Branding မှန်ကန်စွာတည်ဆောက်သည့် အကောင်းဆုံးဥပမာငါးခု

Startups တွေ (တည်ထောင်ခါစလုပ်ငန်းတွေ) ဟာ ဆက်လက်ရှင်သန်ရပ်တည်ရေးအတွက် ဈေးကွက်ထိုးဖောက်မှုကို အားကိုးကြရပါတယ်။ သင့်ကုမ္ပဏီအကြောင်း သတင်းစကားဖြန့်ချိဖို့ နည်းလမ်းမရှိသေးရင် ကနဦးဖောက်သည်အခြေခံကိုတောင် တည်ဆောက်လို့ မရနိုင်ပါဘူး။ အောင်မြင်တဲ့ဈေးကွက်တင်နည်း၊ ဒါမှမဟုတ် ကြော်ငြာနည်းတိုင်းရဲ့ အလယ်ဗဟိုမှာတူညီတဲ့ လက္ခဏာတစ်ခုရှိပါတယ်။ အဲဒါကတော့ Branding (အမှတ်တံ ဆိပ်တည်ဆောက်ခြင်း)ဖြစ်ပါတယ်။ သင့်ကုမ္ပဏီရဲ့တစ်မူထူးခြားတဲ့ ကိုယ်ပိုင်လက္ခဏာပါဝင်တဲ့အခါ သင့်ရဲ့အမှတ်တံဆိပ်စံချိန်စံနှုန်းတွေက သင့်ဖောက်သည်တွေ၊ သင့်စီးပွားဖက်တွေနဲ့ သင့်ရဲ့ဝန်ထမ်းတွေအတွက်ပါ သင့်လုပ်ငန်းကို သရုပ်ဖော်သတ်မှတ်ပေးပါလိမ့်မယ်။ ဒါပေမဲ့ သင့်လုပ်ငန်းဟာသင့်ပြိုင်ဘက်လုပ်ငန်းနဲ့ ကွဲ ပြားခြားနားအောင်လုပ်ဖို့လိုပြီး အဲဒါကိုဆက်တိုက်ဆောင် ရွက်သွားဖို့လိုပါလိမ့်မယ်။ အကျိုးအကြောင်းဆီလျော်ပေမယ့်ကျရှုံးတဲ့ ကုမ္ပဏီတွေကိုဥပမာပေးရမယ်ဆိုရင် မရေတွက်နိုင်အောင် များပြားလှမှာပါ။သူတို့ဟာ သက်ရောက်မှုရှိပြီး မေ့မရနိုင်တဲ့ တံဆိပ်တစ်ခုခုကို မဖော်ဆောင်နိုင်လို့ ဖြစ်ပါတယ်။ နောက်ပြီး သူတို့ရဲ့အဲဒီရှုံးနိမ့်မှုကြောင့်လည်း သူတို့အမှတ်တံဆိပ်ကို သင်မကြားဖူးတာဖြစ်နိုင်ပါတယ်။ ဒါကြောင့် သြဇာရှိတဲ့ အနာဂတ်အောင်မြင်မှုအတွက် အမှတ်တံဆိပ်ကောင်းတစ်ခုကို ဖန်တီးနိုင်ခဲ့တဲ့ Startups တွေထဲက ထင်ရှားတဲ့လုပ်ငန်းငါးခုကို ဥပမာထားပြီး ဖော်ပြလိုက်ပါတယ်။

၁။ Ello ဟာ တီထွင်ဖန်တီးမှုတွေနဲ့Social Network ဖြစ်တယ်။

Ello ဟာအပိုတွေမပါဘူးလို့ကြေညာထားတဲ့ ရိုးရိုးစင်းစင်းလူမှုကွန်ရက်တစ်ခုဖြစ်ပြီး Facebook ၊ Twitter နဲ့ Instagram တို့လို အလွန်ရေပန်းစားတဲ့ Platform တွေကသတ်မှတ်ထားတဲ့ ရှိရင်းစွဲအခြေအနေကို စိန်ခေါ်ဖို့ကြိုးစားနေပါတယ်။ မတူကွဲပြားအောင်လုပ်ဖို့ အခွင့်အလမ်းတချို့သာရှိပြီး သက်တမ်းရင့်ပြိုင်ဆိုင်မှုရှိတဲ့ အဲဒီဈေးကွက်ထဲကို ထိုးဖောက်ဝင်ရောက်ဖို့ဆိုတာသိပ်မလွယ်လှပေမဲ့ Ello က သူ့ရဲ့တစ်မူထူးခြားကွဲပြားတဲ့ တန်ဖိုးအဆိုပြုချက်(Value Proposition) နဲ့သူ့ရဲ့အမှတ်တံဆိပ်ကို တည်ဆောက်ပါတယ်။ User တွေအနေနဲ့ ဘာကြော်ငြာမှမြင်ရမှာမဟုတ်ကြောင်း၊ User တွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ဘယ်တော့မှ ပြန်ရောင်းစားတာ၊ ဒါမှမဟုတ် ရယူတာပြုလုပ်မှာမဟုတ်ကြောင်း Ello က သူ့ရဲ့ User တွေကို ကတိပေးပါတယ်။ သူဟာ ပြီးပြည့်စုံတဲ့၊ ကြော်ငြာကင်းလွတ်တဲ့ အရှင်းလင်းဆုံးလူမှုကွန်ရက် ပလက်ဖောင်းတစ်ခုဖြစ်မယ်လို့ဆိုထားပြီး သူ့ရဲ့တဲ့တိုးကျပြီးရိုးသားတဲ့ Brand တည်ဆောက်မှုက အဲဒါကို သရုပ်ပြပါတယ်။ ရိုးရှင်းတဲ့ စာမျက်နှာဖွဲ့စည်းမှု၊ ဆေးရောင်စုံအစားအဖြူအမည်း သာသုံးခြင်းနဲ့ ပေါက်တတ်ကရစာသားတွေ မရေးသားခြင်းတို့ကြောင့် Ello ဟာ ကုန်ပစ္စည်းကို အကောင်းဆုံးကိုယ်စားပြုတဲ့အခြေအနေတစ်ခုကို User တွေကို ရရှိစေပါတယ်။

၂။ Jet မှာဈေးပိုဝယ်လေ ဈေးနှုန်းတွေကျဆင်းလေဖြစ်တယ်။

Jet ဟာ မူလပထမတုန်းက Amazon ကို အဆုံးသတ်ပစ်မယ့် Website လို့ ယူဆခံရပြီး အခုထိလည်း အဲဒီအလားအလာကို ဆုပ်ကိုင်ချီတက်ဆဲဖြစ်နိုင်ပါတယ်။ ၂၀၁၅ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ Jet ဟာ e-commerce (အီလက်ထရွန်းနစ် ကူးသန်းရောင်းဝယ်ရေး) အတွေ့အကြုံသစ်တစ်ခုပေးဖို့ကြိုးစားရင်း Amazon ရဲ့ Trend တွေ၊ စတိုင်လ်တွေနဲ့ လုပ်ကိုင်လည်ပတ်နိုင်စွမ်း အတော်များများကိုလိုက်အတုခိုးနေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ရှုထောင့်ကတစ်မျိုးထူးခြားပါတယ်။ Jet ဟာ User တွေ ပစ္စည်းပိုဝယ်လေ ဈေးနှုန်းကျဆင်းလေဖြစ်အောင်စီစဉ်ကာ ဖောက်သည်တွေကိုဆွဲဆောင်ပါတယ်။ Jet ဟာ သူ့ရဲ့ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုလည်း ပိုပေးထားပါတယ်။ အဲဒီပွင့်လင်းမြင်သာမှုဟာ Jet ရဲ့ Website တစ်ခုလုံးမှာ ထင်ပေါ်လှပါတယ်။ အဲဒါက User တွေကို ‘Jet’ အမှတ်တံဆိပ်ကို စွဲစွဲမြဲမြဲသုံးစွဲစေပြီး ဖောက်သည်ရဲ့ သစ္စာရှိမှုနဲ့မှတ်မိမှုတို့ကို တိုးမြှင့်ပေးပါတယ်။

၃။ Slack က Email အသုံးပြုမှုကို အဆုံးသတ်ပစ်ချင်တယ်။

အင်တာနက်မှာ ပြောဆိုဆက်သွယ်ရေး App တွေအများကြီးရှိပါတယ်။ Skype၊ Viber နဲ့ Facebook Messenger တို့ဟာ အလွယ်တကူဥပမာပေးလို့ရတဲ့ ရွေးချယ်စရာအခမဲ့ App တချို့ဖြစ်ပါတယ်။ ဒါဆို Slack လို စီးပွားရေးပြောဆိုဆက်သွယ်မှု App အသစ်တစ်ခုက ဒီလောကထဲကို ဘယ်လိုဝင်လာမှာလဲ။ အစွမ်းထက်တဲ့ အမှတ်တံဆိပ်တည်ဆောက်နည်းသုံးရုံပေါ့။ Slack ဟာ သူ့ရဲ့တံဆိပ်ကို Professional ဆန်ပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ လိုက်ဖက်တဲ့တံဆိပ်တစ်ခုဖြစ်အောင် အချိန်ယူတီထွင်ဖန်ဆင်းခဲ့ပါတယ်။ ဒါပေမဲ့ User တွေ အနေနဲ့ ပုဂ္ဂိုလ်ရေးပိုဆန်တဲ့ ချိတ်ဆက်မှုခံစားရအောင်လို့ ခင်မင်ရင်းနှီးမှုတွေ ဖန်တီးနိုင်ပြီး ပေါ့ပေါ့ပါးပါးသုံးနိုင်အောင်လည်း လုပ်ထားပါတယ်။ ဒီနေရာမှာထိန်းညှိနိုင်ဖို့တော့လိုပါတယ်။ သိပ်အပြောင်အပြက်များပြီး ရယ်စရာကောင်းလွန်းနေရင် သင်ဟာ Professional မဆန်သူ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ သိပ်စင်းလုံးချောဖြစ်ပြီး Professional ပီသလွန်းပြန်တော့လည်း သင်ဟာ အပြန်အလှန်ဆက်စပ်နိုင်စွမ်းကို စတေးရလိမ့်မယ်။ Slack အမှတ်တံဆိပ်က အဲဒီ ‘စည်း’ ကို အကောင်းဆုံးထိန်းညှိကိုင်တွယ်ထားပါတယ်။

၄။ Airbnb က သမားရိုးကျဟိုတယ်တွေကို ယှဉ်ပြိုင်တယ်။

သူစိမ်းတစ်ယောက်ရဲ့အိမ်မှာသင်တည်းခိုအိပ်စက်ပြီးတော့ ငွေချွေတာတယ်ဆိုတာ မထူးဆန်းပေဘူးလား။ Airbnb က အဲဒီဆန်းပြားတဲ့ စိတ်ကူးကိုအသုံးပြုပြီး အောင်မြင်တဲ့ Brand အဖြစ် တည်ဆောက်လိုက်ပါပြီ။ အခုဆိုရင် ဒီကုမ္ပဏီဟာကမ္ဘာ့နိုင်ငံပေါင်း ၁၉၁ နိုင်ငံက ခရီးသွားဦးရေသန်းနဲ့ချီကာ ဝန်ဆောင်မှုပေးနေပြီး ယုံကြည်စိတ်ချထိုက်ရုံမက သိသာထင်ရှားတဲ့ အမှတ်တံဆိပ်ဖြစ်နေပါပြီ။ Airbnb ဟာ နေရာဒေသအသစ်တွေကို ကြည့်ရှုဖို့စိတ်ဝင်စားတဲ့ ခရီးသွားတွေနဲ့ စကားပြောရင်း စွန့်စားမှု၊ ယဉ်ကျေးမှုနဲ့ ရောနှောစိမ့်ဝင်မှုဆိုတဲ့ သူ့ရဲ့ရည်ရွယ်ချက်နဲ့ ခရီးသွားတွေကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ စိတ်ချအားကိုးနိုင်တဲ့ အမှတ်တံဆိပ်အဖြစ် အခြေခိုင်အောင် လုပ်ဆောင်လျက်ရှိပါတယ်။

၅။ သင်ကားစီးဖို့လိုအပ်တဲ့အခါ Lyft ကိုခေါ်လိုက်ပါ။

ကားစင်းလုံးငှားပေးတဲ့ App တစ်ခုဖြစ်တဲ့ Uber စတင်ခါစမှာ Lyft က သူ့ရဲ့ပြိုင်ဆိုင်မှုကြီးမားတဲ့ ဝန်ဆောင်မှုနဲ့ Uber ကိုစိန်ခေါ်ဖို့ ပေါ်ပေါက်လာပါတယ်။ Lyft က အဲဒီလောကထဲကို အရှိန်အဟုန်နဲ့ ရောက်လာတာပါ။ သူ့ရဲ့အဓိကပြိုင်ဘက် Uber က ထိန်းချုပ်ထားတဲ့ ဈေးကွက်ထဲမှာ အင်အားကောင်းကောင်းနဲ့ သစ္စာရှိတဲ့ အခြေခံ User အင်အားတစ်ခုတည်ထောင်ဖို့ အခွင့်အရေး တစ်ခုရလိုက်ပါတယ်။။ Lyft ရဲ့သော့ချက်က ခြားနား အောင်ပြုလုပ်ခြင်း(Differentiation) ဖြစ်ပါတယ်။ Uber က User တွေရဲ့စိတ်ထဲမှာ အနက်ရောင်မော်တော်ယာဉ် ရုပ်ပုံနဲ့ App အဖြစ် စိုးမိုးထားချိန်မှာ Lyft က သူ့တံ ဆိပ်အတွက် တောက်ပတဲ့ပန်းနုရောင်ကို သုံးပါတယ်။ Uber က လက်ရွေးစင်ယာဉ်မောင်းတွေနဲ့ ကြော်ငြာတော့ Lyft က ရင်းနှီးဖော်ရွေတဲ့ ယာဉ်မောင်း ရုပ်ပုံတွေနဲ့ ကြော်ငြာပါတယ်။ Lyft ဟာ ပိုပျော်စရာကောင်းပြီး နွေး နွေးထွေးထွေး၊ သိုက်သိုက်ဝန်းဝန်းဖြစ်အောင် ဝန်ဆောင်မှုပေးကာ အစွမ်းထက်တဲ့ မားကက်တင်းနည်း၊ ကြော်ငြာနည်းတို့နဲ့ ရပ်တည်နိုင်စွမ်း ရှိနေပါတယ်။

အောင်မြင်တဲ့ Brand တစ်ခုတည်ဆောက်ဖို့ မှတ်သားရမယ့်အဓိကအချက်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ တခြားအမှတ်တံဆိပ်တွေနဲ့ ကွဲပြားခြားနားပါစေ။

ရှိပြီးသားလုပ်ငန်းကို ပုံတူမကူးချပါနဲ့။ သင့်အမှတ်တံဆိပ်ကို ကွဲပြားခြားနားစေမယ့်အချက်တွေအပေါ်မှာ အာရုံစိုက်ပါ။

၂။ လေ့လာမှတ်သားပါ။

ပုံမှန်လုပ်ငန်းအတိုင်းပဲ မဖြစ်ပါစေနဲ့။ သင့်အမှတ်တံဆိပ်ကို ထင်ထင်ပေါ်ပေါ်ဖြစ်စေမယ့် အဓိကကျတဲ့ဝိသေသ လက္ခဏာတွေကို ခွဲခြမ်းစိတ်ဖြာပါ။

၃။ သင့်ပရိသတ်ရဲ့လိုအပ်ချက်ကို သိပါစေ။

သင့်ရဲ့ပရိသတ်က ဘာလိုချင်တယ်၊ ဘာလိုအပ်တယ် ဆိုတာ လေ့လာပြီး ဖြည့်ဆည်းနိုင်အောင်လုပ်ပါ။

၄။ ပုံမှန်ဆောင်ရွက်သွားပါ။

သင့်ရဲ့အမှတ်တံဆိပ်ကို ထင်ရှားစေမယ့် အရောင်းမြှင့်တင်ရေးပစ္စည်းတွေနဲ့ အရင်းအမြစ်တွေသုံးပြီး ပုံမှန် လုပ်ဆောင်သွားပါ။