ပုဂ္ဂလိကလုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဆီကနေ ငွေချေးတဲ့အခါ

ProfessionalComment1

ပုဂ္ဂလိက လုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဆီကနေ ငွေချေးတဲ့အခါမှာ သတိထားသင့်တာတွေနဲ့ ဘယ်လို impact မျိုုးတွေ ရှိလာနိုင်သလဲဆိုတာကို ကမ္ဘောဇဘဏ်လိမိတက်ရဲ့ အကြီးတန်းအတိုင်ပင်ခံ ဦးသန်းလွင်က အခုလိုပဲ ပြောပြပေးထားပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ငွေရေးကြေးရေး အကူအညီပေးတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်လုပ်ကိုင်တဲ့အခါမှာ နံပါတ်တစ်အနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းက လည်ပတ်မှု အားကောင်းနေဖို့ လိုပါတယ်။ အဲဒီလို အဖွဲ့အစည်းတွေက ချေးငွေယူတဲ့အခါမှာ သူတို့ကကိုယ့်ကုမ္ပဏီရဲ့ လက်ရှိသွားနေတဲ့အခြေအနေ၊ ရှေ့အလားအလာ၊ စနစ်တကျ ဖွဲ့စည်းထားခြင်းရှိမရှိ ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုဌာနမှာ ပါတဲ့လူတွေက ဘယ်သူတွေလဲ၊ စတာတွေကို ကြည့်ပါ တယ်။

ငွေချေးတဲ့နေရာမှာ IFC လိုမျိုး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ကိုင်တဲ့ အဖွဲ့အစည်းတွေလည်း ရှိသလို၊ Capital Market ကနေလည်း ငွေချေးတာ ရှိပါတယ်။ IFC လို နိုင်ငံတကာအဖွဲ့အစည်းတွေကနေ ငွေချေးတဲ့အခါမှာ အပြင်ထက်စာရင်တော့ အတိုးနှုန်း သက်သာသလို နှစ်ရှည်လည်း ချေးနိုင်ပါတယ်။ ဒါပေမဲ့ IFC ဟာ ငွေချေးတာထက် Joint Venture လုပ်ပြီးရင်းနှီးတာ၊ Investment ရဲ့ တစ်စိတ်တစ်ပိုင်းကို ဝယ်ယူတာမျိုး များပါတယ်။ IFC ဟာ ပုဂ္ဂလိကဆန်ဆန် လုပ်ကိုင်တဲ့အဖွဲ့အစည်းဖြစ်တာကြောင့် အလားအလာကောင်းတဲ့ အဖွဲ့အစည်းတွေမှာပဲ ရင်းနှီးမြှုပ်နှံတာ ဖြစ်ပါတယ်။

Capital Market ကနေ ငွေချေးမယ်ဆိုရင်လည်း သူတို့ကကိုယ့်လုပ်ငန်းရဲ့အလားအလာ၊ စနစ်တကျဖြစ်မဖြစ်၊ အုပ်ချုပ်မှုကောင်းမကောင်းဆိုတဲ့အပေါ်တွေမှာ ကြည့်ပြီးကောင်းတယ်ဆိုမှ ငွေချေးတာ ဖြစ်ပါတယ်။ အဲဒီလို Capital Market ကနေ ငွေချေးတဲ့အခါမှာ ကိုယ့်တိုင်းပြည်ရဲ့ Country Rating ကို ကြည့်တယ်၊ ကုမ္ပဏီရဲ့ Rating ကို ကြည့်ပါတယ်။ ဒီနှစ်ခုလုံး မရှိဘူးဆိုရင် ငွေချေးတဲ့အခါမှာ အတိုးနှုန်းက သာမန်ငွေချေးတာထက် ပိုမြင့်သွားမှာဖြစ်ပါတယ်။  ဒါကြောင့် တကယ်တမ်း ငွေချေးတဲ့အခါမှာ ပြည်တွင်းကနေ ချေးတာနဲ့ သိပ်ပြီးကွာတော့မှာ မဟုတ်ပါဘူး။ ပြည်တွင်းက ချေးရင် ၁၃ ရာခိုင်နှုန်းလောက်ပေးရတဲ့ အချိန်မှာ ပြည်ပကချေးရင် ၁၀ ရာခိုင်နှုန်းလောက် ပေးရတော့မှာ ဖြစ်တဲ့အတွက် အတိုးနှုန်းက သိပ်ပြီး သက်သာသွားမှာတော့ မဟုတ်ပါဘူး။ တကယ်လို့ ပြန်ဆပ်တဲ့အချိန်မှာ ငွေတန်ဖိုးအပြောင်းအလဲဖြစ်တာကို Cover ဖြစ်နိုင်အောင်လည်း Hedging လုပ်ဖို့ လိုပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာက Hedging Market က မရှိသေးတာကြောင့် နိုင်ငံခြားကို သွားလုပ်ရမှာဖြစ်တဲ့အတွက် ပိုပြီးတော့စရိတ်စကကြီးပါတယ်။

ချေးငွေကိစ္စနဲ့ပြောရမယ်ဆိုရင် အကောင်းဆုံးနည်းလမ်းက နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတဲ့အခါမှာ ပူးပေါင်းလုပ်ကိုင်တာပဲ ဖြစ်ပါတယ်။ ကိုယ့်ကုမ္ပဏီအနေနဲ့ သီးခြားချေးနိုင်ဖို့က အခက်အခဲပေါင်းစုံဖြစ်နေသလို တကယ်တမ်းချေးတဲ့အခါမှာလည်း အတိုးနှုန်းက မြင့်နေမှာဖြစ်တာကြောင့် သူများနဲ့ယှဉ်ရင် တွက်ချေကိုက်မှာ မဟုတ်ပါဘူး။ ဒါကအားနည်းချက်တစ်ခုအနေနဲ့ ဖြစ်လာနိုင်တာကြောင့် အကောင်းဆုံးကတော့ FDI ဝင်လာတဲ့အခါမှာ ပူးပေါင်းလုပ်ကိုင်ပါလို့ အကြံပေးချင်ပါတယ်။ ပြည်ပမှ သီးခြားချေးယူရင်းနှီးမယ်ဆိုရင်တော့ အတိုးနှုန်းက ပြည်တွင်းနဲ့ သိပ်မကွာနိုင်တာကြောင့် အကျိုးအမြတ်နည်းဖို့နဲ့ ရှုံးဖို့က ရာခိုင်နှုန်းပိုများတယ်လို့ ပြောလိုပါတယ်။