LinkedIn CEO Jeff Weiner ပြောပြတဲ့ E-mail ရေးသားမှုနှင့်ပတ်သက်တဲ့ အကြီးဆုံးအမှား

Jeff_20Weiner_20LinkedIn.0ဤအမှားကို ကိုယ်နေ့တိုင်းတွေ့မည်ဆိုသည်အား ကျွန်ုပ်အာမခံသည်။

          မကြာမီက CNBC သတင်းဌာနမှ Adam Bryant နှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံးမေးမြန်းမှုတစ်ခုတွင် LinkedIn ၏ CEO ဖြစ်သူ Jeff Weiner က Email နှင့် ပတ်သက်၍ နှစ်ပေါင်းများစွာအတွင်း ‘လေ့လာတွေ့ရှိမှုများ အပါအဝင် စီးပွားရေးလုပ်ငန်းနှင့် သက်ဆိုင်သည့်အကြောင်းအရာများစွာအပေါ်’ ယင်း၏အတွေးအမြင်များကို မျှဝေခဲ့သည်။

          တစ်ပြိုင်တည်းမှာပင် “Email နှင့်ပတ်သက်၍ လူအများပြုလုပ်နေသည့် တစ်ခုတည်းသော၊ အကြီးဆုံး အမှားတစ်ခု” အဖြစ် ပေါ်လွင်ထင်ရှားသည့် အလေ့အကျင့် တစ်ခုကိုလည်း ဖော်ပြခဲ့သည်။ ယင်းအမှားမှာ များပြား ရှည်လျားစွာ ရေးသားခြင်းဖြစ်သည်။

          “Email အသုံးပြုရာတွင် ရှင်းလင်းပြတ်သားခြင်း နှင့် အသုံးအနှုန်းကျစ်လစ်မှုတို့ကို သတိပြုရန်အလွယ် တကူ ပျက်ကွက်လေ့ရှိတတ်ကြတယ်။” ဟု  Winner က ရှင်းပြသည်။ ရေးသားပေးပို့သည့် Email ပိုမိုရှည်လျား၊ ရှုပ်ထွေးလေလေ၊ ပြန်လှန်မေးခွန်းထုတ်စရာများပေါ် ပေါက်လာလေဖြစ်လျှက် လူအများအနေနှင့် နောက်ဆက် တွဲဖြေရှင်းချက်များကို မျှော်လင့်မှာဖြစ်ပြီး၊ ကိုယ့်အနေနှင့်Email များ ထပ်မံပေးပို့ရမည်ဖြစ်သည်။ ထိုအခါ ပိုမိုများ ပြားလာသော အပြန်အလှန် တုန့်ပြန်မှုများအဖြစ် ဆက် လက်ရှည်လျားနေမည်သာဖြစ်သည်။

           Weiner က ဒေါသသံပါသည် Email များကိုလည်း “ကျွန်တော်တို့ အားလုံးကြုံခဲ့ဘူးကြပါတယ်။ မိမိကိုတိုက်ခိုက်ရေးသားတယ်လို့ ခံစားရတဲ့ Email တစ်ခုခုကို လက်ခံရရှိပြီးတဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် ခုခံကာ ကွယ်ဖို့ ပြင်းထန်တဲ့ စိတ်ခံစားချက်နဲ့ တဒင်္ဂတုန့်ပြန်မှု ပြုစေတတ်ပါတယ်။ ဒါမှမဟုတ် တဖက်မှ မည်သို့ခံစား ရမည်ကို လုံးဝသတိမထားမိ၊ တမင်မရည်ရွယ်ဘဲ တိုက်ခိုက်ရေးသားမိတတ်ကြပါတယ်။” အရိပ်အမြွတ်ပြကာ ပြောဆိုခဲ့သည်။

ဖြေရှင်းပုံဖြေရှင်းနည်းက မည်သို့ဖြစ်လိမ့်မည်နည်း

Weiner က “Phone ဆက်လိုက်ပါ” ဟု ပြောသည်။

          အထူးသဖြင့် ရုတ်တရက်ပေါက်ကွဲနိုင်သော အခြေအနေများတွင်၊ မိမိတို့ကိုယ်ကို သတိမပြုမိဘဲ တစ် ဖက်မှ လက်ခံသူ၏ ဒေါသစိတ်ကို နှိုးဆွစေမည့်  Email မျိုးရေးသားပေးပို့တတ်ကြပြီး၊ မုန်းတီးဒေါသထွက်သော စာများစွာ အပြန်အလှန်ပေးပို့ကြသည့်အဖြစ်သို့ မကြာ ခဏရောက်လေ့ရှိကြသည်။ ကောင်းဆုံးမှာ “Online ပေါ်တွင်မဟုတ်ဘဲ ရိုးရိုးပြောကြရအောင်” ဟုပြောလိုက်ခြင်းပင်ဖြစ်သည်။ အတူတွေ့ဆုံလျှက် စိတ်အခန့်မသင့်ဖြစ်ကြရခြင်း၊ ဒေါသထွက်ရခြင်းတို့၏ အကြောင်းရင်းများကို အပြန်အလှန်ဆက်စပ် ပြောဆိုကြခြင်းဖြင့် ပိုမိုလျင်မြန်စွာ ဖြေရှင်းနိုင်မည်လိမ့်ဖြစ်သည်။

          Weiner ၏ အကြံပေးချက်သည် လိမ္မာပါးနပ်ရုံ သာမက စိတ်ခံစားချက်နှင့်ဆိုင်သော ဥာဏ်ပညာနှင့် လည်း ပြည့်စုံပေသည်။

recall-sent-email-670x335

          ဤအမှားမျိုးကို နေ့စဉ်နှင့်အမျှ တွေ့ကြရဖို့များ ပေသည်။ ရိုးရှင်းစွာပေးပို့လိုသည့်ဆန္ဒဖြင့် ပေးပို့လိုက်သည့် Email များက အကြောင်းအရာများ ရှုပ်ထွေးသွား တတ်သည့်အဖြစ်၊ အပြစ်တင်သည့် သဘောသက်ရောက် သွားကာ၊ လက်ခံသူ၊ ဒါမှမဟုတ် အခြားသူများအား ထိုးနှက်သကဲ့သို့ဖြစ်သွားသော Email များ စသည်တို့ ဖြစ်သည်။

          ကမ္ဘာကြီး တဖြည်းဖြည်းပို၍ ကျဉ်းမြောင်းလာသည့်အဖြစ်၊ (စုပေါင်းလုပ်ရမည့် လုပ်ငန်းများကို အဝေးမှ ဆက်သွယ်လုပ်ကိုင်နိုင်ကြသည့် အခြေအနေ) တို့ကြောင့် လူများစွာအတွက် Email နှင့် Messaging Applications တို့သည် ဆက်သွယ်ရေး အသုံးချပစ္စည်းများအဖြစ် ဆက်လက်တည်ရှိနေမှာဖြစ်သည်။ စင်စစ်အကျိုးရှိစွာ အသုံးပြုလျှင် ဤအသုံးချပစ္စည်းများသည် အချိန်များစွာ သက်သာစေပြီး အခြေအနေကို ပိုမိုကိုင်တွယ်ထိန်းချုပ်နိုင် ခွင့် ရရှိစေမှာဖြစ်သည်။

          သို့သော်အထက်တွင် ဖော်ပြထားသည့် အမှားကို ပြုလုပ်မိလျှင်မူကား၊ အခြေအနေသည် လျင်မြန်စွာ၊ ပရမ်းပတာဖြစ်သွားနိုင်ပြီး၊ ပြန်လည်ထိန်းသိမ်းဖို့ အချိန်များစွာ လိုအပ်လိမ့်မည်ဖြစ်သည်။

          ထိုကြောင့် မည်သည့်အချိန်တွင် Email ကို အသုံးပြုသင့်ပြီး၊ မည်သည့်အချိန်တွင် Email အဆက်အသွယ်၊ ဒါမှမဟုတ် လူချင်းတွေ့သင့်သနည်း၊ ဆိုသည်ကို စဉ်းစားဆုံးဖြတ်ဖို့ လိုအပ်ပေသည်။

          အထက်ပါမေးခွန်းကို ဖြေရခက်နေမည်ဆိုလျှင်၊ အောက်ပါအချက်သုံးချက်အတိုင်း လိုက်နာလုပ်ဆောင်ပါ၊

၁။ Email ရေးသားပြီး၊ Draft အဖြစ် သိမ်းဆည်းထားပါ။

ကိုယ့် Email ကို မပို့ဖြစ်သည့်တိုင် ရေးသားဖို့အချိန်ပေး စဉ်းစားခြင်းက အကြောင်းအရာရှင်းလင်းစွာဖော်ပြဖို့ အ ထောက်အကူပေးမှာဖြစ်သည်။

၂။ ရေးထားသည့် Draft ကို ပြန်လည်ဖတ်ရှုပါ။

အရေးတကြီးပို့ရမည့် Email ဖြစ်နေလျှင်၊ ကော်ဖီတစ်ခွက် သောက်စာလောက်သာပေးရမည့်အချိန် ၅ မိနစ်ခန့်က များစွာပြောင်းလဲစေမှာဖြစ်သည်။ တစ်နည်းအားဖြင့် နာရီအနည်းငယ်၊ ဒါမှမဟုတ် လိုအပ်ပါက တစ်နေ့လုံး အချိန်ပေးပါ။

၃။ မိမိ၏ Email ကို ဖတ်ရှုမည့် သူများ၏ နေရာမှ၊ ကိုယ့် Email အားပြန်လည်ဖတ်ရှုပါ။

မိမိကိုယ်မိမိအောက်ဖော်ပြပါ မေးခွန်းများ မေးကြည့်ပါ။

–         အလွန်ရှည်လျားများပြားစွာရေးထားမိသလား။

–         ပို့မည့် Email သည် ရှုပ်ထွေးနေပါသလား။

–         ဖြေကြားပေးမည့် အတိုင်းအတာထက်၊ ပိုမိုများပြားသော မေးခွန်းများ ထွက်ပေါ်လာစေမှာလား။

–         လွဲမှားစွာ အဓိပ္ပာယ်ကောက်ယူနိုင်သည့်၊ ဒါမှမဟုတ် ဒေါသသံပါသော၊ စိတ်ထိခိုက်စေသော၊ မထီ လေးစားပုံစံပေါက်သော အချက်တစ်စုံတစ်ရာပါရှိ၊ နေပါသလား။

–         ပေးပို့မည့် Email ထဲမှ ထုတ်ပယ်နိုင်သည့် မလိုအပ်သောအရာများ ပါရှိနေသလား ၊

–         ဤအကြောင်းအရာကို တယ်လီဖုန်းဖြင့်၊ ဒါမှမဟုတ် လူကိုယ်တိုင်တွေ့ဆုံဆက်သွယ်လျှင် ပိုမိုသင့်တော် ကောင်းမွန်မည်လား ၊

          ဤအဆင့်သုံးဆင့်ပါရှိသည့် လုပ်ငန်းစဉ်အား လိုက်နာပြီး၊ ဤ Email သည် ဆက်လက်အသုံးပြုဖို့ သင့်တော်သည်ဟု ဆက်လက်ဆုံးဖြတ်ကောင်း ဆုံးဖြတ်လိမ့်မည်။ ထိုသို့ဖြစ်လျှင် ကိုယ့် Email ကို အတတ်နိုင်ဆုံး တိုတောင်းပြီး အဓိပ္ပာယ်ရှင်းရှင်းလင်းလင်းရှိပါစေ။ စင်စစ် Email တကာတို့တွင် အတိုဆုံး Email  ဖြစ်သော-

“ကျွန်တော်တို့ ဒီအကြောင်းအရာနဲ့ပတ်သက်လို့ စကားပြောဖို့ လိုအပ်နေပြီ၊ ကျွန်တော်ခင်ဗျားကို လှမ်းခေါ်လို့ ရမလား” ဟု ပို့လိုက်ရန်သာဖြစ်သည်။

          နှစ်သက်သည်ဖြစ်စေ မုန်းတီးသည်ဖြစ်စေ၊ Email နှင့်  Messaging တို့သည် ဆက်သွယ်ရေးအတွက် လိုအပ်သော ပုံစံများဖြစ်ကြသည်။ မှန်ကန်စွာအသုံးပြုခြင်းဖြင့် ရေရှည်တွင် စိတ်မကောင်းဖြစ်ရခြင်းနှင့် အချိန်ကုန်ခြင်း များစွာကို သက်သာလျော့နည်းစေမှာဖြစ်သည်။

 

အောင်ကို (တောင်ငူ)

(၂၀၁၉ ခုနှစ်၊  ဖေဖော်ဝါရီလထုတ် CEO မဂ္ဂဇင်း)