Millennials များကိုခြိမ်းခြောက်နေတဲ့ အူမကြီးကင်ဆာ

ဒေါက်တာကေ

ပိုငယ်ရွယ်သောသူများအတွင်း အူမကြီးကင်ဆာတွေ့ရှိ မှုပိုမိုများပြားလာနေပါသည်။ အူမကြီးကင်ဆာနှင့် ပတ်သက်ပြီး သင်ဘာသိသင့်သလဲ။ အူမကြီးကင်ဆာဖြစ်ပွားမှုသည် နည်းပါးလာနေသည်ဟုဆိုနိုင်သော်လည်း အမေရိကန်လူမည်းလူငယ် ရုပ်ရှင်သရုပ်ဆောင်ချက်ဝှခ်ဘော့စမင် း (Chadwick Boseman) ၏ဝမ်းနည်းကြေကွဲဖွယ်ရာ လတ်တလောသေဆုံးရမှုက အူမကြီးနှင့်စအိုကင်ဆာများ မပျောက်ကွယ်သွားသေးကြောင်းကို သတိပေးလိုက်သလိုဖြစ်နေပါသည်။ အူမကြီးနှင့်စအိုကင်ဆာများသည် အမေရိကန်နိုင်ငံတွင် တတိယတွေ့ရအများဆုံးသောကင်ဆာအမျိုးအစားဖြစ်နေပါသည်။ အမျိုးသားများက အမျိုးသမီးများထက်ရောဂါဖြစ်နိုင်ခြေ အနည်းငယ်ပိုများပါသည်။

မြန်မာနိုင်ငံတွင်လည်း အူမကြီးကင်ဆာသည် အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ အသည်းကင်ဆာ၊ အစာရေမျိုကင်ဆာ စသည်တို့ပြီးလျင် နံပါတ်ငါးအဆင့်တွေ့ရအများဆုံးသောကင်ဆာတစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း အမျိုးသားများအတွင်း နှစ်စဉ်ရောဂါဖြစ်ပွားသူ အသစ်တွေ့ရှိရမှု ရာခိုင်နှုန်းသည် အမျိုးသမီးများထက်အနည်းငယ်ပိုများသည် ကိုတွေ့ရပါသည်။

”လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်စုလောက်အတွင်း အူမကြီးမှန်ပြောင်းကြည့်စစ်ဆေးမှု (Colonoscopy) တွေ တိုးပြီးလုပ်လာနိုင်လို့ ရောဂါဖြစ်ပွားမှုနှုန်းက တဖြည်းဖြည်းချင်း ကျဆင်းလာနေတာကိုတွေ့ရပါတယ်” ဟု မြောက်ဝက်ချက်စတာဆေးရုံမှ အူမကြီးခွဲစိတ်ဌာန၏ညွှန်ကြားရေးမှူး ဒေါက်တာဝှရှ်နာကပြောပါသည်။ အမေရိကန်နိုင်ငံသားထက်ဝက်ခန့်သည် အူမကြီးကင်ဆာရှိမရှိစစ် ဆေးသင့်သည်ဟု အမေရိကန်ကူးစက်ရောဂါများ ထိန်းချုပ်ကာကွယ်ရေး ဗဟိုဌာနကအကြံပြုပါသည်။အကြောင်းမှာ နှစ်စဉ်အမေရိကန်နိုင်ငံသား ငါးသောင်းခန့်အူမကြီးကင်ဆာရောဂါဖြင့် သေဆုံးနေကြရသောကြောင့်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း နှစ်စဉ်အူမကြီးကင်ဆာဖြင့် သေဆုံးရသူ လူနာပေါင်း ၁,၆၀၀ နီးပါးရှိပြီး ကင်ဆာရောဂါကြောင့် သေဆုံးရသူများ၏ ၃ ရာခိုင် နှုန်းခန့်ရှိသည်ဟုသိရသည်။

သို့သော် ငယ်ရွယ်သောသူများတွင် အဖြစ်များလာနေသည်။ အူမကြီးကင်ဆာနှင့်ရုန်းကန်တိုက်ပွဲဝင်ခဲ့ရသော ဘော့စမင်း၏အခြေအနေက ရောဂါဖြစ်ပွားမှု ပုံစံပြောင်းလဲလာပုံကို မီးမောင်းထိုးပြနေပါသည်။ ယခုအခါငယ်ရွယ်သောအမေရိကန်လူမျိုးများအတွင်း ရောဂါဖြစ်ပွားမှုသည် စိတ်ဝင်စားဖွယ်ရာ မြင့်တက်လာကြောင်းတွေ့ရှိလာရသည်။ ၁၉၈၀ ပြည့်လွန်နှစ်များ အလယ်ပိုင်းလောက်မှစတင်၍ အမေရိကန်နိုင်ငံတွင် နှစ်စဉ်ရောဂါဖြစ်ပွားမှုသည် အသက် ၂၀ မှ ၃၉ နှစ် အကြား (လူငယ်လူရွယ်ပိုင်း)၌ ၁ ရာခိုင်နှုန်းမှ ၂.၄ ရာခိုင်နှုန်းအထိလည်းကောင်း၊ အသက် ၄၀ မှ ၅၄ နှစ်အကြား (လူလတ်ပိုင်း) ၌ ဝ.၅ ရာခိုင်နှုန်းမှ ၁.၃ ရာခိုင်နှုန်းအထိလည်းကောင်း အသီးသီးမြင့်တက်လာသည်ကိုတွေ့ရှိရကြောင်း အမေရိ ကန်နိုင်ငံအမျိုးသားကင်ဆာဌာနဂျာနယ်က ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း အလားတူတွေ့ရှိချက်မျိုးများရှိလာနေသည်။ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အူမကြီးကင်ဆာလူနာအားလုံး၏ သုံးပုံတစ်ပုံသည် အသက် ၄၀ အောက်လူနာများဖြစ်နေသည်ကို တွေ့ရှိရကြောင်းကိုလေ့လာမှုတစ်ခုက ဖော်ပြထားပါသည်။

ကနေဒါနိုင်ငံတွင် အသက် ၅၀ အောက်အမျိုးသမီးများ၌ အူမကြီးနှင့်စအိုကင်ဆာတွေ့ရှိရမှုသည် ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အကြား နှစ်စဉ် ၄.၅ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ကိုတွေ့ရှိရကြောင်း သုတေသီတို့ က မကြာသေးမီကထုတ်ပြန်ကြေညာခဲ့သည်။ ကနေဒါနိုင်ငံမှ အသက် ၅၀ အောက် အမျိုးသားများအတွင်း ၂၀၀၆ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ရောဂါတွေ့ရှိရနှုန်းသည် နှစ်စဉ် ၃.၅ ရာခိုင်နှုန်းနီးပါးအထိ တိုးတက်လာနေပါ သည်။ ထို့ကြောင့် အမေရိကန်ကင်ဆာအသင်းကြီး၏ အကြံပြုချက်တွင် အရွယ်ရောက်လူကြီးများအကြား အူမ ကြီးကင်ဆာရှိမရှိ စတင်စစ်ဆေးသင့်သည့်အရွယ်ကို ယခင်ပြဋ္ဌာန်းခဲ့သော အသက် ၅၀ နှစ်မှ ငါးနှစ်ရှေ့တိုးကာ အသက် ၄၅ နှစ်အရွယ်သို့ ပြောင်းလဲသတ်မှတ်လာခဲ့သည်။

အူမကြီးနှင့်စအိုကင်ဆာသည် ၁၉၉၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အကြား ၅၁ ရာခိုင်နှုန်းအထိတိုးတက်ဖြစ်ပွားလာသည်ကိုတွေ့ရှိရသောကြောင့် ယခုကဲ့သို့ မူဝါဒအပြောင်းအလဲများ ပြုလုပ်လာရခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ၁၉၉၀ ပြည့်နှစ်ပတ်ဝန်းကျင်တွင်မွေးဖွားသော သူတစ်ဦးသည် ၁၉၅၀ ပြည့်နှစ်ပတ်ဝန်းကျင်တွင်မွေးဖွားသူတစ်ဦးထက် အူမကြီးကင်ဆာရောဂါဖြစ်နိုင်ခြေသည် နှစ်ဆခန့်ပိုများလာနေသည် ။(စအိုကင်ဆာအတွက် ဆိုလျင် လေးဆခန့်ပိုများလာပါသည်။) ဤအချက်က စိုးရိမ်မှုကိုမြင့်တက်လာစေပါသည်။ အကယ်၍ ရောဂါ၏ ပြောင်းလဲမှုဖြစ်စဉ်သည် ယခုကဲ့သို့ဆက်လက်ဖြစ်ပေါ်နေပြီး တစ်ဖက်တွင်လည်း လူငယ်လူရွယ်များအကြား ရောဂါစစ်ဆေးမှုကိုစောစီးစွာမပြုလုပ်ကြပါက အူမကြီးနှင့်စအိုကင်ဆာဖြစ်ပွားမှုသည် ရပ်တန့်သွားမည်မဟုတ် ဘဲ ရောဂါဖြစ်ပွားမှုတစ်ခုလုံးသည် ပို၍ပင်များပြားလာမည်ဖြစ်သည်။

ဖြစ်ပွားသောရောဂါကလည်းပို၍ပြင်းထန်လာနိုင်သည်။ ကင်ဆာအဖြစ်ပြောင်းလဲသွားနိုင်သည့် တွဲလျားကျလာသောအသားပိုများ (Cancerous polyps) (အူနံရံတစ်လျောက်တွင် ဖြစ်ပေါ်လာသောအသားပိုလေးများ)ကို ဆရာဝန်များက စောစီးစွာ၊ သို့မဟုတ် ကင်ဆာအဆင့်သို့မပြောင်းလဲမီ ရှာဖွေတွေ့ရှိနိုင်စေသဖြင့် ပုံမှန်အူမကြီးမှန်ပြောင်းကြည့်စစ်ဆေးမှုကို စတင်လိုက်ခြင်းသည် ရောဂါဖြစ်ပွားမှုဖြစ်စဉ်တစ်ခုလုံးကို ပြောင်းပြန်ပြန်ဖြစ်သွား စေနိ င်ျသာ အလှည့ ်အပြောင်းလုပ်ဆောင်ချက် တစ်ခုဖြစ် သည်။ သ့ိုသော် တစ်ခါတစ်ရံကျန်းမာသန်စွမ်းနေသော လူငယ်များသည် မိမိပုံမှန်ပြသသည့် ဆရာဝန်မရှိခြင်း၊ သို့မဟုတ် ဆရာဝန်ကို ပုံမှန်ပြသလေ့မရှိခြင်းတို့ကြောင့် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်ကို စောစီးစွာသတိမပြုမိ ဘဲဖြစ်တတ်သည်။ သာမန်အားဖြင့် နေကောင်းကျန်းမာနေသဖြင့် သူတို့သည် ဝေဒနာများကိုအရေးမစိုက်ဘဲ နေတတ်ကြပါသည်။ သင်သတိမထားမိနိုင်သော အူမကြီး ကင်ဆာ၏လက္ခဏာများ ရှိတတ်ပါသည်။

ရောဂါကို ငယ်ရွယ်သူလူနာများ ကျော်လွှားသွားနိုင်ပါသည်။ အသက် ၃၉ နှစ်အရွယ်ရှိ ဂီနာနာရီ သည် စအိုမှသွေးယိုခြင်းကို ဆရာဝန်နှင့်သွားရောက်ပြသခဲ့သည်။ ဆရာဝန်က သူ့ကိုအစာအိမ်နှင့် အူလမ်းကြောင်း ပါရဂူနှင့်စစ်ဆေးရန်ညွှန်းပေးခဲ့သည်။ သူ့တွင် အူမကြီးကင်ဆာရှိနေကြောင်းတွေ့ရှိရသည်။ တစ်ချိန်တည်းမှာပင် သူ့တွင် တတိယမြောက်ကိုယ်ဝန်ကို လွယ်ထားနေကြောင်း ကိုလည်းသိလိုက်ရသည်။ ”ကျွန်တော် အနှစ် ၃၀ အတွင်းမှာကိုယ်ဝန်ဆောင်အမျိုးသမီးတစ် ယောက်က အူမကြီးကင်ဆာရှိနေတဲ့အခြေအနေမျိုး တစ်ခါမှမတွေ့ဖူးပါဘူး” ဟု ဂီနာကိုကုသပေးခဲ့ရသော ဒေါက်တာဝှရှ်နာက ပြောပါသည်။ ဆရာဝန်များဘက်မှ စောစီးစွာသိရှိမှုနှင့် အလျင်အမြန်ဆုံးဆောင်ရွက်ပေးနိုင်မှုများကြောင့် ဂီနာ၏ကင်ဆာအကျိတ်ကို အောင်မြင်စွာခွဲ စိတ်ကုသပေးနိုင်ခဲ့ပြီး သူသည် ကျန်းမာသောကလေးငယ်တစ်ဦးကိုလည်း မီးဖွားနိုင်ခဲ့ပါသည်။

အူမကြီးမှန်ပြောင်းစစ်ဆေးမှုပြုလုပ်ရန်အကြောင်း ရှိမရှိ

မိမိ၏မိဘနှစ်ပါးနှင့် ညီအစ်ကိုမောင်နှမအရင်းအချာများအတွင်း အူမကြီးနှင့်စအိုကင်ဆာတစ်မျိုးမျိုးရှိခဲ့ဖူးပါက သင်သည်သူတို့ရောဂါစတင်တွေ့ရှိရသောအရွယ်ထက် ဆယ်နှစ်စော၍ စတင်စစ်ဆေးကြည့်သင့်ပါသည်။ အကယ်၍ မိမိ၏မိခင်သည် အသက် ၄၅ နှစ်တွင် ရောဂါ စတင်ရှိသည်ဟု သိရှိရပါက သင်သည်အသက် ၃၅ နှစ်တွင် စတင်၍ စစ်ဆေးကြည့်သင့်ပါသည်။ အူမကြီးမှန်ပြောင်းကြည့်စစ်ဆေးမှုပြုလုပ်ရန် ဆရာဝန်များ၏ လွယ်ကူသော အောက်ပါအကြံပြုချက်များကို လေ့လာကြည့် ပါ။

သင်၏ဝမ်းအလေ့အကျင့်ကို သတိထားစောင့်ကြည့်ပါ။

ဤရောဂါသည် မည်သူ့ကိုမဆိုတိုက်ခိုက်တတ်သော သဘောသဘာဝရှိပါသည်။ သင်သည် ဝေဒနာလက္ခဏာများကိုဂရုပြုသင့်ပါသည်။ သင်သည်ဝမ်းသွားပြီးနောက် ကိုယ်လက်သန့်စင်နေစဉ် အိမ်သာသုံးစက္ကူ၌ သွေးစများပေကျံနေသည်ကိုတွေ့ရမည်၊ သို့မဟုတ် ဝမ်းလျောခြင်း၊ ဝမ်းချုပ်ခြင်း၊ အကျိအချွဲများပါသောဝမ်းသွားခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်း၊ သို့မဟုတ် ဝမ်းရစ်၍နာခြင်း၊ မစင်တုံးသည် အလုံးအထည်သေးငယ်လာခြင်း စသည့် ဝမ်းသွားသည့်အလေ့အကျင့် ရုတ်တရက်ပြောင်းလဲသွားခြင်းမျိုး ကို သတိပြုမိနိုင်ပါသည်။ ထိုလက္ခဏာအားလုံးတို့က အူမကြီးကင်ဆာ၏လက္ခဏာများလည်း ဖြစ်လာနိုင်ပါသည်။ များသောအားဖြင့် ဖြစ်နိုင်ဖွယ်ရာပိုရှိသည်မှာ သင့်တွင် လိပ်ခေါင်းရောဂါ၊ အစားအစာထဲတွင် အမျင်ဓာတ်နည်းပါးနေခြင်း၊ သို့မဟုတ် ပြီးခဲ့သောရက်က သင်စားသုံးလိုက်သော အပူအစပ်လွန်ကဲသောအစားအစာများ ကြောင့်လည်း ဖြစ်နိုင်ပါသည်။ ထိုအစာများက ကင်ဆာကုဆရာဝန်များ ရှောင်ရှားစေချင်သောအရာများဖြစ်ပါသည်။

ဝေဒနာတစ်ရပ်က ခေါင်းမာစွာဆက်လက်တည်ရှိနေပါက တစ်ခုခုဖြစ်နေပြီဖြစ်ကြောင်း သင်ပိုသိသင့်ပါသည်။
လူတိုင်းလူတိုင်း တစ်ခါတစ်ရံဝမ်းချုပ်တတ်ပါသည်။ သို့ မဟုတ် မိမိနှင့်အဆင်မသင့်သောအစားအစာများကိုစား မိတတ်ကြပါသည်။ ထိုသို့ဖြစ်လာပါက အဆိုးဆုံးအခြေအနေကိုစဉ်းစားမိပြီး အလွန်အမင်း မစိုးရိမ်ပါနှင့်။ ကောင်းသတင်းမှာ ကင်ဆာရောဂါများသည် နေ့ချင်းည ချင်းကောက်ကာငင်ကာထဖြစ်လာခြင်း မဟုတ်ပါဟု ဒေါက်တာဝှရှ်နာကပြောပါသည်။ သင့်အခြေအနေဝေဒ နာလက္ခဏာများ ပြန်လည်ပျောက်ကင်းသွားခြင်းရှိမရှိကို ရက်သတ္တပတ်အနည်းငယ်၊ သို့မဟုတ် တစ်လခန့် စောင့်ကြည့်ပါ။ အကယ်၍ မသက်သာပါက ဆရာဝန်နှင့် သွား ရောက်တိုင်ပင်ကြည့်သင့်ပါသည်။ အထူးသဖြင့် မိ မိ ၏မိ သားစု အတွ င် းရောဂါဖြစ် ပွ ားသည့ ်ရာဇဝင် ရှ ိပါက သင်သည် အူမကြီးကင်ဆာကို ကြိုကြိုတင်တင်တားဆီး နိုင်မည့် ဤအဆင့်များကိုလုပ်ဆောင်သင့်ပါသည်။

သင်ခံစားရသောဝေဒနာများကို သတိမထားမိဘဲဖြစ်တတ်ပါသည်။

အမှန်အားဖြင့် ဆရာဝန်တစ်ဦးသည် ဝမ်းလျောနေသော၊ သို့မဟုတ် ဝမ်းချုပ်နေသော အသက် ၇၀ အရွယ် လူနာတစ်ဦးကိုတွေ့ရပါက အနည်းဆုံးကင်ဆာရောဂါကိုစတင် စဉ်းစားကြပါသည်။ အကယ်၍ကျန်းမာသန်စွမ်းသော လူငယ်တစ်ဦးဖြစ်ပါက ဝေဒနာကိုအရေးမပြုဘဲ ဝမ်းပျော့ဆေးတစ်မျိုးမျိုးပေးပြီး အိမ်ပြန်လွှတ်နိုင်ပါသည်။ ဆရာဝန်ကို ”တခြားဘာများဖြစ်နိုင်သေးသလဲ”လို့ မေးကြည့်ရန် မဝံ့မရဲမဖြစ်ပါနှင့်ဟု ဒေါက်တာဝှရှ်နာက အကြံပြုပါသည်။ ထောင်စုနှစ်မွေးဖွားသူများအကြား အူမကြီးကင်ဆာအဖြစ်များလာနေသည်ဟူသော ကိန်းဂဏန်းအချက်အလက်များကို သင်သိထားကြောင်းပြောပြပါ။ ဤအချက်သည် ဆရာဝန်အတော်များများအတွက် သတင်းတစ်ရပ်လည်း ဖြစ်ပါသည်။
အူမကြီးမှန်ပြောင်းစစ်ဆေးမှု၏အဖြေအပေါ် မစိုးရိမ်လိုက်ပါနှင့်
လူနာအတော်များများသည် သူတို့တွင်ကင်ဆာရောဂါရှိနေပြီဟူသောအဖြေမျိုးကို လက်ခံရန် ကြောက်ရွံ့သဖြင့် အူမကြီးမှန်ပြောင်းစစ်ဆေးမှုကို မခံယူလိုကြပါ။ သို့သော် ဒေါက်တာဝှရှ်နာက လက်ရှိနည်းပညာများအရ စောစော သိရှိရသော အူမကြီးကင်ဆာအများစုသည် ခွဲစိတ်ကုသမှု တစ်မျိုးတည်းဖြင့် ကုသနိုင်ပါသည်။ ခွဲစိတ်ကုသခြင်းက (ကွန်ပျူတာစက်ရုပ်များအကူအညီဖြင့်) ပို၍တိကျလာ သဖြင့် လူနာအများစုသည် ကင်ဆာကုဆေးသွင်းရခြင်းမျိုး မလိုအပ်တတ်ပါ။ သို့သော် မြန်မာနိုင်ငံရှိအူမကြီးကင်ဆာ ရောဂါဖြစ်ပွားသူများ၏ထက်ဝက်ကျော်ခန့်သည် ရောဂါ အဆင့်အတော်ဆိုးဆိုးရွားရွားဖြစ်နေသည့်အဆင့်ရောက်မှသာ စမ်းသပ်တွေ့ရှိရသည့် အခြေအနေမျိုးဖြစ်နေပါ သည်။ ထို့ကြောင့်ကုသမှုသည်လည်း ရောဂါပျောက်ကင်း ရန် မသေချာတော့ပါ။

အားလုံးသည် သင်၏ဘဝနေထိုင်မှုပုံစံပေါ်တွင် မူတည်နေပါသည်။

အဝလွန်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းမပြုလုပ်ခြင်း၊ မျတမှုမရှိသောအစားအသောက်ပုံစံတို့က အူမကြီးကင်ဆာရောဂါဖြစ်ပွားမှုကို မီးထိုးပေးနေသောအရာများဖြစ်သည်။ ဥပမာအားဖြင့် အသင့်စားအစားအစာများ (အာလူးချောင်းကြော်၊ ဘာဂါအသားညှပ်ပေါင်မုန့်များ၊ ကြက်ကြော်များ စသည်)၊ ပြုပြင်စီရင်ထားသော အစားအစာများ (ဝက်အူချောင်း၊ ကြက်အူချောင်း၊ ဝက်ပေါင်ခြောက်များ)၊ စားသုံး ခြင်းစသည်တို့က အူများအတွင်း ရောင်ရမ်းမှုကိုဖြစ်စေပြီး ကင်ဆာရောဂါဖြစ်ရန် အလားအလာကိုပိုမြင့်မားစေပါသည်။ သင်သည် ရက်သတ္တပတ်တစ်ပတ်လျင် ၁၅၀ မိနစ် ကြာ (တစ်ရက်လျင် မိနစ် ၂၀ ခန့်) အသင့်အတင့် ပြင်းထန်သော ကိုယ်လက်လေ့ကျင့်ခန်းများပြုလုပ်ပြီး တက်တက်ကြွကြွနေထိုင်ရန် ထိုကင်ဆာဂျာနယ်က ဆက်၍ အကြံပြုထားပါသည်။

အရက်နှင့်ဆေးလိပ်အလွန်အကျွံသောက်သုံးခြင်း၊ ကင်ဆာအမျိုးမျိုးဖြစ်ပွားခြင်းကိုအားပေးသော ကွမ်းစားခြင်းတို့ကို ရှောင်ရှားသင့်ပါသည်။ အနီရောင်ရှိသောအသားများ (အမဲသား၊ ဆိတ်သား စသည်) စားသုံးခြင်းကိုလျော့ချပြီး လိုအပ်သောအမျင်ဓာတ်ရရှိရန် ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ၊ ပဲအမျိုးမျိုးနှင့် (အူများကို သန့်ရှင်းပေးနိုင်သည့်) သဘာဝကောက်ပဲသီးနှံများကို ပို၍စားပေးရန်လိုအပ်ပါသည်။ ကျန်းမာရေးနှင့် ညီညွတ်သော အလေ့အကျင့်များကိုအသုံးပြုပြီး သင်၏ ကိုယ်အလေးချိန်ကိုထိန်းထားသင့်ပါသည်။ သင်၏အူများနှင့်အခြားအရာများအားလုံးက သင့်ကိုကျေးဇူးတင်နေလိမ့်မည်ဖြစ်သည်။ ။
Ref : Clon Cancer Is Hitting Millennials Really Hard,
www.rd.com