အောင်မြင်သူတို့ ပြုလေ့ရှိသောအချက်ပေါင်း ၁၀၀

ယခင်လမှအဆက်

၁၉။ အပြင်လောကအစစ်အမှန်တွင် နေထိုင်ပါ။

သင့် Email နှင့် Phone တို့ကိုပိတ်ထားပါ။ အင်တာနက်လိုင်းပေါ်မှထွက်လိုက်ပါ။ ထို့ကြောင့် လိုအပ်သောအချိန်တွင် သင်အပြည့်အဝအာရုံစိုက်နိုင်သော၊ လိုအပ်သောအချိန်တွင် သင်အဆက်ဖြတ်ခြင်းပြုနိုင်သော ပိုင်းခြားကန့်သတ်နိုင်သည့် နည်းလမ်းကို ရှာဖွေချမှတ်ပါ။ နည်းပညာသည် အစေခံကောင်းတစ်ခုဖြစ်သော်လည်း သခင်ဆိုးတစ်ယောက်ဖြစ်သည်။ တစ်နည်းအားဖြင့် သင်က ထိန်းချုပ်အသုံးချနိုင်သည့်အချိန်တွင် ကောင်းမွန်သော်လည်း သင့်အပေါ်ပြန်လည်ကြီးစိုးသွားလျှင်မူကား ရလဒ်ဆိုးများသာရရှိဖို့များသည်ဟုဆိုလိုခြင်းဖြစ်သည်။

Gretchen Rubin

အင်တာနက်လိုင်းပေါ်တွင် ကြာရှည်စွာနေခြင်းသည် စိတ်ကျန်းမာရေးကိုထိခိုက်စေနိုင်သည်။ ယင်းသည် ၂၀၁၄ ခုနှစ်၊ မေလက Mirror သတင်းစာတွင်ဖော်ပြခဲ့သည့် လေ့လာတင်ပြမှုတစ်ခု၏ နိဂုံးချုပ်မှတ်ချက်ဖြစ်သည်။ လေ့လာမှုများနှင့်ဆောင်းပါးများစွာက Online တွင်အသုံးပြုသောအချိန်အတိုင်းအတာနှင့်(စိတ်ကျဝေဒနာသေကြောင်းကြံစည်ခြင်း၊ အထီးကျန်ခံစားရခြင်း၊ ညံ့ဖျင်းသောလူမှုရေးဆက်ဆံမှုများ၊ မိမိကိုယ်ကိုတန်ဖိုးထားမှုနိမ့်ကျခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ ပြင်ပလောကနှင့် ကင်းကွာခြင်းစသည့်) ပြဿနာမျိုးစုံတို့ကိုဆက်စပ်ပေးခဲ့ကြသည်။ Bill Gates ကအင်တာနက်အား “အနာဂတ်ကမ္ဘာ့ရွာ၏ လူအများတွေ့ဆုံစုစည်းရာမြို့လယ်ကောင်ကွက်လပ်” ဟုကောင်းစွာတင်စားခဲ့သည်။

“သင့် Email ကို မဖတ်ဘဲ၊ သတင်းအချက်အလက်များမဖတ်ဘဲ၊ Online မတက်ဘဲ တစ်ပတ်ခန့် သို့မဟုတ် တစ်ရက်ပင်သင်နေဖူးပါသလား။ မကြာမီကပင် တစ်စုံတစ်ဦးကကျွနု်ပ်အား အင်တာနက်ဝင်ကြည့်ရခြင်းသည် အစားအစာနှင့်ရေတို့စားသောက်ရန်ထက်ပင် အရေးကြီးနေကြောင်းရယ်စရာအဖြစ်ပြောခဲ့ဖူးသည်။ သင့်ရှေ့တွင်ဖြစ်ပျက်နေသည်ကိုကြည့်ရှုခံစားဖို့ အချိန်ယူပါ။

လက်တွေ့လုပ်ဆောင်ခြင်း

သင့် Online အချိန်ကိုထိန်းချုပ်ကန့်သတ်ပါ။

အင်တာနက်သည် ကောင်းသောအရာတစ်ခုဖြစ်သည်။ သို့သော် သင်၏ Online အချိန်နှင့် Offline အချိန်တို့ကိုချိန်ညှိရမည်ဖြစ်သည်။ သင့်တစ်နေ့တာ၏ နာရီပေါင်းမည်မျှကို Facebook တွင်အမီလိုက်၍ ရေး၊ ဖတ်ခြင်း၊ Instagramတွင် ပုံများကြည့်ခြင်း၊ Whats App တွင် စကားပြောခြင်း၊ Website ဖတ်ရှုခြင်းစသည်တို့အတွက် အသုံးပြုခဲ့ပါသနည်း။

– သင့်အိမ်တွင် Phone နှင့် အင်တာနက်တို့ ပိတ်ထားပြီး အိမ်သို့မဟုတ် ရုံးခန်းအနားတစ်ဝိုက် ကော်ဖီဆိုင်များရှိ ကြိုးမဲ့ဆက်သွယ်မှုများမှ တစ်ဆင့်သာ ဝက်ဘ်ဆိုက်များသို့ဝင်ပါ။ ထိုအခါ သင်သည်အေးဆေးစွာလမ်းလျှောက်ကာ အချက်ပေးသံမြည်တိုင်း မိမိဖုန်းကို ကြည့်ရန်မလိုတော့ဘဲ ပတ်ဝန်းကျင်ရှုခင်းကို လွတ်လပ်စွာခံစားနိုင်ပြီဖြစ်သည်။

– မိတ်ဆွေများကို အိမ်သို့ဖိတ်ခေါ်စဉ် ယင်းတို့၏ဖုန်းများကို အိတ်ကပ်များ၊ လက်ကိုင်အိတ်များထဲ တွင် သိမ်းဆည်းထားဖို့ တိုက်တွန်းနိုင်ပေသည်။

– နေ့စဉ်တစ်စုံတစ်ဦးကို Facebook ၊ Messenger ၊ သို့မဟုတ် Whats App တို့အစား သာမန်ဖုန်းမှတစ်ဆင့် ခေါ်ယူစကားပြောပါ။ စာလုံးအတိုကောက်များအစား သင့်တင့်လျောက်ပတ်သော စကားလုံး များဖြင့်ပြောဆိုပါ။- တစ်စုံတစ်ဦးအားစာရေးပါ။ ကုတ်ပို့ပေးပါ။ သင့်ကိုယ်တိုင်လက်ရေးသည် ပုဂ္ဂိုလ်ရေးပိုဆန်ပြီး ခံစားမှုနှင့်နွေးထွေးမှုတို့ကိုသယ်ဆောင်ပေးပါသည်။

– Google တွင် ရှာဖွေနေရခြင်းများမှ ခေတ္တနားပါ။ စာအုပ်ဆိုင် သို့မဟုတ် စာကြည့်တိုက်များတွင် နာရီအနည်းငယ်မျှ စာအုပ်များရှာဖွေဖတ်ရှုပါ။ စာအုပ်များ၊ မဂ္ဂဇင်းများကြား မွှေနှောက်ရှာဖွေဖတ်ရှုရသည့် ပျော်ရွှင်မှုကိုပြန်လည်ခံစားကြည့်ပါ။

– စနေ၊ တနင်္ဂနွေနှင့် အခြားရုံးပိတ်ရက်များတွင် တစ်နေကုန် အင်တာနက်မဖွင့်ဘဲနေပါ။ ဓာတ်ပုံများ ရိုက်ပါ။ သို့သော် လူမှုရေးကွန်ရက်များတွင် နောက်နေ့မှတင်ပါ။ ကမ္ဘာကြီးအား အဆောတလျင်ပြောပြ ရန်မကြိုးစားဘဲ မိမိပတ်ဝန်းကျင်အား ရိုးရိုးလေး ကြည်နူးစွာခံစားပါ။

၂၀။ ဆက်လက်အာရုံစိုက်ထားပါ

“ပျားတို့သည် တိုက်ခိုက်ခြင်းနှင့် ပျားရည်ထုတ်လုပ်ခြင်းတို့ကို တစ်ပြိုင်တည်း မလုပ်နိုင်ပါ။ တစ်ခုခုကိုရွေးချယ်ရမည်ဖြစ်သည်။ တိုက်ခိုက်မည်လား၊ ပျားရည်ထုတ်လုပ်မည်လား။”

Emanuel Cleaver

အောင်မြင်ခြင်းအတွက် သင်၏အာရုံစူးစိုက်မှုနှင့် စွမ်းအားတို့လိုအပ်သည်။ မည်သည့်ရည်မှန်းချက်မျိုးရှိသည်ဖြစ်စေ ဤအချက်သည် မပြောင်းမလဲမှန်ကန်နေမည်သာဖြစ်သည်။ အောင်မြင်မှုဇာတ်လမ်းအားလုံးသည် တစ်စုံတစ်ဦး၏ရည်မှန်းချက်တစ်ခုအပေါ် အာရုံစူးစိုက်မှုမှလာခြင်းဖြစ်သည်။ အာရုံစူးစိုက်လွန်းသဖြင့် တစ်ခါတစ်ရံစွဲလမ်းမှုတစ်ခုဟုပင်ထင်ရသည်။

J.K Rowling ဆိုသူသည် စာရေးသားခြင်းဖြင့်နေ့ရက်များကိုဖြတ်သန်းခဲ့သည်။ ငွေအနည်းငယ်သာလက်ဝယ်ကျန်ရှိပြီး ငတ်မွတ်ခြင်းနှင့် ရင်ဆိုင်ရသည်အထိပင်ဖြစ်သည်။ ဤကဲ့သို့ တစိုက်မတ်မတ်အာရုံစူးစိုက်မှုက ကမ္ဘာကြီးအား ‘Herry Porter’ ဇာတ်လမ်းများကို ဖန်တီးပေးခဲ့ပြီး သူ့ကိုလည်းပြောမပြနိုင်လောက်သော ြွကယ်ဝမှုနှင့်အောင်မြင်မှုတို့ကိုပေးခဲ့ပေသည်။ Mo Farah ၊ Steve Jobs ဆိုသူတို့သည်လည်း အလားတူပင်ဖြစ်သည်။ ပုဂ္ဂိုလ်များထဲမှမည်သူတစ်ဦးတစ်ယောက်မျှ သူတို့၏ အစောပိုင်းနေ့ရက်များတွင် ပန်းတိုင်နှင့် ရည်မှန်းချက်များစွာဖြင့် အောင်မြင်ရန်ကြိုးစားခဲ့ကြသည်မဟုတ်ပေ။ သို့သော် ယင်းတို့တစ်ဦးမျှအာရုံထွေပြားခဲ့ကြခြင်းမရှိခဲ့ပေ။ Farah သည် တာလတ်ပြေးခြင်းအပေါ်တစိုက်မတ်မတ်အာရုံစိုက်ခဲ့သည်။ Jobs သည် သူ၏တစ်ခုတည်းသောရည်မှန်းချက်ကို ကားဂိုဒေါင်အတွင်းတွင် အာရုံစူးစိုက်ကာစတင်ခဲ့သည်။ အခြားစီးပွားရေးစွန့် စားမှုဒါဇင်ဝက်ခန့်နှင့်အတူ တစ်ချိန်တည်း Apple ကိုတီထွင်ဖန်တီးခဲ့ခြင်းမဟုတ်ပေ။ ဤအရာအားလုံးသည် အကြောင်းအရာတစ်ခုတည်းကိုသာတစိုက်မတ်မတ်အာရုံပြုကြိုးစားသည့် ဥပမာဖြစ်ပြီး John D. Rockefeller ၏ ဆိုစကားတစ်ခုကို ထုတ်နုတ်ပြောရလျှင် မည်သည့်အဆုံးစွန်သော ရည်မှန်းချက်အတွက်ဖြစ်စေ၊ ဤအချက်(အကြောင်းအရာတစ်ခုတည်းပေါ် အာရုံစူးစိုက်မှု) သည် ဘဝအောင်မြင်မှုအတွက်မရှိမဖြစ်လိုအပ်သော အဓိကအ ချက်တစ်ခုဖြစ်သည် ဆိုခြင်းပင်ဖြစ်သည်။

“အောင်မြင်မှုအဖြစ်အပျက်အားလုံးသည် ရည်မှန်းချက်တစ်ခုတည်းအပေါ်အာရုံစူးစိုက်သည့်သူတစ်ဦးမှ စတင်အခြေတည်သည်။”

လက်တွေ့လုပ်ဆောင်ခြင်း

တစ်ကြိမ်တွင်အလုပ်တစ်ခုသာလုပ်ခြင်းဖြင့် ပုံပမာဖြစ်စေပါ။

အရာရာတိုင်းတွင်ပါဝင်ပြီး မည်သည့်အရာမျှ မည်မည်ရရမကျွမ်းကျင်သူတစ်ဦး မဖြစ်ပါစေနှင့်။ တစ်စုံတစ်ခုလုပ်နေသော ဆယ်မိနစ်အတွင်း သို့မဟုတ် မည်သည့်အလုပ်လုပ်နေသည့် အချိန်ပိုင်းတွင်ဖြစ်စေ၊ ၁၀ဝ ရာခိုင်နှုန်း အာရုံစူးစိုက်၍လုပ်ပါ။ ကျွနု်ပ်တို့အသက်အရွယ်၏ ရောဂါတစ်ခုမှာ တစ်ချိန်တည်းတွင်လုပ်စရာမှန်သမျှအကုန်လုပ် လိုခြင်းပင်ဖြစ်သည်။

ကျွနု်ပ်တို့သားသမီးများသည်လည်း အလုပ်များစွာလုပ်ခြင်းတွင်အလွန်တော်သည်ဟု သူတို့ကိုယ်သူတို့ထင်နေကြသည်။ တစ်စုံတစ်ဦးကသင့်အားခေါ်လျှင် အခြားအလုပ်များရပ်ဆိုင်းပြီးမှ စကားပြန်ပြောပါ။ အကယ်၍ ထိုအချိန်တွင်အလုပ်ရပ်ဆိုင်း၍မရလျှင် နောက်မှပြန်ခေါ်ပါ။ ပြောနေခိုက်သင့်ကွန်ပျူတာတွင် စာရေးနေခြင်း၊ ကြည့်နေခြင်း၊ သို့မဟုတ် ရှုပ်ထွေးသည့်လမ်းပေါ်တွင် ကားမောင်းနေခြင်းစသည့် ဆိုဝါးသောကိစ္စများ မပြုလုပ်မိရန် ရှောင်ကြဉ်ပါ။

အခြားသူများ၏တောင်းဆိုမှုများပယ်ချပါ။

သင့်အနေနှင့် လူတိုင်းအတွက် အရာအားလုံးဖြစ်ဖို့မလိုအပ်ပါ။ အာရုံထွေပြားခြင်းကြောင့် ပေါ့တန်သူတစ်ဦးဖြစ်စေရန် အလွယ်ကူဆုံးနည်းလမ်းမှာအခြားသူများ၏ လိုအပ်ချက်များ၊ တောင်းဆိုချက်များအားလုံးကို လက်ခံစဉ်းစားပေးခြင်းပင်ဖြစ်သည်။ ငြင်းဆိုတတ်ဖို့လေ့ကျင့်ပါ။ အကောင်းဆုံး၊ ညင်သာစွာနှင့် လိမ္မာပါးနပ်စွာ ငြင်းပယ်ခြင်းဖြစ်ပါစေ။ တစ်ခါတစ်ရံတွင် အခြားသူများအား ကူညီလိုစိတ်ဖြစ်ပေါ်မည်မှာ အမှန်ပင်ဖြစ်သည်။ လူအများအပေါ် ရိုးသားပွင့်လင်းနိုင်ဖို့ ကြိုးစားပါ။ သင်အလုပ်များနေကြောင်း ရိုးသားစွာရှင်းပြပါ။ သင့်ထံတွင်လုံလောက်သည့် အခြေအနေမပေးသေးကြောင်း ပြောပြလျှင် နားလည်ကြမည်ဖြစ်သည်။