အရည်အသွေးအပြည့်စုံဆုံး စီမံခန့်ခွဲခြင်း Total Quality Management (TQM)

စီမံခန့်ခွဲမှုကို သိပ္ပံပညာဟု ညွှန်းဆိုကြသော်လည်း စီမံခန့်ခွဲမှုအခြေခံသဘောတရားများအဖြစ်မှ မှေးမှိန်ပျောက်ကွယ်ကြသည်များလည်း ရှိသည်။ သို့သော် Quality အရည်အသွေးနှင့် ပတ်သက်သည့်ကိစ္စမှာမူ သိပ္ပံနှင့်သင်္ချာ အသုံးပြုမှုကြောင့် တိုးတက်မှုရှိသည်။ Science က အမေရိကန်ဘက်မှပါ၍  လူမှုရေးအမြင်မှာ ဂျပန်ဘက်မှပါသည်။

စီမံခန့်ခွဲမှုသည် သိပ္ပံပညာဖြစ်သည်ဟု ဆိုမည်ဆိုပါက ယင်းသိပ္ပံအမြင်မှာ တိကျမှုမရှိဘဲ သဘောတရားအမြင် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်ကိုတွေ့ရပြီး တစ်ဖန် မှေးမှိန်သွားသည်ကို တွေ့ရမည်ဖြစ်သည်။ အရည်အသွေးနှင့် ပတ်သက်၍ ထူးထူးခြားခြားတိုးတက်ဖန်တီးရာတွင် သိပ္ပံနှင့်သင်္ချာဘာသာတို့ တွဲဖက်အဆင်ပြေမှုကို တွေ့မြင်နိုင်သည်။ သိပ္ပံအတွေးအမြင်များမှာ အမေရိကန်ဘက်မှလာပြီး လူမှုရေးအမြင်များ အလေးထားပေါ်ထွက်မှုမှာ ဂျပန်ဘက်က များသည်။

Total Quality Management အင်အားကောင်းကောင်းဖြင့် လက်ခံခဲ့ကြခြင်းမှာ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်ပြည်တွင် အုပ်ချုပ်နေသော အမေရိကန်စစ်တပ်သို့ ဂျပန် Contract သွင်းသောပစ္စည်းများမှာ အရည်အသွေး မကောင်းသည့်ပစ္စည်းများ ဖြစ်နေတတ်သည့် ပြဿနာက စခဲ့သည်။ ယင်းပြဿနာကို ဖြေရှင်းရန် ၁၉၄၇ ခုနှစ်တွင် US က စာရင်းအင်းပညာရှင် W.Edwards Deming ကိုခေါ်ယူ၍ဖြေရှင်းရန် တာဝန်ပေးသည်။ သူ၏အောင်မြင်မှုကြောင့် Quality ဂုရုပညာရှင်ကြီးဖြစ်လာပြီး သိပ္ပံနည်းကျ တွက်ချက်ထိန်းချုပ်မှုနည်းကို ဖော်ထုတ်ခဲ့သည်။

Deming ၏ ၁၄ ပွိုင့်စီမံချက်မှာ စီမံခန့်ခွဲမှုဒဿနအနေဖြင့် ပိုမိုကောင်းရန်နှင့် လုပ်ရမည့်နည်းများကို ယဉ်ကျေးမှုအသစ်တစ်ခုအဖြစ် ဖော်ထုတ်လိုက်သည် ။ပထမနည်းမှာ အမြောက်အမြား တစ်ကြိမ်တည်း စစ်ဆေးခြင်းကို အားမထားရန်၊ ထိုနည်းအစား အရည်အသွေးကောင်းခြင်းကို စာရင်းဇယားနှင့် ဖော်ထုတ်ရန် ဖြစ်သည်။ သင်တန်းများ စီစဉ်တက်ရောက်စေပြီး ဌာနခွဲခြားကန့်သတ်မှုများ မထားစေဘဲ ထိပ်ပိုင်းက စီမံခန့်ခွဲသူများပါ နေ့စဉ်ပါဝင်ရမည်။

ထို့အပြင် စဉ်ဆက်မပြတ် ပိုကောင်းအောင် PDCA Cycle ကို လိုက်နာရန် တိုက်တွန်းသည်။

PDCA

Plan (အချက်အလက်ရယူ၍ ပြဿနာကိုစိစစ်သုံးသပ်ကာ အစီအစဉ်ချပါ)

Do Check (ပြောင်းလဲမှုကို တိုင်းတာပါ)

Action (လိုအပ်သလို ပြုပြင်ပါ)

အမေရိကန်လူမျိုးတစ်ဦးဖြစ်သူ Joseph M. Duran ကလည်း ‘Quality does not happen by accident’ အရည်အသွေးကောင်းမှုမှာ အလိုအလျောက် ဖြစ်မလာဟု ဆိုသည်။ Quality Planning ၊ Quality Control နှင့် Quality Improvement သုံးမျိုးလုံး တွဲလုပ်ရမည်ဟု ဆိုသည်။ ဂျပန်ပညာရှင် Ishikawa က ‘Fish-bone diagram’  ပုံစံဖြင့် အရည်အသွေးပြဿနာ ဖြေရှင်းနည်း ဖော်ထုတ်ခဲ့သည်။ နောက်ပိုင်းတွင် တိကျစွာလိုက်နာမှုများ မရှိသဖြင့် မှေးမှိန်လာခဲ့သည်။

The Kaizen Way

TQM တွင် အရေးကြီးသော ဦးတည်ချက်နှစ်ခုရှိသည်။ ဝယ်သူများ၏ လုံးဝကျေနပ်မှုနှင့် နောက်ပိုင်းတွင် ‘Zero Defect’ ဟု ခေါ်တွင်လာသော လုံးဝအပျက်အမှားမပါရဆိုသည့် အချက်ဖြစ်သည်။ ဂျပန်အသုံးအနှုန်း Kaizen ၏ အခြေခံသဘောမှာ အစဉ်တစိုက် ကောင်းအောင်လုပ်နေရမည်ဟုဆိုပြီး TQM သည် အတွင်းကျကျ အရေးပါရမည်။ သို့မှသာ ဝယ်သူတို့ကျေနပ်မှုနှုန်း အမြဲမြင့်နေနိုင်မည်ဟု ဆိုသည်။ အခြားအရေးပါသော သဘောတရားများမှာ မှားအောင်မလုပ်လျှင် ပြင်ရန်မလိုခြင်း၊ အမှားများ ဒီဇိုင်းထဲမပါမှ စရိတ်နည်းမည်။ အရည်အသွေးမှာ လူတိုင်းနှင့်သက်ဆိုင်ပြီး ဝန်ထမ်းများသည် အမှားများကို အရင်တွေ့ပြီး အရည်အသွေး ပြဿနာများကိုရှာ၍ ပြုပြင်ရန် အကြံပြုရမည်။

နောက်ဆုံး သဘောတရားအရ ‘Quality Circles’ (အရည်အသွေးဝိုင်း) များသည် TQM ၏ အစိတ်အပိုင်းဖြစ်ပြီး အလုပ်သမားများကိုလည်း စွမ်းအားမြှင့်တင်ပေးသည်။ Quality Circles နှင့် ပတ်သက်လမ်းညွှန်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

- ပါဝင်လိုသူများက မိမိဆန္ဒအရသာ ပါဝင်ကြသည်။ တာဝန်ချခြင်းမဟုတ်။

- တစ်ပတ်လျှင် တစ်ကြိမ် တစ်နာရီခန့် ယင်းတို့၏ ကြီးကြပ်သူနှင့် တွေ့ကြရသည်။ ဆွေးနွေးကြသည့် ပြဿနာပေါ်တည်၍ နောက်ဆွေးနွေးသည့် အကြိမ်များကို စီစဉ်နိုင်သည်။

- အလုပ်ချိန်အတွင်း၌ပင် အလုပ်ခွင်မှလွှတ်သော နေရာတွင် ဆွေးနွေးကြသည်။

- ဆွေးနွေးပွဲတိုင်း၌ အစီအစဉ်ရှိရပြီး ဦးတည်ချက် သတ်မှတ်ထားရမည်။

- ဆွေးနွေးဝိုင်းသို့ ကျွမ်းကျင်သူကို ဖိတ်ကြားနိုင်သည်။ မိမိတို့အသုံးစရိတ် Budget ထားရမည်။

TQM သဘောတရားများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာသည့်အခါ အမေရိကားတွင် ‘Zero Defects’ (သုညအပျက်အစီး) အသုံးအနှုန်းကို သုံးလာကြသည်။ ထို့ပြင် ‘Do it right the first time’ ဆိုသောစကားမှာ TQM နှင့်ပတ်သက်၍ လူတိုင်းနားလည်ကြသည်။ Quality Management နှင့်ပတ်သက်၍ မဖြစ်မနေ လုပ်ရမည့် လေးချက်အဖြစ် အောက်ပါတို့ကိုသတ်မှတ်သည်။

- Quality ဆိုသည်မှာ လိုအပ်ချက်အတိုင်း ကိုက်ညီမှုဖြစ်သည်။

- Quality ရှိအောင် စလုပ်စဉ်ကတည်းက လုပ်ထားခြင်းသည် နောက်မှစစ်ဆေးရခြင်းထက် ပိုကောင်းသည်။

- ‘Zero Defects’ မှာ အရည်အသွေးကောင်းမှု၏ စံ ဖြစ်သည်။

- Quality ကို ငွေကြေးတန်ဖိုးဖြင့်ပြောလျှင် မလိုက်နာမှု၏ကုန်ကျတန်ဖိုး ဖြစ်သည်။

ယခုအခါတွင် Quality ကောင်းခြင်းမှာ ပြဿနာများကိုရှောင်ရှားခြင်းပင်ဖြစ်သည်ဟု ခံယူပြီး နိုင်ငံတကာကုန်ထုတ်လုပ်မှု စံအသစ်အဖြစ် ISO 9001 စသည်တို့ ထွက်ပေါ်လာပြီး အသုံးပြုနေသည်ကို တွေ့ရသည်။

ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ဓ (ငြိမ်း) ရန်ကုန်စီးပွားရေးတက္ကသိုလ်)