Social Media သုံးတာကြောင့် ကိုယ့် Professional Life ကို မထိခိုက်စေချင်ရင် လိုက်နာသင့်တာတွေ . . .

ဒီနေ့ခေတ်မှာ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေရဲ့ ၇၁ ရာခိုင်နှုန်းလောက်က Social Media ကို နေ့စဉ်အသုံးပြုနေကြပါပြီ။ ဒီကိန်းဂဏန်းတွေထက်ပိုပြီး တုန်လှုပ်ဖို့ကောင်းတာက အမေရိကန်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာ ဝန်ထမ်းတွေရဲ့ သုံးပုံတစ်ပုံလောက်က အလုပ်ချိန်အတွင်းမှာ အနည်းဆုံးတစ်နာရီလောက် Social Media ကို အသုံးပြုနေကြတယ်လို့ ထုတ်ပြန်ထားတာပါ။ ဒီသုတေသနမှာပဲ ဝန်ထမ်းတွေရဲ့ လေးပုံတစ်ပုံလောက်ဟာ လုပ်ငန်းရှင်က လုပ်ငန်းခွင်မှာ Social Media အသုံးပြုခွင့်ကို ပိတ်ပင်လိုက်ရင် အလုပ်မလုပ်ဘဲနေကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

လုပ်ငန်းရှင်တော်တော်များများဟာ ဝန်ထမ်းတွေ Social Media သုံးတာကြောင့် သူတို့ရဲ့အလုပ်လုပ်နိုင်စွမ်းတွေ ကျဆင်းသွားမှာကို စိုးရိမ်ကြပေမယ့် တစ်ဖက်ကနေလည်း Social Media သုံးတာကြောင့် ရလာတဲ့ စီးပွားရေးအခွင့်အလမ်းတွေကို လက်မလွှတ်နိုင်ကြဘဲ ဖြစ်နေကြပါတယ်။ လုပ်ငန်း တော်တော်များများဟာ အခုအခါမှာ လုပ်ငန်းခွင်မှာ လိုက်နာရမယ့် Social Media အသုံးပြုမှုဆိုင်ရာ မူဝါဒ တွေကို ချမှတ်ထားကြပါတယ်။ Social Media သုံးတာကြောင့် Professional Life ကို မထိခိုက်စေဖို့ ကုမ္ပဏီတော်တော်များများက သတ်မှတ်ထားတဲ့ Social Media ဆိုင်ရာကျင့်ဝတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ကုမ္ပဏီရဲ့ အလေ့အထ၊ မူဝါဒနဲ့ ယဉ်ကျေးမှုကို နားလည်ပါ။
ဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းခွင်တစ်ခုကိုဝင်တဲ့အခါမှာ အရင်ဆုံးအဲဒီအလုပ်ရဲ့ Social Media သုံးတာနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို လေ့လာထားသင့်ပါတယ်။ ကုမ္ပဏီက ခွင့်မပြုတဲ့ အကြောင်းအရာ တစ်ခုခုကို Social Media ပေါ်တင်လိုက်တာဟာ လုပ်ငန်းအတွက်ရော ကိုယ့်အတွက်ပါမကောင်းသလို မသိလို့လုပ်လိုက်မိတာဆိုပြီး ရှောင်လွှဲလို့လည်း မရပါဘူး။ အလုပ်ရှင်တွေအနေနဲ့လည်း အသစ်ဝင်လာတဲ့ ဝန်ထမ်းတိုင်းကို Social Media အသုံးပြုရာမှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ကြိုတင်ပြောပြ ထားသင့်ပါတယ်။ နိုင်ငံတကာ ကုမ္ပဏီတချို့ကတော့ ဝန်ထမ်းတွေ Social Media ပေါ်ရေးတင်တာတွေနဲ့ ပတ်သက်ပြီး ပုံမှန်စောင့်ကြည့်နေလေ့ရှိပါတယ်။

Social Media အသုံးပြုမှုနဲ့ပတ်သက်ပြီး ကုမ္ပဏီတစ်ခုချင်းစီရဲ့ စည်းမျဉ်းစည်းကမ်းတွေက မတူကြပေမယ့် ယေဘုယျအနေနဲ့တော့ လုပ်ငန်းခွင်၊ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တစ်ယောက်အကြောင်း အတင်းပြောတာမျိုးကို Social Media ပေါ်ရေးတင်တာမျိုးကိုတော့ လုပ်ငန်းတိုင်းက ပြင်းပြင်းထန်ထန်ကန့်ကွက်ထားကြပါတယ်။
အကြောင်းအရာတစ်ခုခုကို Social Media ပေါ် ရေးမတင်ခင် ပြန်စဉ်းစားပါ။

ကိုယ့်ရဲ့ Social Media Account ကို Personal Account နဲ့ Professional Account ဆိုပြီး သတ်သတ်စီခွဲသုံးနေပေမယ့် ကိုယ်မသိလိုက်ဘဲ Personal Account ထဲမှာ အလုပ်ထဲကလူတစ်ယောက်ယောက်ရှိနေနိုင်သလို ကိုယ့် Account ကို မအပ်ထားဘဲ Follow ပဲလုပ်ထားတဲ့လူတွေလည်း ရှိနေနိုင်ပါတယ်။ Social Media ပေါ်မှာအမှုမဲ့၊ အမှတ်မဲ့တစ်ခုခု ရေးမိလိုက်တာဟာ တစ်ချိန်ချိန်မှာ ဘဝအတွက် အရေးကြီးတဲ့ အပြောင်းအလဲတစ်ခုကိုတောင် လာထိခိုက်စေနိုင်တဲ့အတွက် Social Media မှာ အကြောင်းအရာတစ်ခုခုကို Post မတင်ခင်၊ ဒါမှမဟုတ် Comment ၊ Like မပေးခင်မှာ ပြန်စဉ်းစားကြစေချင်ပါတယ်။

အမေရိကန်နိုင်ငံက လူငယ်အများစုကို ပြုလုပ်ခဲ့တဲ့ Intel အစီရင်ခံစာမှာ လူငယ်ဆယ်ယောက်မှာကိုးယောက်က Social Media မှာ သူတို့အကြောင်းကို တအားကြီးတင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ Social Media မှာ ကိုယ့်အကြောင်း အများကြီးရေးတင်ထားတာကြောင့် မမျော်လင့်ထားတဲ့ ကိစ္စရပ်တွေဖြစ်လာနိုင်ခြေ ပိုများတယ်လို့ သုံးသပ်ထားတာတွေကိုလည်း တွေ့ရပါတယ်။

အထူးသဖြင့် Social Media ပေါ်မှာ ကိုယ့်ရဲ့ကျန်းမာရေးဆိုင်ရာအခြေအနေတွေ၊ ဆေးကုသမှုခံယူ နေရတဲ့အကြောင်းတွေ၊ ခန္ဓာကိုယ်ကိုလှစ်ဟပြနေတဲ့ Post မျိုးတွေ၊ ညစ်ညမ်းဟာသတွေနဲ့ နိုင်ငံရေးဆိုင်ရာအ ကြောင်းအရာတွေကို မတင်သင့်ပါဘူး။

ကိုယ်တစ်ဦးတည်းသာ သိရမယ့်အကြောင်းအရာတွေ Social Media ပေါ် မတင်ပါနဲ့။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်က ကိုယ့်ကိုပုဂ္ဂိုလ်ရေးအရ ကိုယ်တစ်ယောက်တည်းကိုပဲ သိစေချင်လို့ပြောလာတဲ့ အကြောင်းအရာမျိုးတွေကို သူ့ရဲ့ခွင့်ပြုချက်မပါဘဲ Social Media ပေါ်တင်တာမျိုး မပြုလုပ်သင့်ပါဘူး။ ဒါဟာ သူ့ရဲ့ဂုဏ်သိက္ခာကိုတင်မကဘဲ ကိုယ့်ရဲ့ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေနိုင်ပါတယ်။