သူဌေးလေးရေညှိကြွပ်ကြော်ရဲ့ သူဌေးလေး Aitthipat Kulapongvanich

မြန်မာနိုင်ငံမှာ ကိုရီးယားလှိုင်းရိုက်ခတ်မှုနဲ့အတူ ကိုရီးယားစတိုင်လ်၊ ဖက်ရှင်၊ အစားအသောက်တွေလည်း ခေတ်စားလာပါတယ်။ ကိုရီးယားဟော့ပေါ့၊ ကင်ချီစတဲ့ အစားအစာတွေနဲ့အတူ ‘ရေညှိ’ ဆိုတဲ့ စားသောက်ဖွယ်ဟာလည်း ခေတ်စားလို့လာပါတယ်။ ရေညှိကို ထမင်းလိပ်အနေနဲ့သော်လည်းကောင်း၊ သရေစာအဖြစ်နဲ့သော်လည်းကောင်း တွင်ကျယ်စွာစားသုံးလာကြပါတယ်။ ဈေးကွက်ထဲမှာလည်း တံဆိပ်အမျိုးမျိုးနဲ့ ရေညှိအထုပ်တွေကို တွေ့လာရပါတယ်။ အဲဒီအထဲမှာ ကျယ်ပြန့်စွာလူသိများပြီး အောင်မြင်နေတဲ့ တံဆိပ်တစ်ခုရှိပါတယ်။ မြန်မာပြည်က စားသုံးသူအများက ‘သူဌေးလေး’ လို့အသိများနေတဲ့ Tao Kae Noi ရေညှိပဲဖြစ်ပါတယ်။ ရေညှိစားသုံးမှုကို ဂျပန်၊ တရုတ်နဲ့ကိုရီးယားနိုင်ငံတို့က အစပြုခဲ့ပေမယ့် မြန်မာပြည်မှာ နာမည်ကြီးတဲ့ ‘သူဌေးလေး’ အမှတ်တံဆိပ်ကတော့ ထိုင်းနိုင်ငံကဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ လည်းအောင်မြင်ကျော်ကြားတဲ့ ‘သူဌေးလေး’ ရေညှိရဲ့စိတ်ဝင်စားဖွယ်ဖြစ်တည်လာပုံကို CEO စာဖတ်ပရိသတ် တွေအတွက် မိတ်ဆက်တင်ပြလိုက်ပါတယ်။

သူဌေးလေး
‘Tao Kae Noi’ အမှတ်တံဆိပ်ရဲ့အဓိပ္ပာယ်က’Young Boss’ ဖြစ်ပါတယ်။ မြန်မာလိုလွယ်ကူအောင် ‘သူဌေးလေး’ လို့ ခေါ်ဆိုနိုင်ပါတယ်။ Tao Kae ဆိုတာ တရုတ်ကယ်ကျိုးလူမျိုးတို့ရဲ့စကားအရ “Master” သခင်လို့လည်း အဓိပ္ပာယ်ရပါတယ်။ ‘သူဌေးလေး’ ရေညှိကို စတင်တီထွင်ရောင်းချသူဟာ လူငယ်လေးတစ်ဦးသာဖြစ်ပြီး သူ့ထုတ်ကုန်ပစ္စည်းကြောင့် တကယ်ပဲငယ်ငယ်ရွယ်ရွယ်နဲ့သန်းကြွယ် သူဌေးဖြစ်သွားခဲ့ပါတယ်။ Tao Kae Noi ကို စတင်ထုတ်လုပ်ရောင်းချသူဟာ Aitthipat Kulapongvanich ဆိုတဲ့ ထိုင်းနိုင်ငံသားလူငယ်ကလေးဖြစ်ပါတယ်။ သူ့ကို ၁၉၈၄ ခုနှစ်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာမွေးဖွားပါတယ်။ Aitthipat ဟာ ကျောင်းစာထူးချွန်သူတစ်ဦးမဟုတ်ပါဘူး။ သူဟာကွန်ပျူတာဂိမ်းကစားခြင်းကို လွန်စွာစွဲလမ်းနှစ်သက်သူဖြစ်ပါတယ်။

သူနှစ်သက်တဲ့ ဂိမ်းဟာ Everquest ဂိမ်းဖြစ်ပြီး အဲဒီဂိမ်းကိုတစ်နေ့လုံးနေ့တိုင်းကစားပါတယ်။ အဲဒီလိုကစားတာကြောင့် ဂိမ်းမှာထူးချွန်ပြီး လူသိများလာပါတယ်။ အကောင်းဆုံးဂိမ်းကစားသမားလို့တောင် ပြောလို့ရပါတယ်။ ဂိမ်းထဲမှာရဖို့ခက်တဲ့ လက်နက်တွေ၊ ကိရိယာတွေကို ရရှိပိုင်ဆိုင်ပြီး အဲဒါတွေကို သူကတခြားကစားသမားတွေကို ပြန်လည်ရောင်းချပါတယ်။အထက်တန်းတက်နေစဉ် နှစ်နှစ်အတွင်းမှာ ဂိမ်းကနေပိုက်ဆံတော်တော်များများရခဲ့ပေမယ့် စာတော့ညံ့တဲ့ကျောင်းသားထဲမှာ ပါဝင်ပါတယ်။

ဒီလိုရောင်းချရာမှာ Aitthipat ဟာ တစ်လကိုဘတ်တစ်သိန်းကနေ နှစ်သိန်း(အမေရိကန်ဒေါ်လာခုနစ်ထောင်ခန့်) လောက်ပုံမှန်ရနေခဲ့တာပါ။ အဲဒီငွေနဲ့ ကားတောင်ဝယ်စီးလိုက်ပါသေးတယ်။

အထက်တန်းကျောင်းပြီးချိန် အသက် ၁၇ နှစ် မှာ တက္ကသိုလ်စတက်ပါတယ်။ သူတက်တဲ့တက္ကသိုလ် က University of Chamber of Commerce of Thailand ဖြစ်ပါတယ်။ (ဒီတက္ကသိုလ်ဟာ ယခုမြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းနဲ့ ပူး ပေါင်းပြီး MBA သင်တန်းကို ဖွင့်လှစ်ထားပါတယ်။) တက္ကသိုလ်တက်တယ်ဆိုပေမယ့် ကျောင်းစာကို သေသေချာချာဂရုမစိုက်ပါဘူး။ အဲဒီအချိန်မှာကံကြမ္မာကပြောင်းလဲဖို့ဖန်လာပါတယ်။ သူ့မိဘတွေရဲ့ လုပ်ငန်းကိုင်ငန်းမှာအရှုံးပေါ်ပြီး အကြွေးဘတ်သန်းလေးဆယ် (အမေရိကန်ဒေါ်လာ ၁.၃ သန်းခန့်) တင်ခဲ့တာပါ။ ဘယ်လိုမှမဆပ်နိုင်တော့တာ ကြောင့် မိဘတွေကဒေဝါလီခံပြီး တရုတ်ပြည်ကိုအပြီးပြောင်းသွားဖို့ စီမံပါတယ်။ သူ့ကိုတော့ထိုင်းနိုင်ငံမှာပဲ ကျန်ခဲ့စေပါတယ်။

Aitthipat ဟာ သူ့ရဲ့ နေထိုင်စားသောက်ရပ်တည်ဖို့နဲ့ မိဘတွေကိုကူညီဖို့ စတင်စဉ်းစားရပါတော့တယ်။ အောင်မြင်မှုရနေတဲ့သူ့ရဲ့ ဂိမ်း ID ကို ဈေးတစ်ခုဖြတ်ပြီး ရောင်းချလိုက်ပါတယ်။

အဲဒီကရတဲ့ ပိုက်ဆံနဲ့ဝင်ငွေရမယ့်လုပ်ငန်းအမျိုးမျိုးကို စဉ်းစားပါတယ်။ ကျောင်းဝန်းထဲမှာ ကော်ဖီဆိုင်ဖွင့်ဖို့ကြိုးစားတယ်။ မအောင်မြင်ဘူး။ ရထားတဲ့ပိုက်ဆံနဲ့ DVD ပြစက်တွေဝယ်ပြီးရောင်းတယ်။ ပြစက်တွေက ဈေးပေါတဲ့အတုတွေဖြစ်တာကြောင့် ကြာကြာမခံဘူး။ အဲဒါနဲ့ ငွေတွေဆုံးရှုံးရပြန်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ သူဘန်ကောက်တောင်ပိုင်းမှာ ကျင်းပတဲ့ နိုင်ငံတကာဈေးပွဲတော်တစ်ခုကို ရောက်သွားပါတယ်။

သူဌေးလေးရေညှိကြွပ်ကြော်ရဲ့ သူဌေးလေး Aitthipat Kulapongvanich

Aitthipat ဟာ သစ်ကြားသီးလှော်သိပ်ကြိုက်ပါတယ်။ အဲဒီပွဲမှာ တရုတ်နိုင်ငံက သစ်ကြားသီးလှော်စက်အပါအဝင် လိုတဲ့ပစ္စည်းတွေရောင်းချပြီး Franchise ပေးတဲ့ လုပ်ငန်းတစ်ခုကိုတွေ့ပါတယ်။ ပစ္စည်းကိရိယာအကုန်ဝယ်ဖို့ မတတ်နိုင်တာကြောင့် Aitthipat ဟာ သစ်ကြားသီးလှော်စက်တစ်ခုကို ဈေးပေါပေါနဲ့ရအောင်ဆစ်ပြီး ဝယ်ခဲ့ပါတယ်။ (ပွဲအပြီးမှာ ပြထားတဲ့စက်ကို ပြန်သယ်မသွားချင်တာကြောင့် လျော့ဈေးနဲ့ရလိုက်တာပါ။) အဲဒီလှော်တဲ့စက်နဲ့ စူပါမားကတ်ကိုသွားပြီး သစ်ကြားသီးလှော်ရောင်းပါတယ်။ တစ်ခါမှမရောင်းဖူးပေမယ့် အစပိုင်းမှာနည်း နည်းရောင်းရတယ်။ ဒါကြောင့် သူ Big C စူပါမားကတ်ကြီးမှာ နေရာတစ်ခုယူလိုက်တယ်။ လူတစ်ယောက်လည်း ငှားလိုက်ပါတယ်။ ဒါပေမဲ့ ထင်သလောက် မရောင်းရဘူး။ တချို့နေ့တွေဆို လုံးဝမရောင်းရတာတောင်ရှိတယ်။ အရသာမကောင်းဘူးလို့ ဝယ်သူတွေက ပြဿနာရှာတယ်။ သူကသစ်ကြားသီးရောင်းတဲ့ ဈေးတွေ၊ တရုတ်တန်းတွေကိုသွားတယ်။ သူများတွေ ဘယ်လိုလှော်သလဲ၊ ဘယ်လိုရောင်းသလဲ တိတ်တိတ်ကလေးလေ့လာတယ်၊ လှော်ပုံလှော်နည်း၊ ထည့်ရတဲ့ပစ္စည်းအမျိုးအမည်၊ လုပ်ပုံကိုင်ပုံတွေကို လေ့လာမှတ်သားတယ်။ သူ့သစ်ကြားသီးလှော်ကို ပိုပြီးကောင်းလာအောင်လုပ်တယ်။ လေး-ငါးပတ်လောက် ကြာတဲ့အခါမှာတော့ သူတအားရောင်းရပြီ။ အကုန်လုံးရောင်းရတဲ့နေ့မှာ ဘတ်ငါးထောင် (အမေရိကန် ဒေါ်လာ ၁၇၀) လောက်မြတ်တယ်။ နေရာနှစ်ဆယ်ခွဲပြီး ရောင်းရင်း တစ်နေ့ကို ဘတ်တစ်သိန်းဝင်မယ်၊ ဆိုင်ခွဲများများရှိလာအောင် သူ့ဆိုင်ကို Franchise ပေးမယ်လို့ စပြီး စဉ်းစားပါတယ်။

တစ်နှစ်ခွဲအကြာမှာ သူနေရာသုံးဆယ်လောက်မှာ Franchise ပေးပြီးနေပြီ။ အဲဒီလုပ်ငန်းကနေ တစ်လကိုဘတ်တစ်သန်းလောက်ဝင်နေပြီ။ အသက်က ၁၈ နှစ်ပဲ ရှိသေးတယ်။ အဲဒီအချိန်မှာပဲ ကျောင်းကထွက်ပြီး အလုပ်ထဲ ခြေစုံပစ်ဝင်လိုက်ပါတော့တယ်။

သူက သူ့လုပ်ငန်းကိုသစ်ကြားသီးလှော်တစ်ခုတည်းနဲ့ မတင်းတိမ်နိုင်ဘူး။ ဒါကြောင့် သရေစာဖြစ်နိုင်တဲ့ဟာတွေကို ဆိုင်မှာတင်ရောင်းတယ်။ မက်မန်းသီးခြောက်၊ ရေညှိကြွပ်ကြွပ်ကြော်လိုဟာမျိုးတွေပေါ့။ မကြာခင် သူ့ဆိုင်မှာပိုရောင်းရတာရေညှိကြွပ်ကြွပ်ကြော်ဆိုတာကို သူသတိထားမိသွားတယ်။ အမြဲတမ်းအရင်ဆုံးကုန်တယ်။ တကယ်တော့ သူကရေညှိအကြောင်း ဘာမှသိပ်သိတာမဟုတ်ပါဘူး။ တရုတ်တန်းလက်ကားဆိုင်ကဝယ်လာပြီး လက်လီပြန်ရောင်းတာမို့ပါ။ ဒါနဲ့ စမ်းသပ်တဲ့အနေနဲ့ ရေညှိကို အများကြီးဝယ်ပြီး သူ့သူငယ်ချင်းတွေကို စားခိုင်းကြည့်တော့လည်း ကြိုက်ကြတာတွေ့ရတယ်။ အဲဒီမှာ သူသတိထားမိတာက ဘန်ကောက်တစ်မြို့လုံးမှာ ဘယ်သူကမှရေညှိကို လက်လီမရောင်းသေးတာပဲ။ ရေညှိဝယ်ချင်ရင် အထုပ်ကြီးကြီးနဲ့ လက်ကားဆိုင်မှာပဲ ဝယ်လို့ရတာကို သတိပြုမိတယ်။

ရေညှိကို တစ်ခါစားအထုပ်သေးသေးလေးတွေ ထုပ်ပြီးရောင်းဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် ရေညှိနဲ့ပတ်သက်ပြီး သူစပြီးလေ့လာတယ်။ တစ်နေ့မှာ သူစနေ၊ တနင်္ဂနွေမှာဖွင့်တဲ့ ဈေးတစ်ခုကိုရောက်သွားတယ်။ အမျိုးသမီးကင်းထောက်လူငယ်အဖွဲ့နှစ်ဖွဲ့က အလှူခံနေကြတယ်။

တစ်ဖွဲ့ကဈေးအိမ်သာရှေ့မှာရှိပြီး အခြားတစ်ဖွဲ့ကမလှမ်းမကမ်းမှာ အလှူခံကြတယ်။ ဈေးအိမ်သာရှေ့က အဖွဲ့က အလှူငွေပိုရတာကို သူသတိထားမိတယ်။ လူတွေဟာ ဈေးအိမ်သာရောက်ရင် အိမ်သာခပေးဖို့ ပိုက်ဆံထုတ်ရတယ်။ အိမ်သာဝင်ခပေးဖို့ စိတ်ထဲမှာ ပြင်ဆင်ပြီးသား၊ အိတ်ထဲမှာရှိတဲ့ ပိုက်ဆံနည်းနည်းကို လှူလိုက်ဖို့ ဝန်မလေးတော့ဘူး။ ဒါကြောင့် ပိုက်ဆံထုတ်ဖို့ပေးဖို့ လွယ်သွားတာသတိပြုမိတယ်။ ပိုက်ဆံရဖို့ ‘နေရာ’ ဟာ အဓိကပဲလို့ သူကောက် ချက်ချလိုက်တယ်။

လူတွေဟာ တစ်ခုခုကိုဝယ်ဖို့ အဆင့်သင့်ဖြစ်နေတဲ့နေရာမျိုးမှာ သူပစ္စည်းကိုထားရင် ရောင်းရဖို့ ပိုလွယ်တယ်ဆိုတာ သူသိသွားတယ်။ လူတွေဟာ အဲဒီနေရာကိုရောက်သွားမယ်။ သူ့ပစ္စည်းကိုဝယ်မယ်။ ချက်ချင်းစားမယ်။ အဲဒီနေရာကို သူစဉ်းစားလိုက်တော့ 7-11 စတိုးဆိုင်လေးတွေကို သူတွေ့သွားတယ်။

၂၀၀၄ ခုနှစ်က ဘန်ကောက်မှာ 7-11 စတိုးဆိုင်ပေါင်းသုံးထောင်ရှိနေပြီ။ သူ 7-11 စတိုးဆိုင်ရဲ့ တာဝန်ခံနဲ့သွားတွေ့ပြီး သူ့ရဲ့ရေညှိထုပ်လေးတွေကို နမူနာပေးစားစေတယ်။ တာဝန်ခံက စားကြည့်ပြီး ထုပ်ပိုးပုံနည်းနည်းလေးပြင်ပေးဖို့ပြောကာ သူ့ဆိုင်မှာတင်ရောင်းပေးဖို့ အကြမ်းအားဖြင့်လက်ခံလိုက်ပါတယ်။

7-11 တာဝန်ခံက သူ့ကို လုပ်နည်းလုပ်ဟန်ကိုပြောပြတယ်။ သူတို့က Aitthipat ရဲ့ စက်ရုံကို ရက်သုံးဆယ်အတွင်းလာမယ်။ ထုတ်လုပ်မှုနည်းစဉ်၊ အရည်အသွေးထိန်းချုပ်ပုံနဲ့ လုံခြုံရေးအစီအမံတွေကို လေ့လာမယ်။ ပြန်သွားပြီး သီတင်းပတ်နည်းနည်းကြာရင် သူ့ဆိုင်မှာပေးရောင်းမယ် မရောင်းဘူး အကြောင်းပြန်မယ်လို့ဆိုပါတယ်။

အဲဒီအချိန်မှာ Aitthipat မှာဘာစက်ရုံမှမရှိပါဘူး။ ဘာလုပ်သားမှလည်းမရှိဘူး။ ရေညှိတွေကို တရုတ်တန်းလက်ကားဆိုင်က ယူပြီးရောင်းနေတာ။ ဒါကြောင့် နောက်တစ်နေ့မှာဘဏ်ကိုသွားပြီး ဘတ်ဆယ်သန်းချေးတယ်။ အဲဒီအချိန်မှာ သူ့ရဲ့သစ်ကြားသီးလှော်ဆိုင်သုံးဆယ်ကို Franchise ပေးတာ တစ်လကိုဘတ်တစ်သန်းဝင် ငွေရှိနေပါပြီ။ ဒါပေမဲ့ ဘဏ်က သူ့ကိုငွေချေးဖို့ငြင်းပါတယ်။ အကြောင်းပြချက်က ပညာရေးမပြီးဆုံးသေးဘဲ အသက်ကလည်း ၁၉ နှစ်ပဲ ရှိသေးတာမို့ ငွေချေးဖို့ ဘောင်မဝင်လို့ပါတဲ့။

Aitthipat လည်း သူ့ရဲ့သစ်ကြားသီးလှော်တဲ့ပိုင်ဆိုင်မှုပစ္စည်းတွေ၊ ရပိုင်ခွင့်တွေအားလုံးကို အခြားသူတစ်ယောက်ကို ချရောင်းလိုက်ပါတယ်။ တစ်လကို ဘတ်တစ်သန်းဝင်နေတဲ့ လုပ်ငန်းကိုရောင်းလိုက်ရတာပါ။

သူဌေးလေးရေညှိကြွပ်ကြော်ရဲ့ သူဌေးလေး Aitthipat Kulapongvanich

သူ့အတွက် 7-11 မှာတင်ရောင်းခွင့်ရဖို့ဟာ ဘာနဲ့မှမလဲနိုင်တဲ့ အခွင့်အရေးပါ။ ရလာတဲ့ပိုက်ဆံနဲ့ သူ့မိဘတွေရဲ့ လေလံမပစ်ရသေးတဲ့ အိမ်ကိုစက်ရုံအဖြစ် ပြောင်းလဲလိုက်တယ်။ အိမ်နားမှာရှိတဲ့ လူငါးယောက် ခြောက်ယောက်လောက်ကို အလုပ်သမားခန့်တယ်။ 7-11 သူ့စက်ရုံကိုလာကြည့်တဲ့အချိန်မှာ စက်ရုံကအတော်အသင့်လည်ပတ်နေပါပြီ၊ ရက်တော်တော်ကြာတဲ့အခါ 7-11 က ဖုန်းခေါ်လာပါတယ်။ သူ့ရေညှိတွေကို တင်ရောင်းဖို့ လက်ခံလိုက်ပြီဆိုတာပါပဲ။ ဒါပေမဲ့ ကတိပြုချက်တော့ပေးရပါတယ်။ ၄၅ ရက်အတွင်း 7-11 ဆိုင်ပေါင်းသုံးထောင်ကျော်မှာ တင်ရောင်းဖို့ ‘သူဌေးလေး’ ရေညှိအထုပ်ပေါင်း ၇၂,၀၀၀ ထုတ်ပေးရမယ်ဆိုတဲ့ ကတိပြုချက်ပါ။

သုံးလအတွင်းမှာ 7-11 ဆိုင်တိုင်းမှာ ‘သူဌေးလေး’ ရေညှိကို ရနိုင်ပါပြီ။ နှစ်နှစ်အတွင်းမှာ စင်ကာပူနဲ့ ဟောင်ကောင်ကို စတင်တင်ပို့ပါတော့တယ်။

သုံးနှစ်ကြာတဲ့အခါ သူ့ရဲ့ပိုင်ဆိုင်မှုတန်ဖိုးဟာ ဘတ်သန်းတစ်ရာ (အမေရိကန်ဒေါ်လာ ၃.၃ သန်း) ဖြစ်လာပါတယ်။ ၂၀၁၆ ခုနှစ် Forbes မဂ္ဂဇင်းရဲ့ ခန့်မှန်းချက်အရ သူဟာ ဒေါ်လာသန်းပေါင်း ၃၉၀ ချမ်းသာပါတယ်။

Aitthipat ဟာလည်း စီးပွားရေးသူရဲကောင်းတစ်ယောက် ဖြစ်လာတယ်။ သူ့ရဲ့ဘဝကို The Billionaire (သန်းကြွယ်သူဌေး) အမည်နဲ့ရုပ်ရှင်ရိုက်ပြီး ထိုင်းနိုင်ငံမှာ ပြသရတဲ့အထိ ကျော်ကြားလူသိများသွားပါတယ်။

Aitthipat ကကောင်းတဲ့အကြံရတဲ့အခါ ထိုင်မနေဘဲချက်ချင်းအကောင်အထည်ဖော်ဖို့ သင်ကြားပေးခဲ့ပါတယ်။ တချို့ကပြောကြတယ်။ သူ့ရဲ့ကြီးပွားတိုးတက်ခြင်းအရင်းခံဟာ ‘နေရာ’ (Location) က အဓိကပါ။ တစ်ကယ်လို့ 7-11 မှာသာ တင်ရောင်းခွင့်မရခဲ့ရင် ဒီလိုနာမည်ကြီးလာမှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။ ဒါပေမဲ့ ရောင်းခွင့်ရရင်တောင်မှ အရသာ၊ ထုပ်ပိုးပုံ၊ အရည်အသွေးတွေ မကောင်းခဲ့ရင် ဒီလောက်ကျော်ကြားချင်မှ ကျော်ကြားမှာမို့ Aitthipat ရဲ့ အရည်အချင်းကို လျော့တွက်လို့တော့မရပါဘူး။

သူ့လိုရေညှိတွေ အပြိုင်ထုတ်လုပ်ကြပေမယ့် ‘သူဌေးလေး’လိုတော့ အောင်မြင်မှုမရကြပါဘူး။ မြန်မာပြည်ရဲ့ City Express လိုလွယ်မြန်ကုန်စုံဆိုင်ကိုရောက်ခဲ့ရင် ‘သူဌေးလေး’ ရေညှိထုပ်ကလေးတွေကို တွေ့ရလိမ့်မယ်။ အထုပ်ပေါ်က လိုဂိုအရုပ်ကလေးက ‘သူဌေးလေး’ ရဲ့အ ကြောင်းကို အသံတိတ်ပြောပြနေပါလိမ့်မယ်။

CEO စီးပွားရေးနှင့် စီမံခန့်ခွဲမမှု မဂ္ဂဇင်းကို အိမ်အရောက်ပို့ မှာယူလိုပါက ၁ အုပ်ကို ၃၀၀၀ ကျပ်နှုန်းနဲ့ ခြောက်လစာ၊ တစ်နှစ်စာ မှာယူရရှိနိုင်သလို ၁ အုပ်ချင်းစီလည်းမှာယူရရှိနိုင်ပါသည်။