ဒီနေ့ ကမ္ဘာကြီးက စီမံခန့်ခွဲမှုကို အလေးပေး စိတ်ဝင်စားနေကြပါတယ်။ စီမံခန့်ခွဲမှုနဲ့ပတ်သက်တဲ့ ပညာရပ်သစ်တွေ ဘာသာရပ်အသစ်တွေကို သင်ကြားမှုတွေ ပေါ်ထွန်းလာသလို သင်ယူသူတွေလည်း အတော်များလာပါတယ်။ ဒီနေ့ မြန်မာနိုင်ငံကနေ မာစတာဒီဂရီအတွက် ပြည်ပပညာတော်သင် လျှောက်ကြသူတွေထဲမှာ စီမံခန့်ခွဲမှုပညာသင်သူက အများဆုံးဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာကလည်း အသေးစား၊ အလတ်စား၊ အကြီးစားပြည်တွင်းလုပ်ငန်းများ ဖွံ့ဖြိုးလာမှုနဲ့အတူ ပြည်ပက ရင်းနှီးမြှုပ်နံှသူလုပ်ငန်းကြီးများ လာရောက်အခြေချဖို့ ကြိုးစားနေချိန်ဖြစ်တော့ စီမံခန့်ခွဲမှုပညာ သင်ခန်းစာများဟာ နိုင်ငံတွင်းမှာ လူတိုင်းအတွက် လိုအပ်ချက်တစ်ရပ်အဖြစ် တည်ရှိလာပါတယ်။ ဒီလိုစီမံခန့်ခွဲမှုပညာကို နည်းပေါင်းစုံနဲ့ လေ့လာနေကြသူများအတွက် လေ့လာမှတ်သားရင်း စိတ်အပန်းပြေနိုင်စရာဖြစ်မယ့် စီမံခန့်ခွဲမှုလောကရဲ့ ဟာသပုံပြင်သင်ခန်းစာအချို့ကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
၁။ ခရီးသည် ဗလကြီး
ဘတ်စ်ကားဒရိုင်ဘာတစ်ယောက်ဟာ ကားဂိတ်က ထွက်လာပြီးနောက် မှတ်တိုင်တစ်ခုပြီးတစ်ခုမှာ တက်လာတဲ့ သူဆီက ငွေကောက်ပြီး ဆင်းမယ့်မှတ်တိုင်ရောက်တော့လည်း လူချပေးရင်း ဘာပြဿနာမှမရှိဘဲ ဆက်လက်မောင်းနှင်လာပါတယ်။ တစ်နေရာရောက်တော့ ခရီးသည် ဗလကြီးတစ်ယောက် တက်လာတယ်။ အရပ်က ခြောက်ပေကျော် ခုနစ်ပေနီးနီး၊ လက်မောင်းသားကြီးကြီး ရင်အုပ်ကျယ်ကျယ်နဲ့ ခရီးသည်က လေသံမာမာနဲ့ ''ဗလကြီးဂျွန်က ကားခမပေးဘူးကွ'' လို့ အော်ပြောပြီး ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပါတယ်။
ကားဒရိုင်ဘာက အတော်မခံချင်ဖြစ်ပေမဲ့ အရပ်ငါးပေကျော် ပိန်ပိန်သေးသေး သူ့အတွက် မယှဉ်သာတာမို့ အောင့်အည်းပြီး ဘာမှမပြောဘဲ နေရရှာပါတယ်။ ဒီလိုနဲ့ ဒီခရီးသည်ဗလကြီးဟာ နေ့တိုင်း တက်နေကျမှတ်တိုင်က တက်လာပြီး ''ဗလကြီးဂျွန်က ကားခမပေးဘူး'' လို့ အော်အော်ပြောပြီး ကားကို စီးစီးနေတာ အတော်ကြာသွားပြီး ဒရိုင်ဘာခမျာလည်း မခံချိမခံသာနဲ့ အတော်လေးသည်းခံနေရရှာပြီး အိပ်မပျော်နိုင်အောင် ဖြစ်သတဲ့။
နောက်ဆုံးတော့ သူ သည်းမခံနိုင်တော့တာနဲ့ ကိုယ်ကာယဗလ သင်တန်းကိုတက်၊ အလေးတွေ ဘာတွေမတဲ့အပြင် ကွန်ဖူးတို့၊ ကရာတေးတို့ပါ သွားသင်လိုက်သေးသတဲ့။ အချိန်အတော်ကြာ သင်ယူလေ့ကျင့်ပြီးတဲ့အခါ ဗလလည်းတောင့်လာ၊ ကိုယ်ခံပညာလည်း ကျွမ်းလာပြီး သူများအနိုင်ကျင့်မှာ ကြောက်စရာမလိုတော့အောင် အသင့်ဖြစ်လာတဲ့ တစ်နေ့မှ ကားပြန်မောင်းပါသတဲ့။ အဲဒီအခါမှာ ထုံးစံအတိုင်းပဲ ဆုံနေကျမှတ်တိုင်မှာ ခရီးသည် ဗလကြီး တက်လာပြန်ရော။ ခရီးသည်က ''ဗလကြီးဂျွန်က ကားခမပေးဘူး''လို့ လေသံကျယ်ကျယ်ပြောပြီး ခုံမှာ ဝင်ထိုင်လိုက်ပြန်တယ်။ ဒရိုင်ဘာလည်း နောက်လှည့်ပြီး ''နေစမ်းပါဦး၊ ဘာကြောင့်မပေးရမှာလဲ''လို့ လေသံမာမာနဲ့ ပြန်မေးလိုက်သတဲ့။ ဒီတော့ ခရီးသည်ဗလကြီးက ရုတ်တရက် အံ့သြသွားတဲ့မျက်နှာနဲ့ ပြန်ကြည့်ပြီး ပြောလိုက်တာက ''ဟုတ်၊ ဗလကြီးဂျွန်က လသုံးကား ပတ်စ်လုပ်ထားတယ်လေ'' တဲ့။
ဥပဒေသ ။ ။ ပြဿနာတစ်ခုကို ပင်ပန်းတကြီး မဖြေရှင်းခင်မှာ ဒါဟာ တကယ့်ပြဿနာဟုတ်ရဲ့လားလို့ ဆန်းစစ်ပါလေ။
၂။ လက်သည်းရှည် စက်ပြင်ဆရာ
နေသာတဲ့နေ့တစ်နေ့မှာ ဂူတစ်ဂူရှေ့မှာ ခြင်္သေ့က နေရောင်အောက် လဲလျောင်းနေတုန်း မြေခွေးရောက်လာပြီး ဘယ်နှနာရီထိုးပြီလဲ၊ ကျွန်တော့်နာရီပျက်နေလို့ပါလို့ ပြောပါတယ်။ ခြင်္သေ့က နာရီပျက်တာ သူပြင်ပေးပါ့မယ်ပြောပေမဲ့ မြေခွေးက မယုံပါဘူး။ ''နာရီစက်တွေက အတိမ်းအစောင်းမခံအောင် သေးသေးနုပ်နုပ်တွေပါဗျာ၊ ခင်ဗျားလက်သည်းရှည်ကြီးနဲ့တွေ့ရင် ပျက်ကုန်မှာပေါ့ မဖြစ်ပါဘူး'' လို့ ပြောပါတယ်။ ခြင်္သေ့က သူပြင်နိုင်ပါတယ်လို့ တာဝန်ယူပြီး ဂူထဲကို ပြေးဝင်သွားပြီး ခဏအကြာမှာ နာရီပြင်ပြီးတော့ ပြန်ထွက်လာခဲ့တယ်။ မြေခွေးက သဘောကျသွားသလို ခြင်္သေ့ကလည်း သူ့ဘာသာ ကျေနပ်အားရစွာ နေရောင်ထဲ လဲလျောင်းပြီး ကျန်ရစ်တယ်။
မကြာခင် ခြင်္သေ့ဆီ ဝံပုလွေရောက်လာပြီး ''ဒီည ခင်ဗျားဆီ ကျွန်တော်တီဗီလာကြည့်လို့ရမလား၊ ကျွန်တော့်တီဗီပျက်သွားလို့ဗျာ'' လို့ ပြောပါတယ်။ ခြင်္သေ့က ပျက်တဲ့တီဗီကို သူပြင်ပေးနိုင်ပါတယ်လို့ ပြောပေမဲ့ ဝံပုလွေက မယုံပါဘူး။ ''လက်သည်းရှည်နဲ့ ခြင်္သေ့က တီဗီပြင်နိုင်တယ်လို့ ဘယ်သူမှ ယုံမှာမဟုတ်ဘူး'' လို့ ပြောပါတယ်။ ဒါပေမဲ့ ခြင်္သေ့က ပြင်နိုင်ကြောင်း အာမခံပြီး တီဗီကို ပြန်ယူစေပြီးတော့ ဂူထဲဝင်သွားပြီး မကြာခင် တီဗီပြင်ပြီးသားနဲ့ ပြန်ထွက်လာပါတယ်။ ဝံပုလွေကလည်း အံ့သြတကြီးနဲ့ ကျေနပ်ပြီး ပြန်သွားတယ်။
မကြာမီ ဂူအတွင်းမြင်ကွင်းမှာတော့ ဂူထောင့်တစ်နေရာမှာ ငယ်သလောက် ထက်မြက်ပုံရတဲ့ ယုန်ကလေး ခြောက်ကောင်ဟာ ရှုပ်ထွေးတဲ့ စက်အစိတ်အပိုင်းတွေကို ကိရိယာတန်ဆာပလာအစုံနဲ့ ကျွမ်းကျွမ်းကျင်ကျင် ပြုပြင်ရင်း အလုပ်များနေကြတာကို တခြားထောင့် တစ်နေရာကနေ ထိုင်ကြည့်ရင်း ကျေနပ်နေတဲ့ ခြင်္သေ့မင်းကို မြင်ကြရမှာ ဖြစ်ပါတယ်။
ဥပဒေသ ။ ။ တကယ်လို့ လုပ်ငန်းတစ်ခုက မန်နေဂျာနာမည်ကြီးရတဲ့အကြောင်းရင်းကို သိချင်ရင် သူ့လက်အောက်ဝန်ထမ်းတွေ ဘယ်လိုအလုပ်လုပ်ကြသလဲဆိုတာကို ထဲထဲဝင်ဝင်လေ့လာကြည့်ဖို့ လိုပါလိမ့်မယ်။
ရီနေနိုင်