ်ပတ်တစ်ခါ တင်ချင်တဲ့ရက် တင်တာမျိုးတော့ လုပ်လို့မရပါဘူး။ ပုံမှန်တစ်ခုခုလေး ထုတ်ပေးထားလိုက်ရင် ပရိသတ်က တဖြည်းဖြည်းချင်း စုလာပါလိမ့်မယ်။ တကယ့် Content Expert တွေကတော့ နေ့တိုင်း ပေးပါတယ်။ ဒါကြောင့် Daily လုပ်တဲ့နေရာကို သွားဖို့ ကြိုးစားသင့်ပါတယ်။

ဘယ်လို Content မျိုးက လူကြိုက်အများဆုံးလဲ . . .

Content ပုံစံအများကြီးရှိပါတယ်။ ကောင်းတဲ့ Content ဆိုတာက လူတွေကိုကြည့်ပြီး လူတွေ ဘာလုပ်သလဲဆိုတာကို ပြန်ပြောပြတဲ့ လူတွေအတွက်မှန်တဲ့ Content ပဲဖြစ်ပါတယ်။ ကိုယ်ဘာပေးချင်သလဲဆိုတဲ့အပေါ် မူတည်ပြီး ရိုးရိုးသားသားနဲ့ အမှန်ကိုဖွင့်ချပြနိုင်ရင် ပရိသတ်ကသိပါတယ်။ အများကြီးပြောဖို့လည်း မလိုပါဘူး။ Online Content တွေရဲ့ အားသာချက်တစ်ခုက လူတွေ ကြိုက်လားမကြိုက်လားဆိုတာကို ချက်ချင်းသိနိုင်တာကြောင့် ချက်ချင်းပြောင်းလို့ရပါတယ်။ ဥပမာ - သုံးမိနစ်စာ Video ကို လူတွေသိပ်မကြိုက်ဘူးဆိုရင် အဲဒီထဲက စက္ကန့် ၃၀ စာချပြကြည့်လို့ရပါတယ်။ ကိုယ့်ကိုယ်ကိုယ် အဲဒီလို ချက်ချင်းဆန်းစစ်ကြည့်နိုင်တာက အင်မတန် အသုံးဝင်ပါတယ်။

အခုကတော့ လူတွေက Video အကြည့်များနေပါတယ်။ ဒါပေမဲ့ Video ဆိုတာက လှုပ်နေတဲ့ပုံတွေပါပဲ။ နှစ်မိနစ်၊ သုံးမိနစ်စာ Video တွေထက် ၁၀ စက္ကန့်၊ ၁၅ စက္ကန့်စာ Video တွေကို လူကြိုက်များပါတယ်။ ဟိုအရင်တုန်းကလို တအားလှပြီး ကင်မရာကြီးကြီးမားမားနဲ့ ပိုက်ဆံတွေအများကြီးသုံးပြီးရိုက်ထားတဲ့ Video ဖြစ်စရာမလိုပါဘူး။ အဲဒီလိုလည်းမလုပ်နိုင်တော့ပါဘူး။ တကယ် Content လုပ်တဲ့လူတွေက အနည်းဆုံး တစ်နေ့တစ်ခါ လုပ်နေကြတာကြောင့်ဖြစ်ပါတယ်။ နောက်တစ်ခါ Story တွေပါ။ လူတွေ Relate လုပ်နိုင်တဲ့အရာမျိုးကို ကြိုက်ကြပါတယ်။ ဒါကြောင့် Content တွေက ကြည့်တဲ့လူက ကိုယ်နဲ့သက်ဆိုင်တယ်ဆိုပြီး ခံစားနားလည်ပေးနိုင်တာမျိုး ဖြစ်ဖို့လိုပါတယ်။

Social Media Platform တွေထဲမှာ Facebook နဲ့အတူတူလာတဲ့ Social Media တွေက တက်လိုက်ကျလိုက် ဖြစ်တာမျိုးရှိပါတယ်။ Facebook က တစ်ချိန်လုံး(ခေတ်နဲ့အညီ)ပြောင်းနေတော့ အခုထိတော့  တော်တော်ထိရောက်ပါသေးတယ်။ နောက်ပြီးတော့ Facebook က YouTube ကို ဖြုတ်ချင်တာပါ။ Facebook က နံပါတ်တစ် Video Platform ဖြစ်ချင်တယ်လို့ Mark Zuckerberg ကိုယ်တိုင်လည်းပြောပါတယ်။ အဲဒီတော့ အခုအချိန်မှာ Facebook မှာ Video တင်လိုက်ရင် Facebook က တတ်နိုင်သလောက် ကူညီပါတယ်။ အဲဒါကြောင့် Video Content တင်ဖို့ သိပ်ကိုကောင်းတဲ့အချိန် ဖြစ်ပါတယ်။ အခုတစ်နှစ် နှစ်နှစ်အတွင်း Facebook က YouTube ကို လိုက်နေတုန်းတော့ Video Content က အဆင်ပြေနေပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာက ပုံတွေက နည်းနည်းပိုပြီးတော့ ထိရောက်ပါတယ်။ နိုင်ငံခြားမှာတော့ ဗီဒီယိုတွေကို လူတွေက ပိုပြီးလိုချင်ကြပါတယ်။ ဒီမှာက Data ရှိသေးတယ်ဆိုတော့ ပုံတစ်ပုံနှစ်ပုံနဲ့ Story လေး ထုတ်နိုင်လို့ရှိရင် လူတွေကြိုက်မှာပါပဲ။ ပုံတွေ၊ Gif တွေကိုလည်း အထင်မသေးသင့်ပါဘူး။

JulyCoverstory4

Content Creation လုပ်တဲ့အခါမှာလည်း ရိုးရိုးသားသားဖြစ်ဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လည်းဆိုတော့ ပရိသတ်က တိုးတက်နေပါပြီ။ မြန်မာပြည်မှာတောင်မှ တိုးတက်နေပါပြီ။ ဟိုအရင်ခေတ်တုန်းက ကြော်ငြာတွေလိုမျိုး ညာပြီးရောင်းလို့မရတော့ပါဘူး။ လူတွေကနားလည်နေပါပြီ။ နေ့တိုင်း လူတစ်ယောက်ကို မနက်ကနေညအထိ Message ၊ Content တွေနဲ့ ကြော်ငြာတွေ Non Stop ထိတွေ့နေရတာပါ။ အဲဒီတော့ ရိုးသာမှုမရှိတာ တစ်ခုခုဆိုရင် ချက်ချင်းသိကြပါတယ်။

Powerful အဖြစ်ဆုံး ကြော်ငြာနည်းက ပရိသတ်က ကြော်ငြာပေးတာပါ။ ကိုယ်ကဘာမှ ဝင်လုပ်ပေးစရာ မလိုပါဘူး။ အဲဒီအတွက် အရေးအကြီးဆုံးက သူတို့ရဲ့ Trust ကို ရဖို့ပါပဲ။ အဲဒီအတွက် ကိုယ်က လိမ်နေလို့ မဖြစ်တော့ပါဘူး။

ဥပမာ - ကျွန်တော်တို့ Finland မှာ လွန်ခဲ့တဲ့ ခြောက်လလောက်တုန်းက ကောင်မလေးတစ်ယောက်က Facebook Page တစ်ခု ထောင်လိုက်ပါတယ်။ သူ့ Page က ကာတွန်းလေးတွေ ဆွဲပါတယ်။ ကာတွန်းတွေက Finnish တွေ တစ်နေ့တစ်နေ့ ကြုံတွေ့နေရတဲ့ အကြောင်းတွေပါ။ သူ့ Page ကို ပထမတစ်ရက် နှစ်ရက်အတွင်း သိန်းနဲ့ချီပြီးလူတွေ Like လုပ်သွားကြပါတယ်။ တအားလည်း နာမည်ကြီးသွားပါတယ်။ အဲဒါက သူက လူတွေအားလုံးနဲ့သက်ဆိုင်တဲ့ Content ကို ပေးနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ သူ့ Content ကိုကြည့်လိုက်ရင် လူတွေအားလုံးက နားလည်ပါတယ်။

ဒါကြောင့် Online Content ဖန်တီးတဲ့အခါ ပထမဆုံးအစမှာက လူနည်းစုကို မှန်းဖို့ပါ။ လိုချင်တာက ပရိသတ်က နားလည်ဖို့ပဲဆိုတော့ လူနည်းစုကိုမှန်းရင် ပိုပြီးတော့လွယ်ပါတယ်။ ဥပမာ - တစ်ကမ္ဘာလုံး ကြိုက်မယ့်အရာတစ်ခု ဒီနေ့အတွက် ထုတ်မယ်လို့လုပ်ရင် အတော်ခက်ပါလိမ့်မယ်။ ဒါကြောင့် အရင်ဆုံး Group ခပ်သေးသေးကို ရွေးပြီးစရပါမယ်။ အဲဒီလိုမျိုး ရွေးချယ် Target လုပ်ပေးတဲ့ Content တွေက ကိုယ်ရည်ရွယ်တဲ့ Group အတွက်တော့ တအားကြိုက်မယ့် Content တွေပါပဲ။ အဲဒီလို အသေးနဲ့စပြီးတော့ အဲဒီပရိသတ်တွေ ကြိုက်ရင်တော့ အလိုအလျောက် Grow ဖြစ်လာပါလိမ့်မယ်။

JulyCoverstory5

၂၀၁၆ ခုနှစ်အတွင်း ခေတ်စားမယ့် Online Marketing Trend ၇ ခု

Online Marketing Industry က ရှုပ်ထွေးသလို Volatile လည်းဖြစ်ပါတယ်။ ဒါပေမဲ့ ခေတ်မီနည်းပညာတွေနဲ့ နေထိုင်ချင်သူတွေအတွက်တော့ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ နှစ်တိုင်းလည်း Hardware အသစ်တွေ၊ Software အသစ်တွေ၊ ကုမ္ပဏီအသစ်တွေ၊ User Preference အသစ်တွေကြောင့် ကြိုတင်ခန့်မှန်းချက် အသစ် အသစ်တွေလည်း ထွက်ပေါ်မြဲဖြစ်ပါတယ်။ အဲဒီခန့်မှန်းချက်တွေအပေါ် ကြိုတင်အသုံးချ နေရာယူတတ်သူတိုင်းကတော့ ဈေးကွက်ထဲမှာ ခြေတစ်လှမ်းသာနေမှာပဲဖြစ်ပါတယ်။ ခေတ်နဲ့အညီ ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ စိတ်ဝင်စားစရာ Trend တွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ Video Ads တွေ နေရာယူထားပါလိမ့်မယ်

YouTube လို Video Channel နဲ့ ကြော်ငြာ Platform တွေဖြစ်တဲ့ Facebook နဲ့ Bing တို့လည်း ရှိပြီးသားဆိုတော့ ဒါက အထူးအဆန်းတော့မဟုတ်ပါဘူး။ ဒါပေမဲ့ Google လို Search Engine ကလည်း Video Ad တွေကို လက်ခံလာတာကို ကြည့်ရရင် User တွေဟာ Online ပေါ်မှာ Video တွေကို ပိုလက်ခံလာပြီဆိုတဲ့သဘော သက်ရောက်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်သူတွေကတော့ ကိုယ်မထင်မှတ်ထားတဲ့ Channel တွေကနေ Pop Up Video Ad တွေ ပေါပေါများများ တွေ့လာရမယ်လို့ ခန့်မှန်းထားပါတယ်။

၂။ App Indexing ကြောင့် App တွေ ပေါက်ကွဲထွက်လာသလို များလာပါလိမ့်မယ်

Google ကိုယ်တိုင်က App Indexing ကို ပေးလာတာဖြစ်လို့ App Ranking ကိစ္စက ပိုမိုရှုပ်ထွေးလာနိုင်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း ကိုယ့်လုပ်ငန်းအကြောင်းကို Online မှာ သတ်သတ်မှတ်မှတ် App တစ်ခုကနေတစ်ဆင့် လူသိခြင်းရဲ့အကျိုးကျေးဇူးကို ပိုနားလည်လာပါလိမ့်မယ်။ Mobile မှာ ကြည့်ရလွယ်ကူ အဆင်ပြေအောင်လုပ်ထားတဲ့ Website တွေက Mobile အသုံးပြုသူတွေအတွက် စိတ်ကြိုက်ဖြစ်လောက်ပေမဲ့ မကြာခင်မှာ App တွေက ဒီ Site တွေကို နေရာယူသွားတော့မှာဖြစ်ပါတယ်။ App တွေက Website တွေလုပ်နိုင်တာမှန်သမျှကို လုပ်ပေးနိုင်တဲ့အပြင် ပိုပြီးတော့ မှန်ကန်လွယ်ကူအဆင်ပြေပြေ ရယူအသုံးပြုနိုင်ပါတယ်။ Website တွေကို App တွေက အပြည့်အ၀ ဖယ်ထုတ်နေရာယူလာမယ်ဆိုတဲ့ကိစ္စက နှစ်အချို့လိုပါသေးတယ်။ ဒါပေမဲ့ ဒီနှစ်အတွင်းမှာတော့ လုပ်ငန်းရှင်အချို့ရဲ့ App နဲ့ပတ်သက်လို့ စဉ်းစားတဲ့ပုံစံတွေ ပြောင်းလာမှာကတော့ အမှန်ပါပဲ။

၃။ Destop ကို Mobile က လုံးဝကျော်သွားပါလိမ့်မယ်

၂၀၁၅ ခုနှစ်အတွင်းမှာ Google က သူ့ရဲ့ Site ကို အသုံးပြုသူတွေထဲမှာ Destop ကနေ အသုံးပြုသူ အရေအတွက်ထက် Mobile ကနေ Access လုပ် အသုံးပြုသူအရေအတွက်က နိုင်ငံဆယ်နိုင်ငံမှာ ပိုများနေတယ်ဆိုတာ ကြေညာခဲ့ကြပါတယ်။ Google က Desktop Site ချည်းပဲသက်သက်ရှိတဲ့ Website တွေဆိုရင် Phase Out လုပ်မယ်ဆိုတဲ့ Mobilegeddon Algotithm ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ့်မှာ Mobile Only Website ရှိရင်တော့ အပြန်အလှန်အနေနဲ့ Desktop Website ရှိဖို့လိုတယ်လို့ Google က မသတ်မှတ်ထား တာကိုတွေ့ရပါတယ်။ ဒီအကြောင်းတစ်ခုတည်းကြောင့်တော့ Desktop Traffic က ကျသွားတာမဟုတ်ပါဘူး။ Google က လက်ခံရတဲ့ ကြော်ငြာဝင်ငွေတွေထဲမှာလည်း Desktop က တဖြည်းဖြည်းနည်းလာပါပြီ။ ဆိုလိုတာကတော့ Mobile-Focused Online Marketing တစ်ခုတည်းမှာပဲ ပိုက်ဆံသုံးကြတယ်ဆိုတာပါပဲ။

၄။ Digital Assistans တွေက Optimization နည်းအသစ်ဆီ ခေါ်ဆောင်သွားပါလိမ့်မယ်

Search Ending Optimization (SEO) နဲ့ Pay-Per-Click တို့က ကိုယ့်ရဲ့ Site ကို Visitor တွေ ထောင်နဲ့ချီမြင်စေဖို့ နာမည်ကျော်နည်းလမ်းနှစ်ခု ဖြစ်နေတုန်းပါပဲ။ ဒါပေမဲ့ Digital Assistants တွေ နေရာရလာတာနဲ့အမျှ နည်းအသစ်နဲ့ ကိုယ့်ရဲ့ Site တွေကို Optimize လုပ်ရတော့မှာဖြစ်ပါတယ်။ Siri နဲ့ Cortana တို့လို Digital Assistant  Traditional Search Engine တွေကို ယူသုံးပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့ သတင်းအချက်အလက်တွေ ရှိမှသာဖြစ်ပါတယ်။ ဒါကြောင့် လိုက်နာရမယ့် နည်းလမ်းအသစ်ကတော့ ကိုယ့်လုပ်ငန်းအချက်အလက်တွေက Digital Assistant တွေက လိုအပ်လာတဲ့အခါ အလွယ်တကူ ရှာဖွေနိုင်အောင် အဆင်သင့် Optimize လုပ်ထားပေးဖို့ပါပဲ။

၅။ Virtual Reality တွေ ပိုများလာပါလိမ့်မယ်

ဒီနှစ်ပိုင်းတွေမှာ Virtual Reality Device တွေ ပိုပေါများလာပြီး တချို့တွေက Video Game တွေလို Application တွေအတွက် ရည်ရွယ်ကာ တချို့ကတော့ အထွေထွေသုံးအတွက်ပဲဖြစ်ပါတယ်။ ဒီနှစ် မတ်လနှောင်းပိုင်းက ထုတ်ခဲ့တဲ့ Oculus Rift လို VR Device (Virtual Reality Headset) တို့လို Virtual Reality Device တွေက Social Media Platform တွေ၊ Video Channels တွေ ၊ Direct Messaging နဲ့ ပေါင်းစပ်ကာ  Online Advertising Format အသစ်ကို ဖြစ်ပေါ်စေပါလိမ့်မယ်။ VR Device တွေက ခဏတာကျော်ကြားမှုပဲ ဖြစ်လေမလား တွေးစရာရှိပေမဲ့ အဲဒီ Project တွေအတွက် Funding တွေက ဒေါ်လာ ဘီလီယံနဲ့ ရှိထားနှင့်ပြီးသားဖြစ်ပါတယ်။

JulyCoverstory6

၆။ Wearable Technology and the Internet of the Things (loT)

VR Device တွေတင်မက Smart Device တွေဒီနှစ်ထဲမှာ ပိုပြီးနေရာရလာပါတယ်။ ၂၀၁၅ ခုနှစ်ထဲမှာ Apple Watch က အစပြုပြီး ပုံစံမျိုးစုံနဲ့ ထွက်ပေါ်ခဲ့တဲ့ Smart device တွေကြောင့် ၂၀၁၆ ခုနှစ်မှာတော့ ဒီလို Device တွေကြောင့် ပိုမိုထွက်ပေါ်လာဖို့ပဲရှိပါတယ်။ ဒါတွေကြောင့်လည်း အသုံးပြုသူတွေရဲ့ အင်တာနက်၊ Online အသုံးပြုပုံတွေ ပြောင်းလာပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်တွေအနေနဲ့လည်း ပုံမှန် Marketing လုပ်တဲ့ အလေ့အထပုံစံတွေ ပြောင်းလာပြီး Online Marketing နဲ့ Real Marketing တို့ှကြားက လိုင်းကလည်း ပိုပါးလာပါလိမ့်မယ်။

၇။ ကြော်ငြာခနှုန်းထားတွေ ပိုများလာပါလိမ့်မယ်

လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက Online Marketing ထဲမှာ အပြိုင်အဆိုင်တွေများလာနေတာဖြစ်ပါတယ်။ ဒီနှစ်ထဲပိုလို့များလာတာလည်းတွေ့ရမှာပါ။ စီးပွားရေး သဘောတရားအရ Demand  များလာတာနဲ့အမျှ သူနဲ့အတူ ဈေးနှုန်းလည်း လိုက်များလာတာမျိုး ရှိပါတယ်။ ဒါကြောင့် ကိုယ့် Online Marketing ပြိုင်ဘက်တွေဟာလည်း သူတို့ရဲ့ Online Marketing Budget ကို ပိုမြှင့်လာပါလိမ့်မယ်။ တကယ်တမ်းတော့ Online Ads တွေက ဈေးသက်သာတဲ့ အနေအထားမှာ ရှိပါတယ်။ ဒါပေမဲ့ တကယ်လို့ ဈေးနှုန်းတွေ တက်လာခဲ့ရင်တော့ ကုမ္ပဏီအသေးလေးတွေ ဈေးကွက်ပျောက်သွားမှာပါ။

JulyCoverstory7

SnapChat ကို လုပ်ငန်းအတွက် သုံးမယ်ဆိုရင် . . .

ဘယ်လို Instant Messaging Platform ကိုမဆို Marketing Purpose နဲ့ သုံးမယ်ဆိုရင် သုံးနိုင်ပါတယ်။

အမေရိကန်နိုင်ငံတစ်ဝန်း SnapChat အသုံးပြုသူပေါင်း ၂၆ သန်းကျော်ရှိပါတယ်။ အများစုက တက္ကသိုလ်တက်နေသူ ၇၇ ရာခိုင်နှုန်းလောက်က Snap Chat ကို နေ့စဉ်အသုံးပြုပါတယ်။ Snap Chat ကနေ ကူပွန်ရခဲ့ရင် အဲဒီ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတစ်ခုခုကို ဝယ်ဖို့ ကျောင်းသူ ကျောင်းသား ၅၈ ရာခိုင်နှုန်းလောက် ဆုံးဖြတ်ကြပါတယ်။

- ပွဲ၊ အထူးအစီအစဉ်တစ်ခုခုလုပ်မယ်ဆိုရင် Audience တွေကို အချိန်နဲ့တစ်ပြေးညီ Update လုပ်ပေးနိုင်ပါတယ်။

- Product/Brand အသစ်တစ်ခုခုကို မိတ်ဆက်တော့မယ်ဆိုရင် သုံးနိုင်ပါတယ်။ တင်လိုက်တဲ့ Video ၊ Picture တစ်ခုခုက စက္ကန့်ပိုင်းပဲခံတာဖြစ်လို့ User Feedback ရရုံ ခဏတာသာ ပြချင်တယ်ဆို အဆင်ပြေပါတယ်။

- Audience နဲ့ Brand ပိုရင်းနှီးစေဖို့ လုပ်ငန်းနဲ့ ပတ်သက်တဲ့ Behind the Scene တွေကို ပြသတဲ့နေရာမှာ သုံးနိုင်ပါတယ်။

- Video အတိုလေးတွေအများကြီးဖန်တီးပြီး Stroy သဘောမျိုးလုပ်ကာ User တွေကို ဆွဲဆောင်နိုင်ပါတယ်။

- လူတိုင်းက အခွင့်အရေးတစ်ခုခု၊ လက်ဆောင်တစ်ခုခု ရတာမျိုးကိုကြိုက်ပြီး သူများကိုလည်း ပြန်ပြောပြတတ်ပါတယ်။ ဒါကြောင့် User တွေကို Incentive ပေး ဆွဲဆောင်တဲ့နည်းကို Marketing Strategy အစိတ်အပိုင်းအနေနဲ့ သုံးနိုင်ပါတယ်။

JulyCoverstory8

Pinterest ကို လုပ်ငန်းအတွက် သုံးမယ်ဆိုရင် . . .

သန်းတစ်ရာကျော်သော Active User ရှိတဲ့ ဒီ Site ဟာ Demographic ပုံစံ Content တွေအတွက် ထူးခြားသီးသန့်ဆန်တဲ့ Platform ဖြစ်ပါတယ်။ The Wall Street Journal ရဲ့ ၂၀၁၄ ခုနှစ်က လေ့လာချက်အရ Pinterest အသုံးပြုသူ ၇၁ ရာခိုင်နှုန်းလောက်က အမျိုးသမီးတွေဖြစ်ပါတယ်။  Pinterest ဟာ DIY နဲ့ Craft Projectတွေ၊ Recipes တွေ၊ Fashion ၊ Home Decore နဲ့ Health နဲ့ Finess  စတဲ့ သတင်းအချက်အလက်တွေအတွက် နာမည်ကြီးပါတယ်။

- Website ကို လူတွေများများဝင်ကြည့်အောင်၊ ကိုယ့် Brand နဲ့ ရင်းနှီးပြီးလူတွေ ယုံကြည်လာအောင် လုပ်နိုင်ပါတယ်။ Business Account ဖွင့်ပြီး အသုံးပြုပါ။ ကိုယ့် Website မှာ Pinterest Button ထည့်ပေးထားပါ။

- အသုံးပြုသူအများစုက အမျိုးသမီးတွေဖြစ်တာကြောင့် သူတို့ကို Target ထားတဲ့ Brand/Product တွေအနေနဲ့ ဆွဲဆောင်ဖို့အကောင်းဆုံးဖြစ်ပါတယ်။

- Social Media အများစုလို Post တစ်ခု တင်လိုက်ပြီးရင် စက္ကန့်ပိုင်းအတွင်း အသစ်တွေနဲ့ ဖုံးသွားတာမျိုး မဟုတ်ပါဘူး။ ကိုယ့် Pin တွေကို တစ်ယောက်ယောက်က Pin ပြန်လုပ်လိုက်တဲ့အချိန်တိုင်း အသစ်တစ်ဖန် ပြန်အပေါ် ရောက်လာပါလိမ့်မယ်။

- စိတ်ဝင်စားစရာ Info graphic ပုံတွေဖန်တီးပါ။ တင်လိုက်သမျှပုံတိုင်းကို နာမည်ပေးပါ။ Hashtag တွေသုံးပါ။ ကိုယ့် Brand Name ကို Pin တိုင်းမှာ ထည့်ပေးပါ။

JulyCoverstory9

Twitter ကိုလုပ်ငန်းအတွက်သုံးမယ်ဆိုရင် . . .

နေ့စဉ် Active User ပေါင်း သန်းတစ်ရာကျော်ရှိတဲ့ ဒီ Social Network ဟာလည်း စီးပွားရေးလုပ်ငန်းတွေအတွက် ကျယ်ပြန့်တဲ့ Marketing Platform တစ်ခုပါ။ သူက အရွယ်ရောက်ပြီး လူငယ်တွေ Young Adult တွေကြားမှာ ပိုခေတ်စားပါတယ်။ ပြီးတော့ Twitter ကို သုံးကြသူတွေဟာ သတင်းအချက်အလက်အသစ်တွေကို ပိုဆာလောင်သူတွေ ဖြစ်ကြပါတယ်။

- ကိုယ့် Brand က ခေတ်နဲ့အညီ သတင်းအချက်အလက်တွေ ဘယ်လောက် Updated လုပ်နိုင်မလဲဆိုတာ ပြသနိုင်ပါတယ်။

- ကိုယ့် Promotion ပွဲထဲမှာ ဘယ် Item တွေကိုတော့ ဘယ်လောက်နှုန်းနဲ့ ရောင်းချပေးနေတာ ဘယ်နှမျိုးလောက်ပဲ ကျန်ပါတော့တယ် စသဖြင့် အချိန်နဲ့ တစ်ပြေးညီသတင်းပေးပြီး Promotion/Event တွေနဲ့ တွဲသုံးနိုင်ပါတယ်။

- Re Tweet to Win၊ Follow to Win လို Lucky Draw Contest တွေလုပ်ကာ ကိုယ့် Brand ကို လူပိုသိအောင်၊ Product ကို လူပိုသိအောင်လုပ်နိုင်ပါတယ်။ Brand အကြောင်း လူတွေဘယ်လောက်သိသလဲ စမ်းသပ်တဲ့အနေနဲ့ မေးခွန်းမေးပြီး အဖြေအမြန်ဆုံးပေးနိုင်တဲ့သူကို ဆုပေးတာမျိုးလုပ်ကာ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်နိုင်ပါသေးတယ်။

- Header၊ Profile Picture တွေ ကောင်းမွန်ပြီး နေ့စဉ် Tweet လုပ်ပေးနိုင်ခြင်းကလည်း အရေးပါပါတယ်။ ကိုယ့် Industry မှာ သြဇာရှိတဲ့ Twitter Influencer တွေနဲ့လည်း ကိုယ့် Account ကို ချိတ်ဆက်ထားဖို့ လိုပါတယ်။

JulyCoverstory10

Instagram ကို လုပ်ငန်းအတွက်ဘယ်လိုသုံးမလဲ . . .

အသုံးပြုသူ သန်းလေးရာကျော်ရှိပါတယ်။ နာမည်ကြီး ဓာတ်ပုံ၊ ဗီဒီယိုအတွက် သီးသန့်ဖြစ်တာကြောင့်  Follower များများရှိနေဖို့ အရင်လုပ်ရပါမယ်။ ဒါကြောင့် Facebook Account နဲ့ချိတ်ထားပါ။ Popular ဖြစ်လောက်မယ့် Hashtag တွေကိုသုံးပါ။ တခြားလူတွေကိုလည်း Follow  လုပ်ပြီး သူတို့တင်တာတွေကို Like လုပ်ပေးပါ။

- ပစ္စည်းသစ်ထွက်တာပဲဖြစ်ဖြစ် Popular အဖြစ်ဆုံး ပစ္စည်းကိုပဲဖြစ်ဖြစ် စိတ်ဝင်စားဖွယ်ပြသနိုင်ပါတယ်။ ဘယ်ပစ္စည်းကို ဘယ်လိုလုပ်ထားတယ်ဆိုတာ တစ်ပုံချင်းပြသလို့ရသလို ဗီဒီယိုရိုက်ပြီးလည်း စိတ်ဝင်စားဖွယ် ပြသနိုင်ပါတယ်။

- Photo Contest တွေ အကောင်းဆုံးလုပ်လို့ရတဲ့နေရာပါ။ Customer တွေကို ဖိတ်ခေါ်ပြီး သူတို့မှာရှိတဲ့ ကိုယ့်ရဲ့ Product တွေကို ဓာတ်ပုံရိုက်ပြီး တင်ခိုင်းတာမျိုး။ ကိုယ့်ဆိုင်မှာ ရောက်နေတဲ့ဓာတ်ပုံရိုက်ပြီး တင်ခိုင်းကာ လက်ဆောင်တစ်ခုခု အပိုဆောင်းပေးတာမျိုး စသဖြင့် အမျိုးမျိုးသော အစီအစဉ်တွေ လုပ်နိုင်ပါတယ်။

- Follower တွေကို Discount ပေးတဲ့ အစီအစဉ်က ဘယ်တော့မှ မရိုးသွားပါဘူး။ ကိုယ့် Follower တွေထဲက ကိုယ့် Product/Service သုံးတဲ့လူတွေ ပါတယ်ဆိုရင် သူတို့အတွက် ဘယ်လိုအထူးအစီအစဉ်တွေ ရှိပါတယ်ဆိုတာကို ပုံနဲ့ရှင်းပြပေးပြီး Deal တွေ တင်ပေးပါ။

- ဒီပစ္စည်း၊ ဒီဝန်ဆောင်မှုတွေရအောင် ကိုယ့်ဝန်ထမ်းတွေ ဘယ်လိုလုပ်သလဲဆိုတာကို Behind the Scene အနေနဲ့ ပြသပါ။ ဒါမှ Follower တွေနဲ့ ရင်းနှီးမှုပိုရမှာ ဖြစ်ပါတယ်။

JulyCoverstory11

LinkedIn ကိုလုပ်ငန်းအတွက် ဘယ်လိုအသုံးပြုမလဲ . . .

လစဉ် Active User ပေါင်း သန်းတစ်ရာကျော်ရှိတဲ့ LinkedIn က B2B Marketing အတွက် နာမည်ကျော် Social Media တစ်ခုဖြစ်ပါတယ်။ လက်ရှိမှာ သူ့ကို Microsoft က ဒေါ်လာ ၂၆ ဘီလီယံနဲ့ ဝယ်ယူခဲ့ပါတယ်။  Microsoft က အခုနောက်ပိုင်း Online Service တွေကို Business Customer တွေဆီ အဓိကထား ရောင်းချနေတာဖြစ်လို့ ဒီဝယ်ယူမှုက တကယ်အဆီအငေါ်တည့်ပါတယ်။

- Potential Client တွေရှာဖွေတွေ့ရှိဖို့နဲ့ အရည်အချင်း ပြည့်မီတဲ့ ဝန်ထမ်းတွေကို ရှာဖွေ Recruited လုပ်ဖို့အတွက် တကယ့်ကိုအဆင်ပြေပါတယ်။

- Brand Awareness ဖန်တီးပေးသလို Reputation လည်း တက်စေပါတယ်။ အမြဲတမ်း Update လုပ်နေဖို့တော့ လိုပါတယ်။

- ကိုယ့် Industry မှာ ကိုယ့် Brand ကို Leader ၊ Influencer တစ်ယောက်အဖြစ် သတ်မှတ်လာစေဖို့ LinkedIn က ကူညီပေးနိုင်ပါတယ်။ ကိုယ်စဉ်ဆက်မပြတ် လုပ်ဖို့လိုတာကတော့ Quality Content တွေ Update Info တွေ Genuine Advice/ Comment  တွေ ပေးနိုင်အောင် လုပ်တာပါပဲ။ အပြန်အလှန်အနေနဲ့  Influencer တွေနဲ့လည်း Connect လုပ်ထားပါ။

- ကိုယ်နဲ့သက်ဆိုင်ရာ Group တွေများများမှာ ပါဝင်ချိတ်ဆက်ထားပါ။ Professional ကျကျ Customer Relationship Managment လုပ်နိုင်တဲ့နေရာဖြစ်လို့ ကောင်းကောင်းအသုံးချနိုင်သလောက် ကိုယ့်လုပ်ငန်းအတွက် အကျိုးဖြစ်ထွန်းမှာပါ။

JulyCoverstory12

Facebook ရဲ့ Bot များ . . .

ပြီးခဲ့တဲ့ ဧပြီလတုန်းက Facebook က Customer Care Service မှာအသုံးပြုနိုင်မယ့် သူ့ရဲ့ Messenger Bot တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ဆိုလိုတာက Automated Customer Support ၊ E-Commerce Guidance ၊ Content နဲ့ Interactive Expereience တွေကို Chatbot တွေကတစ်ဆင့် လုပ်နိုင်တော့မှာဖြစ်ပါတယ်။

Facebook ရဲ့ အပြောအရဆိုရင်တော့ Bot တွေက အသေအချာစီစဉ်ထားပြီးသား Link ၊ Image၊ Call to Action Button တွေနဲ့ ဖွဲ့စည်းထားတဲ့ Message တွေကို အသုံးပြုကာ Chatbox ကနေ User တွေမေးသမျှကို ပြန်လှန်ဖြေကြားပေးနိုင်တော့မှာဖြစ်ပါတယ်။ အဲဒီလိုလုပ် အသုံးပြုဖို့ကတော့ Application Developer တွေက Facebook Messenger ထဲမှာ Bot တွေကို တည်ဆောက်ပေးရမှာဖြစ်ပါတယ်။ Messenger Bot Web Chat Bot ရော တည်ဆောက်ခွင့်ကို Facebook က ထုတ်ပြန်ပေးခဲ့တာဖြစ်ပါတယ်။ Facebook Messenger Platform ကို အသုံးပြုသူပေါင်း သန်းကိုးရာကျော် ရှိပါတယ်။

Facebook တင်မကTelegram နဲ့ Kik တို့မှာ Bot Store တွေရှိနှင့်ပြီးသားဖြစ်ကာ Microsoft ကလည်း Bot တွေနဲ့ ပတ်သက်လို့ စတင်မိတ်ဆက်ခဲ့ပြီးဖြစ်သလို Slack လို့ခေါ်တဲ့ Bot Builder ကလည်း ရှိနေပြီးသား ဖြစ်ပါတယ်။ Howdy ၊ Fin ၊ Chatfuel ၊ Msgai၊ X.ai နဲ့ Luka တို့လို Bot-focused startups တွေမှာလည်း ကုမ္ပဏီကြီးတွေက ရင်းနှီးမြှုပ်နှံနေကြပါတယ်။ တကယ်လို့သာ Chat Box တွေရဲ့ အခန်းကဏ္ဍက ပိုပီပြင်လာခဲ့ရင် Customer Support ဝန်ဆောင်မှုပုံစံတစ်ခုလုံးက ပြောင်းလဲသွားတော့မှာ ဖြစ်ပါတယ်။

အယ်ဒီတာအဖွဲ့