Post-COVID-19 နှင့် အပြောင်းအလဲ

စတုတ္ထစက်မှုတော်လှန်ရေးကာလ နောက်ပိုင်းတွင် ဒစ်ဂျစ်တယ်နည်းပညာ၏လွှမ်းမိုးမှုကြောင့်ပြောင်းလဲမှုများနှင့် မရေရာသော၊ ခန့်မှန်း၍မရနိုင်သော၊ စိန်ခေါ်မှုများစွာ ကြုံတွေ့နေရစဉ်တွင် COVID-19 Pandemic ၏ အကျိုးဆက်ကိုမျက်ဝါးထင်ထင်ကြုံတွေ့ရပြီဖြစ်လေသည်။ ဤ Pandemic သည်မည်မျကြာမြင့်မည်ကို ယနေ့ချိန်ထိမခန့်မှန်းနိုင်သေးရာ အချိန် ကြာလာသည်နှင့်အမျ တစ်ကမ္ဘာလုံး၏ စီးပွားရေးအထူးထိခိုက်လာသဖြင့် နောက်ဆက်တွဲ အလုပ်အကိုင်တည်မြဲမှု၊ အလုပ်အကိုင်ရရှိမှု၊ လုပ်ငန်းများရပ်တည်နိုင်မှုစသည့် စိန်ခေါ်မှုများ ကြုံတွေ့လာရမည်ဖြစ်ပါသည်။ လက်ရှိတွင်ပင် ဝန်ဆောင်မှု၊ ငွေကြေးဆိုင်ရာ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာလုပ်ငန်းနယ်ပယ်တို့တွင် နေ့စဉ်နှင့်အမျှစိတ်ရှုပ်ထွေးဖွယ်ရာသတင်းများ ဖတ်ရှုနေရပါသည်။

သေချာရေရာမှုအရှိဆုံးကိစ္စရပ်မှာမသေချာမရေရာမှုပင်ဖြစ်သည် (Pliny The Elder)ဆိုသည့်အတိုင်း မသေချာမရေရာမှုများနှင့် ပြည့်နှက်နေသည့်ကာလတွင် ပြောင်းလဲမှု (CHANGES) လုပ်နိုင်ရန်လွန်စွာအရေးပါလှပါသည်။ မည်သူမျှ မခန့်မှန်းနိုင်သော Post-COVID-19 ကာလတွင် မိမိတို့၏ အတွေးအခေါ်၊ ခံယူချက်၊ ကျွမ်းကျင်မှုပညာရပ်၊ နည်းပညာ၊ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အနာဂတ်ရည်မှန်းချက်၊ လေ့လာသင်ယူမှုပုံစံ စသည်တို့ကို ပြောင်းလဲနိုင်မှသာ လူတစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ ရပ်တည်နိုင်မည်ဖြစ်ပါသည်။

ပြောင်းလဲမှုအတွက် မလိုလားအပ်သည့် ဝန်ထုပ်ဝန်ပိုးများလုပ်ထုံးလုပ်နည်းများ၊ လေ့လာချဉ်းကပ်ပုံ စသည့်အားလုံးကို သတ္တိရှိရှိရှာဖွေလေ့လာပြီး ဖယ်ရှားနိုင်ရန် အရေးကြီးလှသည်။ အပြောင်းအလဲကိုလျင်လျင်မြန်မြန်ပေါ့ပေါ့ပါးပါး ရင်ဆိုင်နိုင်ရန် အစွမ်းကုန်ပြင်ဆင်ထားရန် လိုအပ်ပါကြောင်း … ။

မောင်သာ