Seminar ၊ Conference တွေ တက်ရောက်တဲ့အခါ လိုက်နာသင့်တဲ့ Etiquette များ

အရေးပါတဲ့အခမ်းအနားတစ်ခုကို တက်ရောက်ခြင်းဆိုတဲ့ အနုပညာတစ်ခုရှိပါတယ်။ အချိန်သင့်တိုင်းအခမ်းအနားတွေ တက်ရောက်ခြင်းရဲ့ကျင့်ဝတ်ထုံးတမ်းတွေအကြောင်း အမြဲလိုလိုမေးခွန်းတွေရှိတတ်ကြပါတယ်။ ပွဲတစ်ပွဲကိုတက်ရောက်တယ်ဆိုတာ အခကြေးငွေပေးရုံ၊ လူလုံးပြရုံနဲ့လုံလောက်တယ်လို့ ယူဆပါသလား။ ပြန်လည်ဆန်းစစ်ကြည့်ပါ။

ကိုယ်ဟာအခမ်းအနားတွေ တက်ရောက်ရာမှာ အတွေ့အကြုံရှိသူတစ်ယောက်လား၊ ဒါမှမဟုတ် အခုမှစတင်တက်ရောက်မယ့်သူလား။ ကိုယ့်ရဲ့ငွေကြေး၊ အချိန်နဲ့ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကိုယ်ပိုင်အရင်းအနှီးတွေအသုံးပြုရမယ့် ပွဲတစ်ပွဲကိုတက်ရောက်မယ်ဆိုမှတော့ အတွေ့အကြုံကောင်းတွေရှာဖွေဖို့ လိုတာပေါ့။

အခမ်းအနားမတက်မီ

၁။ ကိုယ့်ရဲ့အချိန်ဇယားကို ကြိုတင်ပြင်ဆင်ထားပါ။

ပွဲတစ်ပွဲကို တက်ရောက်ဖို့အတွက် အချိန်ယူပြီးကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ ပွဲမတိုင်မီသက်ဆိုင်တဲ့ အချက်အလက်တွေအားလုံးကို ကြိုပြီးလေ့လာဖတ်ရှုထားပါ။ ဆွေးနွေးပွဲမတိုင်မီ ရက်သုံးဆယ်အတွင်း ကြီးမှူးကျင်းပတဲ့အဖွဲ့အစည်းကဆွေးနွေးပွဲနဲ့သက်ဆိုင်တဲ့ ထုတ်ပြန်ချက်အသစ်တွေကို ဝက်ဘ်ဆိုက်ကဖြစ်စေ၊ အီးမေးလ်ကဖြစ်စေ ပြန်လည်စစ်ဆေးကြည့်ဖို့လည်း လိုပါတယ်။ ဒါအပြင် ကိုယ်တကယ်တက်ရောက်လိုတဲ့ ပွဲမျိုးတွေကို မှတ်သားထားပါ။ အခမ်းအနားကျင်းပမယ့် တည်နေရာ၊ ရာသီဥတုနဲ့လိုက်ဖက်မယ့် အဝတ်အစားအတွက် ကြိုတင်ပြင်ဆင်မှုကို စတင်လိုက်ပါ။ တချို့အခမ်းအနားတွေအတွက် လိုက်ဖက်တဲ့အဝတ်အစားကို ရွေးချယ်ပြီး အလေးထားမှုပြသဖို့လိုပါတယ်။

၂။ အခမ်းအနားအတွက် လိုအပ်တဲ့အရာအားလုံးကို ပြင်ဆင်ထားပါ။

အခမ်းအနားပွဲတွေကို တက်ရောက်တဲ့အခါမှာ လူတွေဟာအတွေးအခေါ် အိုင်ဒီယာအသစ်တွေ၊ တက်ရောက်လာကြသူတွေနဲ့ ကုမ္ပဏီနာမည်လိပ်စာတွေကို ရယူမှတ်သားကြပြီး သူတို့ရဲ့ထုတ်ကုန်နဲ့ ဝန်ဆောင်မှုမြှင့်တင်ရေးကိုလည်း ပြုလုပ်ကြပါတယ်။ အခမ်းအနားပွဲတစ်ခုကို တက်ရောက်တဲ့အခါ အရေးကြီးဆုံးအချက်က လိပ်စာကတ်တွေအလုံ အလောက်ယူဆောင်လာဖို့ပါ။ ဒါကြောင့် အခမ်းအနားပွဲတစ်ခုကို တက်ရောက်တဲ့အခါမှာ ကိုယ့်ရဲ့လုပ်ငန်းလိပ်စာကတ်တွေနဲ့ အချက်အလက်တွေ အပြည့်အစုံပါလာဖို့ လိုပါတယ်။ ဖြစ်နိုင်ရင် ကိုယ်နဲ့မိတ်ဖွဲ့တဲ့သူကို
စိတ်မပျက်စေဖို့ ပုံမှန်မှန်းဆထားတဲ့ အရေအတွက်ထက်နှစ်ဆသုံးဆလောက် ယူဆောင်လာဖို့လိုပါတယ်။ အခမ်းအနားတစ်ခုကို တက်ရောက်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေကို တစ်ပတ်အလိုကတည်းက ပြုလုပ်ထားသင့်ပြီး ကိုယ်တက်မယ့်ပွဲအတွက် လိုအပ်မယ့်ပစ္စည်းအမျိုးအစားတွေကိုလည်း စာရင်းပြုစုထားသင့်ပါတယ်။ ဒါအပြင် အခမ်းအနားပွဲတွေအတွက် သင့်တင့်လျောက်ပတ်တဲ့ ပွဲထိုင်အဝတ်အစားကအစ ပွဲနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေအပေါ်မှာ အလေးအနက်ထားပါ။

အဝတ်အစားအတွက် အချိန်ယူပြင်ဆင်ပါ။
အခမ်းအနားပွဲအများစုက ကိုယ်တက်ရောက်ရမယ့် တည်နေရာနဲ့ရာသီဥတုအခြေအနေကို အသိပေးတတ်ပါတယ်။ကိုယ်တက်ရောက်ရမယ့် ပွဲအခြေအနေကိုလည်း အလေးအနက်ထားပါ။ မြို့ပြဟိုတယ်ကြီးတွေမှာလုပ်တဲ့ပွဲလား၊ အပန်းဖြေဂေါက်ကွင်းတွေမှာ လုပ်တဲ့ပွဲလား၊ ဒါမှမဟုတ် သီးခြားအပန်းဖြေကလပ်တွေမှာလုပ်တဲ့ ပွဲမျိုးလားခွဲခြားဖို့လိုပါတယ်။ ဒီလို နေရာအလိုက်ပွဲအမျိုးအစားပေါ်မူတည်ပြီး ဝတ်စားဆင်ယင်မှုဓလေ့တွေ ကွဲပြားကြပါတယ်။

သတင်းအချက်အလက် ကမ်းလှမ်းမှုအားလုံးကို တုံ့ပြန်ပါ။ အခမ်းအနားတစ်ခုကိုတက်ရောက်ဖို့ စာရင်းပေးလိုက်တဲ့ အချိန်ကစတင်ပြီး အခမ်းအနားကျင်းပသူတွေရဲ့ သတင်းအချက်အလက် ကမ်းလှမ်းဆက်သွယ်ချက်တွေကို နှောင့်နှေးမှုမရှိဘဲ တုံ့ပြန်ဖြေကြားဖို့လိုအပ်ပါတယ်။အခမ်းအနားကျင်းပသူတွေက တက်ရောက်မယ့်သူရဲ့ သတင်းအချက်အလက် လိုအပ်ချက်အတွက်တောင်းခံမှုအားလုံးကို တာဝန်သိသိနဲ့ အပြည့်အစုံဖြည့်စွက်ပေးပို့ရမှာပါ။

အခမ်းအနားမှာ

၁။ အခမ်းအနားကို ကြိုရောက်အောင်သွားပါ။

အခမ်းအနားကို စောစောသွားတာအကောင်းဆုံးပါပဲ။ အခမ်းအနားအတွက်လိုအပ်တဲ့ပစ္စည်းတွေယူပြီး ကိုယ့်အခန်းမှာ သက်သောင့်သက်သာအနားယူကာ ဆွေးနွေးစရာတွေကို ကြိုလေ့လာပါ။ အခမ်းအနားအတွက် ညတစ်ညလောက်အချိန်ပိုဖြုန်းလိုက်ရတာကို တွက်ရမယ့်အချိန်အခါတော့ မဟုတ်ပါဘူး။

လေကြောင်းလိုင်းအချိန်ဇယားတွေကလည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာတတ်တဲ့အတွက် နာရီပိုင်းစောပြီး၊ ဒါမှမဟုတ် တစ်ရက်လောက်ကြိုတင်ပြီး အခမ်းအနားတည်နေရာကို သွားရောက်နိုင်ရင် ပိုကောင်းပါတယ်။ ကိုယ်ပွဲတက်ရောက်ရမယ့်နေ့တွေမတိုင်မီ ပိုနေတဲ့အချိန်တွေကို အကျိုးရှိရှိအသုံးချပါ။ကိုယ်တည်းခိုနေတဲ့ ဟိုတယ်ပတ်ဝန်းကျင်၊ အခန်းဖွဲ့စည်းပုံတွေနဲ့ ရင်းနှီးမှုရှိနေဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကိုယ် တက်ရောက်တဲ့ အခမ်းအနားမှာ တစ်နေရာကတစ်နေရာ သွားလာဖို့လိုလာရင် အဆင်ပြေပါလိမ့်မယ်။ နောက်ပြီး တစ်နေရာကတစ်နေရာကို လမ်းလျောက်သွားလာတဲ့အခါမှာ အချိန်ဘယ်လောက်ကြာမလဲဆိုတာကိုလည်း မှတ်သားထားသင့်ပါတယ်။ ဒါဆိုရင်တော့ တစ်နေရာကတစ်နေရာကိုသွားလာလို့ အချိန်နောက်ကျတဲ့ အဖြစ်မျိုးကိုရှောင်ရှားနိုင်မှာပါ။

၂။ ကိုယ့်ရဲ့နာမည်တံဆိပ်ကို အချိန်ပြည့်တပ်ဆင်ထားပါ။

အခမ်းအနားကြီးတွေကို တက်ရောက်တဲ့အခါ ကိုယ်ပိုင်နာမည်တံဆိပ်ကို ညာဘက်ရင်ဘတ်ပေါ်မှာ အမြဲဝတ်ဆင်ထားသင့်ပါတယ်။ အကြောင်းကတော့ ဒီတံဆိပ်က လူမှုဆက်ဆံရေးနယ်ပယ်မှာ အောင်မြင်မှုရရှိစေလို့ပါပဲ။ လည်ပင်းမှာ ကြိုးနဲ့ဆွဲရတဲ့နာမည်ကတ်မျိုးကို မဝတ်ဆင်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လည်ဆွဲကတ်တွေက အလွယ်တကူမြင်နိုင်ဖို့ ခက်ခဲလို့ပါ။ နောက်ပြီး နာမည်ကတ်က ရင်ဘတ်ရဲ့အောက်ပိုင်းတစ်ဝက်လောက်အထိ ကျနေတာမျိုးလည်း ရှောင်ပါ။ ခုံမှာထိုင်လိုက်တဲ့အခါမှာ လည်ဆွဲကတ်ကလုံးဝမျက်ကွယ်ဖြစ်သွားစေပါတယ်။

၃။ အခမ်းအနားအစီအစဉ်အားလုံးမှာ အချိန်တိကျပါ။

အခမ်းအနားရဲ့ အစီအစဉ်အားလုံးမှာ အချိန်ကိုလေးစားသမှုရှိဖို့လိုပါတယ်။ ဘယ်အစီအစဉ်မှာမှ နောက်မကျပါစေနဲ့။ တစ်စုံတစ်ယောက်နဲ့ စကားပြောချင်တယ်ဆိုရင် အခန်းနံပါတ်၊ ဒါမှမဟုတ် ဖုန်းနံပါတ်တို့၊ လိပ်စာတို့ယူထားလိုက်ပါ။ ဘယ်အစီအစဉ်တင်ဆက်သူ၊ ပွဲကျင်းပသူကမှ ပွဲအစီအစဉ်ကို ဥပေက္ခာပြုတာ၊ မလိုလားတဲ့ အနှောင့်အယှက်အဟန့်အတားဖြစ်စေတာမျိုးကို သဘောကျမှာမဟုတ်ပါဘူး။

၄။ လူတိုင်းကို ကောင်းတဲ့အကြည့်၊ အပြုံးမျက်နှာနဲ့လက်ဆွဲနှုတ်ဆက်ပါ။

တချို့အခမ်းအနားပွဲတွေတက်ရောက်နေကြတဲ့ အမျိုးသား၊ အမျိုးသမီး ဂုဏ်သရေရှိလူကြီးမင်းတွေဟာ လက်ဆွဲနှုတ်ဆက်တာတောင် ကောင်းကောင်းမလုပ်တတ်ကြတာကို အံ့အားသင့်စရာတွေ့ရပါတယ်။ မျက်လုံးရဲ့အကြည့်နဲ့လည်း အာရုံမစိုက်တတ်ကြသလို၊ တချို့ဆိုလက်ဆွဲ နှုတ်ဆက်တဲ့အခါ ပြုံးတောင်မပြုံးကြတော့ပါဘူး။ ဒါကြောင့် လက်ဆွဲနှုတ်ဆက်တဲ့အခါ အာရုံစိုက်ဖို့၊ ကောင်းတဲ့အကြည့်ဖြစ်စေဖို့နဲ့ ပြုံးပြဖို့မမေ့ပါနဲ့။

၅။ ကိုယ်ရရှိထားတဲ့ လိပ်စာတွေကို စုစည်းဖို့အစီအစဉ်ထားရှိပါ။

တစ်နေ့တာရဲ့အဆုံးမှာ ကိုယ်တွေ့ဆုံခဲ့သူတိုင်းရဲ့အကြောင်းကို မှတ်သားထားဖို့ အချိန်ယူပါ။ အဖွဲ့အစည်းနဲ့ လိပ်စာကတ်တွေက အခမ်းအနားပြီးဆုံးသွားပြီးနောက် ပြန်လည်တွေ့ဆုံဆက်သွယ်ဖို့အတွက် လွယ်ကူစေပါတယ်။

၆။ မိန့်ခွန်းပြောကြားမှုတွေ၊ ကြေညာချက်တွေပြုလုပ်နေတဲ့ အချိန်မှာ စကားမပြောပါနဲ့။

အခမ်းအနားတွေမှာ တစ်စုံတစ်ခုကြေညာနေချိန်၊ ဒါမှမဟုတ် မိန့်ခွန်းပြောနေတဲ့အချိန်မျိုးမှာ ပွဲတက်ရောက်တဲ့ သူအချင်းချင်း စကားပြောနေကြတဲ့ကိစ္စက အမြဲတမ်းပြဿနာပါ။ အခမ်းအနားမှာ မိန့်ခွန်းပြောတဲ့သူက ကြားနိုင်သည်ဖြစ်စေ၊ မကြားနိုင်သည်ဖြစ်စေ၊ ပျင်းစရာကောင်းသည်ဖြစ်စေ စကားမပြောသင့်ပါဘူး။ ဒါဟာ မိန့်ခွန်းပြောနေတဲ့သူကို အနှောင့်အယှက်ဖြစ်စေပါတယ်။ တစ်စုံတစ်ရာကို ကြေညာသည်ဖြစ်စေ၊ မိန့်ခွန်းပြောသည်ဖြစ်စေ နိုင်ငံခြားဘာသာနဲ့ဖြစ်နေလို့ နားမလည်ရင်တောင်မှ စကားပြောမနေသင့်ပါဘူး။ တစ်စုံတစ်ယောက်ကို မဖြစ်မနေစကားပြောဖို့လိုပြီဆိုရင်လည်း အခန်းပြင်ထွက်လိုက်ပါ။ ဖုန်းလာရင်လည်း အခန်းပြင်ထွက်ပြောပါ။ ကိုယ့်ဘေးကလူစကားပြောနေတာတွေ့ရင်လည်း အသံမထွက်ဖို့ ယဉ်ယဉ်ကျေးကျေး သတိပေးပါ။ ကိုယ်ကိုယ်တိုင်က ပြောသူဆိုရင်လည်းရပ်လိုက်ပါ။ လူတိုင်းကို အခွင့်အရေး
ပေးဖို့လိုပါတယ်။

၇။ အခမ်းအနားမှာ နိုးနိုးကြားကြားရှိပါ။

တစ်ရက်ထက်ပိုတဲ့ အခမ်းအနားမျိုးတွေကို တက်ရောက်ရတဲ့အခါ ပင်ပန်းတတ်ပါတယ်။ အိပ်ငိုက်တာကို ဟန့်တားဖို့အတွက် အစားလျော့စားပါ။ ပုံမှန်ထက် ရေပိုသောက်ပါ။အရက်သောက်တတ်ရင် အနည်းဆုံးအတိုင်းအတာထိ လျော့သောက်ပါ။ အချိန်ရတိုင်း လမ်းလျောက်ပါ။ ခပ်ပွပွနဲ့ သက်သောင့်သက်သာဖြစ်စေတဲ့ အဝတ်အစားနဲ့ ဖိနပ်မျိုးကို ဝတ်ဆင်ပါ။ အရေးကြီးဆုံးက အချိန်တိုင်းကိုယ့်ရဲ့ ကိုယ်အမူအရာကို ဟန်မပျက်ထားနိုင်ဖို့ပါ။ ထိုင်ခုံမှာ ပုံပျက်ပန်းပျက်မဖြစ်ပါစေနဲ့။ တိတ်တိတ်ဆိတ်ဆိတ်နေပြီး ကိုယ်တွင်းအောက်ဆီဂျင်လည်ပတ်မှုကောင်းဖို့ အသက် ၀၀ရှူပါ။ ကောင်းမွန်တဲ့အိပ်စက်အနားယူမှုပြုလုပ်ထားပါ။ ၁၅ မိနစ်လောက် ခေတ္တငိုက်မြည်းလို့ရနိုင်မယ်ဆိုရင်တော့ ထူးထူးခြားခြား နိုးကြားစေနိုင်မှာပါ။

၈။ စောဒကတက်ငြင်းခုံမှုတွေမလုပ်ပါနဲ့။

ဘယ်သူမှ အခမ်းအနားပွဲစီစဉ်မှုလိုအပ်ချက်အပေါ် စောဒတက်ဝေဖန်မှုတွေကို နားမထောင်ချင်ကြပါဘူး။ တစ်စုံတစ်ရာအသိပေးဖို့လိုတဲ့အထိ အခြေအနေဆိုးနေခဲ့မယ်ဆိုရင်လည်း တည်ငြိမ်မှုရှိပါ။ အခြေအနေကို ပုံမှန်အသံနေအသံထားနဲ့ ရှင်းပြပါ။ လက်ခံနိုင်လောက်တဲ့ စီစဉ်ဖြေရှင်း ပေးမှုကို တောင်းခံပါ။ ပြီးရင် ဘယ်လိုစောဒကတက်စရာပဲရှိရှိ ကိုယ့်ကိုယ်ကိုယ်ထိန်းသိမ်းပါ။ အခမ်းအနားကြီးတွေ အများစုက စီစဉ်ကျင်းပမှုအစီအစဉ်နဲ့ လိုအပ်ချက်တွေအတွက် အကြံဉာဏ်တောင်းခံမှုတွေ ရှိတတ်ကြပါတယ်။ ဒါဟာ အစီအစဉ်လိုအပ်ချက်တွေအတွက် ဝေဖန်အကြံပြုဖို့ အကောင်းဆုံးအချိန်အခါဖြစ်ပါတယ်။ ဒါမှမဟုတ် အခမ်းအနားနဲ့ သက်ဆိုင်တဲ့ အီးမေးလ်ကတစ်ဆင့်ဖြစ်စေအခမ်းအနားစီစဉ်ကျင်းပသူကိုခေါ်ပြီး ကိုယ့်ရဲ့အမြင်ကိုပြောကြားအကြံပြုနိုင်ပါတယ်။

အခမ်းအနားပြီးတဲ့အခါ

ကိုယ်တွေ့ဆုံရတဲ့ လူတိုင်းနဲ့ ဆက်ဆံရေးကိုရှေ့ဆက်ပါ။
တစ်ချိန်ချိန်မှာ ဘယ်သူကကိုယ့်အတွက် အဖိုးတန်တဲ့မိတ်ဆွေဖြစ်လာမယ်၊ အရင်းနှီးဆုံးမိတ်ဆွေဖြစ်လာမယ်ဆိုတာ မသိနိုင်ပါဘူး။ ဒါကြောင့်အမှန်ကန်ဆုံးလုပ်ဆောင်ဖို့နဲ့ တွေ့ဆုံခဲ့တဲ့မိတ်ဆွေတွေနဲ့ ဆက်ဆံရေးကိုရှေ့ဆက်ထားရှိဖို့ ကျင့်ဝတ်ထုံးတမ်းဆိုင်ရာ အကောင်းဆုံးအကြံပေးချက်တွေကို လိုက်နာသင့်ပါတယ်။

မှတ်သားရန်
အခမ်းအနားတစ်ခုကို တက်ရောက်ဖို့ ပထမဦးဆုံးကြေညာတဲ့အခါ အမှန်တကယ်ထွက်ခွာရမယ့် အချိန်ထက်တစ်ရက်ကြိုထွက်ပြီး တစ်ရက်နောက်ကျပြီးမှပြန်မယ့်အကြောင်း လူတိုင်းကိုအသိပေးပါ။ ဒီလိုရေးဆွဲတဲ့ အချိန်ဇယားနှစ်ခုအတွက် အတွေ့အကြုံကောင်းတွေရရှိအောင်ရှာဖွေပါ။ အခမ်းအနားမစတင်သေးမီ အသေးစိတ်ပြင်ဆင်မှုတွေကို အပြီးသတ်ဆောင်ရွက်ပါ။ အခမ်းအနားပြီးဆုံးပြီဆိုရင်လည်း ကိုယ့်ခေါင်းထဲ ဆက်သွယ်ရမယ့်သူတွေကို အမှတ်ရနေသေးချိန်မှာ ရှေ့ဆက်ဆက်ဆံရေးအတွက် လုပ်ဆောင်မှုတွေကို ချက်ချင်းစတင်လိုက်ပါ။

နောက်ထပ်အကြံပေးချင်တာတစ်ခုက အခမ်းအနားပြီးဆုံးချိန်မှာ ချက်ချင်းမပြန်ဘဲ ဟိုတယ်မှာတစ်ညအချိန်ပိုယူပြီး သက်သောင့်သက်သာနဲ့ ရှေ့ဆက်လုပ်ဆောင်ရမယ့်အလုပ်ကို စတင်ပါ။ ဒါဟာအခမ်းအနားပြီးရင် တစ်ညအနားယူပြီးမှ ပြန်ပါလို့မဆိုလိုပါဘူး။ နောက်ပြီး ကိုယ့်လိုပဲ ပြန်တဲ့အချိန်ကို ရွှေ့ဆိုင်းထားတဲ့ အခမ်းအနားတက် ရောက်ဖော်တွေနဲ့ တွေ့ဆုံနိုင်ရေးစီစဉ်ဖို့ အကောင်းဆုံးအချိန်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါမှမဟုတ် ပိုနေတဲ့အချိန်ကိုပတ်ဝန်းကျင်လေ့လာရေးအတွက် အသုံးချနိုင်ပါတယ်။