အောင်မြင်သူတို့ ပြုလေ့ရှိသောအချက်ပေါင်း ၁၀၀

ယခင်လမှအဆက်

၁၀။ ဘဝသင်ခန်းစာများ လေ့လာသင်ယူပါ။

”လေ့လာသင်ယူခြင်းအဆုံးသတ်သည့်အချိန်သည် သင့်ဘဝဆုံးခန်းစတင်သည့် အချိန်ပင်ဖြစ်သည်”။ သင်ယူခြင်းနှင့်အောင်မြင်ခြင်းတို့သည် ဆက်နွှယ်လျက်ရှိကြသည်။ နောက်ဆုံးစာမေးပွဲကြီးပြီးဆုံးသွားသည်နှင့် သင်ယူခြင်းကုန်ဆုံးသွားပြီဟု မထင်လိုက်ပါနှင့်။

သင်ယူခြင်းဆိုသည်မှာ သာမန်လုပ်ကိုင်လှုပ်ရှားမှုတစ်ခု သက်သက်မဟုတ်ပေ။ စိတ်နေစိတ်ထားတစ်ခုဖြစ်သည်။ နားထောင်တတ်သည့်၊ လေ့လာရှာဖွေတတ်သည့်၊ လက်ခံရယူရန်အသင့်ဖြစ်နေသည့် စိတ်ထားမျိုးဖြစ်သည်။ လေ့လာသင်ယူခဲ့ပြီးသား မနေ့ကအထိ မှန်ကန်၊ အရေးပါသည်ဟုထင်မှတ်ခဲ့သည့်အရာများကိုလည်း လိုအပ်ပါက စွန့်လွှတ်နိုင်သည့် စိတ်ထားမျိုးဖြစ်သည်။ လေ့လာသင်ယူတတ်သည့် စိတ်ထားကြောင့် သင့် ဘဝ၏မည်သည့်ကဏ္ဍများတွင် အကျိုးဖြစ်ထွန်းခဲ့သနည်း၊ ငွေကြေးစီမံခန့်ခွဲမှု၊ သားသမီးများပြုစုပျိုးထောင်ခြင်း၊ ကျန်းမာအောင်နေထိုင်ခြင်း သို့မဟုတ် အလုပ်ရှင်နှင့်အဆင်ပြေစွာဆက်ဆံနိုြင်ခင်း စသည်ဖြင့် ကဏ္ဍများစွာဖြစ်သည်။

ကျွနု်ပ်တို့ဘဝသည် လေ့လာသင်ယူစရာတက္ကသိုလ်တစ်ခုဖြစ်နေခြင်းမှာ ကျေးဇူးတင်စရာပင်ဖြစ်သည်။ မိမိတို့လုပ်ကိုင်တွေ့ကြုံသမျအရာတိုင်းက မိမိတို့ကို သင်ခန်းစာတစ်ခုအမြဲပေးနေသည်၊ အတွေးအခေါ်သစ်များ၊ ထိုးထွင်းသိမြင်နိုင်စွမ်းနှင့် နားလည်သဘောပေါက်ခြင်းများ အမြဲပေးနေပေသည်။ အဆင်မပြေခဲ့သော အဖြစ်အပျက်အတွေ့အကြုံများအားလျစ်လျူရှု၊ မေ့ပစ်ကောင်းမေ့ပစ်လိုကြမှာဖြစ်သည်။ သို့သော် ထိုကဲ့သို့မိမိကိုနာကျင်စေခဲ့သော အဖြစ်အပျက်များ၊ ပြုခဲ့သောအမှားများမှ သင်ခန်းစာမယူလိုခြင်းသည် အလွန်နှမြောဖွယ် ကောင်းသော အချက်တစ်ခုပင်ဖြစ်သည်။ သင့်ဘဝ၏အနိမ့်ဆုံးအခြေအနေများမှ၊ အကြီးမားဆုံးသင်ခန်းစာများ ထွက်ပေါ်လာနိုင်ပေသည်။

အကြောင်းအရာအသစ်များကို လေ့လာသိရှိရခြင်းသည်ပင်လျင် အောင်မြင်မှုတစ်မျိုးဖြစ်သည်။ သင့်အသိဉာဏ်ပညာဗဟုသုတကို ပိုမိုနက်ရှိုင်းကျယ်ပြန့်စေသည်။ ငြီးငွေ့ဖွယ်၊ လွယ်ကူသော၊ ပျင်းရိဖွယ်အလုပ်များကိုလည်း ဗဟုသုတအသစ်များကို လေ့လာစရာအခွင့်အရေးများအဖြစ်မှတ်ယူသင့်သည်။ အလုပ်တစ်ခုကို အကြိမ်ပေါင်းများစွာ လုပ်ပြီးခဲ့သောကြောင့် လွယ်ကူလွန်းသည်၊ ငြီးငွေ့ဖွယ်ကောင်းသည်ဟု ထပ်ကာထပ်ကာ ယူဆပြီး၊ ဂရုမစိုက်ဘဲလွှတ်ထားခြင်း၊ သို့မဟုတ် ရပ်ဆိုင်းပစ်ခြင်းများ မပြုလိုက်မိပါစေနှင့်။

”လေ့လာသင်ယူမှုကို ရပ်ဆိုင်းလိုက်သည်နှင့် တစ်ပြိုင်နက်သင့်ဘဝဆုံးခန်းစတင်ပြီဖြစ်သည်”

လက်တွေ့လုပ်ဆောင်ခြင်း…

မည်သည့်အရာများကို အသစ်တစ်ဖန်ပြန်လည် လေ့လာသင်ယူဖို့လိုအပ်သနည်း။
သင်သည် ပညာဗဟုသုတများ၊ သတင်းအချက်အလက်များ အစဉ်တစိုက်တိုးတက် ပြောင်းလဲနေသော ကမ္ဘာလောကကြီးထဲတွင်နေထိုင်နေခြင်းဖြစ်သည်။ ယနေ့အတွက် သင့်တော်ဆီလျော်၊ အသုံးဝင်နေသော်လည်း နောက်တစ်နေ့အတွက် ခေတ်မီချင်မှမီတော့မည်ဖြစ်သည်။

ယနေ့ သင်မည်သည့်သင်ခန်းစာများ ရခဲ့ပြီလဲ၊ တစ်နေ့တာကုန်ဆုံးပြီးတိုင်း သင့်ကိုယ်သင်ပြန်မေးပါ။ ဒီနေ့ကိုယ်ဘာများလေ့လာသိရှိခဲ့သနည်း။ ဤအချက်က ကိုယ့်ကိုပိုမိုအောင်မြင်ရန် မည်သို့ အထောက်အကူပြုနေသနည်း၊ တစ်ခါတစ်ရံအဖြေသည် ထင်ထင်ရှားရှားရှိနေမည် ဖြစ်ပြီး တစ်ခါတစ်ရံတွင်မူအဖြေရှာမရဖြစ်ကောင်း ဖြစ်နိုင်သည်။ ဤမေးခွန်းများကို နေ့စဉ်မေးသည့် အလေ့အထ စတင်ကျင့်သုံးခြင်းအားဖြင့် သင်၏ ထိုးထွင်းဉာဏ်နှင့် နားလည်မှုရှိခြင်းတို့ကို ပိုမိုအားကောင်းလာစေမည်ဖြစ်သည်။ သင့်အဖြေများကိုရေးသား၍ မှတ်တမ်းပြုစုထားပါ။

သင်ကြိုတင်စီစဉ်ထားသည့်အတိုင်း ဖြစ်မလာသည့်နေ့များလည်းရှိမည်ဖြစ်သည်။ ထိုကဲ့သို့သော အခိုက်အတန့်များနှင့် အဖြစ်အပျက်များမှ မည်ကဲ့သို့သော သင်ခန်းစာများ ရနိုင်မည်ကို အချိန်ပိုပေး၍ ရှာဖွေဖော်ထုတ်ပါ။

ပို၍နည်းလမ်းကျသောအဆင့်တွင် မည်သည့်အချက်များကို သင်လေ့လာသင်ယူဖို့လိုအပ်သနည်း…
သင့်ရည်မှန်းချက်များ ရရှိပိုင်ဆိုင်နိုင်ရန်အတွက်၊ မည်သည့်တရားဝင် သင်ကြားမှုများနှင့် လေ့ကျင့် မှုများ လိုအပ်ပါသနည်း။

၁၁။ ကိုယ့်သတ္တိကိုယုံကြည်ပါ။

”ကျိုးကြောင်းဆင်ခြင်ပြီးသကာလ ကျွန်မရဲ့ပင်ကိုတုံ့ပြန်နိုင်စွမ်းကို ကျွန်မပြန်ပြီး အယုံအ ကြည်မရှိတော့ဘူးဆိုတဲ့ အခိုက်အတန့်ဟာ ကျွန်မဒုက္ခရဲ့အစပဲ”

Angelina Jolie

ရဲစွမ်းသတ္တိရှိသောခံစားမှုသည် အောင်မြင်မှုအတွက်လိုအပ်သော သင့်ကိုယ်ပိုင်လျှို့ဝှက်လက်နက် တစ်ခုဖြစ်သည်။ ဤခံစားမှုအတိုင်း အကြိမ်မည်မျအမှန်တကယ် လိုက်နာခဲ့ဖူးပါသနည်း။ ရဲစွမ်းသတ္တိဖြစ်ပေါ်လာသည့် အချိန်ဆိုသည်မှာ

– ရွေးချယ်နိုင်ခွင့်အချို့ကိုချိန်ဆပြီး တစ်ခုကိုအကောင်းဆုံးဟု ခံစားမိသောအချိန်

– တစ်စုံတစ်ခုကို ရွေးချယ်ရတော့မည့်အချိန်တွင် ပိုမိုနှစ်သက်သော ရွေးချယ်မှုသည်။ မှန်ကန်သော ရွေးချယ်မှုမဟုတ်ဟု ခံစားမိသောအချိန်

– ဆုံးဖြတ်ချက်ချရန်ကြိုးစားနေချိန်တွင် အစီအစဉ် တစ်ခုခုမှားနေသည်ဟု ခံစားမိသောအချိန်

– တစ်စုံတစ်ဦးကြောင့် သင်နေမထိထိုင်မသာဖြစ်ကာ၊ စိတ်လှုပ်ရှားနေသောအချိန်

– သင်ရောက်ရှိနေသည့်အခြေအနေသည် အန္တရာယ် ရှိသည်ဟုခံစားမိပြီး ထွက်ခွာလိုသော ဆန္ဒဖြစ်ပေါ် မိသည့်အချိန်

– သင်လုပ်နေသောအလုပ်တွင် တစ်စုံတစ်ခုက အဆင်မပြေဖြစ်နေသည်ဟု ခံစားမိသောအချိန်

– တစ်စုံတစ်ယောက် ဒုက္ခရောက်နေသည်ဟု ခံစားမိပြီး သွားရောက်တွေ့ဆုံရသော အချိန်

– သင့်အထက်အရာရှိသစ်၏ လက်အောက်တွင် အလုပ်လုပ်ရလျင် အလွန်ကောင်းမည်ဟူ၍ ခံစားမိသောအချိန်စသည်တို့ဖြစ်သည်။

ဒီပုဂ္ဂိုလ်၊ ဒီအခြေအနေနဲ့ ဒီဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ ကိုယ်ဘယ်လိုခံစားမိသလဲဆိုသည့် မေးခွန်းအား မိမိကိုယ်ကိုပြန်မေး၍ ကိုယ့်ရဲစွမ်းသတ္တိကို သတိရှိရှိ စမ်းသပ်ဖူးပါသလား။ မိမိသတ္တိကို ယုံကြည်ခြင်းသည်၊ မိမိ၏လုပ်ငန်းခွင်နှင့်၊ ထိုထက်ကျော်လွန်သော အခြေအနေများတွင်ပါ အထောက်အကူဖြစ်စေသည်။ အန္တရာယ်အရှိဆုံးအချိန်မှာ ပြင်ပအသံများက သင့်ကိုယ်တွင်းမှစကားသံများကို လွှမ်းမိုးလိုက်သောအချိန် (အခြားသူများ၏အမြင်များ၊ ထင်မြင်ယူဆချက်များကို သင့်ကိုယ်ပိုင်ထင်မြင်ယူဆချက်များထက်ပို၍ ဦးစားပေးသောအချိန်) တွင်ဖြစ်သည်။

သင့်ကိုယ်ပိုင်သတ္တိအပေါ် ယုံကြည်မှုရှိပါ။ အောင်မြင်သူများသည် မတူညီသော အသုံးခံပစ္စည်းများနှင့် ကျွမ်းကျင်မှုများကို မည်သည့် အချိန်တွင်အသုံးပြု၍ ၄င်းတို့၏ အလိုအလျောက်အသိစိတ်ကို မည်သည့်အချိန် တွင်လိုက်နာရမည်ကိုသိကြသည်။ လူသိများသော သတင်းသမားဖြစ်သူ Malcolm Gladwell ဆိုသူက ဤအဖြစ်အပျက်အား
”သင့်ဖြတ်ထိုးဉာဏ်နှင့် ဆင်ခြင်တွေးတောခြင်းနှစ်ခုကို မျတစွာအသုံးပြုခြင်း” ဟုရှင်းပြခဲ့သည်။

”ရဲစွမ်းသတ္တိဆိုသည့်ခံစားမှုသည် အောင်မြင်မှုရရေးအတွက် သင်၏လျို့ဝှက်လက်နက်ဖြစ်သည်။”

လက်တွေ့လုပ်ဆောင်ချက်

သံသယစိတ်ကို ဖျောက်လိုက်ပါ။ သင့်ပင်ကိုရဲစွမ်းသတ္တိ၏ အလိုအတိုင်း လိုက်နာခြင်းသည် အဆင်မပြေ၊ ရယ်စရာကောင်းသည်ဟုပင် မြင်ကောင်းမြင်မည်ဖြစ်သည်။ ”မိမိတို့၏ခံစားမှု” ထက်လက်တွေ့အချက်အလက်များအပေါ် မှီခိုခြင်းအား ပို၍ နှစ်သက်လေ့ရှိကြသည်။ သင့်ပင်ကိုသတ္တိခံစားမှုအတိုင်း လိုက်လုပ်ခြင်းအား ပို၍လက်ခံလာနိုင်ရန်

– ရှေ့ဆက်ရမည့်အလုပ်ကို ချိန်ဆခဲ့ရခြင်းဖြစ်ပြီး၊ ယင်းချိန်ဆမှုသည် မှန်ကန်သောရွေးချယ်မှုတစ်ခု ဖြစ်ကြောင်း သိရှိခဲ့ခြင်း

– စိတ်ခံစားမှုကိုလျစ်လျူရှုပြီး အခြားရွေးချယ်မှုတစ်ခုအတိုင်းလိုက်နာကာ၊ နောက်ပိုင်းတွင် သင့်တဒင်္ဂ ဖြတ်ထိုးဉာဏ်သည်သာ တစ်ချိန်လုံးမှန်နေခဲ့သည်ကိုတွေ့ခဲ့ခြင်းစသည့် အချိန်တို့ကို ပြန်လည်သတိရ၊ စဉ်းစားသုံးသပ်ရမည်ဖြစ်သည်။

မိမိစိတ်ထဲရှိသည်ကို အေးဆေးတည်ငြိမ်စွာ ဆင်ခြင်တွေးတောပါ။

သင့်အလိုအလျောက်သိရှိ သဘောပေါက်မှုအား နားလည်နိုင်ရန်အစွမ်းအထက်ဆုံး နည်းလမ်းတစ်ခုမှာ ဆိတ်ဆိတ်နေခြင်းဖြစ်သည်။ ဆိတ်ငြိမ်သည့် နေရာတစ်ခုရှာပါ၊ စိတ်ကိုလျော့ချပြီး၊ မိမိစိတ်ကိုငြိမ်းချမ်းအောင် ကြိုးစားပါ။ သင်ရည်ရွယ်ရမည့်အချက်မှာ သင့်စိတ်ထဲတွင် ဖြစ်ပေါ်လျက်ရှိသောအတွေးများနှင့် မည်သည့်နေရာက ပေါ် လာမှန်းမသိသည့်အတွေးများကို ငြိမ်သက်သွားအောင် ကြိုးစားရန်ဖြစ်သည်။ စိတ်ကျင့်စဉ် (တရားစခန်း) များသို့ သွားရောက်လေ့ကျင့်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ နောက်ပိုင်း၊ စိတ်ကျင့်စဉ်နှင့်ပတ်သက်၍ အသားကျသွားပြီဆိုလျင် သင်တစ်ကိုယ်တည်းဖြစ်စေ၊ အဖော်တစ်ဦးဦးနှင့်ဖြစ်စေ သင့်အိမ်တွင်လေ့ကျင့်နိုင်သည်။

အောင်ကို (တောင်ငူ)