လက်ရှိနိုင်ငံတကာမှာ ရေနံဈေးတွေကျနေတာ ဘယ်လို Impact တွေ ရှိနိုင်သလဲ။ နောက်ပြီး လတ်တလော ဒေါ်လာဈေးအနေအထားကိုလည်း သုံးသပ်ပေးပါဦး . . .
ကျွန်တော်တို့နိုင်ငံအနေနဲ့ State Income နဲ့ Private Sector ရဲ့ လုပ်ငန်းလုပ်ကိုင်နိုင်မှုစွမ်းအား ခွဲကြည့်လိုက်ရင် State Income အနေနဲ့ကတော့ ရေနံဈေးတွေ ကျတယ်ဆိုရင် မြန်မာနိုင်ငံက တွက်ချက်တဲ့ Formulation အရ ဓာတ်ငွေ့(Gas) ဈေးကပါ ကျသွားပါတယ်။ အဲဒီအတွက် State Income က လျော့သွားပါမယ်။ ကုန်ထုတ်လုပ်မှုပိုင်းတွေ၊ ပို့ဆောင်ရေးပိုင်းတွေမှာလည်း လောင်စာကိုအမှီပြုပြီး ကုန်ဈေးနှုန်းအပေါ် သက်ရောက်တာတွေရှိပါတယ်။ အဲဒီအပိုင်းတွေမှာ ရေနံဈေးကျတဲ့အခါမှာ ဒီဇယ်၊ ဓာတ်ဆီဈေးတွေ ကျလာလို့ သယ်ယူပို့ဆောင်တဲ့ စရိတ်တွေကျတဲ့အတွက် ထိုက်သင့်တဲ့ အကျိုးကျေးဇူးလေးတွေ ရပါတယ်။ ကျွန်တော့်အမြင်ကို ပြောရမယ်ဆိုရင် နိုင်ငံတော်ရဲ့ State Income ကျသွားပေမဲ့ ဒီဘက် ကုန်ထုတ်လုပ်မှုပိုင်းတွေမှာ စရိတ်တွေထိုက်သင့်သလောက် သက်သာမှုရတာကြောင့် နိုင်ငံတကာနဲ့ ယှဉ်ပြိုင်မှုစွမ်းအားတွေမှာ ယှဉ်ပြိုင်လာနိုင်ပါတယ်။ ရေနံဈေးနှုန်းကျတာဟာ တိုင်းပြည်တစ်ပြည်လုံးအနေနဲ့ Negative Impact ရယ်လို့ ပုံသေပြောလို့မရပါဘူး။ ကျွန်တော်တို့ Private Sector အတွက်လည်း လောင်စာနဲ့နွှယ်တဲ့ကိစ္စတွေကတော့ သက်သာစေတဲ့အတွက် Competitive ပိုဖြစ်လာပါတယ်။ Consumer တွေ၊ ပြည်တွင်းစားသုံးသူတွေ အတွက်လည်း အကျိုးတစ်ခုတော့ ရရှိစေပါတယ်။
ရေနံဈေးတင်မကဘူး။ လက်ရှိဖြစ်နေတဲ့ ငွေလဲနှုန်းအနေအထားကို ပြောတဲ့အခါ မြန်မာကျပ်ငွေက နည်းနည်းမာလာတဲ့အနေအထား ဖြစ်ပါတယ်။ အဲဒီလိုမာလာတဲ့အကျိုးကျေးဇူးကလည်း စီးပွားရေးမှာ Positive Impact တွေရနိုင်ပါတယ်။ ကျွန်တော်တို့က Import Relying Country ဖြစ်တော့ စားသုံးသူတွေ လိုအပ်တဲ့ လူသုံးကုန်ပစ္စည်းတွေဆိုရင် Import ကို အားထားနေရပါတယ်။ ဒါကလည်း Consumer အတွက်ကို သက်သာစေတဲ့အနေအထားဖြစ်နိုင်ပါတယ်။ Exchange Rate အနေအထားက မကြာသေးခင်လေးကမှ Positive ဖြစ်လာတာပါ။ မြန်မာငွေက နည်းနည်းမာလာတဲ့ သဘောဖြစ်တာပါ။ ဘယ်လောက်ရေရှည်မာမလဲ၊ ဒီထက်ကော မာနိုင်မလား။ ဒါတွေက စဉ်းစားစရာအချက်တွေပါပဲ။ တကယ်တမ်း ကျွန်တော်တို့ရဲ့ မြန်မာ့စီးပွားရေးအတွက် ထိုက်သင့်တဲ့ Equilibrium တစ်ခုအနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဒေါ်လာနဲ့ မြန်မာကျပ် Exchange ဈေးတစ်ခုမှာ တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့က အရေးကြီးပါတယ်။ ဒါတွေဖြစ်ဖို့ ကျွန်တော်တို့ Financial Institution တွေရဲ့ စွမ်းအားက အင်မတန် အရေးကြီးပါတယ်။ နောက်တစ်ခါ Trade Deficit တွေ အလွန်အမင်းများနေတဲ့ ကိစ္စကလည်း အလွန်သတိထားသင့်ပါတယ်။ (၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံရဲ့ စုစုပေါင်းပို့ကုန်ပမာဏက အမေရိကန်ဒေါ်လာ ၈၅၉.၃၉ သန်းရှိပြီး စုစုပေါင်းသွင်းကုန်ပမာဏက ဒေါ်လာ ၁.၃၁ ဘီလီယံရှိပါတယ်။ ၂၀၁၅ ခုနှစ်၊ ဧပြီလကနေ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလအတွင်းကာလမှာ Trade Deficit ၄.၈၁ ဘီလီယံကျော် ရှိပါတယ်။Ref : The Central Statistical Organisation)
အဲဒီအနေအထားတွေအရ မဖြစ်မနေ ကျွန်တော်တို့ ကြိုးစားအားထုတ်ရမှာကတော့ Trade Balance ပါ။ ကျွန်တော်တို့ဘက်ကနေ ထိုက်သင့်တဲ့ Export Industry ပေါ်ပေါက်လာဖို့လို့ မြင်ပါတယ်။ Export တစ်ခုတည်းကို ကြိုးစားအားထုတ်နေရုံနဲ့တင်မကဘဲ Import ကို လျှော့ချနိုင်ဖို့ ပြည်တွင်းထုတ်လုပ်မှုတွေ၊ Import Substitution Industry တွေ အားကောင်းလာဖို့ လိုပါတယ်။ အဲဒီလို အားကောင်းလာဖို့ဆိုတာက အဲဒီ Industry တွေမှာ ရင်းနှီးမြှုပ်နှံလာဖို့ Enabling Business Environment ဖြစ်တည်နေဖို့ လိုပါတယ်။ အခြားငွေ ဖြစ်လွယ်တဲ့နေရာတွေမှာ ရင်းနှီးမြှုပ်နှံပြီးအလုပ်လုပ်နေတဲ့ငွေတွေဟာ Manufacturing Industry ထဲကို ရောက်လာဖို့ အစိုးရအနေနဲ့လည်း အဘက်ဘက်က ထောင့်စုံက စဉ်းစားပြီးတော့ အစီအမံတွေ၊ Policy တွေ ဖြစ်တည်လာဖို့ ဆောင်ရွက်ရပါမယ်။ အထူးသဖြင့်ကတော့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ အမေရိကန်နဲ့ ဂျပန်လိုနိုင်ငံတွေမှာတောင် အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေက အင်မတန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။
ရေနံဈေးတွေကျတဲ့အတွက် Competitive ဖြစ်တယ်ဆိုတာက အဓိက Export-Oriented ကို ပြောနေတာများ ဖြစ်မလား . . .
တစ်ကမ္ဘာလုံးမှာ ရေနံဈေးတွေကျတဲ့အခါ အဲဒီလောင်စာကိုမှီပြီးတော့ ဆောင်ရွက်ရတဲ့ လုပ်ငန်းတွေရဲ့ ဈေးနှုန်းတွေအပေါ် ထိုက်သင့်သလောက်တော့ Impact ရတယ်။ ကျွန်တော်တို့ Import လုပ်ရတဲ့ ပစ္စည်းတွေထဲမှာ ဒီလိုပစ္စည်းတွေလည်း အများကြီးပါတယ်။ ဥပမာ-ကတ္တရာတို့၊ သံချောင်းတို့လို လောင်စာတွေ အများကြီးသုံးပြီး ထုတ်လုပ်ရတဲ့ ပစ္စည်းတွေကို ကိုယ်ကလည်း အများကြီးတင်သွင်းနေရတယ်။ တိုင်းပြည်တည်ဆောက်ရေး၊ အိမ်ရာ၊ လမ်းလုပ်ငန်းတွေကလည်း ထိုက်သင့်တဲ့ဈေးနှုန်းတစ်ခုကို ကျလာတယ်။ ရာခိုင်နှုန်း အနည်းအများတော့ရှိမှာပါ။
Ref : The Central Statistical Organisation