ဘာကိုဦးတည်လုပ်ကိုင်ရမလဲဆိုတာကို မဟာဗျူဟာက သေချာမှတ်ပေးတယ်။ ရည်ရွယ်ချက်၊ ဦးတည်ချက်တွေ အထမြောက်အောင်မြင်ရေးအတွက် လက်တွေ့လုပ်ကိုင်ဆောင်ရွက်တာကို နည်းဗျူဟာလို့ခေါ်တယ်။ ဒီလိုလုပ်ကိုင်ရာမှာ ပထမဦးဆုံးလုပ်ရတာကတော့ ထိတွေ့လုပ် ကိုင်ရခြင်းဖြစ်တယ်။ အဖွဲ့အစည်းရဲ့ လုပ်ငန်းပိုင်းဆိုင်ရာအတွင်းပိုင်းမှာဆိုရင် ကုန်ပစ္စည်းတစ်မျိုးမျိုး၊ သို့မဟုတ် ထုတ်လုပ်ခြင်းနဲ့ထိတွေ့ရတာဖြစ်တယ်။ လုပ်ငန်းရဲ့ အပြင်ပိုင်းမှာတော့ မိမိတို့နဲ့ဆက်ဆံရတဲ့ ဝယ်ယူသူတွေ၊ ဝန်ဆောင်မှုအသုံးပြုသူတွေနဲ့ ထိတွေ့ရတာဖြစ်တယ်။ အဲဒီလိုထိတွေ့ရတာဟာ နည်းဗျူဟာအရေးကြီးတဲ့ကိစ္စ တစ်ရပ်ဖြစ်တယ်။ ဒီကိစ္စကိုအခြေခံပြီး နည်းဗျူဟာတစ်နည်းအားဖြင့်လုပ်နည်းလုပ်ဟန်တွေကို မဖြစ်မနေပြောင်းလဲသွားရတာဖြစ်တယ်။
မဟာဗျူဟာဆိုင်ရာ ဦးတည်ရည်မှန်းချက်တွေကိုမပြောင်းလဲဘဲ အမြဲထိန်းထားရပေမယ့် နည်းဗျူဟာဆိုတဲ့ လုပ်နည်းလုပ်ဟန်များကတော့ အချိန်အခါနဲ့ အခြေအနေတွေကိုလိုက်ပြီးအပြောင်းအလဲလုပ်ပေးရတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများနဲ့ ညီညွတ်အောင် လုပ်ကြရပါတယ်။
အဲဒီလိုလုပ်ရာမှာလည်း မိမိတို့ကတော့ အသာစီးရနိုင်တဲ့နေရာမှာ ပြောင်းလဲတိုက်ယူရတာဖြစ်တယ်။ စစ်ပွဲပေါင်းသုံးရာကို လေ့လာကြည့်တဲ့ ခြောက်ပွဲအရှေ့တည့်တည့်က ဝင်ရောက်တိုက်ခိုက်လို့အောင်မြင်ခဲ့တာ ဖြစ်ကြောင်းတွေ့ရမယ်။ “ရင်ဆိုင်တိုက်ပွဲ” ဆိုပြီး သဘောကျလောက်အောင် အမွှန်းတင်ပြောဆိုနေကြပေမယ့် အရှုံးနဲ့ပဲရင်ဆိုင်နေရတာဖြစ်တယ်။ အခြေအနေကြည့်ပြီး ဆုတ်တက်လှုပ်ရှားစစ်ဆင်ရေးများကတော့ အောင်ပွဲခံကြရတာအများဆုံးဖြစ်တယ်။ အကောင်းဆုံးလုပ်နည်းလုပ်ဟန်တွေဆိုတာ အတွေ့အကြုံတွေပေါ်မှာ အခြေခံထားတာ ဖြစ်တယ်။ အတွေ့အကြုံရှိထားရင်ကျိုးကြောင်းဆီလျော် အောင်လုပ်ကိုင်လာနိုင်တယ်။
လုပ်နည်းလုပ်ဟန်များကို စဉ်းစားတဲ့အခါ မိမိတို့ရဲ့ကုန်ပစ္စည်း၊ ဒါမှမဟုတ်ဝန်တောင်မှုကိုဝယ်ယူသုံးစွဲကြသူတွေကိုအဓိကထားကြည့်ပါ။ လုပ်ငန်းအောင် မြင်နိုင်ဖို့အတွက်အရေးအကြီးဆုံးက အဲဒီလူတွေက ဘာကိုလိုချင်နေတာလဲဆိုတာသိဖို့ လိုတယ်။ ဥပမာအားဖြင့် (Contgra) ဆိုတဲ့လုပ်ငန်းဟာ အေးခဲထားတဲ့ အစားအသောက်များကို စားရိတ်ကျဉ်းကျဉ်းနဲ့ များများစားစား ထုတ်လုပ်နိုင်တယ်။ ဒါပေမယ့် စားသုံးသူတွေလိုချင်တာက အရသာလဲရှိ၊ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့အစားအသောက်တွေပဲဖြစ်တယ်။ ဒီတော့ သူ့ဝန်ထမ်းတွေကို ချက်ပြုတ်နည်းသင်တန်းကျောင်းတက်ခိုင်းလိုက်တယ်။ အဲဒီကရတဲ့ အသိပညာနဲ့ လုပ်ကိုင်လိုက်တော့ ဈေးကွက်မှာရောင်းကောင်းပြီး နာမည်တက်သွားတယ်။
ဆွန်ဇူးက အောက်ပါအတိုင်း မိန့်ကြားပါတယ်။
ယေဘုယျအားဖြင့် စစ်ပွဲမှာစစ်ဗိုလ်ချုပ်ဟာဘုရင်ထံမှ အမိန့်များကိုနာခံရတယ်။ စစ်သည်တွေကိုစုစည်းရတယ်။ ပြည်သူတွေကို စည်းရုံးရတယ်။ သွားရေးလာရေးခက်ခဲတဲ့နေ့တွေမှာ စစ်စခန်းမချပါနဲ့။ အဝေးသွားလမ်းမကြီးတွေရှိတဲ့ နေရာမှာဆိုရင်မဟာမိတ်တွေနဲ့ လက်တွဲဆောင်ရွက်ပါ။ အရေးကြီးတဲ့နေရာတွေမှာ ကြာရှည်မနေနဲ့ ကျဉ်းထဲကျပ်ထဲရောက်နေပြီဆိုရင်တော့ အရိုးကျေကျေအရေခမ်းခမ်းတိုက်ခိုက်ပါ။ တချို့လမ်းမတွေကို မသွားရဘူး။ တချို့ရန်သူ စစ်သားတွေကို မတိုက်ရဘူး။ တချို့ မြို့တွေကို မတိုက်ရဘူး။ တချို့နယ်မြေတွေကို ဝင်မလုရဘူး။ ဘုရင်ရဲ့တချို့ အမိန့်တော်တွေကို မလိုက်နာရဘူး။
ဒါကြောင့် ဘယ်လုပ်နည်းလုပ်ဟန်တွေကိုပြောင်းလိုက်ရင် ဘယ်လိုအကျိုးရမယ်ဆိုတာသိတဲ့ဗိုလ်ချုပ်ဟာ အဲဒါတွေကိုဘယ်လိုအသုံးချမလဲဆိုတာ သိတယ်။
ဉာဏ်အမြော်အမြင်ရှိတဲ့ ဗိုလ်ချုပ်ဟာအကျိုးရှိတဲ့အချက်တွေရော အကျိုးမရှိမယ့်အချက်တွေပါထည့်သွင်းစဉ်းစားရမယ်။ ဒီနည်းအားဖြင့်သူဟာ အစီအစဉ်များကိုလိုအပ်သလို ဆုတ်သာ/တက်သာလုပ်ကိုင်တယ်။ ဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေကိုလည်းရှောင်လွဲသွားနိုင်တယ်။
မန်နေဂျာရှုထောင့်မှ သုံးသပ်ချက်
အောင်မြင်မှုဟာကိုယ့်ရဲ့ခွန်အားပေါ်မှာမူတည်တယ်။ ဒီခွန်အားကိုလိုသလိုသုံးလို့ရတယ်။ ရန်သူကပေးတဲ့ အခွင့်ကောင်းတွေပေါ်လည်းမူတည်တယ်။ အဲဒီအခွင့်ကောင်းတွေကတော့ဂုဏ်ယူလို့မရဘူး။
Nike ရဲ့ အဆင့်မြင့်မန်နေဂျာများဟာ ဆော့ဝ်စဲဖန်တီးထုတ်လုပ်ရေးလုပ်ငန်းများရဲ့ နောက်ဆုံးလများဟာအရေးကြီးတဲ့ အစည်းအဝေးကျင်းပကြပါတယ်။ အဲဒီလုပ်ငန်းတွေထဲက ဘယ်အလုပ်တွေကိုဦးစားပေးလုပ်ရမလဲဆိုတာ အချင်းချင်းမညှာမတာပြတ်ပြတ်သားသား ညှိနှိုင်းဆွေးနွေးကြတယ်။ ပါဝင်ဆွေးနွေးကြ တဲ့မန်နေဂျာများဟာ မိမိတို့လုပ်ပိုင်ခွင့်ထဲကနေလုပ်နိုင်သမျှအားလုံးကို တင်ပြကြတယ်။ အမြင်ချင်းဖလှယ်ကြရာမှ အဓိကထားတဲ့အချက်ကတော့ (စစ်ရေးအရဆိုရင်) “ ဒါဟာ ကျုပ်တို့သေကြရမယ့် တောင်ကုန်းအလား” ဆို တဲ့ မေးခွန်းဖြစ်တယ်။ အားလုံးဆုံးဖြတ်ပြီးကြည့်ရင် အဲဒီဆုံးဖြတ်ချက်တွေကို အားလုံးကိုအသိပေးလိုက်တယ်။ ဒီအတိုင်းလူတိုင်း မိမိတို့လုပ်စရာရှိတာဆက်လုပ်ဖို့ဖြစ်တယ်။
Nike ကုမ္ပဏီကို ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်သူ Philip Knight ဟာ Stamford တက္ကသိုလ်မှာ ဘွဲ့ယူစာတမ်းတစ်စောင်ရေးသားခဲ့တယ်။ ခေါင်းစဉ်က “ ဂျပန်အားကစားရှူးဖိနပ်တွေနဲ့ယှဉ်နိုင်မလား ကင်မရာတွေကရောယှဉ်နိုင်မလား” ဆိုတဲ့ခေါင်းစဉ်တွေဖြစ်တယ်။ အဲဒီနောက် တစ်နှစ်ကြာမှာ သူဟာရှူးဖိနပ်လုပ်ငန်းကိုစတင်လုပ်ကိုင်တယ်။ ကျန်တာကတော့မှတ်တမ်းတွေမှာရှာကြည့်နိုင်ပါတယ်။ သူဟာသူ့ရဲ့ဦးတည်ချက်ကိုသိတယ်။ သူ့ရဲ့ရှူးဖိနပ်လုပ်ငန်းကိုအောင်မြင်အောင် ဘယ်လိုနည်းတွေနဲ့လုပ်ရမလဲဆိုတာလည်းသိတယ်။ ဘယ်ယှဉ်ပြိုင်ပွဲမှာမဆို ပြိုင်ဘက်တွေရှိကြတဲ့အတွက် အနိုင်အရှုံးဆိုတာရှိမြဲဖြစ်တယ်။
လိုအပ်သလိုလုပ်နည်းလုပ်ဟန်ပြောင်းလဲပေးနိုင်တာဟာ ဖောက်သည်တွေကျေနပ်သဘောကျအောင် ဆောင်ရွက်ပေးနိုင်တဲ့ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းသည်များစွာရဲ့ထင်ရှားတဲ့ အမှတ်လက္ခဏာတစ်ရပ်ဖြစ်တယ်။ ဝန်ထမ်းတွေလုပ်ဖော်ကိုင်ဖက်တွေကို သတ်မှတ်ထားတဲ့ လမ်းညွှန်ချက်စည်းမျဉ်းဘောင်ထဲကနေ ဖောက်သည်တွေစိတ်ချမ်းသာအောင် မိမိတို့ကိုယ်တိုင်ဆုံးဖြတ်ချက်များနဲ့ လုပ်ကိုင်ဆောင်ရွက်ခွင့်ရနေကြပါတယ်။
စီးပွားရေးလုပ်ကိုင်ရာမှာ မိမိတို့ရဲ့ရောင်းကုန်ပစ္စည်းများနဲ့ပတ်သက်ပြီး ထိုးစစ်ဆင်ရတာမျိုးရှိသလို ခံစစ်အနေနဲ့ လုပ်ကိုင်ရတာမျိုးတွေရှိတယ်။ အခြေအနေ အားလုံးအတွက်မဟာဗျူဟာနဲ့ နည်းပညာများကိုမပြောင်းလဲဘဲ ချသုံးလို့မရဘူး။ မန်နေဂျာဟာအားနည်းချက်တွေကို ဘယ်လိုပြုပြင်သွားမလဲ၊ အားသာချက်တွေကို ဘယ်လိုပိုတောင့်တင်းအောင်လုပ်မလဲ။ ဒါတွေလုပ်ဖို့ ဘယ်လောက်အချိန်ယူရမလဲဆိုတာသိဖို့ အရေးကြီးတယ်။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ထိုးစစ်စိတ်ဓာတ်ကတော့ ရှိနေရမှာဖြစ်တယ်။ ဗိုလ်ချုပ် Grant ဟာ တိုက်ပွဲစစ်မြေပြင်မှာ သူ့တပ်ကခရီးထက်ဝက်ရောက်သွားတဲ့အခါ တပ်သားတွေကို “ကျည်ဆန်တွေအမြန်ယူ၊ တိုက်ဖို့ပြင်ကြ။ ရန် သူလွတ်ထွက်မသွားစေနဲ့” လို့ အမိန့်ပေးပါတယ်။
ညွန့်သောင်း