Elon Musk က Tesla ရဲ့ ဝန်ထမ်း ၁၀ ရာခိုင်နှုန်းခန့် လျှော့ချချင်

ရိုက်တာသတင်းဌာနအရ Elon Musk အနေနဲ့ စီးပွားရေးနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်စိတ်ရှိနေပြီး လျှပ်စစ်ကားထုတ်လုပ်တဲ့ သူ့ရဲ့ကုမ္ပဏီ Tesla ကနေ ဝန်ထမ်း ၁၀ ရာခိုင်နှုန်းလောက်လျှော့ချဖို့လိုအပ်တယ်လို့ပြောကြောင်းသိရပါတယ်။

ဒီသတင်းက Elon Musk က Tesla ရဲ့ဝန်ထမ်းတွေအကုန်လုံးကိုမဖြစ်မနေ အလုပ်ပြန်တက်ရမယ်လို့ပြောအပြီး နောက် ၂ ရက်အကြာမှာထွက်လာခဲ့တာပါ။ Tesla မှာက ဝန်ထမ်းပေါင်း ၁သိန်းလောက်ရှိတာဖြစ်တယ်လို့ ၂၀၂၁ ခုနှစ်ကုန်ပိုင်း နှစ်ပတ်လည် SEC Filing အရ သိရပါတယ်။ ခုအချိန်အထိတော့ Tesla က ဒီကိစ္စနဲ့ပတ်သက်လို့မှတ်ချက်မပေးနိုင်သေးပါဘူး။

ရိုက်တာသတင်းဌာနက တွေ့ခွင့်ရထားတဲ့ Musk ရဲ့ ကမ္ဘာတစ်၀ှမ်း ဝန်ထမ်းသစ်ခေါ်ခြင်းကို ရပ်တန့်ထားပါဆိုတဲ့ခေါင်းစဉ်နဲ့  Email ထဲမှာတော့ သူက သူ့အနေနဲ့ စီးပွားရေးအခြေအနေကို အတော်လေးစိုးရိမ်ပူပန်နေတယ်ဆိုပြီးရေးသားထားတာကို တွေ့ရပါတယ်။

ယခုသီတင်းပတ်အစောပိုင်းတုန်း အင်္ဂါနေ့တုန်းက Musk က သူ့ရဲ့ Tesla ဝန်ထမ်းအားလုံးကို တစ်ပတ်ကို နာရီလေးဆယ်ပြည့်အောင် ရုံးတက်ကြဖို့နဲ့ အဲဒီလို ရုံးမတက်ကြရင် အလိုအလျောက်နုတ်ထွက်တယ်လို့သတ်မှတ်မှာဖြစ်ကြောင်း Email ရေးခဲ့ပါသေးတယ်။

ကြာသပတေးနေ့တုန်းကလည်း Twitter ပေါ်မှာ Atlassian Plc ရဲ့ Co-Founder ဩစတြေးလျနိုင်ငံသား နည်းပညာသမား ဘီလျံနာ Scott Farquhar နဲ့လည်း အခြေအတင်ဖြစ်ကြပါသေးတယ်။ Faruqhar က Elon Musk ရဲ့ ရေးသားချက်တွေကို ၁၉၅၀ ခုနှစ်တွေထဲကအပိုင်းပါပဲလားလို့ လှောင်ထားတာပါ။ ပြီးတော့  အမေရိကန်နိုင်ငံတွင်း စတော့အိတ်ချိန်းတင်ထားတဲ့ Atlassian Plc အနေနဲ့ “Work from anywhere” ဆိုတဲ့ဆောင်ပုဒ်ကိုလက်ကိုင်ထားပြီး ဒါကလည်း ကုမ္ပဏီဆက်လက်တိုးတက်နေခြင်းရဲ့ အဓိကအချက်တွေထဲက တစ်ခုဖြစ်ကြောင်း၊ ၂၀၂၆ ဘဏ္ဍာနှစ်ရောက်ရင် ကုမ္ပဏီအနေနဲ့ ဝန်ထမ်းပေါင်း နှစ်သောင်းခွဲလောက်ထပ်တိုးလာဖို့မျှော်မှန်းထားကြောင်းနဲ့၊ Tesla က ဝန်ထမ်းတွေလာလျှောက်ကြဖို့စိတ်ဝင်စားသလားဆိုပြီး အမေးလေးနဲ့ Tweet တွေကို Farquhar က အဆုံးသတ်ထားပါတယ်။

Musk ကတော့ စီးပွားရေးကျကပ်ဆိုတာက စီးပွားရေးလောကကိုသန့်စင်ပေးတဲ့ အရေးကြီးလုပ်ဆောင်ချက်တစ်ခုလို့ ပြန်ပက်ပါတယ်။ (သူပြောချင်တာက အပြင်မှာအချင်းချင်းပြောကြသလို တောင့်မခံနိုင်တဲ့ပါချီပါချက်တွေပြုတ်သွားရင် စီးပွားရေးလာကကြီး လူသန့်သွားတာပေါ့ဆိုတဲ့ သဘောပါ။)

Musk အတွက်ကတော့ Twitter ပေါ် ဒီလိုအခြေအတင်ပွဲတွေက ဆန်းတော့ မဆန်းတော့ပါဘူး။ ဖြစ်နေကြ ပြောချင်တာပြောပြီး မတောင်းပန်ပဲနေနေကြပါပဲ။

စီလီကွန်ဗယ်လီမှာရှိတဲ့ နည်းပညာကုမ္ပဏီတွေတော်တော်များများက ရုံးတက်ခြင်းနဲ့အိမ်ကအလုပ်လုပ်ခြင်း နှစ်ခုကိုမျှပြီးအသုံးပြုနေကြတာပါ။ တစ်ချို့ကုမ္ပဏီတွေက မဖြစ်မနေ ရုံးပြန်တက်ဖို့ ရက်တွေသတ်မှတ်ကြတာမျိုးရှိပေမယ့် ကူးစက်မှုအသစ်အသစ်တွေထပ်တွေ့တွေ့နေလို့ ပြန်မတက်ဖြစ်ကြပါဘူး။

အခု Musk ကလည်းသူ့ဝန်ထမ်းတွေ မဖြစ်မနေ ပြန်တက်ရမယ်ဆိုပြီးလုပ်တဲ့အခါ သူ့ရဲ့ ဂျာမဏီရုံးခွဲဆို တင်းခံဆန့်ကျင်မှုတွေ စကြုံတွေ့နေရပါပြီဖြစ်ပါတယ်။

တကယ်တော့ မေလနှောင်းပိုင်းမှာတုန်းကလည်း Musk ကို Twitter အသုံးပြုသူတစ်ယောက်က တကယ်ပဲ စီးပွားရေးကျဆင်းခြင်းဖြစ်မယ်လို့ထင်သလားဆိုပြီးမေးခဲ့ပါတယ်။ ဒါကို Musk က ဖြစ်မှာလို့ဖြေတဲ့အပြင် ဒါက ကောင်းတဲ့ကိစ္စတစ်ခုလို့လည်း ဆိုပါသေးတယ်၊ ဆက်ပြီး သူက အဖြစ်မရှိတဲ့သူတွေအတွက်ငွေမိုးတွေရွာနေကြတာသိပ်ကြာနေပြီ၊ ဒေဝါလီလေးဘာလေးလည်း ခံကြဖို့လိုအပ်နေပြီဆိုပြီးဖြေထားဖူးပါတယ်။

ဒီသီတင်းပတ်နှောင်းပိုင်းမှာလည်း Musk က Tesla AI Day ကို စက်တင်ဘာ ၃၀ ရက်နေ့ကိုနောက်ဆုတ်ခဲ့ပါတယ်။ ဒီလိုနောက်ရွှေ့လိုက်တာက AI Day ကို ဩဂုတ်လ ၁၉ ရက်မှာလုပ်မယ်အကြောင်း ကြေငြာပြီး ၂ ပတ်အကြာမှာပဲ ထပ်မံထုတ်ပြန်လာတာပါ။ သူက အဲဒီလောက်ကျရင်တော့ Optimus prototype က ရလောက်ပြီလို့ ဆိုပါတယ်။

Optimus ဆိုတာကတော့ လူသားနဲ့အနီးစပ်ဆုံးတူအောင်လုပ်ထားတဲ့ စက်ရုပ်ဖြစ်ပြီး Tesla က အဓိကထား လုပ်နေတဲ့ Project လည်းဖြစ်ပါတယ်။ အစတုန်းကတော့ နောက်နှစ်မှ မိတ်ဆက်မယ် Project လို့ ဆိုထားတာပါ။ ဒီနှစ်ဇန်နဝါရီလတုန်းက Musk က Optimus ဟာ ရေရှည်မှာ တဖြည်းဖြည်းနဲ့ လုပ်သားပြတ်လပ်ခြင်းကိစ္စကို ဖြေရှင်းပေးနိုင်သွားဖို့နဲ့ ရေတိုမှာတော့ စက်ရုံတွေမှာ ပစ္စည်းတွေသယ်ပို့ပေးဖို့ကိစ္စက စမှာြဖစ်တယ်လို့ ပြောထားတာပါ။

၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၉ ရက်က Tesla ရဲ့ ပထမဆုံးအကြိမ်ကျင်းပတဲ့ AI Day အပြီးနောက် ဒုတိယအကြိမ်ကျင်းပဖို့လုပ်နေတဲ့ AI Day လည်းဖြစ်ပါတယ်။

AI Day ရဲ့ ရည်ရွယ်ချက်တစ်ခုက AI/Software/Chip နဲ့ပတ်သက်တဲ့ ကျွမ်းကျင်သူတွေကိုဆွဲဆောင်ဖို့လည်း ကျင်းပရခြင်းဖြစ်‌ကြောင်းလည်း မေလတုန်းက Musk က သူ့ရဲ့ Tweet တစ်ခုထဲမှာ ထည့်ရေးခဲ့ပါသေးတယ်။

Ref : BKKPost, Internet