Online Class များမှာ ဆောင်ရန်၊ ရှောင်ရန် ၁၄ ချက်

အခုအချိန်က လူတိုင်း အွန်လိုင်းသင်ကြားရေး ပလက်ဖောင်းများကိုအသုံးပြုကာ ဘာသာရပ်အသစ်တွေ၊ မိမိတက်လက်စသင်တန်းကျောင်းတွေကို ပြန်လည်စတင်နေတဲ့ အချိန်ပါ။ ဒါကြောင့် ဒီအွန်လိုင်းသင်တန်းတွေတက်ရင် ဘာတွေကိုသတိထားရမယ်၊ ရှောင်ရမယ်၊ ဆောင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ထွက်ပေါ်လာပါတယ်။ အခုအောက်မှာဖော်ပြပေးမယ့် ၁၄ ချက်ကတော့ အွန် လိုင်းသင်တန်းတက်သူတွေအနေနဲ့ အခြေခံကျတဲ့ လိုက်ရမယ့် ဆောင်ရန်၊ ရှောင်ရန်တွေပဲဖြစ်ပါတယ်။

၁။ လေသံနဲ့ အသုံးအနှုန်းကို သတိထားပါ။

Chat room တွေထဲမှာ အချင်းချင်း Message နဲ့ စကားပြောတဲ့အခါ စာလုံးအကြီးတွေချည်းနဲ့မသုံးပါနဲ့ (ALL-CPS) အဲဒါက အော်ပြောတယ်၊ မယဉ်ကျေးဘူးဆိုတဲ့ သဘောဆောင်ပါတယ်။ ဟာသတွေလည်းမလိုဘဲ ရေးပို့ပါနဲ့ ကိုယ်တကယ်ပြောချင်တဲ့အကြောင်းအရာ၊ မေးခွန်းကိုပဲ တိုတိုနဲ့လိုရင်းပြောပါ။ စာအပြင် စကားပြောတဲ့၊ Video file တွေတင်ရတဲ့အခါမှာလည်း ကိုယ်စကားပြောတဲ့လေသံအသုံးအနှုန်းကို ဂရုစိုက်ရပါမယ်။ တခြားသူပြောနေရင်ဖြတ်မပြောဖို့၊ သေချာနားထောင်ဖို့၊ သင်ခန်းစာတွေမှာ တက်တက်ကြွကြွပါဝင်ဖို့ လိုပါတယ်။

၂။ မှန်ကန်ပါစေ၊ အချက်အလက်နဲ့ပြောတတ်ပါစေ။

အင်တာနက်မှာက အကြောင်းအရာသတင်းပေါင်းစုံပါတယ်။ ဒါကြောင့် ကိုယ်ဖတ်သမျှ၊ နားထောင်သမျှကို အချက်အလက်ပြန်စစ်ဆေးပါ။ အထူးသဖြင့် ကိုယ်ကသူများကို အကြံပေးနေတဲ့အခါမျိုးမှာ ဖြစ်ပါတယ်။ လက်မှတ်တစ်ခုခုရဖို့တက်နေတဲ့ အွန်လိုင်းသင်တန်းဖြစ်နေရင်လည်း ကိုယ်နဲ့အတူတက်နေသူတွေဆီက ရနိုင်သမျှအချက်အလက်စုဆောင်းပါ။ တစ်ခုခုရေးသားတင် ပြရမယ်ဆိုရင်လည်း အရင်းအမြစ်သေချာတဲ့၊ ပြောဆို/ ရေးသားသူက ဘယ်သူဆိုတာ ဖော်ပြနိုင်တဲ့၊ ခိုင်မာတဲ့သတင်းဆိုဒ်တွေဆီကပဲ ကိုးကားမှုလုပ်ပါ။

၃။ အရင်ရှာ၊ ပြီးမှမေး။

သင်ခန်းစာ၊ အိမ်စာထဲက ကိုယ်နားမလည်လိုက်တာကို သူငယ်ချင်း၊ ဆရာတွေကိုတန်းမမေးဘဲ အရင်အင်တာနက်မှာရှာပါ။ ဒါမှမဟုတ် သင်လိုက်တဲ့အရာကို မမီလိုက်ဘူးမေးခွန်းတွေရှိနေရင် သင်ရိုးညွှန်တမ်းစာအုပ်ထဲ အရင်ရှာ၊ ပေးထားတဲ့ Ref Link တွေထဲ၊ Site တွေထဲရှာ …ဘယ်မှာမှ မတွေ့မှသာမေးပါ။

၄။ ရွဲ့ပြောတာ၊ ရွှတ်နောက်နောက်လုပ်တာတွေရှောင်ပါ။

လူအချင်းချင်း မျက်နှာချင်းဆိုင်တွေ့ရင်တောင်မှ တစ်ခါတစ်ရံ အထင်မှားနားလည်မှုလွဲတတ်တာတွေရှိလို့ အွန်လိုင်းမှာ ပိုသတိထားရပါမယ်။ စာနဲ့ရေးရင် လေသံမပါနိုင်တာကြောင့် ကိုယ်ပေါ့ပေါ့ပါးပါးပြော/စနောက်တယ်ပဲထားပြီး တစ်ဖက်လူက နားမလည်နိုင်ပါဘူး။

၅။ လူချင်းတွေ့နေရသလိုပဲ ယဉ်ကျေးစွာဆက်ဆံပြောဆိုပါ။

အင်တာနက်ပေါ်ကဆက်ဆံသမျကိုလည်း အပြင်လောကမှာ လူချင်းတွေ့တဲ့အခါ ဆက်ဆံပြောဆိုသမျသာလုပ်ပါ။ အပြင်မှာမပြောတာမျိုး အင်တာနက်ပေါ်ကနေလည်း မပြောပါနဲ့။ လူယဉ်ကျေးဖြစ်ပြီး သိတတ်နားလည်မှုရှိတာကို အွန်လိုင်ပေါ်မှာလည်းပြသပါ။၆။ သဒ္ဒါ၊ စကားအထားအသို၊ အဖြတ်အတောက်၊ စာ လုံးပေါင်း စတာတွေကို မှန်ကန်စွာသုံးပါ။ဒါတွေကဘယ်တော့မှမမေ့မလျော့သင့်တာတွေပါ။ ကိုယ်တိုင်လက်ခံရရင် နားလည်စေမယ့်ပုံစံနဲ့ပဲ ပြောဆိုရေးသားဆက်သွယ်ပါ။ ရှင်းလင်းကာပြောလိုသမျှပေါ်လွင်ပါစေ။

၇။ အကြောင်းအရာမပျောက်/လမ်းမလွဲသွားစေနဲ့။

သင်ခန်းစာတွေကို ဝိုင်းဆွေးနွေးတဲ့အခါ၊ ဆွေးနွေးပွဲတွေဝင်ပါတဲ့အခါ ကိုယ်ဆွေးနွေးရမယ့် အကြောင်းအရာထက် လွဲချော်ပြီးပြောဆိုတာမျိုး၊ တခြားအကြောင်းအရာအသစ် ကို စတာမျိုးတွေမဖြစ်သွားပါစေနဲ့။ လူအများနဲ့လုပ်နေရတာဖြစ်လို့ တခြားလူတွေ စိတ်အနှောက်အယှက် ဖြစ်သွားပါမယ်။ အလုပ်မပြီး၊ လိုရင်းမရောက်ဖြစ်နေပါလိမ့်မယ်။

၈။ ဘယ်အရာမှာ အွန်လိုင်းပေါ်မှာ လုံခြုံတယ်မရှိဘူးဆိုတာအမြဲသိထား၊ သတိရှိပါ။

ကိုယ်ပြောဆိုရေးသားပြန်လည်မျဝေသမျဟာ အမြဲတမ်းအင်တာနက်ပေါ်မှာရှိသွားမှာတွေဖြစ်ပါတယ်။ ဒါကြောင့် ရေရှည်အတွက်မစဉ်းစားဘဲ ဘာမှမလုပ်ပါနဲ့။

၉။ ရှင်းလင်း၊ တိုတုတ်ပါစေ။

မလိုအပ်တာတွေ ထည့်မပြော၊ ထည့်မရေးဘဲ လိုရင်းတိုရှင်းသာ အွန်လိုင်းမှာဆက်ဆံပါ။ အပိုစကားလုံးတွေလည်း ကြွယ်နေစရာမလိုပါဘူး။ အဓိကဆိုလိုရင်းသာ ပြတ်ပြတ်သားသား ပါဝင်နေပါစေ။၁၀။ လူတွေရဲ့ Privacy ကို လေးစားပါ။အွန်လိုင်းသင်တန်းတွေထဲက ကိုယ်နဲ့အတူပါဝင်တတ်သူတွေ၊ ဆရာတွေနဲ့ အခြားသော အချက်အလက်တွေ (Password ၊ သွားလာတဲ့နေရာတွေ၊ အပြန်အလှန်ပြော စကားတွေ၊ ပုံတွေ စသဖြင့် တစ်ကိုယ်ရေအချက်အလက်မှန်သမျ) ကို သူများခွင့်ပြုချက်မယူဘဲ မဖြန့်ဝေပါနဲ့။ ကိုယ့်အတွက်လည်း ဒီအတိုင်းပဲသတိထားပါ။ အခုခေတ်က အင်တာနက်ပေါ်မှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။

၁၁။ ကိုယ့်ဆရာကို လေးစားစွာဆက်ဆံခေါ်ဆိုပြောဆိုပါ။

အွန်လိုင်းသင်တန်းတက်တယ်ဆိုပေမဲ့ ကိုယ့်ဆရာကဆရာပါပဲ။ ဒါကြောင့် နာမည်ခေါ်တာကအစ၊ စာရေးသားပြောဆိုတာကအဆုံး အပြင်လောကမှာရှိတဲ့ ဆရာသမားတွေ အပေါ်ထားရှိရမယ့် လေးစားမှုအပြည့်နဲ့ ဖြစ်ပါစေ။

၁၂။ တခြားသူများရဲ့အမြင်ကို လေးစားပါ။

ဆရာပြောသမျှနဲ့ ပါဝင်တက်ရောက်တဲ့ကိုယ့်အတန်းဖော်တွေနဲ့ အချိန်ပြည့်သဘောတူညီ အမြင်တူနေမယ်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ယဉ်ကျေးစွာသဘောထားကွဲလွဲ၊ ဆွေးနွေးရပါမယ်။ အခုနောက်ပိုင်း အွန်လိုင်းသင်တန်းတွေက ပါဝင်တက်ရောက်သူတွေကို အပြင်မှာလို ခင်မင်ခွင့် လျော့နည်းလာပေမယ့် အပြင်သင်တန်းစာ သင်ချိန်တွေလိုပဲ လူတိုင်းအပေါ် လေးစားမှုနဲ့ ဆက်ဆံရပါမယ်။

၁၃။ Chat Box ကို အလွန်အကျွံမသုံးပါနဲ့။

အွန်လိုင်းသင်ခန်းစာတိုင်းအတွက် ကျောင်းသားနဲ့ဆရာ ၊ ကျောင်းသားအချင်းချင်းဆွေးနွေးနိုင်အောင် Chat Box လုပ်ဆောင်ချက်ထည့်သွင်းထားလေ့ရှိပါတယ်။ ဒါပေမဲ့ ဒါကိုသင်ခန်းစာနဲ့ဆိုင်တာသာဆွေးနွေးဖို့ထားပါ။ မဆိုင်တာတွေပြောဆို Chat နေတာမျိုးမလုပ်ပါနဲ့။

၁၄။ Assignments တွေကို သေချာစိစစ်တင်ပြပါ။

သတ်မှတ်ထားတဲ့အချိန်၊ အချက်အလက်တွေနဲ့ပြည့်စုံတဲ့ Assignment တွေဖြစ်ဖို့လိုသလို Attachment တွေပါရင် လည်း ကိုယ့်ဆရာ၊သင်ရိုးမှာညွှန်းထားသလို အတိအကျ လိုက်နာထည့်သွင်းပေးပါ။ ကိုယ်ပေးပေမယ့် သူများဖတ်မရတာမျိုး၊ တစ်ခုခုကျန်ခဲ့တာမျိုးတွေဆိုရင် မလိုအပ်ဘဲ အမှတ်လျော့တာ၊ အမှတ်မရတာမျိုးတွေအထိတောင်ဖြစ်သွားနိုင်ပါတယ်။