Covid 19 ကြောင့် စားသုံးဆီမပြတ်လပ်ရေးနှင့်ဈေးနှုန်းမှန်ကန်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ထိန်းချုပ်လုပ်ဆောင်လက်ရှိ

ကမ္ဘာမှာဖြစ်ပျက်နေတဲ့ Covid 19 ရောဂါအခြေအနေကြောင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေနဲ့ အစိုးရမှ ဖွဲ့စည်းထားတဲ့ သက်ဆိုင်ရာကော်မတီများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ညီနောင်အသင်းအဖွဲ့များနဲ့ ပူးပေါင်းပြီးတော့ စားသုံးဆီဈေးနှုန်းတည်ငြိမ်ရေး၊ ပြည်တွင်းမှာစားသုံးဆီမပြတ်လပ်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း မတ်လ ၂၄ ရက်ကထုတ်ပြန်လိုက်ပါတယ်။

လက်ရှိအချိန်ထိ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံမှ စားအုန်ုးဆီသင်္ဘောများ ရန်ကုန်ဆိပ်ကမ်းကိုဆိုက်ကပ်လျက်ရှိနေပြီး စဉ်ဆက်မပြတ် ဆိုက်ကပ်ဖို့အရေးကိုလည်း အသင်းအနေဖြင့် စီးပွားကူးသန်းဝန်ကြီးဌာနနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။ အသင်းရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအခြေအနေမျိုးမှာ စားသုံးသူပြည်သူများကို စိုးရိမ်ပူပန်စေမယ့် သတင်းအမှားများ၊ စားသုံးဆီအပါအဝင် ကုန်ဈေးနှုန်းတည်ငြိမ်မှုကိုအဟန့်အတားဖြစ်စေမယ့် သတင်းမှားများဖော်ပြခြင်းကို အထူးသတိထားရှောင်ကြဉ်ဖို့ ပြောဆိုထားပါတယ်။

ဒါအပြင် စားသုံးသူပြည်သူများအနေနဲ့ စားသုံးဆီများ အလွန်အကျွံ စုဆောင်းခြင်းများမပြုလုပ်ကြဖို့နဲ့ ရောင်းဝယ်ဖောက်ကားသူတွေအနေနဲ့လည်း သင့်တင့်မျှတတဲ့ စားသုံးဆီဈေးနှုန်းဖြစ်ပေါ်စေရေးအတွက် ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးဖို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ထားပါတယ်။