COVID 19 ကာလအတွင်း Brand တွေအနေနဲ့ တုန့်ပြန်ဆောင်ရွက်သွားသင့်တဲ့ အချက် ၆ ချက်

Covid 19 ဟာ ကာလတိုတစ်ခုအတွင်းမှာပဲ လူတွေရဲ့နေမှုပုံစံကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့ပါတယ်။ တစ်ဦးနှင့်တစ်ဦးနီးကပ်ဆက်စပ်စွာရှိနေရာက ဝေးကွာစေခဲ့တယ်။ တစ်ဦးနှင့်တစ်ဦးမယုံသင်္ကာစိတ်နှင့် မလုံခြုံမှုကိုခံစားရစေတယ်။ အနာဂတ်ဟာ ရေရာသေချာမှုမရှိပဲ ေေ၀ဝါးထွေပြားနေစေခဲ့တယ်။ ဘရင်းတစ်ချို့ကို မမျော်လင့်တဲ့ အောင်မြင်မှုတွေပေးစွမ်းခဲ့ပြီး တစ်ချို့ဘရင်းတွေကိုတော့ မျော်လင့်မထားတဲ့အတိုင်းအတာအထိ ဆုံးရှုံးသွားစေခဲ့ပါတယ်။

အထူးသဖြင့်လေကြောင်းလိုင်းတွေရဲ့ အဆုံးအရှုံးဟာ ကြီးမားလွန်းတယ်။ Virgin Austalia လေကြောင်းလိုင်းအပါအဝင် အခြားလေကြောင်းလိုင်းတစ်ချို့ကို ဒေဝါလီခံသွားစေတယ်။ လေကြောင်းလိုင်းသမိုင်းရဲ့ နှစ်ပေါင်း ၁၀၀ သက်တမ်းအတွင်း Covid ရဲ့ ရိုက်ချက်ဟာအပြင်းဆုံးလို့ ဆိုကြပါတယ်။ တစ်ပြိုင်တည်းမှာဘဲ တစ်ချို့ဘရင်းတွေကိုတော့ အပေါ်ကိုတွန်းတင်ပေးခဲ့ပြန်တယ်။ Zoom လို ရုပ်သံဆွေးနွေးမှု App ၊ Netflix လို အင်တာနယ်ရုပ်သံဖျော်ဖြေရေးအစီအစဉ်နဲ့ Amazon လို အိမ်တိုင်ယာရောက်ပို့ဆောင်ရောင်းဝယ်ရေးဘရင်းတွေ ကတော့ မျက်နှာသာရခဲ့ပါတယ်။

ဒီလိုအခြေအနေအချိန်အခါမျိုးမှာ ဘရင်းတွေအနေနဲ့ လိုက်လျောညီထွေဘယ်လိုတုံ့ပြန်ကြမလဲဆိုတာ စဉ်းစားကြရပါတယ်။ စားသုံးသူတွေရဲ့ ပြောင်းလဲသွားတဲ့ စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေပေါ်မူတည်လို့ ချိန်ညှိဆောင်ရွက်သွားရပါလိမ့်မယ်။ဒီအခက်အခဲကာလမှာ ဘရင်းတစ်ခုအနေနဲ့ ဘယ်လိုတုံ့ပြန်ဆောင်ရွက်သွားသင့်သလဲဆိုတာကို အောက်ပါအတိုင်း ဝေမျှပေးလိုပါတယ်။

၁။ ဘရင်းကပေးသော သတင်းစကား (Brand Message)ကိုသတိပြုပါ။

ခုအချိန်ဟာ စားသုံးသူတွေအနေနဲ့ အကဲဆတ်တဲ့ကာလဖြစ်ပါတယ်။ ဝန်ဆောင်မှု၊ ဒါမှမဟုတ် ကုန်ပစ္စည်းဘာကိုပဲရောင်းရောင်းစားသုံးသူကိုပေးမဲ့ သတင်းစကား (Brand Message) ကို ပြန်လည်ညှိရမဲ့အချိန်အခါပါ။ ကြော်ငြာတွေမှာပဲဖြစ်ဖြစ်၊ ဆိုရှယ်မီဒီယာက ဆက်သွယ်မှုတွေမှာပဲဖြစ်ဖြစ် အတင်းတွန်းထိုးရောင်း Hard Sale ခြင်းကို လျော့ချပြီး ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ လိုက်ဖက်ညီအောင်ဆွဲဆောင်ရောင်းချ (Soft Sale) တဲ့ သတင်းစကားတွေကို ပိုပေးရမယ့်အချိန်ပါ။

၂။ စားသုံးသူနှင့် အပြန်အလှန်ဆက်သွယ်ခွင့်ကို အပြည့်အဝရယူပါ။

စားသုံးသူတွေအနေဲ့ ဆိုရှယ်မီဒီယာကို ယခင်ကထက်ပိုမို အသုံးပြုလာကြတဲ့ကာလဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာရဲ့ အားသာချက်ဟာ တစ်လမ်းသွားဆက်သွယ်မှုမဟုတ်ပဲ အပြန်အလှန်ဆက်သွယ်လို့ရခြင်း ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို အပြည့်အဝရယူသင့်ပါတယ်။ မိမိလုပ်ငန်းဘယ်လို လည်ပတ်နေတယ်။ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် ဘယ်လိုအလေးထားပြင်ဆင်ထားတယ်။ စားသုံးသူတွေအတွက် ဘယ်လိုအကောင်းဆုံး ဝန်ဆောင်မှုတွေ ပြင်ဆင် ထားတယ်ဆိုတာ အသိပေးလို့ရပါတယ်။ တစ်ပြိုင်နက်ထဲမှာ သူတို့ရဲ့ခံစားမှု သဘောထားတုံ့ပြန်မှုတွေကို သေချာနားထောင်ပါ။ ပြန်လည်ဖြေကြားအသိပေးပါ။ ဒီလိုအခွင့်အရေးကို အရယူဖို့ Online မှာ အမြဲရှိနေပါ။

၃။ ဗီဒီယိုကို အားပြုပါ။

စားသုံးသူအများစုဟာ အိမ်မှာနေရင်း အချိန်ကုန်ဆုံးကြရပါတယ်။ ယခင်ကလို အိမ်ပြင်ကို ထွက်ချင်တိုင်းထွက်ဖို့ အခွင့်မသာသေးတဲ့အချိန်ပါ။ ဒီအချိန်မျိုးမှာ ဗီဒီယိုနဲ့ကြော်ငြာသတင်းပေးတာ ပိုပြီးထိရောက်ပါတယ်။ သတင်းနဲ့မီဒီယာပိုစ့်တွေမှာ ဗီဒီယို PreRoll ဒါမှမဟုတ် Insert ထဲ့တာ၊ မိမိရဲ့ ကိုယ်ပိုင်ဆိုရှယ်မီဒီယာမှာ ကိုယ့်ရဲ့ထုတ်ကုန်နဲ့ ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး တင်ပြတာ၊ အချိန်အခါလိုက်လျောညီအောင် ဘယ်လိုအသုံးချလို့ရတယ်ဆိုတာ ဗီဒီယိုနဲ့ ပညာပေးသတင်းပေးတာတွေ လုပ်သင့်ပါတယ်။

၄။ မိမိရဲ့ဒီဂျစ်တယ်ဗျူဟာကို ပြန်လည်လည်ဆန်းစစ် ပြင်ဆင်ပါ။

ဒီလိုအချိန်မျိုးမှာ အရောင်းကျမှာသေချာပါတယ်။ အရောင်းကျတာကြောင့် ကြော်ငြာစားရိတ်တွေလျော့ချဖို့ စဉ်းစားမယ်ဆိုရင်တော့ ‘နိုး’ လို့ ပြောရပါလိမ့်မယ်။ ဒီအချိန်မှာ ကြော်ငြာလက်ခံတဲ့ မီဒီယာတွေအနေနဲ့လည်း အခက်အခဲကာလမို့ သက်သာတဲ့ဈေးနှုန်းကိုညှိယူဖို့ လွယ်ကူပါတယ်။ လူအများဟာ Online မှာ ရှိနေကြမှာမို့ ကိုယ့်ဘရင်းကိုလဲ Online မှာ ရှိနေဖို့ လိုပါတယ်။

တစ်ချိန်တည်းမှာပဲ မိမိရဲ့SEO (Search Engine Optimization) တိုးတက်နေအောင် မိမိရဲ့ Websites ပိုမိုလွယ်ကူမြန်ဆန်ပြီး အမှား (Error) ကင်းရှင်းအောင်၊ ဆိုရှယ်မီဒီယာမှာ မိမိရဲ့တုံ့ပြန်မှုတွေ ထိရောက်မြန်ဆန်အောင်၊ Analytics တွေလို သေချာလေ့လာပြီး ပိုမိုကောင်း မွန်အောင်ပြင်ဆင်ထားသင့်ပါတယ်။ ဒါမှပုံမှန်အခြေအနေ ရောက်တဲ့အခါ မိမိရဲ့ဒစ်ဂျစ်တယ်ဗျူဟာနဲ့ တုန့်ပြန်မှုတွေဟာ အများထက်တစ်ပန်းသာနေမှာဖြစ်ပါတယ်။

၅။ ဒစ်ဂျစ်တယ်ပြုပြင်ပြောင်းလဲမှု (Digital transformation) ကို ခေါ်ဆောင်ပါ။

ဒီကပ်ကာလဟာ စီးပွားရေးလုပ်ငန်းတွေကို ဒစ်ဂျစ်တယ်ဖက်ကို ပိုမိုတွန်းပို့လိုက်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ဆယ်က လူတွေဟာ အိမ်ထဲမှာ အလုပ်လုပ်တာထက်ရုံးမှာ မျက်နှာချင်းဆိုင်အလုပ်လုပ်ရတာကို ပိုပြီးနှစ်သက်ကြတယ်။ အလုပ်လဲတွင်ပါတယ်။ဒီလုပ်နည်းလုပ်ဟန်ဟာ အခုတော့ ပြောင်းလဲသွားပါပြီ။ အိမ်မှာနေရင်းနဲ့ အလုပ်ကို တွင်ကျယ်အောင် လုပ်လို့ရတယ်ဆိုတာသိရှိသွားကြပါပြီ။

Cloud မှာ အချက်အလက်တွေ သိုလှောင်မယ့် Data Management အတွက်နဲ့ ရုံးကိုသွားနေစရာမလိုတော့ဘူး။ AI, Machine Learning ကို အသုံးပြုပြီး တုံ့ပြန်ဆက်သွယ်မယ်။ Online ကနေပြီး စားသုံးသူတွေရဲ့ သဘော ထားကို ရယူမယ်။ ငွေပေးငွေယူလုပ်မယ်။ လစာပေးမယ်။ အားလုံးဟာ ဒစ်ဂျစ်တယ်နဲ့ ဆက်စပ်ပတ်သက်နေပါ တယ်။
ဒါကြောင့် မိမိလုပ်ငန်းနဲ့ ဆက်စပ်ပတ်သက်သမျ ဒစ်ဂျစ်တယ်နဲ့လွယ်ကူလုပ်ကိုင်နိုင်အောင် ပြုပြင်ပြောင်းလဲရပါတော့မယ်။ Digital Transformation လုပ်ထားမှသာ အနာဂတ်နဲ့အံဝင်ခွင်ကျဖြစ်ပါလိမ့်မယ်။

၆။ ဝန်ထမ်းများကို စိတ်ပိုင်းဆိုင်ရာ ဦးဆောင်အားပေး လမ်းညွှန်ပါ။

စားသုံးသူများ (External Customer) များကို အလေးထား သလို (Internal Customer) များဖြစ်တဲ့ ဝန်ထမ်းများကို အားပေးထောက်ကူမှုပေးရမယ့် အချိန်ဖြစ်ပါတယ်။ ဘရင်းတစ်ခုရဲ့ အောင်မြင်မှုဟာဝန်ထမ်းတစ်ဦးချင်းစီရဲ့ ခံယူမှုနဲ့အားထုတ်မှုပေါ်မှာ မူတည်နေတာကြောင်ပါ။ သူတို့ကိုယ်တိုင် မလုံခြုံမသေချာမှုခံစားနေရချိန်မှာ လုပ်ငန်းရှင်ခေါင်းဆောင်ရဲ့ အားပေးထောက်ကူမှုကအရေးကြီးပါတယ်။ ဒီအခြေအနေကို ဘယ်လိုတုံ့ပြန်မယ်။ ဘယ်လိုစီစဉ်ထားတယ်ဆိုတာ ရှင်းရှင်းလင်းလင်းချပြပြီး ဦးဆောင်လမ်းညွှန်မှုပေးရမယ့်အချိန်ဖြစ်ပါတယ်။