တစ်ခုတည်းသော တာရှည်ခံ

OneQuantity

တရုတ်နိုင်ငံက နိုင်ငံတကာဈေးကွက်ကို အောင်မြင်စွာ ထိုးဖောက်ပြီး ကမ္ဘာအနှံ့မှာ တရုတ်နိုင်ငံလုပ်ပစ္စည်းများကို လူကြိုက်များအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ဈေးကွက်ထိုးဖောက်ရေး စီမံခန့်ခွဲမှုဗျူဟာက ပြိုင်ဘက်ကုန်စည်များထက် ဈေးနှုန်းသက်သာအောင် ရောင်းချနိုင်ခြင်းပါပဲ။ ဈေးသက်သာခြင်းဆိုတာက ဈေးဝယ်သူတွေ အမြဲလို ဆွဲဆောင်နိုင်တယ်ဆိုတာကတော့ ငြင်းစရာ မရှိပါဘူး။ ဒါပေမဲ့ ဈေးသက်သာအောင်လို့ ထုတ်ကုန်အရည်အသွေးကို လျှော့ချရတတ်တာမို့ အဲဒါကတော့ ဖောက်သည်အများစုရဲ့ အယုံအကြည်ကင်းမဲ့ခြင်းကို ခံရတတ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဟာသကလေးတစ်ခု တွေ့ရပါတယ်။

စာသင်ခန်းထဲမှာ တရုတ်နိုင်ငံက မဟာတံတိုင်းကြီးအကြောင်း သင်ကြားနေပါတယ်။ တရုတ်တံတိုင်းကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၂၂၀ ကျော်ကတည်းက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး  ယခုအထိ အံ့သြဖွယ်ရာ တည်ရှိနေဆဲဖြစ်ကြောင်း ဆရာမက ပြောပြရင်း မေးခွန်းတစ်ခု မေးလိုက်ပါတယ်။ ''တရုတ်နိုင်ငံတံတိုင်းကြီး ကျော်ကြားရတဲ့ အကြောင်းရင်းကဘာလဲ'' ဆိုတော့ တစ်တန်းလုံး ရုတ်တရက် ဖြေနိုင်သူမရှိဘဲ တိတ်ဆိတ်သွားပါတယ်။ ခဏနေတော့မှ အဖြေတွေ့သွားတဲ့ ကျောင်းသားကလေး တစ်ယောက်က ရဲရဲဝံ့ဝံ့ ထဖြေလိုက်ပါတယ်။ ''တံတိုင်းကြီးက တရုတ်လုပ်ပစ္စည်းတွေထဲမှာ တစ်ခုတည်းသော တာရှည်ခံမို့ပါ ဆရာမ''တဲ့။

ဥပဒေသ ။   ။ ဈေးဝယ်သူတို့က 'ပေါချောင်ကောင်း'ကို မက်တတ်ကြပေမယ့် တကယ်တမ်းမှာ ဈေးကွက်ထဲမှာ ရှိတတ်တာ အများစုက 'ပေါချောင်ညံ့' တွေပဲဖြစ်ပါတယ်။ ကုန်ထုတ်လုပ်သူအနေနဲ့က ဈေးဝယ်သူဘက်က ကြည့်ရင် ကိုယ့်ပစ္စည်းကို 'ပေါ ချောင်ကောင်း' လို့ ထင်မှတ်ပြီး တမက်တမော မရှိရင်တောင်မှ 'ပေါချောင်ညံ့' ပဲလို့ အထင်မသေးအောင် ဂရုစိုက်ဖို့ လိုပါလိမ့်မယ်။

ရီနေနိုင်