လုပ်ငန်းခွင်မှာ လက်ကိုင်ဖုန်း (Cell Phone ) ကို အသုံးပြုတဲ့အခါမှာ အများက မယဉ်ကျေးဘူး၊ ရိုင်းတယ်လို့ ပြောနေတာ ဘာကြောင့်လဲဆိုတာကို ကိုယ်တိုင်မသိတာမျိုး ဖြစ်နေတတ်ကြလေ့ရှိပါတယ်။ တချို့ကျတော့လည်း ကိုယ့်ရဲ့အထက်အရာရှိ၊ ဒါမှမဟုတ် တခြားရုံးက အထက်အရာရှိတစ်ယောက်ယောက်ကို ဖုန်းခေါ်လိုက်ရင် ရိုင်းများသွားမလား၊ ကိုယ့်ကိုတစ်မျိုးများ ထင်သွားမလားဆိုပြီး ချီတုံချတုံ ဖြစ်နေကြတာမျိုးတွေလည်း ရှိတတ်ကြပါတယ်။ ဒါကြောင့် အလုပ်နဲ့ပတ်သက်ပြီး လက်ကိုင်ဖုန်းကို အသုံးပြုရတော့မယ်ဆိုရင် လိုက်နာဖို့လိုအပ်တဲ့ ကျင့်ဝတ်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ဖုန်းပြောတဲ့အခါမှာ ဝေးဝေးကနေပြောပါ။
ဖုန်းပြောတဲ့အခါမှာ တခြားလူတွေနဲ့ အနည်းဆုံး ခြေလှမ်းဆယ်လှမ်းလောက် ခွာပြီးပြောပါ။ လူအများစုက သင်ဘယ်သူနဲ့ ဘာတွေပြောနေတယ်ဆိုတာကို ကြားချင်မှာ မဟုတ်ပါဘူး။
၂။ ဖြစ်နိုင်ရင် Hall ခန်းထဲမှာ ဖုန်းမပြောပါနဲ့။
Hall ခန်းလို ခန်းမကျယ်ထဲမှာ တတ်နိုင်သမျှ ဖုန်းပြောတာကို ရှောင်ကြဉ်ပါ။ မဖြစ်မနေပြောရမယ်ဆိုရင် တခြားလူတွေနဲ့ အနည်းဆုံးဆယ်ပေလောက် အကွာအဝေးကနေ ပြောပါ။
၃။ စကားအကျယ်ကြီးမပြောပါနဲ့။
အခြေခံအားဖြင့်တော့ ဖုန်းပြောတဲ့အခါမှာ အသံအကျယ်ကြီးနဲ့ အော်ပြောတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ နောက်ပြီး အသံအကျယ်ကြီးနဲ့ ပြောတာက ကိုယ်ပြောတဲ့စကားကို တစ်ဖက်လူအသေအချာမကြားဘဲ နားလည်မှုလွဲတာမျိုးလည်း ဖြစ်စေနိုင်သလို ကိုယ့်အနီးအနား ပတ်ဝန်းကျင်တွေကိုလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။
၄။ Speaker ဖွင့်ပြီးမပြောပါနဲ့။
ဖုန်းပြောတဲ့အခါမှာ ဖုန်း Speaker ဖွင့်ပြီး မပြောသင့်ပါဘူး။ တကယ်လို့ Speaker ဖွင့်ပြီး ပြောမယ်ဆိုရင်လည်း Speaker ဖွင့်ပြီး ပြောနေတယ်ဆိုတဲ့အကြောင်းနဲ့ ကိုယ့်အနားမှာ ဘယ်သူတွေရှိနေတယ်ဆိုတာကို တစ်ဖက်လူကို ကြိုတင်ပြောထားသင့်ပါတယ်။
၅။ တစ်ယောက်ယောက်နဲ့ တစ်ခုခုစားနေတဲ့အချိန်မှာ ဖုန်းမသုံးပါနဲ့။
တကယ်တော့ ဒီလိုအခြေအနေမျိုးမှာ ဖုန်းကို ပိတ်ထားသင့်ပါတယ်။ ကိုယ်က အရေးကြီးတဲ့ ဖုန်းတစ်ခုကို လက်ခံဖြေကြားဖို့ ရှိနေတယ်ဆိုရင်လည်း ဖုန်းမကိုင်ခင် တစ်ဖက်လူကို ကြိုတင်ခွင့်တောင်းသင့်ပါတယ်။ ခွင့်တောင်းပြီး စားပွဲကနေ ခပ်ဝေးဝေးကို သွားပြီး ဖုန်းပြောသင့်ပါတယ်။ ဖုန်းသွားပြောတဲ့အခါမှာလည်း သန့်စင်ခန်းသွားတာလောက်ပဲ ကြာသင့်ပါတယ်။ အဲဒီထက် ပိုမကြာသင့်ပါဘူး။ နောက်ပြီး သူနဲ့ တစ်ခုခုစားနေတဲ့အချိန်မှာ Message ပို့နေတာမျိုးကိုလည်း မပြုလုပ်သင့်ပါဘူး။ ဒါတွေဟာ တစ်ဖက်လူကို မလေးစားရာ ကျစေပါတယ်။
၆။ ကိုယ့်ကိုယ်ကိုယ် အရင်မိတ်ဆက်ပါ။
ဖုန်းကိုင်တဲ့အခါမှာ အရင်ဆုံးနှုတ်ခွန်းဆက်ပြီးတာနဲ့ ကိုယ့်နာမည်အပြည့်အစုံကို မိတ်ဆက်သင့်ပါတယ်။
၇။ အစည်းအဝေးပြုလုပ်နေချိန်မှာ ဖုန်းမကိုင်ပါနဲ့။
အစည်းအဝေးပြုလုပ်နေချိန်မှာ ဖုန်းကိုင်တာက တော်တော့်ကိုရိုင်းတဲ့ အပြုအမူပါ။ တခြားလူတွေကို အလေးမထားရာ၊ ဂရုမစိုက်ရာလည်း ရောက်စေပါတယ်။ တကယ်လို့ နောက်တစ်ကြိမ်ပြန်ဆက်သွယ်ဖို့ တအားခက်ခဲတဲ့ အရေးကြီးဖုန်းဝင်လာတယ်ဆိုရင်တောင် အစည်းအဝေးခန်းထဲက လူတွေကို ကြိုတင်ခွင့်တောင်းပါ။ တစ်ဖက်လူကိုလည်း သင်အစည်းအဝေး ပြုလုပ်နေတယ်ဆိုတာကို သိစေပါ။ နောက်ပြီး အစည်းအဝေးပြုလုပ်နေချိန် စားပွဲပေါ် ကိုယ့်ရဲ့ဖုန်းကို မတင်ထားပါနဲ့။ အစည်းအဝေးခန်းထဲ ကိုယ်က အောက်ငုံ့ပြီး Message ပို့နေတာမျိုးလည်း မလုပ်ပါနဲ့။
၈။ သိပ်ကြာတဲ့ အသံ Message မပို့ပါနဲ့။
အသံ Message ပို့ရာမှာလည်း တိုတိုနဲ့ လိုရင်းကို ပြောသင့်ပါတယ်။ စကားပြောတဲ့အခါမှာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားနဲ့ တစ်ဖက်လူကို ဘာကြောင့် ဖုန်းခေါ်ရတယ်ဆိုတာကို ပြောပါ။ သူစိမ်းတစ်ယောက်ကို အသံ Message ပို့တာဆိုရင် ကိုယ့်ရဲ့နာမည်၊ ရာထူး၊ ဌာန၊ ကုမ္ပဏီနာမည်နဲ့ ဖုန်းနံပါတ်ကို ဖြည်းဖြည်းမှန်မှန်နဲ့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောပါ။
၉။ အထက်လူကြီးကို ဖုန်းခေါ်မယ်ဆိုရင်
ကိုယ့်ရဲ့ဌာန၊ ရုံး၊ ဒါမှမဟုတ် တခြားရုံးတစ်ရုံးက လူကြီးတစ်ယောက်ယောက်ကို ဖုန်းခေါ်မယ်ဆိုရင် အရင်ဆုံး သူ့ရဲ့ Assitant တစ်ယောက်ဆီကနေ ဖုန်းဆက်လို့ရ မရခွင့်ပြုချက်ယူပါ။ သူ့ဆီကို တိုက်ရိုက်ဖုန်းဆက်မယ်ဆိုရင်လည်း ကိုယ့်ရဲ့နာမည်၊ ရာထူး၊ ကုမ္ပဏီနာမည်နဲ့ ဘာကြောင့် ဖုန်းဆက်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောသင့်ပါတယ်။ နောက်တစ်ကြိမ်ဖုန်းဆက်ခွင့်၊ Message ခွင့်ကိုလည်း တစ်ခါတည်း တောင်းထားသင့်ပါတယ်။