ယှဉ်ပြိုင်မှုများအတွက် အသင့်ပြင်ထားခြင်း

၂၀၁၂ ခုနှစ်ကစပြီး ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ ပြောင်းလဲမှုတွေ များလာပါတယ်။ အရင်တုန်းကလို မြန်မာ့နည်း ၊ မြန်မာ့ဟန်လုပ်လို့ မရတော့ပါဘူး။ ပြိုင်ဆိုင်မှုတွေလည်းများလာပြီး အရေးကြီးလာပါတယ်။ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားတို့ဟာ မြန်မာတွေထက် အရင်းအနှီး၊ အတွေ့အကြုံ၊ ဈေးကွက်၊ အဆက်အသွယ်၊ ဗဟုသုတ စသဖြင့် အများကြီးရှေ့ရောက်နေပြီ။ ဗီယက်နမ်ဆိုလည်း အများကြီးရှေ့ရောက်သွားပါပြီ။ ဒီတော့ မြန်မာတွေ ဘာလုပ်ကြမလဲဆိုတာ စိုးရိမ်စရာဖြစ်လာပါတယ်။ Multi National Corporations (MNC) တွေမှာဆိုလည်း Management ကစလို့ Operation ပိုင်းအထိ နိုင်ငံခြားသား Expatriate တွေခန့်ပြီး လုပ်နေရတာတွေရှိပါတယ်။ ထိုင်းမှာဆိုရင်တော့ K Bank ရဲ့ Management တစ်ခုလုံးဟာ ထိုင်းလူမျိုးတွေဖြစ်ပါတယ်။ MIT ကနေ အင်ဂျင်နီယာနဲ့ဘွဲ့ရသူတွေ၊ Oxford က MBA ပြီးတဲ့သူတွေ အများကြီးရှိပါတယ်။ Operation Level မှာ Expatriate နည်းနည်းပဲရှိပါတယ်။ ဒါကို ထိုင်းတွေကလည်း ဂုဏ်ယူပါတယ်။ ဒီလိုပဲ စင်ကာပူကုမ္ပဏီတွေမှာလည်း စင်ကာပူလူမျိုးတွေက ဦးဆောင်နေနိုင်ပြီ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေက စံကသိပ်မြင့်တယ်။ ကိုယ်ကလွဲရင် ဘယ်သူ့မှ အထင်မကြီးဘူး။ ကိုယ်ပဲတော်တယ်၊ ကိုယ်ပဲတတ်တယ်ထင်ပြီး ဒီလူက ဘာမို့လို့ ဦးဆောင်တာလဲဆိုတဲ့ အမြင်တွေရှိကြတယ်။ ဒါက Inferior Complexity ကြောင့်လည်းဖြစ်ရင်ဖြစ်မယ်၊ Learning အားနည်းတာကြောင့်လည်း ဖြစ်ရင်ဖြစ်မယ်။ Attitude မပြောင်းနိုင်တာကြောင့်လည်း ဖြစ်နိုင်တယ်။ ကိုယ့်ဟာကိုယ် Change လုပ်ဖို့ခက်နေကြတယ်။

coverstory1

ရွေးကောက်ပွဲအရ နိုင်ငံတကာက မျှော်လင့်ထားတဲ့ Result ထွက်လာတဲ့အတွက် စီးပွားရေးပုံစံပြောင်းတာ ပိုမြန်လာမယ်။ မြန်ရင် မြန်မာတွေ ပိုခံရနိုင်တယ်။ ဘယ်အခြေအနေမျိုးပဲဖြစ်ဖြစ် Prepare လုပ်ရမယ်။ တလောက မြန်မာဘီယာကို နိုင်ငံတကာအဆင့်ကုမ္ပဏီကြီး Kirin က ဒေါ်လာသန်းချီပြီး ရင်းနှီးမြှုပ်နံှလိုက်တာ အားလုံးသိကြပါလိမ့်မယ်။ ဂျပန်ကုမ္ပဏီဆိုတာ သေချာမှလုပ်တတ်တာမျိုးပါ။ ဒါကြောင့် မြန်မာရဲ့အနာဂတ်က ကောင်းတယ်လို့ ယူဆရပါမယ်။ ဒီတော့ မြန်မာလူမျိုးတွေအတွက် အခွင့်အရေးတွေကရှိနေတယ်။ ဒီအခွင့်အရေးတွေအတွက် ဘယ်လိုပြင်ဆင်ကြမလဲ၊ ဒီလို ပြင်ဆင်နိုင်မှပဲ တကယ့် Professional Leader တွေထွက်လာမယ်။ လူတစ်ယောက်က ဘယ်လောက်တော်တော်၊ ဘယ်လောက်ပဲကြိုးစားကြိုးစား၊ Integrity မရှိရင် လုံးဝမခန့်ပါနဲ့ဆိုတဲ့ အဆိုအမိန့်အတိုင်းပါပဲ။ ဒါကြောင့် နောင်တက်လာမယ့်ခေါင်းဆောင်တွေက Integrity ရှိမှဖြစ်ပါမယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ လူငယ်ပညာတတ်တွေအများကြီးပဲ။ ဒါကြောင့် မြန်မာလူငယ်တွေမှာ Preparation ကောင်းကောင်းမရှိဘူးဆိုရင် အခွင့်အရေးဆိုတာ ကိုယ့်ရှေ့ကဖြတ်သွားတာပဲရှိပြီး ကိုယ်ရလိုက်မှာမဟုတ်ပါဘူး။ Professional Leader တွေ များများထွက်လာဖို့လိုပါတယ်။ ဒါကြောင့် လုပ်ငန်းနယ်ပယ်အသီးသီးမှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့လူငယ်တွေ ၊ လုပ်ကိုင်ကြမယ့်လူငယ်တွေအနေနဲ့ တစ်ချိန်မှာ ဦးဆောင်သူနေရာရောက်လာအောင် ပြင်ဆင်ထားသင့်တာတွေနဲ့ပတ်သက်ပြီး လက်တွေ့လုပ်ငန်းခွင်နယ်ပယ်မှာ ဦးဆောင်လှုပ်ရှားနေသူတွေရဲ့ အကြံပြုဆွေးနွေးချက်တွေကို တင်ဆက်လိုက်ပါတယ်။

[caption id="attachment_24516" align="alignnone" width="720"]ဦးမြင့်ဇော် ဒေါ်ရီရီမြင့် ဒေါ်ပွင့်ဦးဆွေ ဦးထွန်းထွန်းနိုင် ဒေါက်တာသာထွန်းဦး[/caption]

coverstory3

ဦးထွန်းထွန်းနိုင်

Managing Director

Blue Ocean Operating Management Co Ltd

Market Yourself ဆိုတာကို ကိုယ့်ကိုယ်ကိုယ်ရောင်းပါလို့ ကျွန်တော်သတ်မှတ်ပါတယ်။ ကျွန်တော်ငယ်ငယ်လေးကတည်းက Salesman လုပ်ခဲ့တယ်။ အခုချိန်ထိလည်း ရောင်းနေတယ်။ ကျွန်တော်ဘယ်လိုရောင်းခဲ့တယ်ဆိုတာကို Share လုပ်ချင်ပါတယ်။ ဘယ်လိုရောင်းရမယ်ဆိုတာကိုလည်း ပြောပြချင်ပါတယ်။ ကျွန်တော် ၁၉၉၃ ခုနှစ်မှာ ဆယ်တန်းအောင်ပါတယ်။ ပြီးတော့ အဝေးသင်တက္ကသိုလ်တက်ပြီး မြန်မာ့ဆက်သွယ်ရေးမှာ Overseas တယ်လီဖုန်းဖြေတဲ့ အလုပ်လုပ်ပါတယ်။ ဒါကြောင့် ကျွန်တော် အခုချိန်မှာ Call Center လုပ်နေတာဖြစ်ပါတယ်။ DHL မှာလည်း စာပို့သမားအလုပ် လုပ်ဖူးပါတယ်။ Tiger ဘီယာမှာလည်း လုပ်ဖူးပါတယ်။ Pahtama Group မှာလည်း Proctor & Gamble အတွက်လည်း လုပ်ဖူးပါတယ်။

ပြီးတဲ့အခါ ကိုယ်ပိုင်အလုပ်စလုပ်မယ်ဆိုပြီး စဉ်းစားပါတယ်။ Tiger ဘီယာမှာ အကြာကြီးလုပ်လာတဲ့အတွက် ဘီယာဆိုင်တွေ အများကြီးနဲ့သိတယ်။ ဒီတော့ ဘီယာသမားတွေကြိုက်တဲ့ အာလူးကြော်လုပ်မယ်။ ပြီးတော့ Proctor & Gamble မှာ လုပ်ခဲ့တဲ့အတွက် Distribution ကို နားလည်တယ်။ ဒါနဲ့ PAHTAMA Group ကနေထွက်ပြီးတော့ အာလူးကြော် စရောင်းတယ်။ မင်္ဂလာဒုံမှာ အာလူးကြော်ဖို့ ခြံလေးတစ်ခြံငှားတယ်။ ပါရမီနားက အာလူးကြော်တတ်တဲ့ သူတွေကိုခေါ်တယ်။ အာလူးကြော်ပြီးတဲ့အခါ ဘီယာဆိုင်တွေ၊ စတိုးဆိုင်တွေကို လိုက်ပို့တယ်။ ဟိုးဟိုးဆိုတဲ့ နာမည်နဲ့ပါ။ မပေါက်ပါဘူး။ ခွက်ခွက်လန်အောင် ရှုံးပါတယ်။ အဲဒီတုန်းက ၁၅ သိန်းရင်းလိုက်တာ ၁၅ သိန်းလုံး ပြောင်ပါတယ်။ ဘာလို့ရှုံးတာလဲဆိုရင် ကျွန်တော် အာလူးမှမကြော်တတ်တာ။ အာလူးကို ဘယ်ဆီနဲ့ကြော်ပြီး ကြွပ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိပါဘူး။ ကျွန်တော့် အာလူးကြော်တွေက ဆိုင်ပို့တဲ့အခါ မရောင်းရဘူး။ ဆီချေးစော်နံတယ်။ ပြန်သိမ်းရတယ်။ Waste တွေဖြစ်တယ်။ Quality Control တွေ မနိုင်ဘူး။ ဒါကြောင့် အာလူးကြော်လုပ်ငန်းကို ရပ်လိုက်ပါတယ်။

coverstory4

ဒါနဲ့ Next Advertising မှာ Event Manager အဖြစ် လုပ်ပါတယ်။ ဒါပြီးတဲ့အခါ ကိုယ်ပိုင်အလုပ်ပဲလုပ်မယ်ဆိုပြီး စဉ်းစားတယ်။ ၂၀၀၁ ခုနှစ်မှာ ICT Park ဖွင့်ပါတယ်။ အဲဒီအချိန်မှာ ICT ဆိုတာ ဘာမှန်းမသိဘူး။ သူများတွေက Program တွေ၊ Software တွေ ရေးတယ်ဆိုတာသိရပေမဲ့ ကိုယ်တိုင်က တစ်လုံးမှမသိဘူး။ ဒါပေမဲ့ အဲဒီမှာ သိလိုက်တာတစ်ခုက IT သမားတွေက Marketing မတတ်ဘူးဆိုတာပဲ။ IT သမားတွေက သူတို့ပစ္စည်းကို မရောင်းတတ်ကြဘူး။ Software ကိုဘယ်လိုလုပ်ရမယ်၊ Website ဘယ်လိုရေးရမယ် ဆိုတာလောက်ပဲ သိကြတယ်။ ဒါက ကျွန်တော့်အတွက် အခွင့်ကောင်းပဲဆိုတာ သိလိုက်တယ်။ ဒါနဲ့ ICT လောကထဲကို ၂၀၀၁ ခုနှစ်မှာ Bee Cyber Land ဆိုတဲ့ လုပ်ငန်းနဲ့ စဝင်ခဲ့ပါတယ်။ သူငယ်ချင်းရှစ်ယောက်နဲ့ စဖွင့်ခဲ့တယ်။ Bee Cyber Land က အကြောင်းအမျိုးမျိုးနဲ့ ပျက်သွားပြီး ၂၀၀၃ ခုနှစ်မှာ E Trade Myanmar ဆိုတဲ့နာမည်နဲ့ Website Community Exchange လုပ်ဖြစ်ပါတယ်။ SMS နဲ့ ရွှေဈေးတွေ၊ ပဲဈေးတွေပို့တာကို စလုပ်ပါတယ်။ ဒါလည်း မအောင်မြင်ခဲ့ဘူး။

ဒါနဲ့ Grand Royal (IBTC) ကုမ္ပဏီမှာ Brand Manager အနေနဲ့ ရှစ်လလောက်သွားလုပ်ရပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရည်မှန်းချက်က အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်ဖို့ဖြစ်တဲ့အတွက် ကျွန်တော်ထွက်တယ်။ ၂၀၀၆ ခုနှစ်မှာတော့ E Trade က အောင်မြင်လာတယ်။ ပိုက်ဆံရလာတယ်။ ဒါကြောင့် ၂၀၀၉ ခုနှစ်မှာ Blue Ocean ဆိုပြီးတော့ ကုမ္ပဏီထပ်ထောင်တယ်။ ၂၀၁၁ ခုနှစ်မှာ Call Center ဆိုပြီးတော့ လုပ်တယ်။ ဒါကြောင့် အခုဆိုရင် ကျွန်တော့်ဆီမှာ လုပ်ငန်းပေါင်း ၁၅ ခုလောက်ရှိပါတယ်။ အသင်းအဖွဲ့ တော်တော်များများမှာလည်း ကျွန်တော် ပါဝင်လှုပ်ရှားနေပါတယ်။

အဖွဲ့အစည်းတစ်ခုခုမှာ အလုပ်လုပ်နေရင်လည်း ကိုယ်ဘယ်အဆင့်ရောက်နေလဲ၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းဆိုရင်လည်း ကိုယ့်လုပ်ငန်းက ဘယ်အဆင့်မှာရှိလဲဆိုတာ သိရမယ်။ ကိုယ့်အဆင့်ကိုယ်သိဖို့အတွက် Identify လုပ်ပါ။ ကိုယ်သွားမယ့်အဆင့်က ဘယ်အဆင့်ထိလဲဆိုတာ သိအောင်လုပ်ရမယ်။ အဲဒီမှာ အဆင့်တစ်ဆင့်တက်ဖို့အတွက် ကိုယ်ဘာတွေတတ်ပြီးပြီလဲဆိုတာ သိရမယ်။ အတတ်ပညာပဲဖြစ်ဖြစ်၊ အသိပညာပဲဖြစ်ဖြစ် တစ်ခုခုတတ်မှရမယ်။ ဘာ Achievement တွေ ရပြီးပြီလဲဆိုတာလည်း သိရမယ်။

coverstory5

ကျွန်တော့်ဝန်ထမ်းတချို့ဆီက နောက်မှဝင်လာတဲ့ဘယ်သူကတော့ လခတိုးသွားပြီ၊ ရာထူးတိုးသွားပြီဆိုပြီး ပြောကြတာကို ကြားရတယ်။ အဲဒီမှာ ကျွန်တော်ပြောတာက ဘာကြောင့် သူများနဲ့သွားပြီးယှဉ်နေတာလဲ။ ဘာဖြစ်လို့ ကိုယ့်ဟာကိုယ် မယှဉ်ရတာလဲ။ ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ရာထူးမတက်၊ လခ မတိုးတာလဲ။ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပါ။

ကျွန်တော်ကိုယ်တိုင်ကတော့ ဒီနေ့ ထွန်းထွန်းနိုင်ဟာ မနေ့က ထွန်းထွန်းနိုင်နဲ့ ဘာကွာလဲဆိုတာကို အမြဲတမ်းဆန်းစစ်နေတယ်။

နောက်ပြီး လူတိုင်းမှာ Road Map ရှိရပါမယ်။ ကျွန်တော် အသက် ၂၀ ကတည်းက Road Map ထားတယ်။ ၂၅ နှစ်မှာ ၃၀ မှာ၊ ၃၅ မှာ ဘာဖြစ်ရမယ်ဆိုပြီး Road Map ချထားတာရှိပါတယ်။ အခု အသက် ၄၀ ပါ။ ၄၅ နှစ်အတွက် Road Map ချနေပါပြီ။ အဲဒီ Road Map မှာ Business အတွက်တင် မဟုတ်ဘူး။ မိန်းမ ဘယ်အချိန်ယူမယ်၊ ကလေး ဘယ်အချိန်မွေးမယ်ဆိုတာပါ ပါပါတယ်။ Road Map မှာ ဘယ်အဆင့်ရောက် နေပြီလဲဆိုတာလည်း သိရမယ်၊ ဘယ်နှစ်ဆင့်ကျန်သေးလဲဆိုတာကိုလည်း သိရမယ်။

ကျွန်တော်သိတဲ့ Market ဆိုတာကတော့ Seller နဲ့ Buyer တွေ့တာက Market ပါ။ Market လို့ ပြောလိုက်တာနဲ့ Everywhere is the Market ဆိုတာ သိရမယ်။ ဘယ်သွားသွား Name Card ကို ဆောင်ထားပါ။ ဘယ်နေရာမှာမဆို ရောင်းပါ။ ကိုယ်က ရောင်းချင်တယ်ဆိုရင် Prepare လုပ်ထားရမယ်။ နေရာတိုင်းမှာ Buyer ရှိနိုင်တယ်။ ရောင်းဖို့အတွက် ကိုယ့် Product က Ready ဖြစ်ပြီလား၊ ကိုယ့် Service က Ready ဖြစ်ပြီလားဆိုတာ သိရမယ်။ အလုပ်လုပ်တဲ့ဝန်ထမ်းတွေဆိုရင် ကိုယ့်ရဲ့ အသိပညာတွေ၊ အတတ်ပညာတွေ၊ Innovation တွေ၊ Idea တွေ၊ Creation တွေ ရောင်းရပါတယ်။

Marketing သမားတော်တော်များများ 4P ကို သိကြတယ်။ ကိုယ့်ရဲ့ရောင်းရမယ့်ပစ္စည်းက ဘာလဲ။  Identify ကိုယ်က လုပ်ရမယ်။ ဘာကိုရောင်းမှာလဲ။ ဘယ်ဈေးနဲ့ရောင်းမှာလဲ။ ဝန်ထမ်းတွေကို အမြဲတမ်း အင်တာဗျူးတယ်။ လစာဘယ်လောက်လိုချင်လဲ မေးတယ်။ တော်တော်များများ ၈၀ ရာခိုင်နှုန်းက ကျွန်မတို့ မသိဘူး။ ဒီကဘယ်လောက်ပေးတယ်ဆိုတာကို ပြောပါလို့ပဲ ဖြေကြတယ်။ ကျွန်တော့်ဝန်ထမ်းဘ၀ အလုပ်လုပ်ခဲ့တဲ့တောက်လျှောက်မှာ လိုချင်တဲ့လခကို တောင်းတယ်။ ကိုယ့် Price ကို ကိုယ့်ဘာသာကိုယ် သတ်မှတ်တာကြောင့်ပါ။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမသတ်မှတ်ရင် ဘယ်လိုလုပ်ရောင်းမလဲ။ နောက်တစ်ခုက Promotion ဘယ်ဟာကို ရောင်းမှာလဲ။ Place ဘယ်နေရာကို ရောင်းမှာလဲဆိုတာ လိုအပ်ပါတယ်။ ဘယ်နေရာမှာ ကိုယ့်ရဲ့ဈေးကွက်ကရှိတာလဲ။ ဘယ်လိုလုပ်ပြီးရောင်းမှာလဲ။ အောက်ဈေးနဲ့ရောင်းမှာလား။ ကြော်ငြာပြီး ရောင်းမှာလား။ ကိုယ့်ကိုယ်ကိုယ် Packaging ကုန်ပစ္စည်းတစ်ခုလို သဘောထားပါ။ ဘာလို့ Packaging က အရေးကြီးလဲဆိုရင် ပထမဦးဆုံး First Impession (အသွင်အပြင်)၊ ပထမဆုံး Customer ကို ဆွဲဆောင်တာ အသွင်အပြင်ပဲ။ အဝတ်အစား ဝတ်ပုံစားပုံ၊ ဆံပင်ပုံ၊ နေပုံထိုင်ပုံ။ အဲဒါ ကိုယ့်ကိုယ်ကိုယ် Packaging လုပ်ရင် လှလှပပလုပ်နိုင်ရမယ်။ ဘယ်လောက်ပဲ Product ကောင်းနေပါစေ၊ Quality ကောင်းနေပါစေ Packaging မကောင်းရင် Impression မရှိနိုင်ဘူး။ အခုချိန်ကစပြီး ကိုယ့်ကိုယ်ကိုယ်ရောင်းတော့မယ်ဆိုရင် Package Yourself လုပ်ပါ။       

နောက်တစ်ခုက ကိုယ်ဘယ်သူလဲဆိုတာ သူများသိအောင်လုပ်ပါ။ အင်တာဗျူးသွားရင် ဘာလုပ်နေလဲဆိုတာ မပြောရအောင် အလုပ်ရှင်က By Name နဲ့ ခေါ်အောင် ကိုယ်ဘယ်လုပ်ငန်းမှာပဲ လုပ်နေပါစေ ဘယ်ကုမ္ပဏီမှာပဲ လုပ်နေပါစေ ဘယ်သူကတော့ တော်တယ်ဆိုပြီး Personl  နာမည် Brand တစ်ခုကိုရအောင် တည်ဆောက်ပါ။ Brand တည်ဆောက်ပြီးပြီ၊ Package လုပ်ပြီးပြီ။ ရောင်းမထွက်သေးဘူး။ ဘာလို့ ရောင်းမထွက်သေးလဲဆိုရင် လူတွေနဲ့ Socialize မဖြစ်လို့ပဲ။ လူတွေ ကြားမှာမနေရင် Networking မရှိဘူး။ ကိုယ်က လူတွေကြားထဲမှာ Networking ကောင်းအောင်နေရင် ကိုယ့်အကြောင်းကို လူတွေက ပိုသိသွားမယ်။ ကိုယ့်ကိုယ်ကိုယ်ရောင်းချင်ရင် Package လုပ်ပါ။ Personal Brand တည်ဆောက်ပါ။ လူတွေနဲ့ Socialize လုပ်ပါ။

''လူတိုင်းလူတိုင်းမှာ သူများနဲ့မတူတဲ့ အရည်အချင်းရှိပါတယ်။ အဲဒါကိုယ့်ဘာသာ သိရပါမယ်။ ကျွန်တော် DHL မှာလုပ်တုန်းက စာပို့ရင်း မောလို့ထိုင်နေတော့ ကျွန်တော့် Regional Director က စကားလာပြောတယ်။ နောက်နေ့ကျတော့ သူက ကျွန်တော့်ကို Sales အဖြစ် ခန့်ဖို့ပြောတယ်။ ကျွန်တော်နဲ့ စကားပြောလိုက်ချိန်မှာ ကျွန်တော်နဲ့ကိုက်ညီမယ့်နေရာကို သူသိသွားပါတယ်။ အဲဒီကစပြီး ကျွန်တော် Sales တစ်ယောက်ဖြစ်လာပါတယ်။

ကိုယ့်အားနည်းချက်ကိုလည်း သိအောင်လုပ်ပါ။ ပြင်ဖို့ ကြိုးစားပါ။ Critical Situation ကျဉ်းထဲကျပ်ထဲရောက်ရင် ဘယ်လိုဖြေရှင်းမလဲ၊ ဘယ်အချိန်မှာ လက်လျှော့ရမလဲဆိုတာ ပြင်ဆင်ဖို့လိုပါတယ်။

ဘယ် Career ကို ဝင်ချင်တာလဲ၊ ကိုယ်ဖြစ်ချင်တာလည်း စဉ်းစားဆုံးဖြတ်ပါ။

မြန်မာလူဦးရေ ၅၁.၄ သန်းမှာ အင်တာနက်သုံးသူ ၂.၆ သန်းရှိနေပါတယ်။ Social Media သုံးသူ ၃.၈ သန်းရှိပါတယ်။ ၂၀၁၅ ခုနှစ်၊ မတ်လအထိ စာရင်းပါ Mobile သုံးသူ ၂၆ ရာခိုင်နှုန်းရှိပါတယ်။ အဲဒီထဲက ၉၉ ရာခိုင်နှုန်းက Prepaid သုံးပါတယ်။ တစ်နိုင်ငံလုံး Coverage ၅၀ ကျော်ရောက်နေပါပြီ။

coverstory6

Mobile ခေတ်ကို ရောက်လာပါပြီ။ စွန့်ဦးတီထွင်သူဖြစ်ဖို့ဆိုတာ ချောက်ကမ်းပါးကို ခုန်ကူးတတ်ဖို့နဲ့ တူပါတယ်။ အန္တရာယ်ကို စွန့်ရဲရမယ်။ သူများ မလုပ်သေးတဲ့၊ မတွေ့သေးတဲ့ဈေးကွက်အခွင့်အလမ်းကို ရှာဖွေနိုင်တာမှ Entrepreneur လို့ခေါ်ပါတယ်။

စီမံခန့်ခွဲမှုမှားယွင်းရင်၊ အတွေ့အကြုံမရှိရင် ငွေရေးကြေးရေး ကိုင်တွယ်စီမံမှုညံ့ရင်၊ ဈေးကွက်ရှာဖွေမှု အားနည်းရင်၊ Strategic Plan မရှိရင်၊ လုပ်ငန်းအောင်မြင်လာတာကို မထိန်းထားနိုင်ရင်၊ လုပ်ငန်းနေရာ ရွေးချယ်မှုညံ့ရင်၊ Inventory Control မမှန်ရင်၊ ဈေးနှုန်းသတ်မှတ်ချက် မှားယွင်းရင်၊ Entrepreneur Transition လို့ခေါ်တဲ့ ကိုယ့်လုပ်ငန်းအကူးအပြောင်းမလုပ်နိုင်ရင် ရှုံးနိမ့်တတ်တာကို သတိပြုရပါမယ်။ ကျတာကို မကြောက်ပါနဲ့။ ဘဝဆိုတာ Roller Coaster လိုပါပဲ။ ပြန်တက်လာဦးမှာပါပဲ။ နောက်တစ်ခုက ငယ်တုန်းမှာ ကုမ္ပဏီကိုရွေးပါ။ ကိုယ့်ကို ဘာသင်ပေးနိုင်လဲဆိုတာ ရွေးပါ။ ပိုက်ဆံနောက်မလိုက်ပါနဲ့ဦး။

အောင်မြင်သူတော်တော်များများက Risk အကြီးကြီးယူတတ်ပါတယ်။ ကိုယ့်မှာတော့ Dream ရှိရမယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ရမယ်။ အကောင်းမြင်စိတ်ရှိပါ။ လွယ်လွယ်အရှုံးမပေးပါနဲ့။ တစ်ခုခု အသစ်အဆန်းလုပ်ခွင့်ကြုံလာရင် လက်ခံလိုက်ပါ။ အခွင့်အရေးအရင်ယူပြီး လုပ်တတ်အောင် သင်ပါလို့ ပြောချင်ပါတယ်။

coverstory7

ဒေါ်ပွင့်ဦးဆွေ

Marketing and Communications Director

Ooredoo

ကျွန်မရဲ့ Career သက်တမ်းတစ်လျှောက်မှာ မိန်းမဖြစ်နေလို့ အခွင့်အရေးမရတာမျိုးရှိခဲ့သလားဆိုတာ ပြန်စဉ်းစားကြည့်တော့ မရှိခဲ့ဘူးထင်တယ်။ ဘာကြောင့်မရှိခဲ့တာလဲဆိုရင် တချို့အပိုင်းတွေမှာ အမျိုးသားတွေနဲ့ ရင်ပေါင်တန်းပြီး လုပ်နိုင်တာ၊ တွေးခေါ်မှုတွေ လိုက်မီအောင်လုပ်နိုင်တာတွေ တွေ့ရပါတယ်။ နောက်တစ်ခုကကျတော့ နိုင်ငံခြားသားတွေနဲ့ အလုပ်လုပ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ရမှာတွေလည်း ရှိပါတယ်။ ကျွန်မဆယ်တန်းအောင်ပြီး တက္ကသိုလ်စတက်တဲ့ အချိန်ကျတော့ International Relations ဘာသာရပ်ကို ယူပါတယ်။ ကိုယ်ယူလိုက်တာက Challenge ဖြစ်သွားပြီး ဘာသာရပ်အားလုံး အင်္ဂလိပ်လိုသင်ရတော့ အများကြီး လိုက်လုပ်ရတယ်။ သူများနဲ့မတူတဲ့ အားထုတ်မှုနဲ့ အားထုတ်ခဲ့ရပါတယ်။ ရန်ကုန်မှာ အလုပ်လုပ်တဲ့အခါကျတော့ MBA တက်ပါတယ်။ အတွေးအခေါ်တွေ အများကြီးပြောင်းလဲစေတယ်။ MBA တက်လိုက်လို့ ဘဝကြီးက ပြောင်းလဲသွားမလားဆိုတာ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။ MBA က ပေးလိုက်တာတွေက Inspiration တွေ၊ Way of Thinking တွေ၊ ကိုယ်ဖြစ်ချင်တဲ့ ကိုယ့်ဘဝတိုးတက်လမ်းတွေ၊ ပြန်ပြီးတော့မှ Sharing လုပ်ချင်တာတွေပါ။

ကမ္ဘာ့လူဦးရေရဲ့လုပ်ငန်းခွင်ကို လုပ်နေတဲ့အထဲမှာ ယောကျ်ားလေးရာခိုင်နှုန်းက ၇၅ ရာခိုင်နှုန်းရှိတယ်။ လုပ်ငန်းခွင်ဝင်တဲ့ အမျိုးသမီးရာခိုင်နှုန်းက ပိုနည်းပါတယ်။ အမျိုးသမီးတွေက ဦးထုပ်တွေ အမျိုးမျိုးဆောင်းရတယ်။ သမီးလည်းဖြစ်သလို မိန်းမ၊ အမေလည်းဖြစ်တယ်။ လုပ်ငန်းခွင်မှာ မန်နေဂျာလည်း ဖြစ်နိုင်တယ်။ လုပ်ငန်းခွင်မှာ ဦးဆောင်နိုင်တဲ့လူလည်း ဖြစ်နိုင်တယ်။  မြန်မာနိုင်ငံမှာ ၁၈ နှစ်အထက် အလုပ်လုပ်နေတဲ့အမျိုးသမီးလူဦးရေက လုပ်ငန်းခွင်ရဲ့ ၅၀ ရာခိုင်နှုန်းရှိပါတယ်။ Supervisor Level ကို ရောက်လာတာက အဲဒီအရေအတွက်ရဲ့ ၁၅ ရာခိုင်နှုန်းပဲရှိပါတယ်။ မန်နေဂျာအဆင့်ကနေ Corporate Level ရောက်သွားတာ တက်သွားတဲ့ အမျိုးသမီး Level သိပ်နည်းပါတယ်။ မြို့ကြီးတွေမှာဆိုရင် လက်ချိုးရေလို့ ရပါတယ်။ အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် Level တစ်ခုရောက်လာတဲ့အခါ မိသားစုအတွက် Sacrifice လုပ်ရတာတွေ သိပ်များလာပါတယ်။ လုပ်ဆောင်ရမယ့် ပထမဆုံးတစ်ချက်က Social Relationship ပါ။ အရင်တုန်းကလို အိမ်တွင်းပုန်းမနေဘဲ Socialize  ဖြစ်ဖို့လိုတယ်။ ကိုယ်ဘယ် Society ကို Target ထားတာလဲ။ ဘယ် Target Level ကို သတ်မှတ်ပြီး Society မှာ Relationship ကို တည်ဆောက်မှာလဲ။ ကိုယ့်ရဲ့ Career မှာလည်း ကိုယ်ဘာဖြစ်ချင်တာလဲဆိုတာ သိရပါမယ်။

coverstory8

နောက်ထပ်အချက်က ကိုယ့်ရဲ့ Communication Skill ကို ဘယ်လို Build Up လုပ်သွားမလဲ။ Language တစ်ခုတည်းကတော့ Communication မဟုတ်ပါဘူး။ နားမလည်ရင် နားလည်အောင် ဘယ်လိုပြောမလဲ။ ပုံဆွဲပြမလား။ နောက်တစ်ခုက Presentation Skill ပါ။ အစည်းအဝေးတွေမှာ မေးခွန်းများများမေးပါ။ နောက်တစ်ခုက ကိုယ်ဘာဖြစ်နေတာလဲ ကိုယ့်ကိုယ်ကိုယ် Proud ဖြစ်ဖို့လိုတယ်။ ကိုယ်ဘာတွေ မျှော်လင့်ပြီးတော့ နောက်တစ်ဆင့်တက်ဖို့လိုလဲ။ နောက်အရေးကြီးတာတစ်ခုက မိန်းမတွေဟာ သူတို့ရဲ့ Partner ကို အလုပ်ခွဲဝေပေးသင့်ပါတယ်။ ကိုယ့်အနေနဲ့ နိုင်ငံခြားသားနဲ့ အလုပ်လုပ်တဲ့အခါကျရင် ဘာတွေပြင်ဆင်ထားရမလဲ။ မိန်းမဖြစ်နေလို့ ကိုယ့်ကိုယ်ကိုယ် Discount လုပ်လို့မရဘူး။ Physically ရော Mentally ရော Compete လုပ်နိုင်ရမယ်။ နိုင်ငံခြားသားတွေနဲ့ အလုပ်လုပ်တဲ့အခါကျရင် Effective Communication Skills က အတော်ထိရောက်ပါတယ်။ အဲဒီအတွက် ဘာတွေလိုလဲဆိုရင် နံပါတ်တစ်က Language။ နောက်တစ်ခုက နိုင်ငံခြားသားတွေနဲ့ အလုပ်လုပ်တဲ့အခါ မြန်မာလူမျိုးတွေက Commitment မရှိဘူးဆိုပြီး Feedback ပြန်ရတယ်။ ကိုယ်လုပ်ရမယ့်တာဝန်ကိုသိပြီး Deadline ဝင်အောင် လုပ်နိုင်ရမယ်။ နောက်တစ်ခုက Expat တွေနဲ့ ဆက်ဆံတဲ့အခါ သူနဲ့ကိုယ်နဲ့ကြားမှာ ဘယ်လိုတူညီတဲ့ Interest ရှိလဲဆိုတာ လေ့လာရမယ်။ အဲဒါကိုသိတဲ့အခါ စကားပြောလို့ရလာတယ်။ နိုင်ငံခြားသား အထူးသဖြင့် အနောက်တိုင်းသားတွေနဲ့ အစည်းအဝေး စကားပြောတဲ့အခါ Fact and Figure ရှိရမယ်။ Emotional နဲ့ ပြောလို့မရဘူး။

Rational ဖြစ်ရမယ်။ သူတို့က Left Brain Oriented တွေဖြစ်တယ်။ ကျွန်မတို့အရှေ့တိုင်းသားတွေက Right Brain Oriented တွေပါ။ နောက်ထပ်ပြောရမယ်ဆိုရင် ငါ့ကိုငါ့ရဲ့အလုပ်က ဘာမျှော်လင့်တာလဲ နောက်ထပ်တစ်ဆင့်တက်မယ့် Career ရဲ့ JD ကဘာလဲ၊ အဲဒီအလုပ်ကိုလုပ်နိုင်ဖို့အတွက် ငါဘာတွေလိုလဲ၊ ဘယ်တော့လုပ်နိုင်မလဲ စသဖြင့် ကိုယ့်ကိုယ်ကိုယ် Access လုပ်တဲ့ဟာ အရေးကြီးပါတယ်။ နောက်တစ်ခု အရေးကြီးတာက ကိုယ့်ကုမ္ပဏီရဲ့ Mission နဲ့ ကိုယ်နဲ့ Align ဖြစ်ရဲ့လား။ ကိုယ်တကယ်ပဲ လုပ်ချင်တဲ့အလုပ် ဟုတ်ရဲ့လား။ Opportunity ရှိတိုင်းလည်း ကိုယ်နဲ့ Career မကိုက်ရင် မယူသင့်ပါဘူး။ ကိုယ့်ရဲ့ Strong Point ဟုတ်ရဲ့လားဆိုတာ စဉ်းစားပြီးတော့မှ ရွေးချယ်စေချင်ပါတယ်။

coverstory9

ဦးမြင့်ဇော်

CEO and Chief Consultant

Ground Solution Co Ltd

President and Founder

Professional Marketer Association

၂၀၁၅ ခုနှစ်၊ မေလမှာ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁.၄ သန်းရှိပြီး အဲဒီထဲမှာ အမျိုးသားက ၄၈.၂ ရာခိုင်နှုန်း၊ အမျိုးသမီးက ၅၁.၈ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ အဲဒီထဲမှာမှ မြို့နေလူထု ၃၀ ရာခိုင်နှုန်းနဲ့ ကျေးလက်လူထု ၇၀ ရာခိုင်နှုန်း ရှိနေပါတယ်။ လက်ရှိစီးပွားရေးလုပ်ငန်းကြီးတွေအများစုက မြို့ပြမှာပဲတိုးနေပြီး ကျေးလက်ကို တိုးလို့မရနိုင်တဲ့အတွက် ဥပမာပြောရရင် လေဆာသွားတိုက်ဆေးကို ပြည်ပက Product တွေက ယှဉ်လို့မရတာကြောင့် ဒေါ်လာသန်းတစ်ရာနဲ့ လေဆာကိုဝယ်လိုက်တာဖြစ်သွားတယ်။ မြန်မာဘီယာရဲ့ ၅၅ ရာခိုင်နှုန်းကို ဒေါ်လာသန်း ၅၃၀ နဲ့ ဝယ်သွားတယ်။ အခုဆို မြန်မာဘီယာရဲ့ လက်ရှိတန်ဖိုးက ၁,၀၁၈ သန်းဖြစ်သွားပြီ။ Local Product တွေအတွက် ဂုဏ်ယူစရာကောင်းတယ်။ ဒီအချက်တွေကိုကြည့်ရင် အရင်ကကျွန်တော်တို့မှာ စာရင်းဇယားအတိအကျမရှိခဲ့ဘူး။ Record ထားတာ အားနည်းတယ်။ အခုတော့ Data တွေ၊ Reference တွေ ရှိလာတဲ့အတွက် အဲဒီအပေါ်မှီပြီး ကျွန်တော်တို့ အလုပ်လုပ်ရမယ်။ လူငယ်အင်အားစုတွေ အများစုရှိတဲ့တိုင်းပြည်ဖြစ်လို့ လုပ်လို့ရတာတွေအများကြီးရှိတယ်။ အရေးကြီးတာက Plan and Preparation ရှိဖို့ပဲ။ AEC အရလည်း ၂၀၁၅ ဒီဇင်ဘာလကစပြီး အခွန် ၀ to ဝ.၅ ရာခိုင်နှုန်းထားဖို့ အာဆီယံနိုင်ငံတွေအားလုံးနဲ့ သဘောတူထားတယ်။ တခြားနိုင်ငံကထုတ်တဲ့ပစ္စည်းတွေကို သူတို့ဆီက ဈေးနဲ့ သိပ်မကွာတဲ့နှုန်းနဲ့ ဒီမှာဝယ်လို့ရလာမယ်။ အဲဒီအချိန်မှာ နိုင်ငံခြားကို တင်ပို့ဖို့ အသင့်ပြင်ထားတဲ့ မြန်မာထုတ်ကုန်တွေ နည်းနေသေးတယ်။ ဒီအတွက် အများကြီး ပြင်ဆင်ထားစေချင်ပါတယ်။ လိုအပ်ရင် ကုမ္ပဏီချင်းပေါင်းဖို့ လိုတယ်။ ပေါင်းဖို့ကိုလည်း ကုမ္ပဏီက စနစ်တကျ အဆင်သင့်ရှိနေရမယ်။

၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း နိုင်ငံရေးပြောင်းလဲမှုကိုကြည့်ရင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အရင်က မြန်မာကို မသိတဲ့သူတွေ အများကြီးရှိရာကနေ မြန်မာနိုင်ငံကို သတိပြုမိလာကြတယ်။ ၂၀၁၁ ခုနှစ်မှာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ မလာကြသေးပေမဲ့ မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုတွေကို သတိထားမိလာကြတယ်။ ၂၀၁၂ ခုနှစ်မှာ အမေရိကန်ကုမ္ပဏီတချို့ ဝင်လာတယ်။ ၂၀၁၃ ခုနှစ်မှာ Sea Game အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့အတွက်  မြန်မာတွေရဲ့ စွမ်းရည်တွေကို သတိပြုမိလာကြတယ်။ ၂၀၁၄ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌ တာဝန်ကို ကောင်းကောင်းတာဝန်ယူပြခဲ့တယ်။ ၂၀၁၅ ခုနှစ်ကတော့ တိုင်းပြည်အတွက် တကယ့် Challenging Year ပဲ။ ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နိုင်တယ်။ Capital Market စနိုင်တယ်။ AEC စတင် နိုင်ခဲ့တယ်။ ဒီတော့ Demand တွေ တအားများလာတယ်။ ကိုယ်တွေက Supply ဘယ်လိုပေးမလဲ ပြင်ဆင်ရမယ်။

coverstory10

၂၀၁၃ ခုနှစ်မှာ နိုင်ငံခြားကုမ္ပဏီက လိုအပ်နေတဲ့ အလုပ်အကိုင်နေရာတွေအတွက် ဝန်ထမ်းတွေခေါ်ခဲ့ကြရတယ်။ လုပ်ငန်းအတွေ့အကြုံရှိတဲ့ Local တွေကို လစာများများပေးပြီး ခန့်ကြတယ်။ အထူးသဖြင့် စီနီယာမန်နေဂျာအဆင့်တွေ လိုအပ်ကြတယ်။ ၂၀၁၄ ခုနှစ်မှာ Survey ပြန်လုပ်တော့ ဝန်ထမ်း ၆ ရာခိုင်နှုန်းလောက်ကိုပဲ ကျေနပ်မှုရှိပြီး  ၉၄ ရာခိုင်နှုန်းကမကျေနပ်ကြဘဲ ခန့်မိတာမှားပြီဆိုပြီးဖြစ်ကြတယ်။ အဲဒီမှာ ဝန်ထမ်းတွေမှာ လိုအပ်နေတဲ့ အရည်အချင်းကိုးခုကို တွေ့လာကြတယ်။

၁။ Global Skill

ဘာသာစကားတတ်ကျွမ်းမှုမှာ သူများပြောတာနားလည်ဖို့ သူများနားလည်အောင် ပြောဖို့လိုတယ်။ ခုခေတ်မှာ အနည်းဆုံး သုံးဘာသာလောက်တောင် တတ်ကျွမ်းထားဖို့လိုလာပြီ။ နောက်တစ်ချက်က ဘာသာစကား သာမက Culture ကိုပါနားလည်ဖို့ အရေးကြီးလာပြီ။

၂။ Computing Skill

ကွန်ပျူတာနဲ့ပတ်သက်ရင်လည်း အရင်ကလို Microsoft Word ၊ Excel ၊ Power Point တွေကို ရိုးရိုးသုံးတတ်ရုံနဲ့မရတော့ဘူး။ Bussiness Comunication တွေအတွက် ဘယ်လိုထိရောက်အောင်သုံးမလဲ။ Client တွေကိုဘယ်လို Database တွေသုံးပြီး ရှင်းမလဲဆိုတာအထိ ကျွမ်းကျင်ရမယ်။

၃။ Initiative

အရေးကြီးပါတယ်။ ထားတဲ့နေရာမှာ ထိုင်နေ၊ အပေါ်က ချပေးတာကို လုပ်နေလို့ ရှေ့ဆက် ဘာမှမလုပ်တတ်တော့ဘူး၊ ဘာမှထွင်းထွင်းဖောက်ဖောက် မလုပ်တတ်တော့ဘူးဆိုရင် နောက်မှာကျန်ခဲ့မှာ သေချာပါတယ်။ အကြံဉာဏ်တွေ ပေးနိုင်ရမယ်။ ပြဿနာဖြစ်လာရင် ဖြေရှင်းတတ်ဖို့ ကြိုးစားရမယ်။

၄။ Action Planning

Management ညွှန်ကြားထားတဲ့အတိုင်း အောင်မြင်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ စီစဉ်ထားမှုရှိဖို့ လိုပါတယ်။

၅။ Critical Thinking

ပြိုင်ဆိုင်မှုတွေများလာချိန်မှာ ကျဉ်းထဲကျပ်ထဲရောက်ရင် ဘာလုပ်ရမလဲဆိုတာ စဉ်းစားပါ။ စဉ်းစားတဲ့အခါမှာ အကျိုးအကြောင်း ဆီလျော်မှုရှိရှိ အချက်အလက် အပြည့်အစုံနဲ့ ဟာကွက်မရှိအောင် စဉ်းစားတတ်ဖို့လိုပါတယ်။

၆။ Professionalism

ကိုယ်ရွေးထားတဲ့အလုပ်မှာ Professional ဖြစ်ဖို့ လိုပါတယ်။ သူများခိုင်းမှ လုပ်တတ်တာမျိုး မဖြစ်ရပါဘူး။ CV မှာ ရေးထားတာပဲ ခိုင်းကြည့်လေဆိုတဲ့ Mentality မျိုး မရတော့ဘူး။

၇။ Enthusiasm

လုပ်ချင်ကိုင်ချင်စိတ်ရှိဖို့ကလည်း အဓိကကျပါတယ်။ လက်ရှိလုပ်နေတာမှာလည်း သင်ယူလေ့လာနေရတယ်။ နောက်တက်မယ့်နေရာတွေအတွက်လည်း အဆင်သင့်ဖြစ်အောင် အသင့်ပြင်ထားရမယ်။ ဆုံးဖြတ်ချက်ချတာတွေ မှားလို့မရတော့ဘူး။ အထူးသဖြင့် Capital Market ဝင်လာရင် Decision တွေ မှားသွားရင် နာလန်မထူနိုင်တော့ဘူး။

၈။ Management

တခြားသူတွေကိုစီမံခန့်ခွဲတယ်ဆိုတာ တစ်ဖက်လူကို Motivate လုပ်ပေးနိုင်ဖို့ အရေးကြီးတယ်။ ကိုယ်က Sale တို့ Marketing တို့လုပ်နေတာကြောင့် Management နဲ့ မဆိုင်ဘူးလို့ ပြောလို့မရဘူး။ ကိုယ့် Client တွေ Suppiler တွေ၊ Customer တွေကို ထိန်းထားနိုင်အောင် ဆွဲဆောင်နိုင်အောင်လုပ်တာလည်း Management လုပ်တာပါပဲ။

coverstory11

၉။ Stress Tolerance

အခုလူငယ်တွေက အလုပ်တစ်ခုက နည်းနည်း Stress များလာတာနဲ့ တခြားအလုပ်တစ်ခုကို ပြောင်းသွားရော။ တကယ်တော့ ဝန်ထမ်းဘဝဆိုတာ ပန်းပဲဖိုထဲကသံလိုပဲ။ ပန်းပဲဆရာက ကောင်းမယ်ထင်တဲ့ သံချောင်းကိုယူ၊ မီးနီရဲနေအောင်ဖုတ်၊ အပြင်ထုတ်ပြီး တူနဲ့ထု၊ ရေနဲ့လောင်း၊ မီးနဲ့ပြန်ဖုတ် အကြိမ်ကြိမ် အထုထောင်းခံပြီးမှ ဓားကောင်းတစ်လက်ဖြစ်လာတာဆိုတော့ အလုပ်ခွင်မှာ Stress ကိုတော့ ခံနိုင်ရမယ်။ ဆတ်ဆတ်ထိ မခံရင်တော့ ဘာအရည်အချင်းမှရှိလာမှာ မဟုတ်ပါဘူး။

နောက်တစ်ခုက လူငယ်တွေ SWOT လို့ ခေါ်တဲ့ Strength ၊ Weakness ၊ Opportunity နဲ့ Threat ကိုသုံးပြီး ကိုယ့်ကိုယ်ကိုယ် Review လုပ်ဖို့လိုတယ်။ S နဲ့ W က ကိုယ်နဲ့ဆိုင်တယ်။ O နဲ့ T က အပြင်အခြေအနေ ဈေးကွက်နဲ့ တိုင်းပြည်အခြေအနေတွေနဲ့ ဆိုင်တယ်။ တစ်ခုသတိပြုရမှာက ငယ်တဲ့အချိန်မှာ ပိုက်ဆံနောက် မလိုက်ဖို့လိုတယ်။ သူများနဲ့ Communicate မလုပ်ဘဲ ကိုယ့်ဘာသာ ဘာသိဘာသာမနေမိဖို့ လိုတယ်။ ဖြတ်ခုတ်ဖြတ်စား၊ တို့မီးရှို့မီးတွေနောက် မလိုက်ဖို့၊ ကိုယ်တိုင်လည်းမလုပ်ဖို့ လိုတယ်။ အပေါ်ယံအသိနဲ့တင် ကျေနပ်မနေဘဲ အကျိုးရှိမယ့် အကြောင်းအရာတစ်ခုကို နက်နက်နဲနဲသိအောင် ကြိုးစားရမယ်။ ဒီခေတ်မှာ Application တွေ၊ Social Media တွေများလာတော့ အကြောင်းအရာ အမှန်အမှား ခွဲခြားသိဖို့လိုတယ်။ အကျိုးမရှိတဲ့အရာမှာ အချိန်တွေ မဖြုန်းမိဖို့လိုတယ်။ သူများယောင်တိုင်း လိုက်မယောင်မိပါစေနဲ့။

တိုင်းပြည်ပွင့်လင်းလာတာနဲ့အမျှ အခွင့်အလမ်းတွေ အများကြီးပေါ်လာတယ်။ လစာဝင်ငွေကောင်းတွေ ရလာနိုင်ပြီ။ အလုပ်ရွှေ့ဖို့ ရှာဖို့လွယ်တယ်။ Professional ဖြစ်ရင် ပိုက်ဆံက ကိုယ့်နောက်လိုက်လာမှာပဲ။ ဗဟုသုတဖြစ်စေတဲ့ စာတွေဖတ်ဖို့လိုတယ်။ ညာကနေ ဘယ်ကူးတတ်ရမယ်။ MBA ရထားပြီး အဲဒီဟာတွေ မသုံးတတ်ရင် အလကားပဲ။ တွေးတောကြံဆပြီး Apply လုပ်တတ်ရမယ်။ Market Challange ကို အဆင်သင့် ရင်ဆိုင်နိုင်အောင်လုပ်ရမယ်။ Service Mindset ရဖို့ ကြိုးစားရမယ်။ Customer က Service ပိုကောင်းတဲ့ သူအားပေးမှာပဲ။ နောက်မကြာခင် Starbucks တို့လို Mc-Donald တို့လို နိုင်ငံတကာကုမ္ပဏီကြီးတွေ အများကြီးဝင်လာတော့မယ်။ Telecom မှာလည်း နောက်ထပ်ဝင်လာဖို့ရှိတယ်။ Stock Market လည်း စနေပြီ။ ခုနကပြောတဲ့ AEC လာနေပြီ။

နောက်တစ်ချက်က ရေရှည်အတွက် စဉ်းစားဖို့လည်း လိုပါတယ်။ ရေတိုအတွက်ပဲ စဉ်းစားလုပ်ကိုင်ပြီး ရေရှည်အတွက် အစီအစဉ်ချထားတာမရှိဘူးဆိုရင် မလွယ်ဘူး။ နိုင်ငံခြားလုပ်ငန်းကြီးတွေဝင်လာရင် သူတို့နဲ့အတူ လုပ်ငန်းကျွမ်းကျင်သူတွေ ငွေအရင်းအနှီးတွေ၊ နိုင်ငံတကာစံတွေ ပါလာပါတယ်။ မြန်မာအခံတွေမှာက ဘာသာစကားကျွမ်းကျင်မှုရယ်၊ လုပ်ငန်းကွန်ရက်ချိတ်ဆက်မှုရယ် Culture နဲ့ Behaviour အခံရှိတယ်။ အားသာချက်ချင်းက အတူတူပဲ။ ဒါပေမဲ့ သူတို့ဒီရောက်ရင် ဒီတိုင်းပြည်ဘာသာစကားကို သင်မယ်၊ ဒီကအစားစာတွေ Culture တွေကို လေ့လာရင်း Business Network တွေချဲ့ထွင်လာမယ်။ နောက်သုံးနှစ်လောက်ကြာတော့ သူတို့တွေကျွမ်းကျင်လာရင် မြန်မာတွေကို ဖယ်ထုတ်မှာပဲ။ ဒီတော့ မြန်မာတွေအနေနဲ့ ကိုယ့် Readiness ဖြစ်မဖြစ်ဆိုတာ ကိုယ့် Challange ကို စဉ်းစားရမယ်။ မြန်မာတွေ အားနည်းတဲ့ Business Analysis တို့၊ Brand Marketing တို့ကို ကြိုးစားသင်ယူရမယ်။ လုပ်ငန်းနဲ့ပတ်သက်တဲ့ ပြဿနာတစ်ခုခုကို ကိုယ့်တာဝန်လို့ သဘောထားပြီး တာဝန်ယူဖြေရှင်းချင်စိတ် ရှိရမယ်။ Ownership စိတ်ဓာတ်ယူမှ အောင်မြင်နိုင်မယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း ကိုယ့်လူမျိုးတွေ အရည်အချင်းပြည့်ဝတယ်ဆို ခန့်ချင်ကြမှာပဲ။

တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းရှင်တွေ ပြင်ဆင်ထားသင့်တာကိုလည်း အကြံပြုချင်တယ်။ ကိုယ့်လုပ်ငန်းအောင်မြင်အောင် မယိုင်လဲအောင်လုပ်ရသလို Stakeholder တွေရဲ့အကျိုးကို ကာကွယ်ပေးရမယ့်တာဝန် လုပ်ငန်းရှင်တိုင်းမှာရှိပါတယ်။ လုပ်ငန်းတိုင်းမှာ ISO လို Standard Operation Procedure တွေရှိထားဖို့ လိုပါတယ်။ ဒါအပြင် ငွေကြေးဖောင်းပွမှုတွေက ကိုယ့်လုပ်ငန်းအတွက် ဘယ်လောက်ထိ Risk ရှိနိုင်တယ်၊ ကိုယ့်လုပ်ငန်းတည်မြဲဖို့ အနှောင့်အယှက်တွေ ရှိလာနိုင်တယ်ဆိုတဲ့ Enterprise Risk Management တွေ ကိုင်တွယ်နိုင်ဖို့လိုပါတယ်။ Business Community Management ဆိုတဲ့ကိုယ့်လုပ်ငန်း စဉ်ဆက်မပြတ် လည်ပတ်နေအောင် ရန်ကုန်တစ်ခုတည်းမှာတင် လည်ပတ်တာမျိုးမဟုတ်ဘဲနဲ့ နယ်မြို့တွေကိုချဲ့မလား၊ အခြားနိုင်ငံကိုချဲ့မလားဆိုတာ ကြိုတင်စီမံဖို့လိုပါတယ်။  ကိုယ့်လုပ်ငန်းရဲ့ အလားအလာကို အောက်ခြေသိမ်းသိထားဖို့၊ ကျရင်ကျနေတဲ့အကြောင်း အောင်မြင်ရင်အောင်မြင်တဲ့ အကြောင်းတွေသိရှိဖို့ လိုပါတယ်။ နောက်ပြီး ကိုယ့်လုပ်ငန်း၊ စက်ရုံ စသဖြင့် အားလုံးကို အလုံးစုံ Insurance အာမခံထားဖို့ လိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ လူငယ်တွေအနေနဲ့ ကိုယ်ဘာဖြစ်ချင်လဲဆိုတာ စဉ်းစားပါ။ ကိုယ့်အတွက် လိုအပ်တဲ့ပညာအရည်အချင်းတို့၊ လုပ်ငန်းအတွက် လိုအပ်တဲ့ဘတ်ဂျက်တွေရှိအောင် ပြင်ဆင်ပါ။ ကိုယ့်လက်ရှိအနေအထားကို SWOT Analysis လုပ်ရမယ်။ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရမယ်။ ဘာလုပ်ရင် ကောင်းမလဲစဉ်းစားပြီး အဲဒီအလုပ်မှာတွေ့ရမယ့် စိန်ခေါ်မှု အတားအဆီးတွေ ဘာရှိနိုင်မလဲဆိုတာ ကြည့်ရမယ်။ လုပ်ငန်းမှာဘာတွေမှားနိုင်သလဲ၊ ဘာလုပ်မလဲတွေးပြီး ရေးကြည့်ဖြေကြည့်ရမယ်။ ကိုယ့်မှာအဖြေရှိပြီဆိုရင် အဲဒါက ပြဿနာမဟုတ်တော့ဘူး။ အချိန်ဘယ်လောက်ယူမလဲ လူအင်အားစရိတ် ခန့်ထားတဲ့အတိုင်း ဖြစ်မလာရင် နောက်ထပ်ထုတ်သုံးမယ့် Plan B တွေ  C တွေ လိုလာမယ်။ အောင်မြင်သွားပြီဆိုရင်တော့ နောက် Challenge ကို ဘယ်လိုသွားမလဲစဉ်းစားရမယ်။ System တွေ အားလုံးစနစ်တကျရှိရမယ်။ Smart ကျရမယ်။ နောက်ဆုံးအချက်ကတော့ ကိုယ်လုပ်တဲ့အလုပ်ကို ဇောင်းပေးလုပ်ပါ။ Professional ဖြစ်အောင်လုပ်ပါ။ ဖြစ်လာပြီဆိုရင် ကျင့်ဝတ်နဲ့ညီအောင်နေပါ။ တချို့က Professional ဖြစ်လွန်းအားကြီးသွားရင် Ethical မဖြစ်တော့တာတွေ့ရတယ်။ ခေတ်ကာလနဲ့အညီ ပြောင်းလဲပါလို့ မှာချင်ပါတယ်။

coverstory12

ဒေါက်တာဒေါ်ရီရီမြင့်

ပါမောက္ခ(ငြိမ်း)

ရန်ကုန်စီးပွားရေးတက္ကသိုလ်

ဆရာမတစ်ယောက်အနေနဲ့ အကြံပြုရရင်တော့ Business Education ဆိုတဲ့ MBA ဆိုတာ စာသင်တာ တစ်ခုတည်းမဟုတ်ဘူးဆိုတဲ့ သဘောမှတ်ယူဖို့ အရေးကြီးပါတယ်။ ဆရာမ ၁၉၆၀ ပြည့်နှစ်မှာ အမေရိကန် Stanford တက္ကသိုလ်မှာ MBA တက်ခဲ့တုန်းက ပြဋ္ဌာန်းထားတဲ့စာတွေ သင်ခဲ့ရတာမဟုတ်ဘူး။ အပြင်တကယ့် စီးပွားရေးလောကက Case ကို သင်ပေးတယ်။ ကျောင်းသားတွေကဝိုင်းပြီး အဖြေထုတ်တယ်။ လူတစ်ယောက်နဲ့တစ်ယောက် အတွေ့အကြုံချင်း၊ စဉ်းစားတဲ့ Perspective ချင်း လုံးဝမတူဘူး။ ဒါကြောင့် ဖြေရှင်းပုံဖြေရှင်းနည်း ဘယ်တော့မှတူတာ မထွက်လာဘူး။ ငြင်းခုန်ပြောဆိုရင်း ကိုယ်စဉ်းစားမိတာကို သူစဉ်းစားတာရှိတယ်။ သူပြောတာမဟုတ်ဘူးဆိုရင်လည်း ကိုယ်ပြောတာသူ့ထက် ပိုအဓိပ္ပာယ်ပြည့်စုံတယ်၊ အကြောင်းပြချက်မှန်တယ်ဆိုတာ တင်ပြရတယ်။ Case System က ပြဿနာတစ်ခုအတွက် ဘယ်ကာလမဆို မှန်တယ်ဆိုတဲ့အဖြေမျိုး ဘယ်တော့မှမရှိဘူး။ ဒါကြောင့် စာသင်တာကျက်တာ မှတ်မိတာဆိုတာ လက်တွေ့ဖြစ်နေတာ။ နောင်ဖြစ်မှာကို ကြောက်တာမဟုတ်ဘူး။ တချို့ပုဂ္ဂိုလ်တွေရေးသားတဲ့ စာပေတွေထဲမှာ သူ့ဘဝအတွေ့အကြုံက ရခဲ့တဲ့ပညာက ကျောင်းပညာထက်အများကြီးသာတယ်၊ မှန်တယ်ဆိုတာတွေ့ရတယ်။

Business School ဆိုတာမျိုးက စာအုပ်ထဲက သင်ပေးတာကို အရင်ဆုံးယူပြီးမှ Case ယူမှားရင် ကိုယ်ခံ မှန်ရင်လည်းကိုယ်ခံပဲ။ ဆရာမတို့တုန်းက သင်ပေးတဲ့ Lecturer ဆိုတာကလည်း တကယ့် Industry ထဲမှာ အတွေ့မကြုံရင့်ကျက်တဲ့သူတွေ Transportation Course ကိုသင်တဲ့သူက KLM မှာ Pilot လုပ်နေတဲ့ ပုဂ္ဂိုလ်ကြီး။ ကျောင်းကပြဋ္ဌာန်းစာအုပ်တွေယူသွား သူလေ့လာပြီးတော့မှ သူ့အတွေ့အကြုံတွေ ထည့်သွင်းပြောပြပေးခဲ့တယ်။ Industrial Relaction အကြောင်းသင်ပေးသူဆိုရင်လည်း တကယ့် Labour အစည်းအရုံးရဲ့ ခေါင်းဆောင်ကြီးပဲ။

စာအုပ်ထဲမှာ သင်ယူထားတာက အပြင်မှာ Source တွေ၊ Resource တွေမရှိရင် ဘာမှမလုပ်နိုင်ဘူး။ ဥပမာအနေနဲ့ City Mart ဒေါ်ဝင်းဝင်းတင့်ကိုပြောရရင် သူ့ရဲ့ Success Story မှာ Background အရ ဟိုဘက် အတွေ့အကြုံရှိတယ်။ Family Support ရှိတယ်။ Connection ရှိတဲ့အတွက် Supply Chain ပေးလို့ရတယ်။ မြန်မာ Culture အရ ကိုယ့်သားသမီးတွေကို ဖြည့်ပေးမယ့် မိဘအသိုင်းအဝိုင်းရှိတယ်။

ဒီမှာတော့ Company ကြီးတွေတိုင်းမှာ Culture နဲ့ပတ်သက်ပြီး ပြောကြရာမှာ တူတဲ့အတွေ့အကြုံတွေ မြင်နေရကြားနေရတယ်။ Social သဘောမျိုး Gathering တွေလုပ်ပေးရင် မြန်မာဝန်ထမ်းကသတ်သတ် နိုင်ငံခြားဝန်ထမ်းက သတ်သတ် အုပ်စုတွေဖြစ်သွားတာမျိုး။ Dinner လုပ်ပေးရင်လည်း နိုင်ငံခြားသားတွေက ဆက်နေချင်တုန်းမှာ မြန်မာတွေကအိမ်ပြန်ဖို့ အားထုတ်နေကြတာမျိုးတွေ သိရတယ်။ Culture ကတော့ အားလုံးညှိရမယ့်အနေအထားမှာရှိတယ်။ နောက်တစ်ချက်က ပြိုင်ဆိုင်မှုတွေသိပ်များလာရင် မကောင်းတဲ့နည်းတွေ ရောက်လာနိုင်တာ သတိပြုမိဖို့ လိုပါတယ်။

အယ်ဒီတာအဖွဲ့