Emotional Intelligence (EI) ဆိုတာ ကောင်းတဲ့ခံစားချက်မှာရော၊ မကောင်းတဲ့ခံစားချက်မှာပါ ရရှိတဲ့ အသိအမြင်၊ အသိဉာဏ်ဖြစ်ပါတယ်။ ခံစားချက်ဆိုရာမှာ မိမိရဲ့ခံစားချက်များသာမက သူတစ်ပါးရဲ့ ခံစားချက်တွေလည်း ပါဝင်တယ်။ အဲဒီခံစားချက်တွေကရတဲ့ အသိဉာဏ်ကိုသုံးပြီး ဘဝမှာပိုပြီး အောင်မြင်လာနိုင်သလို လူ့ဘဝမှာ နေရကျိုးပိုနပ်လာမှာဖြစ်တယ်။
အယူအဆ
ဒီ EI သဘောတရားကို စိတ္တဗေဒပညာရှင် Daniel Goleman က သူရေးတဲ့ ၁၉၉၅ ခုနှစ်အတွင်း အရောင်းရဆုံး Emotional Intelligence: Why it can matter more than IQ ဆိုတဲ့စာအုပ်မှာ ထုတ်ဖော်တင်ပြခဲ့တာ ဖြစ်တယ်။ Howard Gardner နဲ့ Peter Salovey တို့ရဲ့အယူအဆတွေကို အခြေခံပြီး ရေးထားတာဖြစ်တယ်။ သူက EI မှာ အောက်ပါအချက် ငါးချက်ပါဝင်ကြောင်း ထောက်ပြပါတယ်။
- မိမိရဲ့ခံစားချက်တွေကို သိခြင်း
- ခံစားချက်တွေကို ထိန်းကွပ်ကိုင်တွယ်ဆောင်ရွက်ခြင်း
- မိမိကိုယ်မိမိ တွန်းအားပေးခြင်း
- တစ်ပါးသူတွေရဲ့ခံစားချက်ကို စာနာနားလည်ခြင်း
- လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်ခြင်း
စိတ်ခံစားချက်တွေဟာ ဦးစီးဆောင်ရွက်သူတွေရဲ့အောင်မြင်ရေးမှာ အရေးကြီးပါတယ်။ အပြောင်းအလဲရှိနေတဲ့ ကာလတွေ၊ ဖိအားတွေ၊ အကျပ်အတည်းတွေ ရှိနေတဲ့အချိန်တွေမှာ EI ဟာ အသုံးဝင်တယ်။ ဘာကြောင့်လဲဆိုတော့ အောင်မြင်မှုဆိုတာ အဲဒီလို ခံစားချက်တွေကို သိရှိနားလည်ကာ ကိုင်တွယ်တတ်ခြင်း အပေါ်မှာ တည်မှီနေလို့ဖြစ်တယ်။ ဆိုကြပါစို့၊ ကျွန်တော်တို့ စိတ်ဆိုးသွားတယ်။ ဒီအခါမျိုးမှာ အကျိုးရှိအောင် အဲဒီဒေါသခံစားချက်ကို EI က ဘယ်လိုကိုင်တွယ်သင့်တယ်ဆိုတာ ပြပေးမှာဖြစ်တယ်။ ခံစားချက်နဲ့ ယှဉ်တဲ့အသိဉာဏ် (EI) ကို သုံးပြီး ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် ထိန်းကွပ်စီမံခန့်ခွဲလာနိုင်မှာဖြစ်ပြီး သူတစ်ပါးနဲ့ဆက်ဆံရာမှာလည်း အပြုသဘောဆောင်တဲ့ရလဒ်တွေ ရလာနိုင်မှာ ဖြစ်တယ်။
လက်တွေ့ဆောင်ရွက်ရန်
အောက်ပါတို့ကို ဆောင်ရွက်ခြင်းဖြင့် EI ကို ရရှိနိုင်တယ်။
၁။ မိမိကိုယ်မိမိ သတိထားမိပါစေ။ ။ အတွေးစိတ်တွေနဲ့ ခံစားစိတ်တွေဟာ တစ်ပြိုင်နက်လိုလို ဖြစ်ကြပေမယ့် ခံစားချက်ကို စိတ်က သတိမထားမိတတ်ပါဘူး။ ဒီအချက်ဟာလည်း အရေးကြီးတယ်။ ဘာ့ကြောင့်လဲဆိုတော့ ခံစားဖူးတဲ့အရာတွေကို အခြေခံပြီး ဆုံးဖြတ်ချက်ချကြတာဖြစ်လို့ပါပဲ။
၂။ စိတ်ခံစားချက်များကို ထိန်းကွပ်စီမံခန့်ခွဲပါ ။ ။ ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းဦးစီးခေါင်းဆောင်တွေအားလုံးဟာ သူတို့ရဲ့စိတ်ခံစားချက်တွေ၊ အထူးသဖြင့် ဒေါသ၊သောကနဲ့ ဝမ်းနည်းစိတ်တွေကို ထိန်းကွပ်စီမံခန့်ခွဲနိုင်ကြတယ်။
၃။ ဝန်ထမ်းတိုင်း အလုပ်လုပ်ချင်စိတ်ရှိအောင် သူတို့ရဲ့ စိတ်အတက်အကျကို နားလည်အောင် ကြိုးစားပြီး ကူညီပံ့ပိုးပေးပါ။
၄။ တစ်ပါးသူရဲ့ခံစားချက်ကို မှန်မှန်ကန်ကန် နားလည်အောင် ကြိုးစားပြီး လိုက်လျောညီထွေ ကျင့်ကြံလုပ်ကိုင်ပါ။
၅။ လူတွေနဲ့ထိတွေ့ဆက်ဆံနေဖို့ လိုတယ်။ ခံစားချက်တွေဟာ လူအချင်းချင်း ကူးစက်ပျံ့နှံ့လွယ်တယ်။ အဲဒီလိုနည်းနဲ့ သိရှိလာတဲ့အချက်တွေကို အထက် အမှတ်စဉ်တစ်ကနေလေးအထိ အချက်များကို သုံးပြီး အချင်းချင်း ဆက်ဆံရေးကောင်းလာနိုင်တယ်။
ညွှန့်သောင်း