လုပ်ငန်းခွင်မှာ အကျင့်ဆိုးတွေ မပြုမိစေဖို့

အရင်က ကျွန်တော်တို့အလုပ်မှာ James ဟာ လုပ်ဖော်ကိုင်ဖက်တွေ သူ့ကိုဘာလို့စိတ်ပျက်ရတယ်၊ စိတ်ညစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို မသိဘဲဖြစ်ခဲ့ပါတယ်။ တကယ်တော့ လုပ်ဖော်ကိုင်ဖက်တွေဟာ သူ့ကိုအစည်းအဝေးမှာဆိုရင် အမြဲတမ်းအစည်းအဝေးစပြီး ၁၀ မိနစ်၊ ၁၅ မိနစ်လောက်မှ ရောက်လာတာတွေ၊ အစည်းအဝေးခန်းထဲ လက်ကိုင်ဖုန်းယူလာတာတွေ၊ ဖုန်းပြောတာတွေ၊ အီးမေလ်းစစ်တာတွေ စတဲ့ အကျင့်ဆိုးတွေကြောင့် စိတ်ပျက်ကြတာဖြစ်ပါတယ်။

ဒါမျိုးဘာလို့လုပ်တာလည်းလို့ သူ့ကိုမေးကြည့်တဲ့အခါမှာ ကျွန်တော့်မန်နေဂျာက ကျွန်တော်ဘယ်လောက် အလုပ်ကြိုးစားတယ်ဆိုတာကို သိစေချင်လို့ပါတဲ့။ ဒါကြောင့် ကျွန်တော်နေမကောင်းဖြစ်တာတောင်မှ တစ်ရက်မှခွင့်မယူဘဲ အလုပ်လာတတ်တာပါလို့ ပြန်ဖြေတယ်။

တကယ်တော့ လုပ်ငန်းခွင်မှာ လုပ်ငန်းခွင်ဆိုင်ရာ ကျင့်ဝတ်တွေကို လိုက်နာဖို့ လိုပါတယ်။ မဟုတ်ရင် လုပ်ဖော်ကိုင်ဖက်တွေက ကိုယ့်အပေါ် အမြင်စောင်းတာတွေ၊ စိတ်ပျက်တာတွေဖြစ်စေမယ့်အပြင် ကိုယ့်အတွက် လုပ်ငန်းခွင်ဟာ စိတ်ဖိစီးမှုများတဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်မှန်းမသိဖြစ်လာစေမှာပါ။ ဒါကြောင့် သူ့ကို လုပ်ငန်းခွင်မှာ ကိုယ့်ကိုအများရဲ့ လေးစားအားထားမှု၊ ယုံကြည်မှုတွေရရှိအောင် ကိုယ်က သူတို့တွေရှေ့မှာ စံပြအနေနဲ့ လုပ်ငန်းခွင်ဆိုင်ရာကျင့်ဝတ်တွေကို လိုက်နာသင့်တယ်လို့ အကြံပေးခဲ့ပါတယ်။ တကယ်တော့ လုပ်ငန်းခွင်ဆိုင်ရာ ကျင့်ဝတ်တွေကို James လို စီမံခန့်ခွဲမှုပိုင်းမှာ တာဝန်ယူရတဲ့ ဝန်ထမ်းတင်မကဘဲ ဝန်ထမ်းတိုင်း လိုက်နာဖို့လိုပါတယ်။ ဒါမှ သင်ဟာ အောင်မြင်ပျော်ရွှင်တဲ့ လုပ်ငန်းခွင်ကို ရရှိမှာဖြစ်တယ်။ ဒါကြောင့် ဝန်ထမ်းတိုင်း အောင်မြင်ပျော်ရွှင်တဲ့ လုပ်ငန်းခွင်ကို ဖန်တီးနိုင်ဖို့ လုပ်ငန်းခွင်မှာ ကျင့်သုံးသင့်တဲ့ ကျင့်ဝတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ နေမကောင်းရင် အိမ်မှာပဲ အနားယူပါ။

၂။ အစည်းအဝေးကို အချိန်မှန်ရောက်အောင်ကြိုး စားပါ။ ကိုယ်ကနောက်ကျတတ်တယ်ဆိုရင် နောက်မကျစေဖို့အတွက် ကိုယ့်ရဲ့အချိန်စာရင်းကို ၄၅ မိနစ်လောက် ရှေ့တိုးရေးဆွဲထားသင့်ပါတယ်။

၃။ အစည်းအဝေးတွေကို အချိန်အတိအကျပဲ ပြုလုပ်ပါ။ နောက်ထပ်အဖွဲ့တစ်ဖွဲ့ အစည်းအဝေးလုပ်ဖို့အတွက် အစည်းအဝေးအခန်း အပြင်ဘက် ခန်းမကျယ်ထဲမှာ စောင့်ခိုင်းထားတာမျိုး မဖြစ်ပါစေနဲ့။

၄။ ဖုန်းကို သူတစ်ပါးတွေအနှောင့်အယှက် မဖြစ်စေဖို့ Vibrate Mode ကို ပြောင်းထားပါ။

၅။ အစည်းအဝေးခန်းထဲမှာ အီးမေးလ်းစစ်တာတွေ၊ တစ်ခုခုလုပ်နေတာမျိုးတွေကို မလုပ်ဘဲ အစည်းအဝေးကို အာရုံစိုက်ထားပါ။

၆။ အစည်းအဝေးကို ကိုယ့်ရုံးခန်းထဲမှာတင် လုပ်တာက တခြားသူတွေကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သုံးဦးနဲ့အထက် အစည်းအဝေး လုပ်ရမယ်ဆိုရင် အစည်းအဝေးခန်းမ ဒါမှမဟုတ် နားနေဆောင်မှာ သွားလုပ်ပါ။

၇။ အနံ့ထွက်တဲ့ အစားအစာတွေ ကိုယ့်စားပွဲပေါ် တင်စားတာမျိုးရှောင်ပါ။ အစားစားဖို့ နေ့လည်စာ စားဆောင် ဒါမှမဟုတ် နားနေဆောင်ကို ရွေးချယ်ပါ။

၈။ ရုံးခန်းထဲ တယ်လီဖုန်းပြောတဲ့အခါမှာ ကိုယ့်ရဲ့ အသံအနိမ့်အမြင့်ကို ဂရုစိုက်ပါ။

၉။ တစ်ချို့လူတွေဟာ အနံ့နဲ့ဓာတ်မတည့်တဲ့ ရောဂါမျိုးရှိတဲ့အတွက် လုပ်ငန်းခွင်မှာ အနံ့ပြင်းပြင်း ရေမွှေးသုံးတာမျိုးကို ရှောင်ကြဉ်ပါ။

၁၀။ အမျိုးသမီးတွေက ကိုယ့်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လျစ်ပြနေတဲ့ အဝတ်အစားတွေ မဝတ်ဆင်သင့်ပါဘူး။

၁၁။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အသုံးအဆောင်တွေနဲ့ ကုမ္ပဏီပိုင်ပစ္စည်းတွေကို ကိုယ့်ပစ္စည်းလို သဘောထားပါ။

၁၂။ သူများပစ္စည်းကို ခွင့်မတောင်းဘဲ မယူပါနဲ့။

၁၃။ တခြားသူတွေကို မအော်မငေါက်ဘဲ ကိုယ်ချင်းစာစိတ်တွေ၊ မေတ္တာတရားတွေနဲ့ ဆက်ဆံတာက ကိုယ့်ကို လူချစ်လူခင်ပေါများပြီး အများရဲ့လေးစားမှုကိုလည်း ရရှိစေပါတယ်။

အကျင့်ဆိုးတွေ ပြုကျင့်နေတဲ့သူနဲ့တွေ့ရင် . . .

၁။ သူ့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံပါ။ သူက ရုံးလုပ်ငန်းဆိုင်ရာကျင့်ဝတ်နဲ့မညီတဲ့ အကျင့်ဆိုးတွေ ကိုယ့်ကိုပြုမူလာရင်တောင် အဲဒီလို သူ့ကိုပြန်ပြီး မဆက်ဆံမိပါစေနဲ့။

၂။ သူက ကိုယ်မကြိုက်တဲ့အမူအရာတွေနဲ့ လာဆက်ဆံတဲ့အခါမှာ ချက်ချင်းကြီး ဒေါသတကြီးနဲ့ ပြန်မဆက်ဆံဘဲ သူ့ရဲ့အပြုအမူတွေက သင့်ကိုထိခိုက်စေတယ်၊ ဘယ်လိုအပြုအမူတွေ သင်မကြိုက်ဘူး၊ နောက်မလုပ်ပါနဲ့ဆိုတာမျိုးကို အေးအေးဆေးဆေး နှစ်ယောက်တည်းတွေ့တဲ့အခါမျိုး ဒါမှမဟုတ် နှစ်ယောက်တည်း တွေ့ပြီး ပြောပါ။

၃။ တကယ်လို့ ကိုယ်ကသူနဲ့လူချင်းတွေ့ပြောပြီးလို့မှ သူ့ရဲ့အကျင့်တွေကိုမပြင်ဘူး၊ အရင်ကထက် ပိုဆိုးလာတယ်ဆိုရင် ကိုယ့်ရဲ့မန်နေဂျာ ဒါမှမဟုတ် HR ဝန်ထမ်းတစ်ယောက်ယောက်ရဲ့အကူအညီကိုရယူပါ။

ဒီအကြံဉာဏ်တွေ ကျွန်တော်ပေးလိုက်တော့ သူ့ရဲ့မှားယွင်းနေတဲ့နည်းလမ်းတွေကို သိသွားတဲ့ James ဟာ ချက်ချင်းအမှားတွေကို ပြင်လိုက်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ချင်းကိုလည်း သွားတောင်းပန်လိုက်တဲ့အတွက် လူမုန်းများနေတဲ့အဖြစ်ကနေ ချက်ချင်းလူချစ်လူခင်ပေါများလာပါတယ်။

တကယ်လို့ ကိုယ့်ရဲ့အလုပ်မှာ လုပ်ငန်းခွင်ဆိုင်ရာကျင့်ဝတ်နဲ့မညီတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို တွေ့တယ်ဆိုရင် ဒီအချက်လေးတွေကို သူ့ကို မေတ္တာတရားရှေ့ထားပြီး ပြောပြပေးပါ။ သူ့ရဲ့ အပြုအမူတွေဟာ James လို ချက်ချင်းပြောင်းလဲသွားနိုင်ပါတယ်။