ကမ္ဘာကြီးသည် အမြန်နှုန်းနှင့် သွားနေသည်။ ဒီနေ့အဖြစ်အပျက်များသည် နောက်နေ့အဖြစ်အပျက်များနှင့် မတူပါ။ ဈေးကွက်တွင် အမျိုးမျိုးပြောင်းလဲနေသည်ကို မလိုက်နိုင်လျှင် မိမိစီးပွားရေးလည်း ရပ်တန့်သွားနိုင်သည်။ အစဉ်ပြောင်းလဲနေသည်ကို သုံးသပ်လေ့လာနိုင်မှသာ ယှဉ်ပြိုင်နိုင်သည့်စွမ်းရည်ရှိမည်။ လူအပေါင်းတို့သည်လည်း သင်ယူနိုင်မှ ပြောင်းလဲနိုင်မှုရှိမည်ဖြစ်ရာ သင်ယူခြင်းသည် အနာဂတ်အတွက် အရင်းအနှီးပင်ဖြစ်သည်။ Learning Organization တစ်ခုဖြစ်လာခြင်းသည် အဖွဲ့အစည်းအတွင်းမှလူများကို သင်ကြားပေးခြင်းသက်သက် မဟုတ်ပါ။ အဖွဲ့အစည်းတစ်ခုလုံးရှိ ဝန်ထမ်းများသာမက အပေါ်မှစ၍ တစ်ဖွဲ့လုံးသင်ယူပြီး အစဉ်တစိုက် သင်ယူနေကြရမည် ဖြစ်သည်။ ပါဝင်သူ လူများအားလုံး မိမိတို့၏စွမ်းရည်ကို မိမိတို့ဆန္ဒရှိသလောက် တိုးမြှင့်ရန်အားထုတ်ပြီး သစ်ဆန်းကျယ်ပြန့်စွာ စဉ်းစားခြင်းဓလေ့ဖြင့် ရင့်ကျက်ပြီး အားလုံး၏ရည်မှန်းချက်ရောက်အောင် အမြဲသင်ယူ၍ အဖွဲ့အစည်းကို တစ်ခုတည်းအဖြစ် အမြင်ရှိရမည်။
မိမိ၏ရာထူးနှင့် နေရာမှသာစဉ်းစားလျှင် အဖွဲ့အစည်းရှိ အခြားနေရာ၏တာဝန်ကို အလေးအနက်ထားမည် မဟုတ်ပေ။ မိမိကိစ္စ၊ သူတို့ကိစ္စဟု စဉ်းစားခြင်းသည် အားလုံးကို ထည့်မစဉ်းစားခြင်းဖြစ်သည်။ ကိစ္စတစ်ခုအပေါ်မှာသာ အာရုံစိုက်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ဥပမာ - လစဉ်အကျိုးအမြတ်၊ ယှဉ်ပြိုင်ဘက်၏ ကုန်ပစ္စည်းတို့ကိုသာ အာရုံစိုက်နေပါက မိမိကုန်ပစ္စည်း အရည်အသွေးကျဆင်းမှုကို အမှတ်မဲ့ဖြစ်သွားမည်။ မိမိ၏အတွေ့အကြုံကိုသာ အလေးထားနေလျှင် မိမိအတွေ့အကြုံမှ တခြားသူတို့အပေါ် အကျိုးသက်ရောက်မှုကို သိမည်မဟုတ်ပါ။ လူများ အထူးသဖြင့် မန်နေဂျာများ တစ်ဦးနှင့်တစ်ဦး ဆက်ဆံရာတွင် အလုပ်သဘောမျိုးပြောသော်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်၍သော်လည်းကောင်း၊ တုံပြန်သော သဘောအနေနှင့်သော်လည်းကောင်း၊ ပြောဆိုတတ်ကြသည်။ သို့ဖြစ်ပါလျှင် အဆင့်ဆင့်ဖြန့်သော၊ ပျံ့နှံ့သွားသော သိစရာအချက်အလက်တို့မှာ မမှန်သတင်းများ ဖြစ်တတ်သည်။
စည်းကမ်း ၅ ချက်
လူတိုင်း သင်ယူရန် မခက်ခဲပါ။ သို့ရာတွင် ပတ်ဝန်းကျင်နှင့် တည်ဆောက်ဖွဲ့စည်းမှုပုံစံတို့က ပြန်လှန်စဉ်းစား ဆက်သွယ်ရန် အားပေးခြင်းမရှိပေ။ အဖွဲ့အစည်းတစ်ခုတွင် ပါဝင်ခဲ့သူလူတို့အား သူတို့အတွေ့အကြုံကို မေးလျှင် ထူးခြားမှုမရှိသောပုံစံမျိုးကိုသာ ရတတ်သည်။ 'တကယ့်သင်ယူမှုမှာ နှလုံးသားတွင် လူသားဖြစ်ခြင်းကို နားလည်ခံစားမှုဖြစ်သည်' ဟု Peter Senge က ဆိုသည်။ Learning Organization အဖြစ် သတ်မှတ်နိုင်ရန် အဓိကကျသည့် စည်းကမ်း ၅ ချက်ကို Senge က ဖော်ထုတ်ခဲ့သည်။
၁။ System Thinking - စနစ်အဖြစ် စဉ်းစားခြင်း၊ တစ်ခုလုံးကို ဆက်စပ်ပါဝင်နေသည့် အစိတ်အပိုင်းကိုပါ မြင်တတ်ခြင်း။
ဆိုလိုသည့်သဘောမှာ မိမိယနေ့ ဤနေရာမှ လုပ်လိုက်သည့်ကိစ္စတစ်ခုသည် အခြားနေရာ၊ အခြားအချိန်တွင် အကျိုးသက်ရောက်နိုင်သည်ကို သိခြင်းနှင့် သဘောကို နားလည်ခြင်း၊ အသုံးပြုခြင်း။
၂။ Personal Mastery - ကိုယ့်စိတ် ကိုယ်ပိုင်မှု၊ မိမိပိုဖွံ့ဖြိုးမှု သင်ယူခြင်းကို ဆိုလိုသည်။
မိမိတတ်ကျွမ်းမှုနှင့်စွမ်းအားကို ယုံကြည်ပြီး မိမိဘဝကို ကိုယ်တိုင်ဖန်တီးနိုင်သည်။ သူများ၏အမြင်ကို တုံ့ပြန်သည့်ရှုထောင့်ကို မယူခြင်း။
၃။ Mental Models - မိမိစိတ်အတွင်းက အလေးအနက်ခံယူထားသော လူတစ်ဦးတစ်ယောက်အကြောင်း၊ ကမ္ဘာကြီးတစ်ခုလုံး၏ ပုံရိပ်။
မိမိအမြင်သည် မိမိလုပ်ကိုင်မှုကို အကျိုးသက်ရောက်မည်ဖြစ်သည်။ Mental Model များကြောင့် မိမိအတွေးသည် အလုပ်နှင့်ဆက်ဆံရေးကို အခြေခံသည်။ Mental Model မှာ မကောင်းဟု မဆိုနိုင်သော်လည်း ရှိကြောင်းကို အသိအမှတ်ပြုရမည်။
၄။ Building Shared Vision - အမြင်ချင်းတူရန် တည်ဆောက်ခြင်း။
လူအများသည် အမြင်တစ်ခုကို အမှန်တူညီစွာခံစားလျှင် သူတို့မှာ ပေါင်းစပ်ဆက်စပ်မှု ရှိနေသည်။ အင်အားကောင်းတစ်ရပ်ဖြစ်ပြီး အကြံဉာဏ်အတွေးအခေါ် တစ်ခုသာမဟုတ်ပါ။ အလုပ်မှာ မိမိတို့လိုလားသော ရည်ရွယ်ချက်ကို အတူတကွ အရောက်သွားခြင်း သဘောဆောင်သည်။ အမြင်ချင်းတူညီခြင်းသည် သင်ယူရန် စူးစိုက်သောအင်အားဖြစ်သည်။
၅။ Team Learning - စိတ်တူသဘောတူအဖွဲ့၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးပြီး မိမိတို့အတူတကွ လိုအပ်သော ဆန္ဒကိုရအောင် လုပ်ကြခြင်း။
ခေါင်းတစ်ခေါင်းထက် စုပေါင်းအဖွဲ့၏ခေါင်းများဖြင့် နက်ရှိုင်းစွာ စဉ်းစားတွေးခေါ်ခြင်းက ရှုပ်ထွေးခက်ခဲသော ပြဿနာများကို ဖြေရှင်းနိုင်သည်။ အဖွဲ့အနေဖြင့် ပူးပေါင်း၍ 'Operational Trust' အလုပ်တွင်ယုံကြည်မှု ရှိခြင်းအားဖြင့် မိမိတိုYက အကြီးပိုင်းဖြစ်ပါက မိမိတို့၏လုပ်ကိုင်နည်းကို အခြားအဖွဲ့များသို့ ဆက်ပေးပြီး သင်ယူခြင်း ကျယ်ပြန့်လာမည်။ ပွင့်လင်းစွာပြောဆိုဆွေးနွေးကြခြင်းမှာ သင်ယူခြင်း၏ အရေးပါသောအစိတ်အပိုင်းဖြစ်သည်။
Leader Needed
Senge ၏ 'Fifth Discipline' မှာ Systems Thinking ဖြစ်သည်။ အားလုံး၏ အခြေခံအကျဆုံးပင်ဖြစ်၍ အရေးကြီးဆုံးမှာ ခေါင်းဆောင်ပင်ဖြစ်သည်။ Learning Organization သည် ခေါင်းဆောင်မှုကို အမြင်သစ်ဖြင့် ကြည့်ရန်လိုသည်။ Learning Organization ၏ ခေါင်းဆောင်များသည် အားထုတ်ကြိုးစား၍ အားလုံးအတွက် ဦးတည်ချက်၊ အမြင်၊ တန်ဖိုး၊ လိုအပ်သော ပေါ်လစီဒီဇိုင်း၊ မဟာဗျူဟာစနစ်နှင့် စည်းကမ်းငါးခုလုံးကို ပေါင်းစပ်ပေးရမည်။ ထိုသူတို့မှာ ထိန်းသိမ်းကြီးကြပ်သူ လူကြီးများအဖြစ်သာ တာဝန်ယူရပြီး ပိုင်ဆိုင်သူများအဖြစ် မြင်ခြင်းမဖြစ်ရ။ သင်ကြားသူများ၊ စံပြများအနေဖြင့် အားလုံးကို အမြင်ချင်းတူရန် အားပေးရမည်။
Learning Organization သဘောတရားမှာ ပျံ့နှံ့လာပြီး လုပ်ငန်း Mission များတွင် ထည့်သွင်းရေးလာကြသည်ကို တွေ့ရသည်။ သို့ရာတွင် လုပ်ငန်းအများစုအဖို့ ခြေလှမ်းမှာ ကျဲလွန်းနေသေးသည့် အခြေအနေတွင်ပင် ရှိနေသေးသည်ဟု ဆိုနိုင်သည်။ မည်သို့ပင်ဆိုစေ ... Learning Organization မှာ ကုမ္ပဏီ၏ အနာဂတ်အရင်းအနှီးပင်ဖြစ်သည်မှာ သေချာသည်ဟုပင်ဆိုရမည်။
ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ခ - ငြိမ်း - ရန်ကုန်စီးပွားရေးတက္ကသိုလ်)