နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ပြုလုပ်သင့်တဲ့ ယောဂကျင့်စဉ် ၅ မျိုး

နေ့ရက်တစ်ရက် ကုန်ဆုံးချိန်ဟာ စိတ်နဲ့ကိုယ်ခန္ဓာက တည်ငြိမ်အေးချမ်းမှုကို လိုအပ်နေချိန်ဖြစ်ပါတယ်။ ကိုယ်စိတ်နှစ်ပါး တည်ငြိမ်အေးချမ်းနေချိန်မှာ အတွေးတွေကို စိတ်တိုင်းကျ ပုံဖော်နိုင်ပြီး ကိုယ်လိုချင်တဲ့ အနာဂတ်ကို ဖန်တီးနိုင်ပါလိမ့်မယ်။ အနားယူချိန်မှာ ကိုယ့်ဘာသာကိုယ် စိတ်တည်ငြိမ်အောင် လုပ်နေကျပဲဖြစ်ဖြစ်၊ ပုံမှန်အားဖြင့် ညဘက်မှာ ယောဂကျင့်တာက ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းစေပြီး ပင်ပန်းနွမ်းနယ်မှုတွေ ပြေလျော့စေနိုင်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

ဒီယောဂကျင့်စဉ် ငါးမျိုးထဲကတစ်မျိုးကို စက္ကန့်သုံးဆယ်ကနေ ခြောက်ဆယ်အထိ အစဉ်လိုက် လုပ်ဆောင်သွားပါ။ ဒါမှမဟုတ် တစ်မျိုးချင်းစီလုပ်ပါ။ ဒီလိုလုပ်တာက ကြွက်သားတင်းမာမှုကို လျှော့ချပေးနိုင်ပြီး ကိုယ်ရောစိတ်ပါ လန်းဆန်းပေါ့ပါးစေပါတယ်။

အနေအထားတစ်ခု လုပ်ဆောင်တိုင်း အသက်ပြင်းပြင်းရှူပါ။ အောက်ဆီဂျင် အလုံအလောက်ရတာက ခန္ဓာကိုယ်ကို လန်းဆန်းစေပါတယ်။

ညဘက်မှာ ကောင်းကောင်းမွန်မွန် အိပ်ပျော်ဖို့ အထောက်အကူဖြစ်စေတဲ့ ယောဂကျင့်စဉ်ငါးမျိုးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

JuneExercise1

၁။ Staff အနေအထား – ခြေထောက်မြှောက် (Dandasana)

ဒီအနေအထားက ကျန်းမာသန်စွမ်းမှုကို အထောက်အကူပြုတဲ့ အနေအထားတွေထဲက တစ်ခုဖြစ်ပါတယ်။ ခြေထောက်မြှောက်ထားခြင်းအားဖြင့် ခြေထောက်ကနေ ဦးခေါင်းပိုင်းအထိ သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ပေါ့ပါးစေပြီး ၀မ်းကောင်းစေကာ အပူအပင် ကင်းဝေးစေပါတယ်။ ခြေထောက်ရောင်ရမ်းကိုက်ခဲတာကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

JuneExercise2

၂။ ဒူးခေါင်းမှ ရင်ဘတ်ထိ အနေအထား (Apanasana)

ဒီအနေအထားက တင်ပါးဆုံရိုးပိုင်း ကြွက်သားတွေကို  ဖြေလျော့ပေးပြီး ကျောပြင်ပိုင်း နာကျင်ကိုက်ခဲမှုကို သက်သာစေပါတယ်။

အစာခြေဖျက်မှုပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးပြီး ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးပါတယ်။

JuneExercise3

၃။ အရှေ့ကိုင်းညွှတ်ထိုင်ရက် အနေအထား (Paschimottanasana)

ဒီအနေအထားက ခန္ဓာကိုယ်အနောက်ဘက်ခြမ်းမှာရှိတဲ့ ကြွက်သားတွေ (အထူးသဖြင့် ဒူးခေါင်းပိုင်း၊ ကျောရိုးမကြီးပိုင်း) ကို အကြောဆန့်ပေးပါတယ်။ စိတ်တည်ငြိမ်စေပြီး စိုးရိမ်ပူပန်မှု၊ စိတ်စိဖီးမှုတို့ လျော့ကျစေပါတယ်။

ဒီအနေအထားက အခြေခံအနေအထားဖြစ်လို့ ဘယ်အတိုင်းအတာထိ ကွေးညွှတ်နိုင်သလဲဆိုတာ သင့်အပေါ်မှာပဲ မူတည်ပါတယ်။ ဘယ်အနေအထားထိ ကွေးညွှတ်နိုင်တယ်ဆိုတာ ချိန်ဆပြီး ခန္ဓာကိုယ်အနေအထားကို သက်သောင့်သက်သာထားပြီး လေ့ကျင့်နိုင်ပါတယ်။

JuneExercise4

၎။ Marichi အနေအထား (Marichyasana)

Marichi ကို Sage အနေအထားလို့လည်း ခေါ်ကြပါသေးတယ်။ ဒူးခေါင်းပိုင်း၊ တင်ပါးဆုံရိုးပိုင်းနဲ့ ပခုံးက ကြွက်သားတွေကို အကြောပြေလျော့စေပြီး အစာခြေဖျက်မှု အားကောင်းစေပါတယ်။ လက်နှစ်ဖက်ကို နောက်ကျောဘက်မှာ ပြန်ချိတ်နိုင်ဖို့ ကွင်းတစ်ခုခုသုံးလို့ရပါတယ်။

JuneExercise5

၅။ Child အနေအထား (Balasana)

ဒါကတော့ နားနားနေနေလုပ်လို့ရတဲ့ အနေအထားဖြစ်ပြီး စိတ်တည်ငြိမ်မှု အပြည့်အ၀ ရရှိစေပါတယ်။ ဒီအနေအထားမျိုးက ဒူးခေါင်း၊ ကျောပြင်နဲ့ လည်ပင်းနားတစ်ဝိုက် နာကျင်ကိုက်ခဲမှုတို့ကို သက်သာစေပြီး ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေပါတယ်။ ကျောရိုးမကြီးရဲ့ အနီးတစ်ဝိုက်က ကြွက်သားတွေကို ဖြေလျော့ပေးပြီး စိတ်လက်ပေါ့ပါး လန်းဆန်းစေပါတယ်။

Ref:www.fitwirr.com