TATA ဆိုသည့် အမည်နာမထက် ကျော်လွန်၍…

”မှန်ကန်တဲ့
ဆုံးဖြတ်ချက်ချမှတ်ဖို့ ဆိုတာမျိုး
ကျွန်တော် မယုံကြည်ဘူး။ ဆုံးဖြတ်ချက်ချမယ်၊
ချထားတဲ့ဆုံးဖြတ်ချက်အတိုင်း အောင်မြင်အောင်
ကျွန်တော်လုပ်မယ်”

Ratan Naval Tata

ဤစကားကိုပြောခဲ့သူက အိန္ဒိယလူမျိုး ကမ္ဘာကျော်စီးပွားရေးလုပ်ငန်းရှင်ကြီး ရာတန်နာဗဲလ်တာတာ (Ratan Naval Tata) ပါ။ သူက Tata Group ကို စတင်တည်ထောင်ခဲ့သူ Jamsetji Tata ၏ မြစ်ဖြစ်ပြီး Tata Sons ၏ Chair-man ဟောင်းနှင့် Tata Trusts ၏ Chairman လည်းဖြစ်သည်။ ၁၉၃၇ တွင် မွေးဖွားခဲ့သည့် အသက် ၈၂ အရွယ် Ratan Tata က ငယ်ဘဝသူတွေ့ကြုံခဲ့သည်တို့ကို ‘ချစ်သူများနေ့’ မတိုင်မီတစ်ရက်ကြိုတွင် လူသိများသည့် Facebook Page ဖြစ်သော Humans of Bombay တွင် ကြုံခေါင့်ကြုံခဲ စတင်ဖွင့်ဟခဲ့သည်။

သူပျော်ရွှင်သော ကလေးဘဝရရှိခဲ့သည် ဆိုသော်လည်း ထိုခေတ်အခါက လူအများအကြား မယဉ်ပါးသေးသည့် မိဘနှစ်ပါး၏ ‘ကွာရှင်းပြတ်စဲခြင်း’၊ ထို့နောက် မိခင်နောက်အိမ်ထောင်ပြုသွားခြင်းတို့၏ ရိုက်ခတ်မှုကြောင့် သူတို့ညီအစ်ကိုနှစ်ဦးမှာ ရွယ်တူသူငယ်ချင်းများ၏ ပြောဆိုဝေဖန်မှုကို အထိုက်အလျောက်ခံခဲ့ကြရသည်။ ထိုအချိန်က သူဆယ်နှစ်အရွယ်ဖြစ်သည်။ သို့သော် သူတို့ညီအစ်ကိုနှစ်ဦးကို ပြုစုပျိုးထောင်ပေးခဲ့သော အဘွားဖြစ်သူ Navajbai Tata က’ မည်သည့် အခြေအနေမျိုးတွင်မဆို ဂုဏ်သိက္ခာဖြင့် ထာဝရရပ်တည်လိုစိတ်’ ကို မွေးမြူပေးခဲ့ကာ၊ ‘ဘဝတစ်သက်တာ စံတန်ဖိုးများ’ သူ့ တွင် ကိန်းအောင်းစေခဲ့ကြောင်း၊ သည့်အတွက် ကျေးဇူးတင်ကြောင်းပြောခဲ့သည်။ အဘွား၏အားပေးမှုသာ မရှိခဲ့လျင် ဖခင်ကို ဖွင့်ဟတောင်းဆိုပြီး သူတက်ရောက်ချင်ခဲ့သော တက္ကသိုလ်မှ သူသင်ယူချင်ခဲ့သောဘာသာရပ်ကို လေ့လာသင်ယူခွင့်ရခဲ့မည်မဟုတ်ဟုလည်း ဆိုသည်။

Ratan Tata မှာ နှစ်ပေါင်း ၁၅၀ စွန်းစွန်း သက်တမ်းရှိပြီဖြစ်သည့် Tata Group ၏ ငါးဦးမြောက် Chairman ဖြစ်ပြီး သူတာဝန်ယူခဲ့သည့် ၁၉၉၁ မှ ၂၀၁၂ အ တွင်း Tata Group ကို နိုင်ငံတကာအဆင့်အထိ ကျယ်ပြန့် လာသော အိန္ဒိယကုမ္ပဏီအုပ်စုကြီးဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့သည်ဟု အသိအမှတ်ပြုခံရသည်။ စင်စစ်အားဖြင့် Tata Group ၏ စီးပွားရေးအတက်အကျမှန်သမျသည် အိန္ဒိယနိုင်ငံ၏ စီးပွားရေးအတက်အကျပင်ဖြစ်သည်ဟု ဆိုရလောက်အောင်ပင် အိမ်သုံးဆားမှသည် မိုဘိုင်းလ်ဖုန်းကွန်ရက်၊ ဈေးနှုန်းသင့် အိမ်ရာဆောက်လုပ်ခြင်းမှသည် လေကြောင်းလိုင်းအထိများပြားကျယ်ပြန့်လှသော လုပ်ငန်းများကို နိုင်ငံတွင်းတွင်မက ကမ္ဘာတစ်လွှားတိုင်အောင် ဖြန့်ကြက်လုပ်ကိုင်နေသည့် ကုမ္ပဏီကြီးဖြစ်သည်။

Tata Group ၏ Chairman တာဝန်ယူခဲ့သူများ

Jamsetji Nusserwanji Tata (၁၈၆၈-၁၉၀၄)

Tata Group ဖြစ်လာမည့်လုပ်ငန်းကို အိန္ဒိယနိုင်ငံ အလယ်ပိုင်းတွင် ချည်ထည်စက်ရုံဖြင့် စတင်တည်ထောင်ခဲ့သူဖြစ်သည်။ သူ၏ခိုင်မာပြတ်သားသော အမြော်အမြင်ကပင် နိုင်ငံအတွင်းသံမဏိလုပ်ငန်းနှင့် လျှပ်စစ်ဓာတ်အားလုပ်ငန်းတို့ ဖြစ်ထွန်းလာအောင် လှုံ့ဆော်ပေးနိုင်ခဲ့သလို နည်းပညာရပ်ဆိုင်ရာပညာရေးကိုလည်း ချမှတ်နိုင်ခဲ့ပြီး ခေတ်နောက်ကျနေခဲ့သည့် အိန္ဒိယနိုင်ငံကို စက်မှုထွန်းကားသောနိုင်ငံအဖြစ် တစ်မုဟုတ်ချင်း ပြောင်းလဲစေခဲ့သည်။ သူ၏ထူးချွန်ထက်မြက်မှုနှင့်အမြော်အမြင်တို့က လက်ရှိ ‘လုပ်ငန်းပေါင်းစုံကော်ပိုရေးရှင်းကြီး’ ဖြစ်လာအောင် ‘မျိုးစေ့များ’ ချပေးနိုင်ခဲ့သည်ဟု လက်ခံထားကြသည်။

Sir Dorabji Tata (၁၉၀၄-၁၉၃၂)

Jamsetji Tata ၏သားအကြီးပီပီ ဖခင်ဖြစ်သူ၏ ‘မဟာအမြော်အမြင်’ လက်တွေ့ပေါ်ထွန်းလာအောင် Tata Steel နဲ့ Tata Power ကို အားထုတ်ကြိုးပမ်း စတင်ခဲ့သူဖြစ်ပြီး ခေတ်မီလုပ်ငန်းကြီးတစ်ခုအဖြစ် Tata Group ကို ပြောင်းလဲစေခဲ့သည်။ သူ့ဦးဆောင်မှုကြောင့် Tata မိသားစုများ၏ အကောင်းဆုံးပရဟိတပံ့ပိုးလှူဒါန်းမှုအဖွဲ့ the Sir Dorabji Tata Trust ကို ထူထောင်နိုင်ခဲ့သလို Tata မိသားစုအစဉ်အလာဖြစ်သည့် ပရဟိတလုပ်ငန်းကိုလည်း ထွန်းတောက်စေခဲ့သည်။

Sir Nowroji Saklatvala (၁၉၃၂-၁၉၃၈)

Sir Dorabji ကွယ်လွန်ပြီးနောက် တာဝန်ယူခဲ့သူဖြစ်သည်။ မိခင်မှာ Tata မိသားစုဝင်ဖြစ်ပြီး ဖခင်မှာ ပြည်တွင်း၊ ပြည်ပမှအသိအမှတ်ပြုခံရသည့် ထင်ရှားသောလုပ်ငန်းရှင်မိသားစုမှ ဖြစ်သည်။ Tata ၏ ဝန်ထမ်းဘဝကို စက်ရုံတစ်ခုတွင် အလုပ်သင်ဘဝဖြင့် ၁၈၈၉ ၌ စတင်ခဲ့သည်။ သူ၏အလုပ်အပေါ်စွဲမြဲစိတ်နှင့် စက်မှုပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတို့ကြောင့် အထက်လူကြီးများက သူ့အပေါ် များစွာအလေးထားခဲ့ကြပြီး နှစ်အနည်းငယ်အတွင်း စက်ရုံများကို ‘ပဲ့ကိုင်’ ရန် ဖြစ်လာခဲ့သည်။ ကုမ္ပဏီအလုပ်ကို ကိုယ်ရေးကိုယ်တာထက် အမြဲရှေ့တန်းတင်ထားသော Nowroji Saklatvala မှာ Sir Dorabji Tata ၏ ယုံကြည်စိတ်ချရသောဝန်ထမ်းလည်း ဖြစ်သည်။ သူသည် အလုပ်သမားတို့၏ အကျိုးရလဒ်ကို အထူးအလေးထားကြောင်း အသိအမှတ်ပြုခံရသူဖြစ်သည်။ ၁၉၃၈ တွင် ပြင်သစ်နိုင်ငံ၌ မမျော်လင့်ဘဲကွယ်လွန်ခဲ့သည်။

JRD Tata (၁၉၃၂-၁၉၉၁)

ယခု Air India ကို ၁၉၃၂ က Tata Airlines (Tata Aviation Service) အမည်ဖြင့် စတင်ခဲ့ခြင်းဖြင့် Tata Group ၏ အောင်မြင်မှုလမ်းကြောင်းကိုဖွင့်လှစ်ခဲ့သူဖြစ်သည်။ ၁၉၂၅ တွင် Tata Group ၌ လစာမဲ့အလုပ်သင်ဘဝဖြင့် စတင်ခဲ့ပြီး Tata Group Chairman အဖြစ် နှစ်ပေါင်း ၆၀ နီးပါး ဦးဆောင်ခဲ့သူဖြစ်သည်။ သူက အင်္ဂလိပ်ဘာသာထက် ပြင်သစ်ဘာသာကို ပိုကျွမ်းကျင်ပြီး အိန္ဒိယတိုင်းရင်း ဘာသာစကားထက်ဆိုခဲ့ပါ ဘာသာစကားနှစ်မျိုးကို ပိုမိုကျွမ်းကျင်သည်ဟုဆိုသည်။ သို့သော် ထိုအချက်က အိန္ဒိယလူမျိုးများကို အသက်အရွယ်မရွေး၊ ဘဝနောက်ခံမရွေး စုစည်းရာ၌ နှောင့်နှေးစေခြင်းမရှိဟုလည်းဆိုသည်။ သူ က ‘မိသားစုတစ်ခု၏လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်စေသည့်’ အင်ဒီးယန်းတို့၏ စီးပွားရေးအလေ့အထကို ချိုးဖျက်ပြီး စွန့်ဦးတီထွင်စိတ်ရှိသော ကိုယ်ပိုင်ဗီဇရှိသော ကျွမ်းကျင်သူများပါဝင်စေလျက် Tata Group ကို သီးသန့် လုပ်ပိုင်ခွင့်ကိုယ်စီရှိသော အုပ်စုကြီးအဖြစ် ပြောင်းလဲခဲ့သည်။

Ratan Naval Tata (၁၉၉၁-၂၀၁၂)

Ratan Tata သည် ကုမ္ပဏီအုပ်စု၏ ဦးပိုင်အဖွဲ့အစည်းဖြစ်သော Tata Sons ၏ Chairman အဖြစ် စတင်တာဝန်ယူခဲ့ချိန် ၁၉၉၁ မှာ ရာစုသစ်သို့ကူးပြောင်းရန် ဆယ်စုနှစ် လျော့လျော့သာ ရှိနေချိန်ဖြစ်သည်။ သူက တခြားအဓိကလုပ်ငန်းများဖြစ်သည့် Tata Motors ၊ Tata Steel ၊ Tata Power ၊ Tata Consultancy Services ၊ Tata Chemicals ၊ Tata Global Beverages စသည်တို့၏ Chairman လည်းဖြစ်သည်။ ထိုကာလမှာ ကမ္ဘာ့စီးပွားရေးနယ်ပယ်တွင် ရာစုနှစ်အကူးအပြောင်းအတွက် လှုပ်ခတ်နေကြချိန်လည်းဖြစ်သည်။ ၁၉၆၂ တွင် Tata Group ၌ အလုပ်စတင်ဝင်ရောက်ခဲ့ပြီး ၁၉၈၁ တွင် တခြားဦးပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် Tata Industries တွင် Chairman အဖြစ် သူတာဝန်ယူခဲ့ သည်။ အိန္ဒိယနိုင်ငံတွင် လူပုဂ္ဂိုလ်များအတွက် အစိုးရက ချီးမြှင့်သော ဒုတိယအမြင့်ဆုံးဆု Padma Vibhushan ကို ၂၀၀၈ တွင်ရရှိခဲ့သည်။

Cyrus Mistry (၂၀၁၂-၂၀၁၆)

Cyrus Mistry သည် ကမ္ဘာပေါ်တွင်အချမ်းသာဆုံး အိုင်းရှစ်ဆောက်လုပ်ရေးလုပ်ငန်းရှင် Pallonji Shapoorji Mistry ၏သားဖြစ်ပြီး Tata အင်ပါယာကို ပထမဆုံးဦးဆောင်ခဲ့သည့် ‘Tata မဟုတ်သူ’ လည်းဖြစ်သည်။Tata Group ၏ Chairman အဖြစ် နောင်တစ်နှစ်အကြာတွင် ဆက်ခံနိုင်ရန် အတွက် ၂၀၁၁ တွင် သူ Deputy Chairman ဖြစ်လာခဲ့သည်။Ratan Tata အနားယူချိန်၌ ‘အံ့အားသင့်ဖွယ်’ Chairman ဖြစ်လာခဲ့သလို အဆိုပါရာထူးမှလည်း ‘အံ့အားသင့်ဖွယ်’ ဖယ်ရှားခံခဲ့ရသည်ဟု မီဒီယာတစ်ခုက ရေးသားခဲ့သည်။Tata Sons ၏ Chairman အဖြစ်တာဝန်ယူစဉ်က တခြား အဓိကကုမ္ပဏီများဖြစ်သည့် Tata Industries ၊ Tata Steel ၊ Tata Motors ၊ Tata Consultancy Services ၊ Tata Power ၊ Tata Teleservices ၊ Indian Hotels ၊ Tata Global Beverages နှင့် Tata Chemicals တို့၏ Chairman အဖြစ်လည်း ပူးတွဲတာဝန်ယူခဲ့သည်။

Natarajan Chandrasekaran (ဇန်နဝါရီ၊ ၂၀၁၇- …)

Cyrus Mistry ကို အောက်တိုဘာ၊ ၂၀၁၆ တွင် Chairman ရာထူးမှဖယ်ရှားအပြီးတွင် Ratan Tata က အဆိုပါရာထူးတွင် ယာယီတာဝန်ယူခဲ့သည်။ Natarajan Chandrasekaran သည် Tata Consu-ltancy Services (TCS)၌ ၁၉၈၇ တွင် စတင်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထိုအချိန်က အိန္ဒိယနိုင်ငံ၏ အိုင်တီနယ်ပယ်မှာ ဖွံ့ဖြိုးစပင်ရှိသေးသည်။ သူ၏ကြိုးစားမှု၊ အာရုံစူးစိုက်မှု၊ အိုင်တီပညာရှင်ပီပီ အလုပ်တွင်နှစ်မြှုပ်ထားမှုတို့ကြောင့် ၂၀၀၉ တွင် TCS ၏ စီအီးအိုဖြစ်လာခဲ့သည်။ ၂၀၁၆ တွင် Tata Sons ၏ ဒါရိုက်တာအဖွဲ့ဝင် ဖြစ်လာပြီး ၂၀၁၇ ဇန်နဝါရီတွင် ကုမ္ပဏီအုပ်စု၏ Chairman ဖြစ်လာခဲ့သည်။ Chandrasekaran မှာ နှစ် ၁၅၀ ကျော်ကြာ လုပ်ငန်းစုံကုမ္ပဏီအုပ်စုကြီးတွင် ‘Tata ဆိုသည့် အမည်နာမ’ မပါသော တတိယမြောက် Chairman ဖြစ်သည်။

အခက်ခဲဆုံးကာလများအနက်တစ်ခုနှင့် Chandra (Natarajan Chandrasekaran)

Noel Tata အနေဖြင့် ထိပ်ဆုံးတာဝန်များ လုပ်ကိုင်နိုင်မည့် သင့်လျော်သောအတွေ့အကြုံမရှိကြောင်း Ratan Tata က Times of London တွင် ၂၀၁၁ က ပြောခဲ့ဖူးသည်။ လက်ရှိ ဂုဏ်ထူးဆောင်ချယ်ယာမင် Ratan Tata အနေဖြင့် ‘Tata အမည်’ ကြီးစိုးမှု နောင်အဆုံးသတ်လာမည်ကိုလည်း ကောင်းစွာသတိမူမိခဲ့သည်။ ‘အတွင်းလူ’ ကသာ ကုမ္ပဏီ အုပ်စုကိုဦးဆောင်ရန် ဒါရိုက်တာအဖွဲ့ဝင်များ၏ တောင်းဆိုမှုများနှင့် အကောင်းဆုံး ရွေးချယ်ခံမည့်သူမှာ မိသားစုနှင့်ဆက်စပ်ပြီး အတွေ့အကြုံရှိသူဆိုသည်ကြောင့် Tata Trusts ၏ထောက်ခံမှုဖြင့် Mistry က Chairman ဖြစ်လာခဲ့သည်။Tata Trusts မှာ အငြိမ်းစားအမှုဆောင်များ လုပ်ကိုင်နေသည့် ပရဟိတလုပ်ငန်းများဆိုင်ရာ ကွန်ရက်တစ်ခုဖြစ်သလို Tata Sons တွင် ရှယ်ယာ ၆၆ ရာခိုင်နှုန်း ပါဝင်သည့်အတွက် အုပ်စုတွင်း၌ ဆုံးဖြတ်ခွင့်အာဏာပိုင်နိုင်စွာရှိနေသည့် အဖွဲ့လည်းဖြစ်သည်။ ထိုအချိန်တွင် Mistry သည် Tata Sons ဘုတ်အဖွဲ့တွင် ပါဝင်ခဲ့သည်မှာ ခြောက်နှစ်ရှိခဲ့ပြီ ဖြစ်သည်။

၂၀၁၂ ခုနှစ် Ratan Tata အနားမယူမီကာလ တွင် ကုမ္ပဏီအုပ်စု၏ တစ်နှစ်တာဝင်ငွေမှာ အမေရိကန်ဒေါ်လာ တစ်ရာဘီလီယံရှိခဲ့သည်။ ‘စီးပွားရေးလုပ်ငန်းဆိုင်ရာ မဟာဗျူဟာနှင့်ပတ်သက်၍ Tata မိသားစုဝင်များက သဘောမတူသည့်အတွက်’ Mistry ရာထူးမှ ဖယ်ရှားခံပြီး Chandra Chairman ဖြစ်လာချိန်သည် ကုမ္ပဏီအုပ်စုအတွက် အခက်ခဲဆုံးကာလများအနက်တစ်ခုပင်။ ရူပီး ၃၁၀ ဘီလီယံကျော် အကြွေးတင်နေပြီး လစဉ် ငွေကြေးဆုံးရှုံးနေသည့် တယ်လီကွန်းလုပ်ငန်းများကို Bharti Airtel ထံ ရောင်းချပြီး ရှေ့ဆက်လုပ်ဆောင်ရမည့်အပြင် တစ်ဖက်တွင်လည်း Mistry နှင့် Tata အကြား တရားရင်ဆိုင်မှုများကြောင့် ကုမ္ပဏီ၏ သက်တမ်းရှည်ကြာပုံရိပ် ဆက်လက်ထိန်းနိုင်အောင် အဖတ်ဆယ်ရန် လိုအပ်နေသည်။

”အဲဒီအချိန်မှာ ကျွန်တော်လုပ်ဖို့က အဓိက လုပ်ငန်းတွေ အရှုံးပေါ်နေတာကို ရပ်တန့်ဖို့ပဲ” ဟု တာဝန်ယူပြီး တစ်နှစ်အကြာ ၂၀၁၈ တွင် Chandra က Financial Times ကို ပြောခဲ့သည်။ သူတာဝန်ယူပြီးရက်ပိုင်းအတွင်း၌ ဂျပန်နိုင်ငံ NTT DoCoMo နှင့် မေရိကန်ဒေါ်လာ ၁.၂ ဘီလီယံတန်ဖိုးရှိ ဥပဒေကြောင်းအရပြဿနာကို ဖြေရှင်းပေးခဲ့သည်။ Tata Steel ၏ ဥရောပလုပ်ငန်းကို ဂျာမနီ လုပ်ငန်း ThyssenKrupp နှင့် ပူးပေါင်းရန် သဘောတူညီခဲ့သည်။ ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း တစ်စတစ်စများပြားစွာ ချိတ်ဆက်လာသော ‘အပရိက’ကုမ္ပဏီအချို့ကို ‘ရှင်းထုတ်ပစ်ရန်’ ဆုံးဖြတ်ခဲ့သည်။ ”ကျွန်တော်တို့ ကုမ္ပဏီအများအပြားမှာ သြဇာအရှိန်အဝါ ကြီးကြီးမားမား ရှိကြတယ်။ ဆိုတော့ အဲဒီသြဇာအရှိန်အဝါပြန်ရအောင် ကျွန်တော်ပြန်လုပ်ချင်ခဲ့တယ်” ဟုလည်း ပြော ကြားခဲ့သည်။

Tata ၏ ‘ခေါင်းဆောင်သစ်’အနေဖြင့် Chandra ကို ရွေးချယ်ရခြင်းမှာ ”ထူးခြားတဲ့ရွေးချယ်မှုမှတစ်ပါးအခြားမရှိတဲ့ တစ်ခုတည်းသောရွေးချယ်မှု” ဟု Chairman ရွေးချယ်တင်မြှောက်ရေးနှင့် နီးစပ်သူတစ်ဦးက Financial Times ကို ပြောခဲ့သေးသည်။ Tata Consultancy Services (Tata Group ၏ အထင်ကရအိုင်တီကုမ္ပဏီ) တွင်နှစ် ၃၀ ကြာ လုပ်ကိုင်ခဲ့သည့် Chandra သည် သူ CEO အဖြစ် ထိုကုမ္ပဏီ၌ နောက်ဆုံးတာဝန်ယူခဲ့ချိန်က Tata ၏ စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီပေါင်း ၂၈ ခု၏ အသားတင်အမြတ်အနက် ၈၄ ရာခိုင်နှုန်း ဖြည့်တင်းပေးနိုင်ခဲ့သည်။ တခြားတစ်ဖက်တွင်မူ သူသည် ‘Tata ခေါင်းဆောင်များ’ အနက် ‘တစ်ဦးတည်းသောအပြင်လူ’ လည်း ဖြစ်သည်။ ကျန်ပုဂ္ဂိုလ်များမှာမွမ်ဘိုင်းရှိ စည်းလုံးလှ သောပါရ်စီအသိုင်းအဝိုင်း စီးပွားရေးလုပ်ငန်းများမှ ဖြစ်သလို တည်ထောင်သူ Jamsetji Tata မိသားစုဝင်များ သော်လည်းကောင်း၊ သို့မဟုတ် မိသားစုဝင် တစ်ဦးဦးနှင့် လက်ထပ်ဆက်နွှယ်သူများသော်လည်းကောင်း ဖြစ်ကြသည်။

ထို့ကြောင့်လည်း Chandra သည် အရာရာတွင် ဆုံးဖြတ်ချက်မပြတ်သားသော အရေးကြီးကိစ္စများကို မလုပ်ဆောင်နိုင်ခဲ့သော Mistry ၏ ကော်ပိုရိတ် မဟာဗျူဟာသာမက၊ Ratan Tata လက်ထက် ကော်ပိုရိတ်မဟာဗျူဟာကိုပါ သွယ်ဝိုက်စွာဝေဖန်သည်ဟု ဆိုနိုင်မည့် လုပ်ဆောင်ချက်များကို ပြုလုပ်ရတော့သည်။ Chandra သည် Tata Capital အပါအဝင် အုပ်စုတွင်းရှိ အရေးပါသော ကုမ္ပဏီတချို့၏ ခေါင်းဆောင်များကို ပြောင်းလဲခဲ့သည်။ လုပ်ငန်းတစ်ခုချင်းစီတိုင်းကို အချိုးကျတိုးချဲ့မည်၊ သို့မဟုတ် အုပ်စုတွင်းရှိတခြားလုပ်ငန်းများနှင့် အလုပ်တူ လုပ်ငန်းကွဲဆိုသည်မျိုးမဖြစ်အောင် ပူးပေါင်းမည်၊ သို့ မဟုတ် ရောင်းချမည်ဆိုသည်ကို ဆုံးဖြတ်ရန်အတွက် သုံးသပ်စစ်ဆေးခဲ့သည်။

၂၀၂၀၊ ဖေဖော်ဝါရီ ၂၁ ရက်တွင် Economic Times က Chandra မှာ ကမ္ဘာအနှံ့စိန်ခေါ်မှုများ ရှိနေသေး သောကြောင့် ‘အသင့်’အနေအထားတွင် ရှိနေသည်ဟု ရေးသားခဲ့သည်။ Chandra တာဝန်စတင်ယူချိန်မှ စတင်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ မြောက်မြားစွာ ပြုလုပ်ပြီးသော်လည်း ကျွမ်းကျင်သူများက ငါးနှစ်မှ ခုနစ်နှစ်အထိ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်လုပ်နေဦးမည်ဟု ခန့်မှန်းကြ သည်။ Tata Sons အနေဖြင့် အုပ်စုတွင်း ကုမ္ပဏီများ လုပ်ငန်းတိုးချဲ့ရန် သို့မဟုတ် လုပ်ငန်းပြည်လည်ဖွဲ့စည်းရန် အတွက် ‘ရင်းနှီးမြှုပ်နှံငွေရင်းမြစ်’ စုစုပေါင်း ရူပီးငွေ ‘နှစ်သောင်း’ ခရို (1 crore = 10 millions = 10,000,000) ကို ပြီးခဲ့သည့် သုံးနှစ်တာအတွင်း Telecom နှင့် Power တို့တွင် ဥပဒေရေးရာပြဿနာများနှင့် ကမ္ဘာတစ်လွှား စိန်ခေါ်မှုများကြားမှပင် ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ Chandra အနေဖြင့် ရပ်တန့်ပစ်သည်များ တိုးတက်မှုအတွက် တစိုက်မတ်မတ် အားထုတ်ရသည်များကို လုပ်ဆောင်ရင်း ရင်းနှီးမြှုပ်နှံငွေကို ကြံဖန်လှည့်ဖဲ့၍ တောက်လျောက် စီမံလျက်ရှိသည်။

အုပ်စု၏ အဓိကလုပ်ငန်းများဖြစ်သည့် Steel ၊ Vehicles နှင့် Power တို့တွင် များစွာရင်းနှီးမြှုပ် နှံလျက်ရှိပြီး တိုးတက်မှုရှိလာသည်ကိုလည်း တွေ့ရသည်။ အုပ်စုအတွင်းရှိ အကြီးဆုံးလုပ်ငန်း Tata Consultancy Services မှာ လက်ရှိတွင် အကောင်းဆုံးအနေအထားဖြင့် ရပ်တည်နေသည့် တစ်ခုတည်းသောလုပ်ငန်းဖြစ်သည်။ Chandra တာဝန်ယူချိန်မှစတင်ပြီး ယင်း၏ဈေးကွက်တန် ဖိုး ၈၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာသည့်အတွက် ကုမ္ပဏီအုပ်စုကြီးတစ်ခုလုံး၏ ဈေးကွက်တန်ဖိုး ၄၅ ရာခိုင်နှုန်း (ရူပီး ၁၂ သိန်းခရို) အထိ မြင့်တက်လာအောင် ပံ့ပိုးနိုင် ခဲ့သည်။

Tata Steel Europe နှင့် Tata Power တို့နှင့် ဆက်စပ်သည့် လတ်တလောပြဿနာများကို ဖြေရှင်းပြီးသည် နှင့် ချက်ချင်းတချို့ဌာန ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်မည်ဟု Tata Sons ၏ ထိပ်တန်းအရာရှိတစ်ဦးက အသိပေးခဲ့သည်။ ” သောက်သောက်လဲ အရှုံးပေါ်နေတဲ့ Tata Steel Europe ရဲ့ ပြဿနာတွေကို ကျွန်တော်တို့ ဖြေရှင်းပြီးချိန်မှာTata Steel ရဲ့ ပြည်တွင်းလုပ်ငန်းတွေတိုးတက်လာတယ်” ဟုလည်း အဆိုပါ အမည်မဖော်လိုသူ အရာရှိကပြောခဲ့သည်။ ”Tata Power လည်း အလားတူပဲ။ Mundra (Mundra Ultra Mega Power Plant) အတွက် ကုန်ကျစရိတ်တွေကို Mundra မဟုတ်တဲ့ လုပ်ငန်းတွေကနေ ထောက်ပံ့ပေးတယ်” ဟု ထိုသူက ဆို၏။ Tata Sons အနေဖြင့်လည်း ဒစ်ဂျစ်တယ်လုပ်ငန်းသစ်များ ပေါ် ထွန်းလာစေမည့်လုပ်ငန်းသစ် Tata Digital ကို လာမည့် လအနည်းငယ်အတွင်း စတင်လိမ့်မည်ဖြစ်သည်။ နယ် ပယ်စုံ ဖြန့်ကြက်ထားသည့် လုပ်ငန်းကြီးတစ်ခု၏ ကြိုး ပမ်းလုပ်ဆောင်မှုများ၏ ရလဒ်ထွက်ပေါ်မှုကို စောင့် ဆိုင်းနေရသည့်အပေါ် စိတ်မရှည်မဖြစ်သင့်ကြောင်းလည်း ဆိုခဲ့ပါအရာရှိကဆိုသည်။ အသက် ၈၂ နှစ်အရွယ် Ratan Tata အနေဖြင့် နည်းပညာခေတ်အတွင်း အပြန်အလှန်ကွန်ရက်ချိတ်ဆက်ခြင်းမှာ အင်တာနက် ဆက်သွယ်မှုကြောင့် ယခင်ကထက်များစွာ ပိုပြီးလွယ်ကူလာပြီဖြစ် သည်ကို ယုံကြည်သည်ဆို၏။ ”အင်တာနက်ခေတ်ကြီးမှာ အချင်းချင်းကွန်ရက်ချိတ်ဆက်မှုရဲ့ ထိရောက်ကောင်းမွန်တဲ့ အရည်အသွေးဟာ တခြားဘာနဲ့မှ မယှဉ်သာလောက်အောင် အလွန်အမင်းသာလွန်လှပါတယ်။ ခင်ဗျားတို့ရဲ့ အသိုင်းအဝိုင်းမှာ ပါဝင်ခွင့်ရပြီး ခင်ဗျားတို့ဆီကသင်ယူခွင့်ရနေတာဟာ စိတ်လှုပ်ရှားဖို့ တကယ်ကောင်းတဲ့အပြင် ကျွန်တော့်ကိုလည်း အလွန်ပျော်ရွှင်စေတယ်။ ဒါကြောင့် ကျွန်တော်တို့ ‘ပန်းတိုင်’ရောက်သည်အထိ အတူတကွ ရှေ့ဆက်ဖို့ မျော်လင့်ပါတယ်’ ဟု သူ့တွစ်တာ အကောင့်တွင် ရေးသားခဲ့သည်။

ပြီးခဲ့သည့် သုံးနှစ်တာအတွင်း အုပ်စုတွင်းရှိ အထင်ကရလုပ်ငန်းကြီးများ ရုန်းကန်နေရချိန်တွင် ထိပ်ဆုံးမှ ‘အလုပ်ဖြစ်’နေသည့် လူသုံးကုန်နှင့်စားသောက်ကုန် လုပ်ငန်းလေးခုမှာ သုံးနှစ်အတွင်း ရောင်းအား ၂၀ ရာခိုင် နှုန်းစီတိုးတက်ခဲ့သည့် Trent နှင့် Titan ပြီး Tata Global Beverages နှင့် Voltas တို့ ဖြစ်ကြသည်။ ရင်းနှီးမြှုပ်နှံမှု အမြောက်အမြားပြုလုပ်မည့် စာရင်းတွင် JLR (Jaguar Land Rover) သုတေသနနှင့် ဖွံ့ဖြိုးရေးအတွက် စတာလင်ပေါင်တစ်ဆယ်ဘီလီယံနှင့် တန်ကြေးထက်ဈေးပိုများသည်ဟု လုပ်ငန်းတူများကယူဆသည့် Bhushan Steel ( ရူပီး ၃၅,၀၀၀ ခရို) ဝယ်ယူမှုတို့ဖြစ်သည်။ သုံးနှစ်အတွင်း ဈေးကွက်တန်ဖိုး ၆၅ ရာခိုင်နှုန်းကျဆင်းခဲ့သော Tata Motors ကလည်း လက်ရှိ ၂၀၂၀၊ ဖေဖော်ဝါရီအထိ ရူပီးငွေ ခရိုနှစ်သိန်း သုံးစွဲခဲ့ပြီး ဖြစ်သည်။ အလားတူ Tata Steel မှာ ဈေးကွက်တန်ဖိုး ၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ရူပီးငွေ ခရို ၁.၈ သိန်း သုံးစွဲခဲ့သည်။ Tata Power က ဈေးကွက် တန်ဖိုး ၃၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ရူပီးငွေခရို ခုနစ်သောင်း သုံးစွဲခဲ့သည်။

အုပ်စုကုမ္ပဏီများ၏ စုစုပေါင်းအသားတင် ကြွေးမြီမှာ ၂၀၁၉ ဘဏ္ဍာနှစ်အရ ရူပီးငွေ ခရို ၁.၇ သိန်း ရှိပြီး ထိုပမာဏမှာ စိုးရိမ်စရာလုံးဝမလိုအပ်သော ပမာဏ ဟု Tata Sons ၏ အရာရှိတစ်ဦးက ပြောခဲ့သည်။ Tata ကဲ့သို့ လုပ်ငန်းကြီးတစ်ခုအနေဖြင့် အက်ဆက်တန်ဖိုးတချို့လျော့ချခြင်းနှင့်ပတ်သက်ပြီး တရားဝင်ပြုလုပ်သင့် သည်ဟု ဝေဖန်သူများအား ”ပက်လက်ကုလားထိုင်မှာ သက်သောင့်သက်သာ ထိုင်ပြီး ဝေဖန်ရတာ လွယ်တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ကုမ္ပဏီအုပ်စုက လက်ဖက်ရည် ဆိုင်မဟုတ်ဘူးဆိုတာကိုတော့ ကျေးဇူးပြုပြီးနားလည် ကြပါ” ဟု Tata Sons ၏ အရာရှိဟောင်းတစ်ဦးက ပြန် လည်တုံ့ပြန်ခဲ့သည်။ Tata လုပ်ငန်းများအနေနှင့် အဆိုး ဝါးဆုံး စီးပွားရေးအကျပ်အတည်းများအတွင်း၌ပင် ငွေကြေးရှာဖွေနိုင်ခဲ့သည်ဟုလည်း ထိုသူက ပြောခဲ့သည်။

Cyrus Mistry က ‘ပြဿနာအကြီးဆုံး’ ဟု တရားလွန်သတ်မှတ်ခဲ့သော Telecoms ၊ Steel ၊ Automobiles နှင့် Power ကဲ့သို့ လုပ်ငန်းများသည်ပင် အရေးကြီးသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရန် ဆက်လက်တည်ရှိနေကြောင်း၊ TCS ၏ကံကြမ္မာပေါ် အကြီးအကျယ် အားထားနေရသည် မှာလည်း သိသာကြောင်း Tata ဝန်ထမ်းဟောင်း Mukund Rajan က ပြောခဲ့သည်။ လက်ရှိအချိန်မှာ ရှယ်ယာရှင် အုပ်စုအားလုံးထံမှ တစုတစည်းတည်း ရရှိနိုင်မည့် အ ကောင်းဆုံးစိတ်ကူးစိတ်သန်းများကို မျော်လင့်ရမည့် အချိန်ဖြစ်ကြောင်း၊ ထို့ပြင် ကော်ပိုရိတ်စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် ကိစ္စရပ်များကို နှိုင်းနှိုင်းချိန်ချိန် ဖြေရှင်း ဖို့လိုကြောင်းလည်း ယင်းက ပြောခဲ့သည်။

Tata Group ၏ အဓိကစံများ

လွန်ခဲ့သောနှစ် ၈၀ ကျော်၊ Jehangir Ratanji Dadabhoy Tata (JRD Tata) Chairman အဖြစ် တာဝန်ယူထားချိန် ၁၉၃၈ က စတင်ပြီး Tata မိသားစုအနေဖြင့် မိသားစုဝင်များအပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုမနေဘဲ စွမ်းဆောင်ရည်ရှိသော အမှုဆောင်များကိုကုမ္ပဏီအတွက် ဆုံးဖြတ်ချက်များချမှတ်သည့် လုပ်ငန်းစဉ်များနှင့် လက် တွေ့လုပ်ဆောင်မှုများတွင် ပါဝင်လာရန် ကြိုးပမ်းခဲ့ကြ သည်။ သို့သော် ရှယ်ယာအများဆုံးပိုင်ဆိုင်သည့် Tata Trusts ကသာ အင်အားကြီးမားနေဆဲပင်။ ၁၈၃၉ တွင် မွေးဖွားခဲ့သည့် Jamsetji Nusserwanji Tata သည် ဂူဂျာ ရတ်ပြည်နယ်တွင် အခြေစိုက်သည့်၊ ပါရှားမှရောက်လာခဲ့သော Zoroastrian Priests မျိုးရိုးနွယ်ဝင် Nusserwanji Tata ၏ တစ်ဦးတည်းသောသားဖြစ်သည်။ သူအင်္ဂလန်သို့ သွားရောက်လည်ပတ်ပြီးနောက် အထည်အလိပ်လုပ်ငန်း လုပ်ကိုင်လိုစိတ်ဖြစ်ခဲ့သည်။ အထည်အလိပ်လုပ်ငန်း နယ်ပယ်၌ ဗြိတိသျတို့လွှမ်းမိုးနေမှုကို တိုက်ဖျက်ရန် အိန္ဒိယကုမ္ပဏီများအတွက် ‘နေရာ’ ရှိသည်ဟု သူယူဆခဲ့သည်။ (Mistry မိသားစုသည်လည်း Zoroastrian များ ဖြစ်ကြသည်။)

Zoroastrian တို့၏ ထုံးတမ်းစဉ်လာ စံတန်ဖိုးများမှာ ဆိုင်ရာလူထုအတွက် ပိုမိုကောင်းမွန်သော ကုန် ပစ္စည်းထုတ်လုပ်ရန်နှင့် ဆိုင်ရာအသိုင်းအဝိုင်းနှင့် လိုက် လျောညီထွေဖြစ်စေမည့် စိတ်ကူးစိတ်သန်းများရရှိအောင် လုပ်ကိုင်ကြရန်ဖြစ်သည်။ ထိုအချက်များမှာ Jamsetji Tata ၏ စီးပွာရေးလုပ်ငန်းဆိုင်ရာ အဓိကစံသတ်မှတ် ချက်များ ဖြစ်ကြသည်။ Jamsetji Tata ၏ ပရဟိတဆိုင်ရာ ကိုယ်ပိုင်မူမှာ အိန္ဒိယနိုင်ငံအနေဖြင့် ဆင်းရဲတွင်းမှ လွတ်မြောက်ရန်အတွက် ဆိုသည့် ‘ယုံကြည်မှု’ အပေါ် စွဲမြဲထားသည်။ သူ ၁၈၉၂ တွင် တည်ထောင်ခဲ့သည့် JN Tata Endowment သည် အင်ဒီးယန်းကျောင်းသူကျောင်းသားများကို ယနေ့ထက်တိုင် ပံ့ပိုးပေးလျက်ရှိသည်။

သူ၏ သားနှစ်ယောက်ဖြစ်သူ Dorabji Tata နှင့် Ratanji Tata တို့ကလည်း မိသားစုလုပ်ငန်းကို ချဲ့ထွင်လျက်ကပင် ဆိုခဲ့ပါ ထုံးတမ်းစဉ်လာကို ဆက်လက်လုပ်ဆောင် ခဲ့ကြသည်။ ကုမ္ပဏီအုပ်စုကို ပိုမိုတိုးချဲ့နိုင်ခဲ့သူမှာ လေးယောက်မြောက် Chairman JRD Tata ဖြစ်သည်။ ၁၉၉၁ ခုနှစ်၊ အိန္ဒိယတွင် စီးပွားရေးလွတ်လပ်ခွင့်ပေးချိန် စပ်ကူးမပ်ကူးကာလ၌ JRD Tata ၏ တူ Ratan Tata က နိုင်ငံပြင်ပအထိ လုပ်ငန်းဖြန့်ကြက်ခဲ့သည့်အပြင် နိုင်ငံရပ်ခြားလုပ်ငန်းဝယ်ယူမှုများကိုပါ လုပ်ဆောင်ခဲ့သည်။ စီးပွားရေးကမ္ဘာ၏ အာရုံစူးစိုက်မှုရရှိစေခဲ့သည့် သဘောတူညီချက်များမှာ ဥရောပရှိလုပ်ငန်းတူ Corus Group ကို ၂၀၀၇ ခုနှစ်တွင် Tata Steel က ဝယ်ယူခဲ့ခြင်းနှင့် ဗြိတိသျကားကုမ္ပဏီ Jaguar Land Rover ကို ၂၀၀၈ ခုနှစ်တွင် Tata Motors က ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

မူလလမ်းကြောင်းမှန်ဆီသို့ …

Mistry ကို ရာထူးမှဖယ်ရှားရခြင်းမှာ ဒါရိုက်တာအဖွဲ့တွင် ဆောင်ရွက်မှုထက် ရှေ့ထွက်လုပ်ငန်းဆောင်ရွက်မှု အ တွေ့အကြုံနည်းပါးသော Mistry ၏ Chairman လုပ်သက် တစ်လျောက်တွင် ‘ကုမ္ပဏီအုပ်စု၏ ဓလေ့ထုံးတမ်းနှင့် အစဉ်အလာများမှ အကြိမ်ကြိမ်သွေဖည်ခဲ့သည်’ ဟု သတ် မှတ်သဖြင့်ဖြစ်ကြောင်း ကုမ္ပဏီအုပ်စု၏ ၂၀၁၆ ခု၊ အောက် တိုဘာလ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။Ratan Tata ယာယီချယ်ယာမင်အဖြစ် ပြန်လည်တာဝန်ယူခိုက်တွင် လွန်ခဲ့သည့် လေးနှစ်အတွင်း မလုပ်ခဲ့သည့် ဆုံးဖြတ် ချက်များကို ချမှတ်ခဲ့သည်ဟု ပြောကြားခဲ့ပြီး နောင်တွင် လည်း ”ဦးဆောင်သူအသစ်က ပြဿနာများကို ဖြေရှင်းရာတွင် လက်တွေ့ဆောင်ရွက်မှုကို ပိုမိုရှေးရှုမည်” ဟု Nikkei Asian Review နှင့် ၂၀၁၇ က တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

Chandra အနေဖြင့် Ratan Tata ဆိုလိုသည့် ပွင့်လင်းမြင်သာမှုနှင့် ကောင်းမွန်သောစီမံအုပ်ချုပ်မှုဟူသော ”Tata နည်းလမ်း” ကို လက်ကိုင်ပြုရင်း လူ့ကျင့်ဝတ်နှင့်ကိုက်ညီစွာ ကုမ္ပဏီတိုးတက်ဖွံ့ဖြိုးစေရမည် ဖြစ်သည်။ Tata Group ၏ ဝင်ငွေမှာ ၂၀၁၄ တွင် အမေရိကန်ဒေါ်လာ ၁၀၃.၂၇ ဘီလီယံ၊ ၂၀၁၅ တွင် အမေရိကန်ဒေါ်လာ ၁၀၈.၇၈ ဘီလီယံ၊ တစ်ဖန် ၂၀၁၇ တွင် အမေရိကန် ဒေါ်လာ တစ်ရာဘီလီယံ စသဖြင့် မတည်ငြိမ်ပေ။ ကြွေးမြီမှာလည်း တောင်လိုပုံလျက်ရှိနေသည်။ ထို့ကြောင့် ကုမ္ပဏီအချင်းချင်း အပြန်အလှန် ရှယ်ယာပိုင်ဆိုင်ထားသည့်ဖွဲ့စည်းပုံကို ရှင်းလင်းရန် အမြန်လိုအပ်ခဲ့သည်။ တစ်ချိန်တည်းတွင် Tata Sons သည် ယင်း၏ပိုင်ဆိုင်မှုကို တင်းကျပ်ရန် အတွက် ပုဂ္ဂလိကပိုင်ကုမ္ပဏီ ဖြစ်လာခဲ့သည်။ အကြောင်း မှာ Mistry မိသားစုအနေဖြင့် ယင်းတို့ပိုင်ဆိုင်သောရှယ်ယာကို ‘အပြင်လူ’ထံ ရောင်းချခြင်းမှ ကာကွယ်ရန်ဖြစ် သည်။ တခြားအကြောင်းအရင်းအနေဖြင့် Tata မိသားစုတွင် အကျော်ကြားဆုံးဖြစ်သည့် Ratan Tata က သူ၏ ရှည်ကြာသော အလုပ်အကိုင်သက်တမ်းကို ဆွဲဆန့်ခြင်း ဖြစ်နိုင်သည်ဟုလည်း ရှုမြင်ကြသည်။

အနာဂတ်အတွက်မူ Tata မိသားစု၏ မျိုးဆက်သစ်များအနေဖြင့် ‘Tata အမည်ပါရှိရုံမျဖြင့် မလုံလောက်ဘဲ” သူတို့၏ စွမ်းဆောင်ရည်ကို ကိုယ်တိုင်သက်သေပြနိုင်မှသာ ထိပ်ဆုံးရာထူးအတွက် ထိုက်တန်မည်ဟု သူပြောခဲ့သည်။ Tata အတွက် သူ့စိတ်ကူးအမြင်ကိုလည်း ပြောခဲ့သေးသည်။ ”နောက်ဆုံးအနေနဲ့မြင်ချင်တာက ကမ္ဘာပေါ် က သူ့မြေသူ့ရေမှာရှိနေတဲ့ လုပ်ငန်းပေါင်းစုံအင်ဒီးယန်း ကုမ္ပဏီတစ်ခုစစ်စစ်အဖြစ်ပါပဲ။ အခုကနေနောင်နှစ် တစ်ရာမှာ Tata လုပ်ငန်းတွေဟာ အခုလက်ရှိထက်ကြီးမားတဲ့ လုပ်ငန်းတွေဖြစ်နေဖို့ ကျွန်တော်မျော်လင့်တယ်။ ပိုပြီးအရေးကြီးတာက အိန္ဒိယမှာအကောင်းဆုံးကုမ္ပဏီ (လုပ်ငန်းဆောင်ရွက်ရာမှာ အကောင်းဆုံးပြုမူမှု အကောင်းဆုံးထုတ်ကုန်တွေထုတ်လုပ်မှု ကျွန်တော်တို့ရဲ့ အကောင်း ဆုံးစံထားစနစ်နဲ့ အကောင်းဆုံးကျင့်ဝတ်တွေကို ကျင့်သုံးမှု) အဖြစ်သတ်မှတ်ခံရဖို့ပါပဲ”

Ref : The Economist, Wikipedia, Internet

ခင်ပပလင်း