Covid-19 ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ၂၀၂၀ အရှေ့အာရှရဲ့ GDP တိုးတက်မှုနှုန်းဟာ ၄.၂ ရာခိုင်နှုန်းအထိကျဆင်းဖွယ်

Covid-19 ဗိုင်းရပ်စ်ရောဂါပျံ့နှံ့မှုတိုးပွားလာသည်နှင့်အမျှ ခရီးသွားလုပ်ငန်းများဒေသတွင်းနဲ့နယ်စပ်ကုန်စည်စီးဆင်းမှုများစွာကို ထိခိုက်စေတဲ့အပြင် အိမ်ထောင်စုများရဲ့ငွေကြေးသုံးစွဲမှုများလည်းကျဆင်းလာပါတယ်။

ဒါကြောင့် အရှေ့တောင်အာရှအတွင်းရှိ စီးပွားရေးတိုးတက်မှုနှုန်းဟာ တစ်စတစ်စနှေးကွေးလာပြီး ၂၀၂၀ ပြည့်နှစ်မှာ ၄.၂ ရာခိုင်နှုန်းအထိကျဆင်းမယ်လို့ Charteret အစာရင်းကိုင်အဖွဲ့အစည်း ICAEW ဟာ ၂၀၂၀ ခု၊ မတ်လ ၁၇ ရက်နေ့မှာ နောက်ဆုံးထုတ်ပြန်တဲ့ Economic Update: South East Asia မှာခန့်မှန်းထားပါတယ်။ ဒါပေမဲ့သင့်တင့်လျောက်ပတ်တဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမူဝါဒတွေနဲ့ဘဏ္ဍာရေးလှုပ်နှိုးမှုတွေကြောင့် တိုးတက်မှုအဟုန်ဟာ ၂၀၂၁ ခုနစ်မှာ ၅ ရာခိုင်နှုန်းထိ ပြန်လည်တိုးမြှင့်လာမယ်လို့ ဆက်လက်ခန့်မှန်းထားပါတယ်။

တရုတ်နိုင်ငံရဲ့ Covid-19 ဗိုင်းရပ်စ်ရောဂါရိုက်ခတ်မှုဟာ အရှေ့တောင်အာရှမှာရှိတဲ့ခရီးသွားလုပ်ငန်းတွေနဲ့ အိမ်ထောင်စုအလိုက် ငွေကြေးသုံးစွဲမှုတွေကျဆင်းပြီး ကုန်စည်စီးဆင်းမှုတွေပြတ်တောက်ခြင်းကနေ သိသိသာသာ ထိခိုက်နိုင်ဖွယ်ရှိပါတယ်။ လက်ရှိမှာမြန်မာနိုင်ငံဟာလည်း တရုတ်နိုင်ငံနဲ့နယ်စပ်ကုန်သွယ်မှုတွေကျဆင်းပြီး များစွာထိခိုက်နေတာဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ခရီးသွားလုပ်ငန်းတွေအပေါ် မှီခိုမှုနည်းတဲ့အတွက်ကြောင့် ထိခိုက်မှုကိုထိန်းချုပ်နိုင်ဖွယ်ရှိပါတယ်။

ဒါပေမဲ့ ခရီးသွားလုပ်ငန်းနဲ့ကုန်စည်စီးဆင်းမှုတွေအပေါ် ရိုက်ခတ်မှုတွေဟာ ရေတိုသာဖြစ်မယ်လို့လည်း ဆက်လက်မျော်လင့်ထားကြပါတယ်။ အမေရိကန်နဲ့တရုတ်နိုင်ငံအကြားမှာ Phase One Trade Deal ရှိနေတဲ့အတွက် နှစ်ဝက်အတွင်းမှာ လျှပ်စစ်ပစ္စည်းဈေးကွက်တွေ နာလန်ထူလာပြီးနောက်ပိုင်းမှာ သွင်းကုန်ပို့ကုန်လုပ်ငန်းတွေ သိသိသာသာကြီး ပြန်လည်တိုးတက်လာမယ်ဆိုရင် အရှေ့တောင်အာရှရဲ့စီးပွားရေးကျဆင်းမှုတွေကလျော့နည်းလာမှာဖြစ်ပါတယ်။

ထိုင်း၊ မလေးရှားနဲ့ဖိလစ်ပိုင်နိုင်ငံတွေဟာ အတိုးနှုန်းတွေကို ဒီနှစ်အတွင်းမှာ ၂၅ မှတ်စီလျှော့ချလိုက်ပြီး အင်ဒိုနီးရှားနိုင်ငံကတော့ပထမနှစ်ဝက်အတွင်း မှာပိုမိုလျော့ချနိုင်လိမ့်မယ်လို့သိရပါတယ်။ စင်ကာပူနိုင်ငံမှာတော့ငွေကြေးအာဏာပိုင်အဖွဲ့(MAS)က ဧပြီလအတွင်းမှာကုန်သွယ်မှုနှုန်းနဲ့ ချိန်ညှိတိုင်းတာတဲ့ငွေကြေးတန်ဖိုးတွေနဲ့ ပတ်သက်ပြီးလုံးဝမစွက်ဖက်တဲ့အနေအထားကိုပြောင်းလဲလာနိုင်တယ်လို့ ခန့်မှန်းချက်အရသိရပါတယ်။

ဘဏ္ဍာရေးစာမျက်နှာတွေမှာ စင်ကာပူနိုင်ငံဟာ သူ့ရဲ့ ၂၀၂၀ ဘတ်ဂျက်အတွက် မျှော်လင့်ထားတာထက် ပိုများတဲ့ဘဏ္ဍာငွေထောက်ပံ့မှု GDP ၁.၂ ရာခိုင်နှုန်းကိုအစပျိုးလိုက်တာဟာဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့်ဖြစ်တဲ့ စီးပွားရေးထိခိုက်မှုတွေကို သက်သာစေပြီး ထိုင်းနဲ့မလေးရှားတို့ကလည်း မကြာခင်က အလားတူလုပ်ဆောင်လာတာတွေ့ရပါတယ်။

ICAEW ရဲ့ Greater China & South East Asia ဆိုင်ရာ Reginal Director ဖြစ်သူ Mark Billington “ရောဂါပိုးပျံ့နှံ့မှုကြာရှည်မယ်ဆိုရင် ရေရှည်အသုံးစရိတ်ကိုထိခိုက်လာနိုင်ပြီး တိုးတက်မှုနှုန်းက ပိုမိုကျဆင်းစေမှာဖြစ်တဲ့အတွက် ကျွန်တော်တို့သတိထား စောင့်ကြည့်နေပါတယ်။ လောလောဆယ်မှာတော့ Covid-19 ရဲ့ရိုက်ခတ်မှုကပြင်းထန်ပေမယ့် ရေတိုပဲဖြစ်ပြီး ဒေသတွင်းဝယ်လိုအားကိုတိုးမြှင့်ဖို့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ကြိုးပမ်းမှုကြောင့် ခုသာခံသာဖြစ်စေမယ်လို့လည်း မျှော်လင့်ထားပါတယ်” လို့ဆိုပါတယ်။

Ref: https://www.icaew.com/…/ec…/economic-insight-south-east-asia