ဈေးကွက်တန်ဖိုး ၃ ထရီလီယံဒေါ်လာရှိတဲ့ ကမ္ဘာ့ပထမဆုံးကုမ္ပဏီ : Apple Inc.

Apple Inc အနေနဲ့ အထင်ကရမှတ်တိုင်တစ်ခု ထပ်မံစိုက်ထူနိုင်လိုက်တာပါ။ နာမည်ကျော် ကွန်ပျူတာ၊ မိုဘိုင်းပစ္စည်းတွေနဲ့ အခုဆို wearable tech အပါအဝင် နည်းပညာမြင့် ပစ္စည်းများအပြင် Online Services တွေအမျိုးမျိုး ထုတ်လုပ်ဝန်ဆောင်မှုပေးနေတဲ့ ဒီကုမ္ပဏီဟာ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ထရီလီယံပမာဏကို ဒီသီတင်းပတ်ရဲ့တနင်္လာနေ့မှာ ရောက်ရှိခဲ့ပါတယ်။ ဒါကြောင့် Apple အနေနဲ့ ကမ္ဘာမှာ ပထမဆုံး ဒီပမာဏနဲ့ စတော့အိတ်ချိန်းဝင် share trade လုပ်တဲ့ အများပိုင်ကုမ္ပဏီတစ်ခုဖြစ်လာပါတယ်။


Apple ရဲ့ ရှယ်ယာတွေဟာ ကုမ္ပဏီတန်ဖိုး ၃ ထရီလီယံပမာဏထက်ကျော်လွန်စေမယ့် ရှယ်ယာတစ်ခုကို တန်ဖိုး ၁၈၂.၈၈ ဒေါ်လာအထိ (၃ထရီလီယံတန်ကုမ္ပဏီဖြစ်ဖို့ ရှယ်ယာတစ်ခုတန်ဖိုးက ၁၈၂.၈၅ ဒေါ်လာရှိဖို့ပဲလိုပါတယ်။) ၃ ရာခိုင်နှုန်းလောက် အချိန်ပိုင်းကလေးတက်သွားပါသေးတယ်။ နောက်မှသာ မူလဈေးနှုန်းပြန်ကျသွားတာပါ။

Apple အနေနဲ့ ကုမ္ပဏီတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ထရီလီယံပမဏကို ၂၀၁၈ ခုနှစ် သြဂုတ်လမှာ ရောက်ရှိကျော်လွန်ခဲ့ပြီး၊ ၂ ထရီလီယံကျော်ပမာဏကိုတော့ ၂၀၂၀ ခုနှစ် သြဂုတ်လမှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်းမှာတော့ ကုမ္ပဏီရှယ်ယာတန်ဖိုးတွေက ၃၅ ရာခိုင်နှုန်းနီးပါးလောက်တက်လာခဲ့ပါတယ်။ ထုတ်ကုန်အသစ်ဖြစ်တဲ့ iPhone 13 နဲ့ တခြားမော်ဒယ်လ်အမျိုးမျိုးအတွက် ဝယ်လိုအားတဟုန်ထိုးမြင့်တက်လာသလို၊ Apple Music ၊ Apple TV+၊ iCloud စတဲ့ Subscription Service တွေ၊ App Store က ဝင်ငွေတွေတိုးပွားလာမှုတွေ စတဲ့ အချက်အလက်တွေကြောင့် ကုမ္ပဏီအနေနဲ့ အရောင်းပမာဏ ၃၀ ရာခိုင်နှုန်းနီးပါး(၈၃ ဘီလီယံဒေါ်လာ) တက်လာကြောင်း ပြီးခဲ့တဲ့လ (၂၀၂၁ ခုနှစ်၊ဒီဇင်ဘာ)အတွင်း စာရင်းတွေအရ သိရပါတယ်။ ကုမ္ပဏီမှာ cash အနေနဲ့လည်း ၁၉၁ ဘီလီယံဒေါ်လာ ရှိထားပါသေးတယ်။


ဒါပေမဲ့လည်း ၃ ထရီလီယံဒေါ်လာတန်ဖိုးရှိ ကုမ္ပဏီတွေရဲ့အစုအဖွဲ့ထဲကို Apple အပြီးမကြာခင်ဝင်လာတော့မယ့် ကုမ္ပဏီတွေလည်း ရှိနေပါသေးတယ်။ Microsoft က လက်ရှိမှာ ဈေးကွက်တန်ဖိုး ၂.၅ ထရီလီယံဒေါ်လာရှိပြီး၊ Google ရဲ့ ပင်မကုမ္ပဏီ Alphabet အနေနဲ့လည်း ၂ ထရီလီယံနီးပါး တန်ဖိုးရှိနေပါပြီ။ ဒီလို ၂ ထရီလီယံနားမရောက်သေးပေမယ့် အလားအလာအများကြီးရှိနေတဲ့ Amazon (၁.၇ ထရီလီယံဒေါ်လာ) နဲ့ Elon Musk ရဲ့ Tesla (၁.၂ ထရီလီယံဒေါ်လာ) တို့လည်း ရှိနေပါသေးတယ်။

Ref : CNN , Internet