Wave Money ရဲ့ CEO ဖြစ်သူ Mr. Brad Jones နှင့်တွေ့ဆုံခြင်း

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလထုတ်၊ CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်းတွင် Cover Story အဖြစ်ဖော်ပြပေးခဲ့တဲ့ “လူသုံးများလာတဲ့ ဒီဂျစ်တယ်ငွေပေးချေမှု” နဲ့ပတ်သက်ပြီး Wave Money ရဲ့ CEO ဖြစ်သူ Mr Brad Jones နဲ့တွေ့ဆုံမေးမြန်းထားတာကို CEO ပရိသတ်များအတွက်ဖော်ပြပေးလိုက်ပါတယ်။

Wave Money ရဲ့ CEO ဖြစ်သူ Mr. Brad Jones နှင့်တွေ့ဆုံခြင်

Wave Money ရဲ့ ၂၀၁၉-၂၀၂၀ ခုနှစ်တွေမှာ လုပ်ဆောင်တဲ့အရာတွေ

မကြာသေးမီအချိန်ကပဲ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုအသုံးပြုမှုတွေက အရှိန်မြင့်လာတယ်။ ကိုဗစ်-၁၉ ကြောင့် Wave Pay လိုမျိုးငွေသားမဲ့ငွေပေးချေမှု (Cash-less Payment Solution) အလျင်အမြန်ကြီးထွားဖွံ့ဖြိုးလာပြီး ကပ်ရောဂါကြီးပြီးသွားလို့ရှိရင် လူတွေကဒါကိုဆက်လက်သုံးစွဲတာတွေက တွင်ကျယ်လာလိမ့်မယ်လို့ခန့်မှန်းရပါတယ်။

ဒီနှစ်တွေမှာ Wave Money ကအံ့သြဖွယ်ကောင်း လောက်အောင်ကြီးထွားလာတာကိုတွေ့ရပြီး ကုမ္ပဏီအနေနဲ့ ကြီးမားတဲ့အလားအလာကောင်းတွေနဲ့ အကျိုးအမြတ်ရရှိတဲ့ကုမ္ပဏီကြီးတစ်ခုဖြစ်လာပါတယ်။ Wave Money မှာ Ant Group ရဲ့ရင်းနှီးမြှုပ်နှံမှုက ယခုလက်ရှိသွားနေတဲ့လမ်းကြောင်းပေါ်မှာ အထောက်အကူတစ်ရပ်ဖြစ်စေပြီး ရိုးမဘဏ်နဲ့စာချုပ်ချုပ်ဆိုမှုတွေကလည်းမြန်မာနိုင်ငံအတွင်း Financial Inclusion ကိုပိုမိုလုပ်ကိုင်နိုင်ဖို့ ကူညီထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

ဒီရင်းနှီးမြှုပ်နှံမှုတွေကပဲ Wave Money နဲ့ Yoma Group ရဲ့စီးပွားရေးလုပ်ငန်းတွေအတွက် ပိုမိုအားကောင်းတဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။ Ant Financial ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ငွေကြေးနည်းပညာပိုင်း လုပ်ငန်းဦးဆောင်မှုတွေနဲ့အတူ မြန်မာနိုင်ငံကိုဆန်းသစ်တဲ့နည်းပညာအကူအညီတွေနဲ့ ပံ့ပိုးနိုင်ပြီး Financial Inclusion ပိုမိုကျယ်ပြန့်လာဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်ပါတယ်။

စတင်မိတ်ဆက်ခဲ့တဲ့အချိန်ကစပြီး ယခုထိ Wave Money ရဲ့ ဝန်ဆောင်မှုတိုးတက်လာမှုများ

၂၀၁၆ ခုနှစ်မှာမြို့နယ်ပေါင်း ၁၆၀ မှာ အေးဂျင့်ပေါင်းလေးထောင်နဲ့ Wave Money ကိုအစပျိုးခဲ့တယ်။ မြန်မာနိုင်ငံဟာ လူဦးရေ ၅၃ သန်းကျော်ရှိတဲ့နိုင်ငံကြီးတစ်ခုဖြစ်တယ်။ သန်းပေါင်းများစွာသောပြည်သူတွေဆီ Financial Inclusion အနေနဲ့ရောက်ရှိနိုင်ဖို့ကလည်း Wave Money အတွက် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မြို့နယ်ပေါင်း ၃၃၀ ထဲက ၂၉၅ မြို့နယ်မှာ အေးဂျင့်ပေါင်း ၆၄,၀၀၀ အထိထားရှိနိုင်ပြီး မြန်မာနိုင်ငံရဲ့ ၈၉ ရာခိုင်နှုန်းခန့်လောက် ကွန်ရက်ဖြန့် ကြက်ထားနိုင်ပါပြီ။ စိန်ခေါ်မှုတွေကြားထဲမှာ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးအေးဂျင့်ကွန်ရက်ကို တည်ဆောက်နိုင်ခဲ့ပြီး မိုဘိုင်းလ်ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းလုပ်သူတွေထဲမှာ (Mobile Finalcial Services(MFS) မှာ ရှေ့ဆုံးကနေရပ်တည်လာနိုင်ခဲ့ပါတယ်။ အခုခါမှာ အလွန်ဝေးလံခေါင်သီတဲ့နေရာတွေအပါအဝင် ကျေးလက်ဒေသတွေရဲ့ ၈၅ ရာခိုင်နှုန်းအထိ ကွန်ရက်ဖြန့်ကြက်ထားနိုင်ပြီး Customer တွေအနေနဲ့ မြန်မာနိုင်ငံအတွင်း ဘယ်နေရာ ဒေသကမဆို အချိန်မရွေးငွေလွှဲနိုင်မှာဖြစ်ပါတယ်။

မိုင်ဘိုင်းငွေကြေးဈေးကွက် အပြိုင်အဆိုင်တွေကြားထဲမှာမှ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လအထိ Customer ပေါင်း ၂၆ သန်းကိုဝန်ဆောင်မှုပေးနိုင်ခဲ့ပါတယ်။ ယခုနှစ်သြဂုတ်လအထိ Wave Money ကနေတစ်ဆင့် မြန်မာကျပ်ငွေ ၆.၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅.၁ ဘီလီ ယံ)ခန့်ကိုလည်းလွှဲပို့နိုင်ခဲ့ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ Wave Money ကိုစတင်မိတ်ဆက်ပေးပြီး နှစ်နှစ်အ ကြာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှာ EBITDA (Eearn-ings Before Interest, Taxes, Depreciation and Amortization) က အပေါင်းလက္ခဏာကိုပြနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ Mobile Payment ဖွံ့ဖြိုးတိုးတက်လာမှု SEA နိုင်ငံများနဲ့ နှိုင်းယှဉ်သုံးသပ်ချက်

မြန်မာနိုင်ငံကဆန်းသစ်တီထွင်မှုရှိတဲ့ကုမ္ပဏီတွေကို မိုဘိုင်းလ်ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍမှာ Financial Inclusion ကိုတိုးမြှင့်လုပ်ဆောင်ဖို့ အခွင့်အရေးနဲ့ဘဏ်ဏ္ဍာရေးဝန်ဆောင်မှုများသုံးစွဲနိုင်ခြင်းမရှိသေးသူတွေကိုပံ့ပိုးမှုပေးဖို့ အခွင့်အလမ်းတွေပေးနိုင်တဲ့ Frontier Market တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ မိုင်ဘိုင်းငွေကြေးဈေးကွက်က အာရှရဲ့အချို့နေရာနဲ့ အာဖရိကရဲ့အတိုးတက်ဆုံးမိုဘိုင်းလ်ငွေကြေးစနစ် ဈေးကွက်တွေနဲ့ ယှဉ်ကြည့်ရင်တောင်မှ ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးနှုန်းနဲ့သွားနေပါတယ်။ ၂၀၁၅ ခုနှစ်မှာမြန်မာနိုင်ငံရဲ့ လူဦးရေ ၂၀ ရာခိုင်နှုန်းအောက်သာ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို ရရှိနိုင်ပါတယ်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် နိုင်ငံသားတိုင်းကဘဏ္ဍာရေးဝန်ဆောင်မှုတွေရရှိသုံးစွဲ နိုင်ဖို့လိုပါတယ်။

၂၀၁၄ ခုနှစ်ကစပြီး မြန်မာနိုင်ငံရဲ့တယ်လီကွန်းစီးပွားရေးလုပ်ငန်းထဲကို ကုမ္ပဏီလုပ်ငန်းအသစ် တွေအများကြီးဝင်ရောက်လာပြီး မိုဘိုင်းလ်ဖုန်းအသုံးပြုနှုန်း အံ့သြဖွယ်ကောင်းလောက်အောင် ကြီးထွားလာခဲ့တာကို မြင်တွေ့ရပြီး ဖြစ်ပါတယ်။ ဒါတွေက မိုဘိုင်းလ်အသုံးပြုမှုကိုတွန်းအားအဖြစ်ယူပြီး လူမှုဘဝကိုအကျိုးဖြစ်စေတဲ့ လုံခြုံ၊လွယ်ကူ၊ အားကိုးလောက်ပြီး ချက်ချင်းငွေပေးငွေယူလုပ်နိုင်စေတဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှုတွေကိုလည်း ဈေးကွက်ထဲကိုခေါ်ဆောင်လာစေပါတယ်။ ဒေသတွင်းကအခြားထွန်းသစ်စဈေးကွက်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် မြန်မာနိုင်ငံကမိုဘိုင်းလ်ငွေကြေးဝန် ဆောင်မှုဈေးကွက်မှာ ဖွံ့ဖြိုးကြီးထွားမှုအမြန်ဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

Wave Money ရဲ့အနာဂတ်အစီအစဉ်များ

မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေကနေ တစ်ဆင့် မြန်မာနိုင်ငံရဲ့ပိုမိုကောင်းမွန်တဲ့အနာဂတ်ဖန်တီးပေးနိုင်ဖို့ ကျွန်တော်တို့နဲ့ ကျွန်တော်တို့ရဲ့ပါတနာတွေမှာ တူညီတဲ့ရည်မှန်းချက်နဲ့ ပန်းတိုင်ထားရှိပါတယ်။ မကြာသေးမီက Ant Group ရဲ့ရင်းနှီးမြှုပ်နှံမှုနဲ့အတူ ဒီဂျစ်တယ်လုပ်နိုင်ခွင့်၊ လုပ်နိုင်စွမ်း၊ အသုံးပြုသူရဲ့အတွေ့အကြုံရဲ့အားကိုယူကာ မြန်မာနိုင်ငံတွင်းဝန်ဆောင်မှုပေးတာတွေကို အဆင့်မြှင့်တင်ဖို့ မိုဘိုင်းလ်ငွေပေးချေမှု ပလက်ဖောင်းတွေကိုတိုးချဲ့ဖို့ရည်ရွယ်ထားပါတယ်။ ယခုလို မိတ်ဖက်ချိတ်ဆက်လိုက်ခြင်းကြောင့် အနာဂတ်မှာနိုင်ငံအတွင်းဒီဂျစ်တယ်ငွေပေးချေမှုကို အပြည့်အဝကျင့်သုံးလာတဲ့အခါမှာ Wave Money ရဲ့မိုဘိုင်းလ်စနစ်ကနေ ဒီဂျစ် တယ်ဘက်ကို ကူးပြောင်းရာမှာအရှိန်မြှင့်တင်နိုင်ဖို့ဖြစ်စေပါတယ်။ ကျွန်တော်တို့ရဲ့ပါတနာအားလုံးနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းတွေမှာသာမက အသုံးပြုသူတွေအတွက် အကောင်းဆုံးငွေကြေးဝန်ဆောင်မှုနဲ့ ငွေပေးချေမှုစနစ်အဖြစ် ကူညီထောက်ပံ့ပေးနိုင်ဖို့ ဆန်းသစ်တဲ့ နည်းလမ်းအသစ်တွေကို အမြဲတစေရှာဖွေနေတာဖြစ်ပြီး နိုင်ငံအတွင်းဒီဂျစ်တယ်ငွေပေးချေမှုစနစ်ကျင့်သုံးနိုင်ဖို့ လုပ်ဆောင်နေပါတယ်။

မြန်မာ့အနာဂတ် ဒီဂျစ်တယ်မိုဘိုင်းလ်ငွေပေးချေမှုနဲ့ E-commerce အတွက်လိုအပ်နေတဲ့မူဝါဒနဲ့ စည်းမျဉ်းစည်းကမ်းများ

ကမ္ဘာကပ်ဘေးအခြေအနေကြောင့် ဒီဂျစ်တယ်ငွေပေးချေမှု (Mobile Money) အသုံးပြုမှုက တစ်ရှိန်ထိုးမြင့်တက်လာပါတယ်။ မြန်မာအစိုးရကလည်း မိုဘိုင်းလ်ငွေပေးချေမှုစနစ်ကို အားပေးတာတွေ့ရပါတယ်။ နိုင်ငံရဲ့ COVID-19 Economic Relief Plan မှာ Wave Money ကို တရားဝင်ထည့်သွင်းအသုံးပြုတယ်။ ဗဟိုဘဏ်အနေနဲ့ မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေကို မရှိမဖြစ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတစ်ခုအနေနဲ့ သတ်မှတ်တယ်။ Wave Money ရဲ့ အေးဂျင့်ပေါင်း ၆၄,၀၀၀ ကျော်ကနေတစ်ဆင့် အသုံးပြုသူတွေရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ အစားအသောက်၊ ရေ၊ လောင်စာ၊ ဆေးဝါးနဲ့ အဝတ်အထည်တွေအတွက် ငွေသုံးစွဲတာ၊ ငွေလွှဲတာ၊ ငှားရမ်းခတွေ ပေးဆောင်တာ၊ ရေ/မီးကအစလိုအပ်တဲ့ဘေလ်တွေ ပေးဆောင်တာ၊ ချေးငွေပြန်လည်ပေးသွင်းခြင်းကို လုံခြုံစိတ်ချစွာလုပ်ဆောင်နိုင်တာတို့လည်း အရင်အတိုင်းဆက်လက်လုပ်ဆောင်နိုင်စေဖို့ တရားဝင်ခွင့်ပေးထားတာဖြစ်ပါတယ်။ ကိုဗစ်ကာလအတောအတွင်းမှာ Wave Money ကို စာရင်းသုံးစွဲသူတွေနဲ့ ပုံမှန်အသုံးပြုသူတွေပိုမိုများပြားလာတာကို တွေ့ရပါတယ်။

အထူးသဖြင့် ခုလို Social Distance လုပ်နေရပြီး ငွေသားကိုင်ဆောင်မှုကိုလျော့ချနိုင်ဖို့ လုပ်ဆောင်နေရတဲ့အချိန်မှာ လူတွေကမိုဘိုင်းလ်ငွေကြေးစနစ်နဲ့ ပိုမိုထိတွေ့လာရပြီး ဒီဂျစ်တယ်စနစ်မှာ မိုဘိုင်းလ်ဖုန်းကနေအရာအားလုံးနီးပါးကို ချိတ်ဆက်လုပ်ကိုင်လို့ရကြောင်း တဖြည်းဖြည်းချင်း သိရှိလာကြပါပြီ။ အစိုးရအနေနဲ့လည်း အလားတူသိရှိသတိထားမိလာနေပါတယ်။ နောက်ပိုင်းကျရင်ပြည်သူ့ဝန်ထမ်းတွေ၊ အခွန်ထမ်းတွေဆိုရင်လည်း တစ်အိမ်တက်ဆင်းအခွန်ဆောင်ဖို့ နှိုးဆော်ရတာတွေ၊ ဖြတ်ပိုင်းစာရွက်တွေ၊ အချက်အလက်သွားရောက်သွင်းယူတာတွေနဲ့ အကြာကြီးတန်းစီပြီး အခွန်ဆောင်သူတွေဆီက ငွေလက်ခံရတာတွေကောက်ခံတာတွေကို လုပ်ဆောင်နေစရာ လိုတော့မှာမဟုတ်ပါဘူး။ အဲဒါတွေကို မိုဘိုင်းလ်ငေကြေးစနစ်၊ ဒါမှမဟုတ် အခြား ဒီဂျစ်တယ်ပလက်ဖောင်းပေါ်ကနေတစ်ဆင့်လုပ်ဆောင်လို့ရပါတယ်။

မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ မြန်မြန်ဆန်ဆန်တိုးပွားလာတာနဲ့အတူ လူတွေကလည်း မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုတွေနဲ့ ပိုမိုရင်းနှီးလာပြီး အသုံးပြုနှုန်းလည်းတက်လာပါတယ်။ အခုချိန်မှာ ဂိမ်းထဲငွေသုံးပြီး ဂိမ်းအတွက်လိုအပ်တာတွေဝယ်တာ၊ ဖုန်းငွေဖြည့်တာ၊ အစားအသောက်မှာယူတာတွေလိုမျိုး Online Shopping နဲ့အခြား e-Payment ဝန်ဆောင်မှုတွေကပုံမှန်လိုဖြစ်လာပြီး လူတွေက ငွေလွှဲတဲ့နေရာမှာသာမက ငွေပေးချေမှုတွေအတွက်ပါ မိုဘိုင်းလ်ငွေကြေးစနစ်ကို အသုံးပြုကြပါတယ်။ ယခုလက်ရှိမှာ အစိုးရကလည်း E-commerce အတွက် ကြီးကြပ်လုပ်ဆောင်နေတာတွေရှိနေပြီး နောက်နှစ်လောက်ဆိုရင်မူဝါဒတွေကို မြင်တွေ့ရဖွယ်ရှိပါတယ်။ စည်းမျဉ်းစည်းကမ်း၊ မူဝါဒအသစ်တွေက နိုင်ငံအတွက်သာမက စီးပွားရေးလုပ်ငန်းတွေနဲ့ စားသုံးသူတွေအတွက်ပါကောင်းပါတယ်။ ဒီလိုမူဝါဒတွေအတွက်လည်း လုပ်ငန်းတွေ၊ ပညာရှင်တွေဘက်က အစိုး ရအနေနဲ့ ဒီလုပ်ငန်းစဉ်ဆက်လက်လုပ်ဆောင်နေသရွေ့ လိုအပ်နိုင်င်တဲ့သတင်းအချက်အလက်တွေကို ပံ့ပိုးပေး နေမှာဖြစ်ပါတယ်။ ရလဒ်အနေနဲ့ ဒီကမှထွက်ပေါ်လာတဲ့ စည်းမျဉ်း၊ မူဝါဒ၊ စတာတွေက အားလုံးအတွက်ကောင်းမွန်ကာ နောက်ဆုံးအချိန်မှ Suprise ဖြစ်စရာမဖြစ်နေဖို့တော့မျော်လင့်ရပါတယ်။

ရန်ကုန်ရဲ့အပြင်ဘက်အခြားမြို့တွေနဲ့ ကျေးလက်ဒေသတွေလိုမျိုးနေရာမှာ ဒီဂျစ်တယ်ကူးပြောင်းသုံးစွဲမှုနည်းနေသေးတာကို တွေ့ရတယ်။ လူတွေကငွေသားကို ပုံမှန်အသုံးပြုနေတာတွေ့ရပြီး အဲဒါကပိုလုံခြုံ စိတ်ချရတယ်လို့ထင်နေကြတယ်။ ဒီလိုထင်ရခြင်းကလည်း နည်းပညာအသစ်တွေကိုမသိတာနဲ့ အကျွမ်းတဝင်မရှိတာကြောင့်ဖြစ်ပါတယ်။ ခြုံငုံပြီးသုံးသပ်ရရင်တော့ နည်းပညာအသစ်တွေက စည်းမျဉ်းအသစ်ဖော်ဆောင်မှုနဲ့ တပြိုင်တည်းတွဲသွားသင့်ပြီး လူအများလက်ခံကျင့်သုံးအောင် ဈေးကွက်အသိပညာပေးတာတွေလည်း လုပ်သင့်တယ်။ ဒါမှသာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဆန်းသစ်ပြောင်းလဲမှုတွေကို ပိုမိုဖန်တီးဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။

လူအများအတွက်လုံခြုံရေးကအဓိကဦးစားပေးဖြစ်နေတဲ့ ကမ္ဘာ့ကြီးမှာမြန်မာနိုင်ငံကလည်း ယခုလက်ရှိမှာ Cyber Security နဲ့ဆိုင်တဲ့ စားသုံးသူရဲ့ကိုယ်ပိုင်အချက်အလက်တွေကို ကာကွယ်မှုပြုလုပ်ပေးနိုင်မယ့် Cyber Law တွေကိုဖော်ဆောင်နေပါတယ်။ Wave Money အနေနဲ့လည်း Security Protocol တွေနဲ့ပတ်သက်ပြီး ဝန်ထမ်းတွေ၊ အေးဂျင့်တွေနဲ့အသုံးပြုသူတွေကို ပုံစံအမျိုးမျိုးနဲ့ အထူးဂရုထားပြီး ပညာပေးတာတွေ၊ သင်တန်းပေးတာတွေ၊ သတိပေးတာတွေ အမြဲလုပ်ပါတယ်။ ဥပဒေရေးဆွဲနေစဉ်တလျောက်လုံး ဒီနယ်ပယ်ကပါဝင်ပတ်သက်သူအားလုံးက Input တွေကို ထောက်ပံ့ပေးနိုင်နေတယ်သာဆိုရင် ၊ ကောင်းမွန်တဲ့ Cyber Law ရှိထားတာက စားသုံးသူနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အကျိုးရှိစေပါတယ်။

Wave Money အနေနဲ့ Digital Financial Inclusion လုပ်ဆောင်ရာမှာ စိတ်အားထက်သန်ပါတယ်။ ဆိုလိုတာကငွေသားကိုင်ဆောင်မှု အခြေပြုလူမှုအသိုက်အဝန်းအဖြစ်ကနေ ငွေသားအသုံးပြုမှုမလိုအပ်တဲ့ E-commerce အခြေပြုလူမှုအသိုက်အဝန်းအဖြစ် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းဖြင့် တစ်ဖက်တစ်လမ်းကနေ တွန်းအားပေးနေတာဖြစ်ပါတယ်။ မြန်မာ့ငွေပေးချေမှုစနစ် (Myanmar’s National Payment System) ကို အဆင့်မြှင့်တင်လိုက်ခြင်းက နိုင်ငံအနေနဲ့ ဒီဂျစ်တယ်ဘက်သွားနေတဲ့လမ်းကြောင်းကိုအရှိန်မြှင့်တင်လိုက်ခြင်းဖြစ်တယ်လို့ ပြောချင်ပါတယ်။ National Payments System Strategy မူကြမ်းအရဆိုရင် ကျွန်တော်တို့လိုမျိုး ကုမ္ပဏီ လုပ်ငန်းတွေအတွက်ဝန်ဆောင်မှုတွေ ထပ်တိုးချဲ့နိုင်ဖို့ အခွင့်အရေးတစ်ရပ်ဖြစ်ပေါ်စေပြီး အစိုးရရဲ့ e-Payment (လစာနဲ့ လူမှုအကျိုးခံစားခွင့်ငွေထုတ်ပေးခြင်းတွေနဲ့ အခွန်)၊ လက်လီငွေပေးချေခြင်း၊ POS ကွန်ရက်တိုးချဲ့ခြင်း၊ QR ကုတ်စနစ်တွေ၊ အများသုံးယာဉ်တွေမှာ ငွေသားမလိုဘဲ ငွေပေးချေခြင်း၊ နိုင်ငံတကာငွေလွဲှပို့ခြင်း၊ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို ဘဏ်အသုံးမပြုသေးတဲ့သူတွေအားလုံးရအောင် လုပ်ပေးနိုင်ရေး၊ ဝေးလံခေါင်သီတဲ့ နေရာတွေအထိ ဝန်ဆောင်မှုပေးနိုင်ခြင်း၊ KYC တိုးမြှင့်လုပ်ဆောင်နိုင်ခြင်းတို့လို အချက်တွေကိုလည်း ပိုမိုလုပ်ဆောင်နိုင်လာမှာဖြစ်ပါတယ်။ ဒီ National Payments System Strategy မူကြမ်းအချက်အလက်တွေက ကျွန်တော်တို့ကို၊ အစိုးရကို နိုင်ငံအနေနဲ့ ဘယ်ကိုဦးတည်သွားနေတယ်ဆိုတာကို သတိပေးနေမှာဖြစ်ပါတယ်။

Wave Money အနေနဲ့လည်း ပြည်သူပြည်သားတွေ အခက်အခဲအနေအထားတွေကြုံတွေ့နေရတဲ့ အခုလိုအချိန်မျိုးမှာ သူတို့အတွက် ယုံကြည်စိတ်ချရတဲ့လက်တွဲဖက်တစ်ဦးအဖြစ်၊ မုချလိုအပ်တဲ့ဝန်ဆောင်မှုတစ်ခုအဖြစ်နဲ့ ဆက်လက်ရည်တည်အဆင့်တိုးမြှင့်လုပ်ကိုင်နေမှာဖြစ်ပါတယ်။

လက်ရှိနဲ့ အနာဂတ်ဒီဂျစ်တယ်မိုဘိုင်းငွေပေးချေမှု အလားအလာအပေါ်သုံးသပ်ချက်

မြန်မာနိုင်ငံမှာစမတ်ဖုန်းသုံးစွဲသူများပြားလာခြင်းနဲ့ မိုဘိုင်းလ်ဖုန်းအသုံးပြုမှုတိုးပွားလာမှုတို့ကြောင့် တချို့နေရာတွေမှာ မြန်မြန်ဆန်ဆန်ပဲ leapfrog ဖြစ်သွားခဲ့ပါတယ်။ အခုလည်းပဲဒီအတိုင်းပဲ ဒီလိုခုန်ကျော်တိုးတက်မှုမျိုးက မိုဘိုင်းလ်ငွေကြေးငွေလွှဲဝန်ဆောင်မှုပေးတဲ့နေရာမှာ ဖြစ်နေပြန်ပြီဖြစ်ပါတယ်။ မိုဘိုင်းလ်ငွေကြေးက လူအတော်များများကိုအခြေခံဘဏ္ဍာရေးဝန်ဆောင်မှုတွေဖြစ်တဲ့ ငွေလွှဲခြင်းကိုလွယ်လွယ်နဲ့ လုံခြုံစွာလုပ်နိုင်စေတယ်၊ ငွေပေးချေမှုတွေကို လွယ်ကူဖြစ်မြောက်စေတယ်၊ ချေးငွေပြန်လည်ပေးသွင်းမှုတွေကိုလည်း ပိုမိုအဆင်ပြေ လွယ်ကူစေတယ်။

မြန်မာနိုင်ငံက ဒီဂျစ်တယ်အကူးအပြောင်းကာလရဲ့ အလယ်ကိုရောက်နေပြီဖြစ်တာကြောင့် ဒီလှိုင်းနဲ့အမှီအရင်ရှိနှင့်ပြီးသား ငွေသားသုံးစွဲပေးချေမှုစနစ်ကနေပိုပြီး စိတ်ချလွယ်ကူယုံကြည်ရတဲ့ ဒီဂျစ်တယ်ပလက်ဖောင်းတွေဆီ တက်လှမ်းနိုင်ဖို့ လူတွေကို ဆန်းသစ်တီထွင်တဲ့ဝန်ဆောင်မှုတွေပေးနိုင်အောင် လုပ်ရပါလိမ့်မယ်။

တစ်ကိုယ်ရေသန့်ရှင်းဖို့နဲ့ ငွေသားသုံးစွဲမှု ပိုမိုစိတ်ချရဖို့ လိုအပ်ချက်တွေရှိနေတာကြောင့် Online Shopping နဲ့ Delivery ဝန်ဆောင်မှုတွေကဆက်လက်တိုးတက်နေမှာဖြစ်ပါတယ်။ ဒါကြောင့် Facebook က အရောင်းသမားတွေနဲ့ E-commerce ကုမ္ပဏီတွေကိုပိုမို ဝန်ဆောင်မှုပေးနိုင်အောင်လုပ်ခြင်း၊ လူချင်းတွေ့စရာမလိုဘဲ ငွေပေးချေမှုလုပ်ခြင်းနဲ့ အိမ်အရောက်ငွေချေတဲ့ဝန်ဆောင်မှုတွေက အဓိကပစ်မှတ်နဲ့ အခွင့်အလမ်းတွေ ဖြစ်လာစေတယ်။

ဒီဂျစ်တယ်လူနေမှုပုံစံက အမြဲပဲအချိန်နဲ့အင်အားကုန်ခန်းမှုကို သက်သာစေပါတယ်။ အခုလိုအတိမ်းအစောင်းနည်းနည်းမှမခံတဲ့အခြေအနေမှာ လူတွေကသူတို့နေ့စဉ်ဘဝမှာ ဒီဂျစ်တယ်ငွေပေးချေမှုကို ပိုမိုလက်ခံလာကြပြီး ငွေလွှဲတာတွေ၊ ဖုန်းဘေလ်ဖြည့်တာတွေ၊ အလှူအတန်းလုပ်ဆောင်တာတွေ၊ လူမှုရေးနဲ့ဆိုင်တဲ့လှုပ်ရှားမှုတွေမှာ ဒီဂျစ်တယ်ငွေပေးချေမှုကို ပိုမိုသုံးစွဲကြပါတယ်။ ယခုဖြစ်ပေါ်နေတဲ့အခြေအနေတွေကလည်း Wave Money ရဲ့ Commitment ဖြစ်တဲ့ Financial Inclusion ခရီးစဉ်တွက် Cashless Society ကို ဖော်ဆောင်ဖို့လုပ်နေတဲ့နေရာမှာ အထောက်အကူရရှိစေပါတယ်။

ကျွန်တော်တို့ Wave Money အနေနဲ့ ပိုမိုဖွံ့ ဖြိုးကြီးထွားဖို့ အကောင်းမွန်ဆုံးပလက်ဖောင်းတစ်ခုကိုဖန်တီးထားပါတယ်။ Wave Money နဲ့ မြန်မာနိုင်ငံတို့ဟာကမ္ဘာ့မိုဘိုင်းလ်ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍမှာ အောင်မြင်မှုရရှိနိုင်အောင်ဆက်လက်ပြီးလည်း ပိုမိုကောင်းမွန်တဲ့ နည်းလမ်းအဖြေတွေရအောင် လုပ်ဆောင်လျက်ရှိပါတယ်။