အလကားရတိုင်းမစားနဲ့

JulyChess

အာဆီယံနိုင်ငံတွေက စစ်တုရင်အဖွဲ့ချုပ်တွေ စုစည်းပြီး ဖွဲ့စည်းထားတဲ့ အာဆီယံနိုင်ငံများ စစ်တုရင်အဖွဲ့ချုပ် (ASEAN Chess Confederation) ဆိုတာ ရှိပါတယ်။ ၂၀၀၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာပါ။ အဲဒီနှစ်ကနေစပြီး အာဆီယံဒေသအတွင်းက ကလေးတွေအကြားမှာ စစ်တုရင်ကစားနည်း ပိုမိုတိုးတက်ထွန်းကားဖို့နဲ့ ချစ်ကြည်ရင်းနှီးစေဖို့ ရည်ရွယ်ပြီး သက်တမ်းအလိုက် စစ်တုရင်ပြိုင်ပွဲတွေကို နှစ်စဉ်ကျင်းပပေးပါတယ်။ ၁၇ ကြိမ် မြောက်ပြိုင်ပွဲကို ၂၀၁၆ ခုနှစ်မှာ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ အစဉ်အလာကြီးမားတဲ့ ပြိုင်ပွဲကြီးဖြစ်တဲ့အလျှောက် နိုင်ငံတွေ၊ ပြိုင်ပွဲဝင်တွေကလည်း လေးလေးစားစား ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ ဂရင်းမာစတာတွေကို နည်းပြအနေနဲ့ ခေါ်လာကြပြီး ကလေးတွေကို နည်းပြစေကြတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ နည်းပြတွေက ကလေးတွေကို ပုံမှန်အချိန်တွေမှာ သင့်နိုးရာရာတွေ သင်ပေးတယ်။ ပြိုင်ပွဲရက်တွေမှာ ယှဉ်ပြိုင်ရမဲ့ ပြိုင်ဘက်ပေါ်မူတည်ပြီး ပြင်ဆင်ပေးတယ်။ ပွဲအပြီးမှာ ပြန်သုံးသပ်ပေးတယ်။ ကလေးတစ်ယောက်ရဲ့ ရွှေ့ကွက်မှတ်တမ်းကို ဆရာဖြစ်တဲ့ ဂရင်းမာစတာက ပြန်ရွှေ့ကြည့်ရင်း သုံးသပ်တယ်။ ဝေဖန်အကြံပြုတယ်။ ကလေးတစ်ယောက်ရဲ့ပွဲက စိတ်ဝင်စားစရာ ဖြစ်ခဲ့တယ်။ ပွဲအစကနေ အဖွင့်ပိုင်းကနေ အဲဒီကလေး ရွှေ့ခဲ့တာတွေက သိပ်ကောင်းတယ်။ ဘာမှ အပြစ်ပြောစရာမရှိဘူး။

ပွဲလယ်ပိုင်းမှာလည်း အမှားကြီးကြီးမားမား မတွေ့ဘူး။ ဒါပေမဲ့ နိမ့်သွားတာ ပြန်အဖတ်ဆယ်လို့ကို မရတော့ဘူး။ ပွဲအပြီးမှာ ရှုံးတယ်။ ဆရာကနောက်ကြောင်း ပြန်ရွှေ့ကြည့်တယ်။ တွေ့ပြီ။ သူ့တပည့် အစားကြူးလို့ အရိုးစူးခဲ့တယ်။

''ဒီမှာသူ့နယ်ကို မင်းဘာလို့စားခဲ့တာလဲ။''

''ဘာမှ မဖြစ်တဲ့ဟာကို။ တိုက်ရိုက်ခြိမ်းခြောက်ထားတဲ့ တိုက်ကွက်လည်း မရှိ။ သေကွက်လည်း မရှိဘူးလေ။ ဆရာပဲ ပြောဖူးတယ်မဟုတ်လား၊ နယ်တစ်ရုပ် အသာဟာ တစ်ပွဲနိုင်ဖို့ လုံလောက်တယ်ဆိုတာ။''

''ဟ အဲဒါက ကိုယ့်အင်အားတွေကို တန်ဘိုးထားဖို့ ပြောတာ။ မဖြုန်းတီးဖို့ ပြောတာ။ အခုဟာက အလကားရတယ်၊ အန္တရာယ်မရှိဘူးဆိုပြီး မင်းက မဆင်မခြင် စားတာ။''

''သေမှ မသေတဲ့ဟာကို။''

''မသေလည်းဘာဖြစ်ခဲ့သလဲ မတွေ့ဘူးလား။ မင်းဘုရင်မက အရေးပါတဲ့နေရာမှာ တပ်စွဲထားတာကနေ နယ်ကိုလည်း စားလိုက်ရော။ မဟုတ်တဲ့နေရာ ရောက်သွားရော မဟုတ်လား။ နောက်ပြီး မင်းပြိုင်ဘက်က ဘုရင်မကို ချုပ်ပြီးစားမယ် ကြံစည်တာတွေ့ရချိန်မှာ မင်းအာရုံတွေ အဲဒီရောက်သွားခဲ့တယ် မဟုတ်လား။''

ကလေးက ငြိမ်နေတယ်။ ပြန်ဖြေလို့မှ မရတာ။ အမှန်တွေဆိုတော့ ဆိပ်ဆိပ်ပဲ နေရတော့တာပေါ့။

''အဲဒီမှာအရေးကြီးတဲ့ ဘုရင်အနားမှာ ဟာသွားခဲ့တာကို အတိုက်ခံရတော့ ရှုံးခဲ့တာပေါ့။''

ပရိယာယ်ကြွယ်ဝတဲ့ စစ်တုရင်သမားလိုပါပဲ။ စီးပွားရေးနယ်ပယ်မှာလည်း ဘာမှမပြောပလောက်တဲ့ ကုန်ပစ္စည်းတွေဘက်ကို အသာရနေသလိုလို ထင်မြင်လာအောင်ပို့ထားပြီး အရေးကြီးတဲ့နေရာတွေကို အုပ်စီးတတ်ကြတယ်။ နိုင်ငံရေးမှာလည်း အလားတူပါပဲ။ ကိုယ့်ကိုယ်ကိုယ် သိပ်အရေးပါသလိုထင်ပြီး မြောက်သွားအောင် နေရာတွေ၊ ရာထူးတွေပေးပြီး မြှောက်ထားလိုက်တယ်။ သူတကယ်လုပ်ရမှာတွေအတွက် အချိန်နည်းသွားအောင်၊ အာရုံစူးစိုက်မှု မပြုနိုင်အောင် လုပ်ထားလိုက်တယ်။

''မှတ်ထားကွ ငါ့လူရ။ ဘယ်သူမှ အလကား မကျွေးဘူး မှတ်ထား'' တဲ့။

နည်းပြဂရင်းမာစတာက ပြောခဲ့တယ်။

မောင်မောင်လွင် (စစ်တုရင်)