စီးပွားရေးဆိုင်ရာ အယူအဆ ၁၀၀

unyountthoung ၇၆။ စီးပွားရေးလုပ်ငန်းဆိုင်ရာလူအချင်းချင်းဆက်ဆံရေး မိမိရဲ့ လုပ်ငန်းခွင်ရှိလုပ်ဖော်ကိုင်ဖက်တွေနဲ့ရော ပြင်ပက ဖောက်သည်တွေနဲ့ပါ အဆင်ပြေပြေဆက်ဆံရေးကို ပိုပြီး ဦးစားပေးဆောင်ရွက်သွားမယ်ဆိုရင် မိမိရဲ့စီးပွားရေးလုပ်ငန်းဟာ ကြီးပွားတိုးတက်လာမှာ ဖြစ်ပါတယ်။ အယူအဆ ''လူတွေဟာ ကျွန်တော်တို့အတွက် အကြီးမားဆုံးအထောက်အပံ့တွေ ဖြစ်ကြပါတယ်'' လို့ ဦးစီးခေါင်းဆောင် လုပ်ကြရတဲ့သူတွေ ပြောလေ့ပြောထရှိကြပါတယ်။ ဒါပေမဲ့ ဒါကိုလက်တွေ့မှာ ဘယ်လိုကျင့်သုံးရမှန်း မသိကြဘူး။ Optima ဟာ လန်ဒန်အခြေစိုက် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး လူတွေကို ခေါင်းဆောင်အရည်အချင်း မြှင့်တင်ပေးတဲ့အလုပ်ကို လုပ်ပေးတယ်။ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းတွေကို စီးပွားရေးလုပ်နည်းကိုင်နည်း ပိုကောင်းလာအောင် ဆောင်ရွက်ပေးတယ်။ Optima ရဲ့ အဓိက အာရုံစိုက် ဆောင်ရွက်ပေးတဲ့အလုပ်က ''စီးပွားရေးလုပ်ငန်းအရ အံ့သြစရာကောင်းတဲ့ ဆက်ဆံပုံဆက်ဆံနည်းများ'' ကို ဘယ်လိုအကောင်အထည်ဖော် ဆောင်ရွက်သွားရမလဲဆိုတဲ့ အလုပ်ပဲဖြစ်တယ်။ Optima ရဲ့ အောင်မြင်မှုကို ကြည့်ရင် သူ့ရဲ့ အဲဒီနည်းတွေရဲ့ တန်ဖိုးနဲ့ဆွဲဆောင်မှုကို သိနိုင်တယ်။ ဒါအပြင် Optima ဟာ အလုပ်လုပ်လို့ အင်မတန်ကောင်းတဲ့နေရာ၊ စီးပွားရေးလည်းလုပ်လို့ အင်မတန်ကောင်းတဲ့နေရာလို့ အများက ယူဆလာကြတယ်။ စီးပွားရေးလုပ်ရာမှာ ဆက်ဆံရေးကောင်းဖို့ အရေးကြီးတာဟာ ထင်ရှားနေတာမှန်ပေမယ့် တကယ့်လက်တွေ့မှာ အောင်အောင်မြင်မြင် လုပ်နိုင်ဖို့ကတော့ခက်တယ်။ အဖွဲ့အစည်းအတွင်းမှာရော၊ အ ပြင်မှာရော အဲဒီလိုဆက်ဆံရာမှာ အကျိုးရှိဖို့၊ ပွင့်လင်းဖို့ အထောက်အကူဖြစ်ဖို့နဲ့ အခိုင်အမာ ပြောဆိုတတ်မှုတွေ လိုတယ်။ လူတွေဟာ အဖွဲ့အစည်းရဲ့ အဓိကအားအထားရဆုံးတွေ ဖြစ်တယ်လို့ အထက်ပါအတိုင်း ယူဆထားရင် အဲဒီအယူအဆအတိုင်း ဆက်ဆံသွားဖို့ လိုအပ်တော့တာပါပဲ။ ၇၇။ စုပေါင်းသင်ယူခြင်း စီးပွားရေးဈေးကွက်တွေမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာတဲ့အခြေအနေနဲ့ လိုက်လျောညီထွေအကောင်းဆုံး တုံ့ပြန်ဆောင်ရွက်နိုင်ဖို့အတွက် အားလုံးဝိုင်းပြီး ဆွေးနွေးခြင်းဖြင့် အကြံဉာဏ်တွေ ရရှိလာနိုင်ပါတယ်။ ဒီလို ဝိုင်းပြီး ဆွေးနွေးခြင်းဖြင့် အားတက်သရော လေ့လာသင်ယူတဲ့ဓလေ့တစ်ရပ် ဖြစ်ထွန်းနိုင်တယ်။ ဦးညွန့်သောင်း