အဂတိပယ်ခွာ ပြည်သာယာ (၄)

21972

အဂတိလိုက်စားမှုညီမျှခြင်း

လုပ်ပိုင်ခွင့်အာဏာရှိသူများ၏ မရိုးဖြောင့်မှု၊ လိမ်လည်လှည့်ဖြားမှု၊ ကိုယ်ကျင့်သိက္ခာပျက်ယွင်းမှုတို့သည် အဂ တိလိုက်စားမှုကိုဖြစ်စေကြောင်း တင်ပြခဲ့ပြီးဖြစ်ပါသည်။ သို့သော် မရိုးဖြောင့်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်းနှင့် ကိုယ် ကျင့်သိက္ခာပျက်ယွင်းခြင်းတို့သည် မည်သို့မည်ပုံဖြစ်စေခဲ့သလဲဆိုသည်ကို ရှင်းလင်းစွာသိရှိနားလည်နိုင်ရန်အတွက် အဂတိလိုက်စားမှုညီမျှခြင်းအကြောင်း ဆက်လက်တင်ပြသွားပါမည်။ ဤညီမျှခြင်းကို သုတေသနပြုလုပ်တင်ပြသူသည် ကယ်လီဖိုးနီးယားပြည်နယ်၊ ကယ်လရာမောင့်တက္ကသိုလ်မှပါမောက္ခရောဘတ်ကလစ်ဂါရပ် (Robert Kligaard) ဖြစ်၏။

          သူ၏ညီမျှခြင်းမှာ (C=M+D+A), Corruption = Monopoly + Discretion – Accountability ”အဂတိလိုက် စားမူ= လက်ဝါးကြီးအုပ်မှု+တစ်ဦးတစ်ယောက်တည်းသဘောဖြင့် ဆုံးဖြတ်နိုင်ခြင်း-တာဝန်ယူမှု”ဟူ၍ ဖြစ်ပါသည်။ ဆိုလိုသည်မှာ လူတစ်ဦးတစ်ယောက်သည် ကုန်ပစ္စည်း၊ ဒါမှမဟုတ် ဝန်ဆောင်မှုအပေါ် လက်ဝါးကြီးအုပ်ထားနိုင်ခြင်း၊ ဒါမှမဟုတ် ချုပ်ကိုင်ထားနိုင်ခြင်း၊ ဒါမှမဟုတ် မောင်ပိုင်စီးထားနိုင်ခြင်းရှိသည့်အပြင် သူ့တစ်ယောက်တည်း၏ သဘောထားဖြင့်ပင်မည်သူတွေကို မည်သည့်နည်းလမ်းဖြင့် မည်မျှစီခွဲဝေသတ်မှတ်ပေးရန် ဆုံးဖြတ်ပိုင်ခွင့်အာဏာလည်းရှိနေပြီး တာဝန်ယူမှုနှင့် ပွင့် လင်းမြင်သာမှုတို့က အားနည်းနေမည်ဆိုလျှင် အဂတိလိုက်စားမှုသည်သေချာပေါက်ဖွံ့ဖြိုးကြီးထွားလာမည် ဟု ဆိုခြင်းဖြစ်သည်။ ထို့ကြောင့် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများအပေါ် လက်ဝါးကြီးအုပ် ခြင်းသည်လည်းကောင်း တစ်ဦးတစ်ယောက်တည်း ဆုံးဖြတ်ပိုင်ခွင့်အာဏာကြီး ထွားလာခြင်းသည်လည်းကောင်း လုပ်ပိုင်ခွင့်အာဏာရှိ သူ၏မရိုးဖြောင့်သောသဘော၊ လိမ်လည်လှည့်ဖြားလိုသော သဘောတို့ကြောင့်ဖြစ်သည်ဟု မှတ်ယူရပါမည်။ ထို့အပြင် တာဝန်ယူမှုနှင့် ပွင့်လင်းမြင်သာမှုတို့ မရှိခဲ့လျှင်ကား သေချာပေါက် ကိုယ်ကျင့်သိက္ခာပျက်ယွင်းမှုရှိ သည်ဟု သတ်မှတ်နိုင်ပါသည်။

          လုပ်ပိုင်ခွင့်အာဏာရှိသူသည်  လုပ်ငန်းအခြေအနေအမျိုးအစားနှင့် အချိန်အခါအပေါ်မူတည်၍ တချို့လုပ်ငန်းများတွင် လက်ဝါးကြီးအုပ်ထားခြင်းနှင့် ဆုံးဖြတ်ပိုင်ခွင့်အာဏာကို မိမိလက်ထဲတွင် ကိုင်ထားရသော်လည်း ယင်းလုပ်ငန်းအတွက် ၎င်းကလုံးဝတာဝန်ယူမှုရှိသည့်အပြင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ခဲ့သည်ဆိုလျှင်ကား အဂတိလိုက်စားမှုသည် မဖွံ့ဖြိုးမကြီးထွားနိုင်ပါ။

ထို့ကြောင့်လည်း ကိုယ်ကျင့်သိက္ခာပျက်ယွင်းသည်ဟု မဆိုသာပါ။ သို့ရာတွင် အဂတိလိုက်စားမှုကို တိုက်ဖျက်လိုသူများအတွက်ဆိုလျှင် လက်ဝါးကြီးအုပ်မှုများကို လျှော့ချရန်၊ တစ်ဦးတစ်ယောက်တည်း ဆုံးဖြတ်ခွင့်အာဏာကို လျှော့ချရန်နှင့် တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှုကိုများစွာ တိုးပွားစေရန် အားထုတ်ကြရပါမည်။ နောက်ပိုင်းတွင် အဆိုပါပုံသေနည်းတွင် (Monopoly) လက်ဝါးကြီးအုပ် မှုအစား(Economic Rent) စီးပွားရေးအခွင့်ထူးရှိမှုဖြင့် အစားထိုးပြီး ပုံသေနည်း၏အဓိပ္ပာယ်လေးနက်မှု ကိုဖော် ဆောင်ခဲ့ကြပါသည်။ စီးပွားရေးအခွင့်ထူးဆိုသည်မှာ မိမိ ပေးလိုသောသူကိုတခြားယှဉ်ပြိုင်ဘက်များထက် နှာတစ်ဖျားသာအောင် အခြေအနေဖန်တီးပေးထားခြင်းဖြစ်ပါ သည်။

          အမှန်စင်စစ် လက်ဝါးကြီးအုပ်မှုကို လျှော့ချခြင်းသည် အခြားသူများကို ပိုမိုမျှတစွာယှဉ်ပြိုင်မှုကိုဖြစ်စေပါသည်။ Online ဝယ်ယူရေးစီမံကိန်းများ ထုတ်ပြန်ပေးခြင်း၊ ယှဉ်ပြိုင်သူများအတွက်အချိန်လုံလောက်အောင်ပေးခြင်း၊ လိုအပ်သောကုန်ပစ္စည်း၊ ဒါမှမဟုတ် ဝန်ဆောင်မှုကို တိတိကျကျ သဲသကွဲကွဲ ဖော်ပြထားခြင်း၊ ရွေးချယ်ခြင်းအစီအစဉ်နှင့် စနစ်လူတိုင်းကို အသိပေးခြင်း၊ အောင်မြင်သူများကို ထုတ်ပြန်ကြေညာပေးခြင်း၊ အကျိုးအ ကြောင်း ရှင်းပြခြင်းစသည့် တာဝန်ယူမှုနှင့်ပွင့်လင်းမြင်သာမှုတို့ကို နည်းလမ်းမျိုးစုံဖြင့် မြှင့်တင်ပေးရန် အရေးကြီးပါသည်။ ကိုရီးယား၊ ကိုလံဘီယာ၊ မက္ကဆီကိုနိုင်ငံ တို့တွင် အဂတိတိုက်ဖျက်ရေးစလုပ်ခဲ့စဉ်ကလည်း ဤလက်ဝါးကြီးအုပ်မှုကို ပစ်မှတ်အဖြစ် ရွေးချယ်ခဲ့ကြခြင်းဖြစ် ပါသည်။ အာဂျင်တီးနားတွင် အများပြည်သူဆေးရုံများမှာ ကျန်းမာရေး ကဏ္ဍအဂတိလိုက်စားမှုလျော့ချနိုင်ရန်အတွက် ဝယ်ယူရရှိသောဆေးနှင့် ဆေးပစ္စည်းဈေးနှုန်းများကို လူထုသိသာအောင် ဆေးရုံများတွင်ကပ်ထားပေးသော နည်းလမ်းကို ကျင့်သုံးခဲ့ပါသည်။

          တစ်ဦးတစ်ယောက်တည်းက ဆုံးဖြတ်ပိုင်ခွင့် အာဏာရယူထားခြင်း (Discretion) ကို ကန့်သတ်ထားရခြင်း ကလည်း အဂတိလိုက်စားမှုလျော့ကျစေရန်ဖြစ်ပါသည်။  ဤအာဏာကို လျော့ကျအောင် လုပ်ရသည်မှာလွယ်ပါ။ လူတစ်ဦးတစ်ယောက်တည်းက ဆုံးဖြတ်ပိုင်ခွင့်ဆိုသည့်အ တွက် ရာထူးအဆင့်မြင့်သော ပုဂ္ဂိုလ်မှာသာ ဤကဲ့သို့သော အာဏာမျိုးရှိနိုင်သည်ဟု မမှတ်ယူစေလိုပါ။ စည်ပင်သာ ယာအငယ်တန်းဝန်ထမ်းတစ်ဦးပင်လျှင် ဤအာဏာမျိုးရှိ နိုင်ပါသည်။ ညနေ ၆ နာရီမှ  ၉ နာရီအတွင်း ဖွင့်လှစ် ရောင်းချသော ညဈေးတန်းတစ်ခုတွင် လေးပေပတ်လည် အကျယ်အဝန်းရှိသော နေရာတစ်ခုကို စည်ပင်သာယာမှ အခွန် ၂၀ဝ ကျပ် ကောက်ခံသည်ဆိုပါစို့။ အရောင်းအဝယ် ကောင်းသော နေရာရွေးချယ်မှု၊ တည်ခင်းခွင့်ရှိသော ကုန်ပစ္စည်း၊ ပိုမိုလိုအပ်သော အကျယ်အဝန်း၊ အချိန်ကာလ၊ ဒဏ်ငွေအစရှိသည်တို့ကို သူ့သဘောနှင့်သူ ဆုံးဖြတ်နိုင် သည်ဆိုလျှင် စည်ပင်သာယာအဖွကြသို့ အခွန်ငွေ ၂၀ဝ ကျပ်ဖြတ်ပိုင်းဖြင့် ဖြတ်ပြီးကောက်ခံပေးရသော အချိန်မတိုင်မီတွင်သက်ဆိုင်ရာဝန်ထမ်းအတွက် ပြေစာမဖြတ်ဘဲ ပေးရသော ငွေမှာ ထို့ထက်မကများစွာရှိနိုင်ပါသည်။ ယင်းသည် အောက်ခြေတွင် ဖြစ်ပွားလေ့ရှိသော အဂတိလိုက် စားမှုပင်ဖြစ်ပါသည်။

          ဤကဲ့သို့သောကိစ္စများအတွက် နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီးအဆင့် အစိုးရများက ကိုင်တွယ်ထိန်း ကျောင်းရန်မတတ်နိုင်ပါ။ ဝန်ထမ်းငယ်များကိုချည်းအရေးယူနေ၍လည်း ခေတ္တခဏသာပျောက်ကွယ်ပြီး မကြာ ခင် အဂတိလိုက်စားမှုက သေချာပေါက်ပြန်ပေါ်လာပါလိမ့်မည်။ မြို့နယ်အဆင့် တာဝန်ရှိသူက အဂတိလိုက်စား မှုကိုတိုက်ဖျက်လိုသော ဆန္ဒရှိပါက ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများကို ပြန် လည်စိစစ်ပြီး ယင်းသို့ တစ်ဦးတစ်ယောက်တည်း၏ လိုလျင်လိုသလို ဆုံးဖြတ်ခွင့်ကို ထိန်းကျောင်းမှုနည်းလမ်း များ ထည့်ပေးခြင်းဖြင့်သာ ဤပြဿနာအတွက် အဖြေမှန် ရနိုင်ပါသည်။ ဘိုလစ်ဗီးယားနိုင်ငံတွင် အဂတိလိုက်စားမှု တိုက် ဖျက်ရေးဆောင်ရွက်ခဲ့စဉ်က လာပဇ် (La Paz) မြို့တော်ဝန် အဘာရိုး (Abarro) ၏ လုပ်ဆောင်ချက်သည် သတိ ပြုမိစရာ၊ မှတ်သားစရာ ဖြစ်ခဲ့ရပါသည်။ သူက သူ့မြို့ နယ်အတွင်း၌ နိုင်ငံသားလက်စွဲစာအုပ်ကို ဘာသာသုံး မျိုးဖြင့် လွယ်ကူရှင်းလင်းစွာ ထုတ်ပြန်နိုင်ခဲ့ပြီး သူ့မြို့နယ်အတွင်းမှာ ပါမစ်တစ်ခုရရန်ဘာတွေကို ဘယ်လိုလုပ်ရမည်၊ အိမ်တစ်လုံးဆောက်မည်ဆိုလျှင်၊ စီးပွားရေးလုပ် ငန်းတစ်ခုလုပ်မည်ဆိုလျှင် အစရှိသဖြင့် အသေးစိတ်ဖော် ပြထားပါသည်။ ဤနည်းဖြင့် နိုင်ငံသားတစ်ယောက် ဘာလုပ်ချင်သလဲ၊ သူလုပ်ချင်သောအလုပ်ကို အလွယ်တကူ လုပ်နိုင်မည့် စည်းမျဉ်းစည်း ကမ်းများကို အားလုံးသိရှိစေရန် ထုတ်ပြန်ထားပြီး ထိုစည်းမျဉ်း စည်းကမ်းအတိုင်း လိုက်နာကြရ၏။ လုပ်ပိုင်ခွင့်ရှိသူတစ်ဦး တစ်ယောက်တည်း၏သဘော ဖြင့် လိုလျှင်လိုသလို၊ မလိုလျှင် မလိုသလို ဆုံးဖြတ်ချက်များ ထွက် ပေါ်လာရန် အကြောင်းမရှိတော့ စေရန် ဆုံးဖြတ်ပိုင်ခွင့်အာဏာ ကို ကန့်သတ်ထားလိုက်နိုင်ပါသည်။

          အဂတိလိုက်စားမှုညီမျှခြင်း အရဆိုလျှင် မိမိတို့သည် အဂတိ လိုက်စားမှုကို တိုက်ဖျက်နိုင်ရန် အတွက် လက်ဝါးကြီးအုပ်ခြင်း၊ ဒါမှမဟုတ် စီးပွားရေးအခွင့်ထူးရရှိခြင်းနှင့် တစ်ဦးတစ်ယောက်တည်း၏သဘောဖြင့် ဆုံး ဖြတ်ပိုင်ခွင့်အာဏာရှိခြင်းတို့ကို လျော့ချနိုင်သမျှ လျော့ချနိုင်စေရန် ကန့်သတ်သောနည်းလမ်းများကို အသုံးပြုရ မည်ဖြစ်သော်လည်း တာဝန်ယူမှုရှိခြင်းကိုကား မြှင့်တင်နိုင်သမျှ မြှင့်တင်ပေးကြရမည်ဖြစ်ပါသည်။ အမှန်တကယ် တွင်ကား အစိုးရဌာနအပါအဝင် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းတစ်ခု၏ ထိပ်ပိုင်းစီမံခန့်ခွဲသူများက တာဝန် ယူမှုမြင့်မားကြလျှင် လက်ဝါးကြီးအုပ်ခြင်းနှင့် တစ်ဦးတည်းဆုံးဖြတ်ခွင့်တို့ကို လျော့ချရမည်ဆိုသည့်အချက် ကို သူတို့ကောင်းစွာ နားလည်ပြီးသား ဖြစ်နေနိုင်ပါသည်။ တာဝန်ယူမှုမြှင့်တင်ရေးအတွက် တီထွင်ဖန်တီးမှုရှိသော ထိပ်ပိုင်းခေါင်းဆောင်များသည် နည်းလမ်းအမျိုးမျိုးကိုအသုံးပြုလေ့ရှိပါသည်။

          ၎င်းတို့၏နည်းလမ်းများကို ခြုံငုံကြည့်လျှင် လက်အောက်အလုပ်ဌာနများ အဂတိကင်း/မကင်း ကို စောင့်ကြည့်တိုင်းတာပြီး တိုးတက်လာစေရန် တာဝန်ယူရခြင်း၊ အများပြည်သူတို့၏အသံများကို နားထောင်၍ ခွဲခြားစိတ်ဖြာသုံးသပ်ပြီး ဌာနတွင်းပြုပြင်ပေးခြင်း၊ တတိယအဖွဲ့အစည်းများ၏ စောင့်ကြည့်အကဲဖြတ်မှုကို ခံယူရခြင်းနှင့် ထိပ်ပိုင်းစီမံခန့်ခွဲသူများကိုယ်တိုင်က အဂတိလိုက်စားနေကြသူများကို အရေးယူခြင်းမခံရဘဲ လွတ်ကင်းနေနိုင်သူမရှိအောင် တာဝန်ယူရခြင်းစသည် တို့ဖြစ်ကြောင်း တွေ့ရှိရပါသည်။

 

မင်းဗထူး (၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် CEO မဂ္ဂဇင်း)