အမျိုးခွဲလုပ်ငန်းများ ချဲ့ထွင်လုပ်ခြင်း(Diversification)

လုပ်ငန်းတစ်ခုကို ကြီးထွားရန် အသုံးပြုနိုင်သည့်နည်းဗျူဟာတို့တွင် လုပ်ငန်းချဲ့ရန်နှင့် နောက်ထပ်လုပ်ငန်း အမျိုးအစားတိုးချဲ့ရန် သို့တည်းမဟုတ် လုပ်ငန်းထပ်မံတိုးချဲ့ဝယ်ယူရန်တို့ကို စဉ်းစားနိုင်သည်။

Diversification ခေါ် အမျိုးခွဲလုပ်ငန်းများ ချဲ့ထွင်လုပ်ခြင်းမှာ အတော်များများလုပ်လာကြပြီဖြစ်သော်လည်း အန္တရာယ်ကင်းသည့်နည်းလမ်းဟု မဆိုနိုင်ပါ။ အချို့ကုမ္ပဏီပိုင်ရှင်များ၊ CEO များသည် မိမိစိတ်ရှိသလို အင်ပါယာကြီးများအဖြစ် ဆက်စပ်မှုမရှိသောအလုပ်များ လုပ်ကိုင်ကြသည်။ လုပ်ငန်းစုံပါဝင်သော အဖွဲ့အစည်းကို Conglomerates ဟု သုံးနှုန်းခေါ်ဆိုကြသည်။ မြန်မာတွင် ABC Group of Companies ဟု ခေါ်တွင်ကြသော ကုမ္ပဏီများနှင့်တူကောင်းတူနိုင်သည်။ ဖြစ်ပေါ်ရသည့်အကြောင်းရင်းများမှာ ကွဲပြားနိုင်သည်။

၁၉၈၀ ပြည့်နှစ်ပိုင်းတွင် Conglomerates များ ပြိုကွဲပျက်စီးပြီး မလိုသောလုပ်ငန်းများကိုဖြုတ်၍ မူလပုံကို ပြန်သွားကြသည်ကို တွေ့ရသည်။ Conglomerates များ ခေတ်မှေးမှိန်သွားရခြင်းမှာ ကုမ္ပဏီရှယ်ယာပိုင်ရှင်များဘက်မှ ထောက်ခံမှုမရ၍ ဖြစ်သည်။ အမှန်တွင်မူ Conglomerates များမှာ အကျိုးအမြတ် ပိုမိုရရှိလာရန်အတွက် မဟုတ်ဘဲ မန်နေဂျာများ၏ကိုယ်ရေးအတ္တ လိုလားခြင်းကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင် ပြိုကျပျက်စီးသွားသော Conglomerates များ၏ သာဓကကြောင့် ရှယ်ယာရှင်များအလိုကျ အဓိကကျသော လုပ်ငန်းကိုသာ လုပ်ကိုင်ကြသည်။

အန္တရာယ်နည်းသော Diversification

Conglomerates များအဖြစ် တိုးချဲ့လုပ်ကိုင်ခြင်းများ လျော့ကျသွားပြီးနောက် Diversification ကို ပိုမိုထိန်း၍ လုပ်ကိုင်လာကြသည်။ ပုံစံမှာ မိမိ၏ဈေးကွက်ထဲသို့ ကုန်ပစ္စည်းသစ်များ ထုတ်ရောင်းခြင်းဖြစ်သည်။ ဤသို့ တိုးချဲ့ခြင်းသည် လက်ရှိစွမ်းအားများဖြစ်သော အရောင်းလုပ်ငန်း၊ ဖြန့်ဖြူးရေး၊ သုတေသနလုပ်ငန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ပေါင်းတည်း လုပ်နိုင်သည်။ အဆင်ပြေလျှင် အမှတ်တံဆိပ် တစ်မျိုးတည်းကို သုံးနိုင်သည်။

နောက်တစ်နည်းအနေဖြင့် ဒေသအသစ်ဈေးကွက်များတွင် ထုတ်လုပ်ဖြန့်ချိနိုင်သည်။ ထုတ်လုပ်မှု ပမာဏတိုး၍ ထုတ်လုပ်ခြင်းကြောင့် ထုတ်လုပ်ကုန်ကျစရိတ်များ ကျဆင်းနိုင်သည်။ နိုင်ငံအများတွင် ထုတ်လုပ်ရောင်းချကြသည့် Multinationals လုပ်ငန်းများမှာ ပိုမိုလွယ်ကူ စရိတ်စကလျော့မည့် အရွှေ့အပြောင်းသင့်သလို လုပ်နိုင်သည်။ အခွန်ကိစ္စ၊ ဝင်ငွေအမြတ်ကိစ္စတို့ကို အကျိုးအရှိဆုံးပြောင်းရွှေ့မှုများ လုပ်နိုင်သည်။ ယှဉ်ပြိုင်ခြင်းအခွင့်သာမှုကို စဉ်းစား၍ နေရာရွေးနိုင်သည်။ (ဥပမာ - ကုန်ပစ္စည်းတစ်မျိုးကို ရန်ကုန်မှာထုတ်သလို မန္တလေးမှာလည်း ထုတ်လုပ်ရောင်းချခြင်းမျိုးဖြစ်သည်။ ကုန်ပစ္စည်းတင်ပို့သည့် နေရာများကို ရွေးချယ်ရာတွင်လည်း ပိုမိုရောင်းရနိုင်ခြေရှိပြီး အမြတ်အစွန်းဝင်ငွေ ပိုမိုရရှိနိုင်ခြေရှိသည့် မြို့များ၊ ဒေသများသို့သာ တင်ပို့ရောင်းချခြင်းမျိုးဖြစ်သည်။

Diversification ၊ Conglomerate ၊ Multinational အဖြစ်လှုပ်ရှားရန် စဉ်းစားရမည့်အချက်များကို အချိန်အခါ အခြေအနေတို့ကို လေ့လာ၍ ဆုံးဖြတ်ရမည်သာ ဖြစ်သည်။

ဒေါက်တာ ဒေါ်ရီရီမြင့် (ပါမောက္ခ - ငြိမ်း - ရန်ကုန်စီးပွားရေးတက္ကသိုလ်)