စစ်တုရင်ပွဲစချိန်မှာ နယ်တွေက ရှေ့မှာစီပြီး နောက်က ကစားကောင်တွေကို အကာအကွယ်ပေးထားပါတယ်။ ကာကွယ်ထားတယ်ဆိုတာမှန်ပေမယ့် တစ်ဖက်ကနေကြည့်တော့ ကိုယ့်ရဲ့ကစားကောင်တွေ ထွက်မရအောင် ပိတ်ထားတဲ့အနေအထားဖြစ်နေတယ်။ နယ်တွေကိုကျော်ပြီး ခုန်ထွက်နိုင်တဲ့မြင်းသာ လှုပ်ရှားနိုင်တဲ့အနေအထားပါ။ ဒါကြောင့် ပွဲစတင်တာနဲ့ အဖွင့်ပိုင်းမှာ နယ်တွေကိုရွှေ့ပြီး ကိုယ့်ကစားကောင်တွေအတွက် ထွက်ပေါက်တွေ ဖန်တီးပေးရပါတယ်။ လိုင်းတွေကို ဖွင့်ရပါတယ်။ လိုင်းတွေကိုဖွင့်ရာမှာ နယ်ရုပ်တွေလဲလှယ်ပြီး ဖွင့်တာအပြင် လိုအပ်ရင် နယ်ရုပ်တွေကိုစတေးပြီး ဖွင့်လေ့ရှိပါတယ်။ လိုင်းတွေကို ဖွင့်ဖို့လိုအပ်တဲ့နေရာတွေမှာပဲ ဖွင့်ကြပါတယ်။ ဖွင့်ရာမှာလည်း ကနဦးကတည်းက ချမှတ်ထားတဲ့မဟာဗျူဟာနဲ့ လိုက်လျောညီထွေမှုရှိမယ့်လိုင်းတွေ ကိုကြိုတင်ဖွင့်ကြရတာပါ။ ကိုယ့်ကစားကောင်တွေ အသုံးပြုဖို့လိုတော့မှ ကောက်ခါငင်ခါဖွင့်တာမျိုးဟာ နောက်ကျနေတတ်တာ ကြုံရလေ့ရှိပါတယ်။ ဖွင့်တယ်ဆိုပေမယ့် ကိုယ့်ရဲ့ဘုရင်ကို အကာ အကွယ်ပေးဖို့ ရှေ့မှာရပ်တည်ကြမယ့် နယ်တွေကိုတော့ ရထားပြောင်း (Castling) လုပ်မယ့်အစီအစဉ်ပေါ် မူတည်ပြီး မဖွင့်ဘဲထားကြပါတယ်။ အင်မတန်ရိုးရှင်းပြီး အခြေခံကျတဲ့ ဒီသဘောတရားကို လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးစတဲ့ နယ်ပယ်အသီးသီးမှာ အသုံးချနိုင်ပါတယ်။ ဥပမာပြောရရင် ပုဂ္ဂလိကအနေနဲ့ လွတ်လွတ်လပ်လပ်လုပ်ကိုင်ခွင့်ပေးဖို့ လိုအပ်တဲ့နယ်ပယ်တွေကို အစိုးရအနေနဲ့ လုပ်ကိုင်ခွင့်ပြုပေးတာမျိုးဟာ ပွင့်ရမယ့်နယ်ရုပ်တွေကိုရွှေ့တာပါ။ နိုင်ငံတော်လုံခြုံရေး၊ အစိုးရနဲ့တကွ လုပ်သားပြည်သူတွေရဲ့ လျို့ဝှက်ချက်၊ အတွင်းရေး စတာတွေကိုအကာအကွယ်ပေးဖို့ လိုအပ်တာမို့ စာတိုက်လုပ်ငန်းလိုလုပ်ငန်းတွေကို နိုင်ငံတော်ကပဲ တာဝန်ယူဆောင်ရွက်တာဟာ မဖွင့်သင့်တဲ့ နယ်ရုပ်တွေကို မရွှေ့ဘဲထားတာပါ။ ပွင့်သွားတဲ့လိုင်းတွေကနေ ကိုယ်ကပြိုင်ဘက်ကို သွားတိုက်ခိုက်နိုင်သလို ပြိုင်ဘက်ကလည်း ကိုယ့်ကိုလာတိုက်ခိုက်နိုင်ပါတယ်။ ဖွင့်ပြီးရင် ပွင့်သွားတဲ့လိုင်းတွေကိုပိုင်ဆိုင်နိုင်ရပါမယ်။ လွှမ်းမိုးထားနိုင်ရပါမယ်။ အသုံးချနိုင်ရပါမယ်။
မောင်မောင်လွင်(စစ်တုရင်)