ကုန်ပစ္စည်းအသစ်တွေ၊ ဒါမှမဟုတ် ဝန်ဆောင်မှုအသစ်တွေ တီထွင်ပေးဖို့ သုံးစွဲသူတွေကို အားပေးလိုက်မယ်ဆိုရင် ဆန်းသစ်တဲ့ပစ္စည်းတွေ၊ ဆန်းသစ်တဲ့ဝန်ဆောင်မှုတွေ မြန်မြန်ဆန်ဆန်ကြီး ပေါ်ထွက်လာမှာဖြစ်တယ်။ မြန်ရုံသာမက အများကြီးလည်းထိရောက်ကာ လူကြိုက်လည်းများမှာဖြစ်တယ်။ ဒိန်းမတ်အစိုးရဟာ ဒီနည်းကို သုံးလိုက်လို့ အများကြီးအောင်မြင်သွားခဲ့ပါတယ်။
အယူအဆ . . .
ဆေးဝါးတွေကို လူနဲ့မဟုတ်ဘဲ စက်တွေနဲ့ ထုတ်ပေးတာတွေ နှလုံးစက်တွေ၊ အဆုပ်စက်တွေကို ဆရာဝန်တွေက စတင်တီထွင်ထုတ်လုပ်ခဲ့တာဖြစ်တယ်။ ဆေးဝါးပစ္စည်းကိရိယာဆိုင်ရာ ကုမ္ပဏီတွေက စတင်ထုတ်လုပ်ခဲ့တာမဟုတ်ဘူး။ အားကစားသမားတွေအတွက် ခွန်အားပြည့်အဖျော်ယမကာတွေကိုလည်း အားကစားဝါသနာအိုးတွေက စတင်တီထွင်ခဲ့တာဖြစ်တယ်။ အဖျော်ယမကာကုမ္ပဏီတွေက စတင်ထုတ်လုပ်ခဲ့တာ မဟုတ်ဘူး။ ဒီကုမ္ပဏီတွေက နောက်မှ လိုက်ထုတ်လုပ်ကြတာဖြစ်တယ်။ အခုအခါ အသစ်အဆန်းတီထွင်ထုတ်လုပ်ရာမှာ အကောင်းဆုံး အတော်ဆုံးဖြစ်နေကြသူတွေဟာ စီးပွားရေးကုမ္ပဏီတွေထက် ဝယ်ယူသုံးစွဲနေကြသူတွေက ပိုများလာနေတယ်။ များမကြာမီက သုတေသနာတစ်ရပ်အရ၊ အသစ်ထုတ်လုပ်လိုက်တဲ့ ပစ္စည်းတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ဈေးကွက်အောင်မြင်မှု မရကြဘူး။ ဘာကြောင့်လဲဆိုတော့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို နားမလည်ဘဲထုတ်လုပ်ထားကြလို့ ဖြစ်တယ်။ သုံးစွဲသူတွေအတွက် အဆင်မပြေလို့ ဖြစ်တယ်လို့သိရတယ်။
အစိုးရတွေဟာ ဆန်းသစ်တီထွင်မှုကို ဦးစားပေးကြတယ်။ စီးပွားရေးအရ အကျိုးရှိဖို့ဖြစ်တယ်။ ၂၀၀၆ ခုနှစ် မေလတုန်းက ဒိန်းမတ်နိုင်ငံအစိုးရဟာ လုပ်ငန်းရှင်တွေကို သုံးစွဲသူတွေအဆင်ပြေဖို့ အဓိကထား တီထွင်ထုတ်လုပ်ကြဖို့ အားပေးတဲ့အနေနဲ့ နိုင်ငံလုံးဆိုင်ရာမူတစ်ရပ် ချမှတ်ကာကြေညာခဲ့တယ်။ ဒီမူဝါဒအရ၊ ဘယ်လူမျိုးတွေက ဘာတွေကြိုက်နေတယ်၊ အလိုရှိနေတယ်ဆိုတာကအစ သိရအောင် သုတေသနလုပ်ပြီး ဒိန်းမတ်နိုင်ငံတွင်းက စီးပွားရေးသင်တန်းကျောင်းတွေနဲ့ စီးပွားရေးလုပ်ဖို့တွေကလည်း မိမိတို့ရဲ့ အတွေ့အကြုံတွေကို အချင်းချင်းမျှဝေကြဖို့ကိုလည်း အားပေးတယ်။ ဒိန်းမတ်နိုင်ငံရဲ့ သိပ္ပံပညာဆိုင်ရာဝန်ကြီးရဲ့ အဆိုအရ အခုလို သုံးစွဲသူအဆင်ပြေဖို့ အဓိကထား တီထွင်ထုတ်လုပ်ရေးကို အားပေးတဲ့မူဝါဒဟာ အကျိုးရှိလာတယ်လို့ သိရတယ်။
ဒီမူဝါဒရဲ့ အဓိကအချက်ကတော့ ကုန်ပစ္စည်း အသစ်တစ်ခုခု ဆန်းသစ်တီထွင်ထုတ်လုပ်တော့မယ်ဆို သုံးစွဲမယ့်လူတွေနဲ့ တိုက်ရိုက်တွေ့ဆုံလို့ရမယ့် ပိုမိုကောင်းမွန်နိုင်တဲ့ နည်းလမ်းတွေကိုရအောင် ရှာဖွေရတာပဲဖြစ်ပါတယ်။
လက်တွေ့ဆောင်ရွက်ရန် . . .
အကြံကောင်း ဉာဏ်ကောင်း အယူအဆကောင်း ဆိုတာ ဘယ်နေရာကဖြစ်ဖြစ် ရနိုင်တယ်။ ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး ခြောက်နည်း ရှိပါတယ်။ ဘာကို ပိုကောင်းလာအောင် လုပ်ချင်နေသလဲဆိုတာ ရေရေရာရာသိအောင် လုပ်ပါ။ အဲဒါကို သိပြီးရင် အယူအဆအသစ်၊ အကြံဉာဏ်သစ်တွေ ရဖို့အတွက် အောက်ပါအချက် ခြောက်ချက် အတိုင်းလုပ်ပါ။
- မိမိလုပ်နေတဲ့ကိစ္စ၊ ဒါမှမဟုတ် အလုပ်မျိုးကို တခြားသူတွေ၊ တခြားအဖွဲ့အစည်းတွေ ဘယ်လိုကောင်းကောင်း လုပ်နေကြသလဲဆိုတာ သိအောင်လုပ်ပါ။
- လက်ရှိစဉ်းစားတွေးခေါ်ခြင်းနဲ့ မရတဲ့တခြားစဉ်းစားနည်း ရှိသေးလား ကြံဆပါ။
- စဉ်းစားရာမှာ၊ လုပ်ကိုင်ရာမှာ ဘာတွေဖယ်ထုတ်ပစ်ဖို့ လိုသလဲ၊ ရသလဲ။
- အခုထက်ကောင်းတဲ့နည်းလမ်း စဉ်းစားပါ။
- မိမိရဲ့အကြံဉာဏ်၊ အယူအဆဟာ ကောင်းတယ်လို့ သေသေချာချာသိရအောင် ဘာလုပ်ကြည့်မလဲ။
တိုးတက်ကောင်းမွန်အောင် လုပ်နိုင်ရေးအတွက် အောက်ပါအတိုင်းလုပ်ကြည့်ပါ။
- မိမိအလုပ်မျိုးလုပ်နေတဲ့ တခြားလူတွေနဲ့ စကားပြောကြည့်ပါ။
- တခြားကုမ္ပဏီတွေနဲ့ စကားပြောကြည့်ပါ။ တခြားစီးပွားရေးလုပ်ငန်းတွေ၊ ဒါမှမဟုတ် တခြားနိုင်ငံတွေမှာ လုပ်ကိုင်နေကြပုံကို အရယူပြီး မိမိရဲ့လုပ်နည်းလုပ်ဟန်တွေနဲ့ ပေါင်းစပ်လုပ်ကိုင် ဆောင်ရွက်ပေးပါ။
- ဆန်းသစ်တီထွင်ဉာဏ်ရှိသူတွေနဲ့ ဆွေးနွေးကြည့်ပါ။ သူတို့ဆီကနေ မိမိနဲ့မတူတဲ့ အတွေးအမြင်တွေ ရနိုင်တယ်။
- တိုင်ပင်ဆွေးနွေးဖို့ အုပ်စုကလေးဖွဲ့ပါ။ အဖွဲ့ဝင်တွေဆီက အကြံဉာဏ်အမျိုးမျိုး ထွက်လာနိုင်တယ်။
ပီပီပြင်ပြင် အာရုံစိုက်လုပ်ကိုင်ဖို့ အရေးကြီးတယ်။ အဲသလိုမဟုတ်ရင် ဆန်းသစ်တီထွင်မှုဟာ အရာမရောက် ဖြစ်တတ်တယ်။ ဆန်းသစ်တီထွင်မှုတွေဟာ လက်တွေ့အကောင်အထည်ဖော်နိုင်ရမယ်။ အကောင်အထည် ဖော်နိုင်အောင်လည်း လုပ်ငန်းအစီအစဉ် ရေးဆွဲထားရမယ်။ အဲသလို ရေးဆွဲမထားရင်၊ ဒါမှမဟုတ် အဲဒီအတိုင်းမဆောင်ရွက်ရင် ဆန်းသစ်ထီထွင်မှုတွေဟာ အောင်မြင်လေ့မရှိကြဘူး။
ညွန့်သောင်း