အောင်မြင်သူတို့ ပြုလေ့ရှိသောအချက်ပေါင်း ၁၀၀

ယခင်လမှအဆက်

၈။ သင့်အတိတ်ကာလနှင့် မိတ်ဆွေဖွဲ့ပါ

သင့်အတိတ်ကို ပြောင်းလဲ၍မရပါ။ ပြန်လှန်တွေးတော ခံစားပုံခံစားနည်းကိုသာ ပြောင်းလဲ၍ရမည် ဖြစ်သည်။ ပြန်ပြောင်းလှည့်ကြည့်လိုက်မည်ဆိုလျင်၊ သင့်အား စိတ်အနှောင့်အယှက်ဖြစ်အောင်၊ စိတ်မချမ်းမသာ ဖြစ်အောင်လုပ်သော အဖြစ်အပျက်တစ်ခုခုရှိခဲ့ဖူးပါသလား၊ လက်လွတ်သွားသော အခွင့်အရေးများ၊ ပျက်စီးသွားသော ဆက်ဆံရေးများ၊ သင့်ကြောင့်ထိခိုက်နစ်နာသွားသူများ စသည်တို့အတွက် နောင်တရပါသလား၊ လုပ်မိခဲ့သော အမှားများနှင့်လွဲမှားစွာချခဲ့မိသော ဆုံးဖြတ်ချက်များ၊ သို့မဟုတ် လူအများကသင့်အားပြောဆိုခဲ့သော စိတ်အနှောင့်အယှက်ဖြစ်ဖွယ်၊ စိတ်မသက်မသာဖြစ်ဖွယ် အပြုအမူများ၊ စကားများအတွက် အပြစ်တစ်ခုအနေနှင့် ခံစားမိပါသလား၊ သင်တစ်ဦးတည်းမဟုတ်ပါ။ ကျွနု်ပ်တို့အားလုံး ဤအဖြစ်အပျက်များ၊ ခံစားချက်များ ကိုယ်စီရှိကြသည်။

ဥပမာ-အတိတ်ကဖြစ်ရပ်များ၏ အပျက်တရားများကိုသာသတိရပြီး၊ ကောင်းသည့်အချက်များကို မေ့ပစ်ခြင်းမျိုးဖြစ်သည်။
– သင့်မိဘများက သင့်အားကိုယ်ပိုင်ဆုံးဖြတ်ချက်ချရန် အခွင့်အရေးပေးလိုခြင်းကို၊ သင့်အားပစ်ပယ်ထားသည်ဟု ခံစားမိခြင်း

– သင့်အလုပ်ရှင်၏ ဆူပူနှောင့်ယှက်ခြင်းကိုမခံနိုင်သဖြင့် ပထမဦးဆုံးအလုပ်မှ နုတ်ထွက်ခဲ့မိသည့်အတွက် မိမိကိုယ်ကို အပြစ်တင်နေမိခြင်း

အမှန်မှာ ယင်းအလုပ်ရှင်သည် လူတကာအပေါ် အနိုင်ကျင့်လွန်းသဖြင့် မည်သူမျယင်းအတွက် အလုပ်မလုပ်လိုကြသောသူဖြစ်နေခဲ့သည်။ သင့်အတိတ်ကိုပြန်ပြောင်း၍မရပါ။ ယင်းအဖြစ် အပျက်များကို သင်ပြန်လည်တွေးတောခံစားသည့် ပုံစံကို သာပြောင်းလဲနိုင်သည်။

လက်တွေ့လုပ်ဆောင်ခြင်း

စိတ်ပျက်အားငယ်နေသည့် အတွေးနွံထဲက ရုန်းထွက်လိုက်ပါ။ သင့်အတိတ်က အကြောင်းအရာများနှင့်ပတ်သက်၍ လိုလိုလားလား ပြန်လည်တွေးတောပြောဆိုပါ။ အရာအားလုံး အဆင်ပြေသည်မဟုတ်ဘဲနှင့် အဆင်ပြေချင်ယောင် မဆောင်ပါနှင့်။

အဖြစ်မှန်ကိုနားလည်သဘောပေါက်ခြင်း

သင့်တွင် မသေချာမရေရာသည့် အတိတ်မှဖြစ်ရပ်များ၊ အခိုက်အတန့်များရှိခဲ့ဖူးပါသလား၊ အမှန်တကယ် ဘာဖြစ်ခဲ့သည်ကို ရှာဖွေဖော်ထုတ်ပါ။ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် စကားပြောဆိုကြည့်ပါ။ လိုအပ်ပါက စိတ်ပိုင်းဆိုင်ရာကုသမှုခံယူပါ။ သင့်တွေ့ရှိချက်သည်၊ သင်တွေးတောစိုးရိမ်ကြောက်ရွံ့ခဲ့သလောက် ဆိုးချင်မှဆိုးပေလိမ့်မည်။ အမှန်တကယ်ဟုတ်နေသည်ဖြစ်စေ မဟုတ်မှန် သည်ဖြစ်စေ၊ အခြေအနေမှန်ကို တကယ်နားလည်သဘော ပေါက်ခြင်းမရှိဘဲနှင့် ရှေ့ဆက်သွားရန်မဖြစ်နိုင်ပါ။

ဖြေရှင်းလိုက်ပါ

သင့်စိတ်ငြိမ်းချမ်းမှုရစေရန် ပြီးခဲ့သော အတိတ်ကာလက အဖြစ်အပျက်၊ ပြဿနာအချို့ကိုဖြေရှင်းရန် လိုအပ်သည်။ လူအများနှင့် ပြန်လည်ပြောဆိုလိုသည့်အတိတ်မှ အကြောင်းအရာများဖြစ်သည်။ အနိုင်ကျင့်စော်ကားခံရခြင်း ကဲ့သို့သော ဝမ်းနည်းဖွယ်ဖြစ်ရပ်များလည်း တွေ့ကြုံကောင်း တွေ့ကြုံခဲ့မည်ဖြစ်သည်။ ပြဿနာကို အပြီးတိုင် ရှင်းပစ်ခြင်းနှင့် သင့်စိတ်အားအနှောင့်အယှက်ပေးနေသည့်အချက်ကို ချေဖျက်ပစ်ခြင်းသည် သင့်ကျန်းမာရေးအ တွက်သော်လည်းကောင်း၊ သင့်ရင်ထဲတွင် လေးလံနေသည့် ဝန်ထုပ်ဝန်ပိုးမှ ပေါ့ပါးသွားစေရန်အတွက်သော်လည်းကောင်း အကောင်းဆုံးနည်းဖြစ်သည်။

ရှေ့ဆက်သွားရန်အတွက် အတိတ်၏အကူအညီကိုယူပါ။

ပြီးဆုံးခဲ့သော အတွေ့အကြုံများမှ မည်သည့်သင်ခန်းစာနှင့် ဉာဏ်ပညာအသိတရားများ ရလိုက်ပါသနည်း။ ချမှတ်ထားသော ဆုံးဖြတ်ချက်များမှ ရှောင်ပြေးဖူးပါသလား၊ ရင်ထဲရှိသည့်အတိုင်း ထုတ်ဖော်ပြောဆိုရန် ရှောင်ရှားဖူးပါသလား။ သင့်ကိုကြိုးကိုင်ထိန်းချုပ်မည့်သူများအား ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေလေ့ရှိပါသလား။

၉။ အနားယူပေးပါ။

လူတစ်ဦးစီတိုင်းတွင် ပြဿနာများနှင့် ရင်ဆိုင်ရခြင်းမရှိသည့်၊ ဖြေရှင်းချက်များ ရှာဖွေရန်မလိုသည့် နေ့တစ်နေ့ရှိသင့်သည်။ ကျွနု်ပ်တို့တစ်ယောက်စီသည် ပြီးဆုံးနိုင်မည်မဟုတ်သည့် အရေးယူဆောင်ရွက်စရာကိစ္စများမှ ခဏတစ်ဖြုတ်ရှောင်ဖယ်အနားယူပေးရန် လိုအပ်သည်။

Maya Angelou

၂၀၁၄ ခုနှစ်တွင်ကောက်ယူသော Harris Poll (စစ်တမ်း) မှဖြစ်ပြီး ဗြိတိန်အလုပ်သမားထု၏ ၄၅ ရာခိုင်နှုန်းမှာ ရုံးပိတ်ရက်များတွင်လည်း အလုပ်ဆင်းကြကြောင်းဖော်ပြထားသည်။ အလုပ်ကြောင့်ဖြစ်သော စိတ်ဖိစီးမှု၊ ပင်ပန်းနွမ်းနယ်မှုနှင့် အားအင်ကုန်ခန်းမှုတို့ များပြားလာသည်မှာ အထူးအဆန်းများ ဖြစ်နေပါသလား၊ လုံလောက်စွာအနားယူရန်ပျက်ကွက်ပြီဆိုလျင်တော့ သင့်အလုပ်ပျက်စီးထိခိုက်မည့်အန္တရာယ်နှင့် ရင်ဆိုင်ရဖို့နီးစပ်နေပြီဖြစ်သည်။

သင့်ပုံမှန်အလုပ်လုပ်ရက်တစ်ခုအတွင်း သင်အကြိမ်ပေါင်းမည်မျ အလုပ်စားပွဲနှင့်ဝေးရာသို့ထွက်၍ ခေတ္တအနားယူ၊ အားဖြည့်ဖူးပါသနည်း။ အနားယူသည့် အကြိမ်နည်းလွန်းလျင်လည်း လုပ်ငန်းပြီးစီးမှုအတိုင်းအတာကို ထိခိုက်စေနိုင်သည်။ စီးပွားရေးဆိုင်ရာ စာရေးသားသူတစ်ဦးဖြစ်သူဆိုသူက သင်သစ်ပင်လှဲရန် လွှဆွဲရာ၌ သင်အသုံးပြုနေသည့်လွှအား ပြန်သွေးရန် နားသင့်သည်ဟူ၍ သစ်ခုတ်ခြင်းကို ဥပမာပေး၍ထင်ရှားစွာ ရှင်းပြခဲ့သည်။ အလုပ်အပြင်းအထန်လုပ်သူ၊ အနားယူရန် ပျက်ကွက်သူတစ်ဦးဖြစ်နေလျင်တော့ အကြံတုံးဉာဏ်တုံး၊ အသုံးမဝင်သူတစ်ဦးအဖြစ်သို့ ဦးတည်နေသည်မှာ အမှန် ပင်ဖြစ်သည်။

ရက်ရှည်အနားယူပေးခြင်းအားဖြင့်လည်း၊ မည်သည့်အရာသည်အရေးပါပြီး၊ သင့်အချိန်အား မည်သည့် အလုပ်အတွက် အသုံးချလိုသည်တို့ကို ပြန်လည်အာရုံစူးစိုက်နိုင်ရန် ကူညီပေးမည်ဖြစ်သည်။ သင်တွေ့နေကျ ပတ်ဝန်းကျင်နှင့် နေ့စဉ်ပုံမှန်အလုပ်များမှ၊ ခေတ္တအနားယူခြင်းက သင်ဘာလုပ်နေသလဲ၊ သင်ဘာလုပ်နေသင့်သလဲဆိုသည့် အမြင်သစ်ကိုရရှိစေမှာဖြစ်သည်။
”အနားယူမှုနည်းပါးလွန်းခြင်းသည် ထုတ်လုပ်မှုကိုထိခိုက်ပျက်စီးစေနိုင်သည်”

လက်တွေ့လုပ်ဆောင်ခြင်း

တစ်နေ့တာအတွင်းအချိန်တိုအနားယူခြင်းများပြုပေးပါ။ ၂၅ မိနစ်တစ်ခါ ငါးမိနစ်ခန့်နားပေးပါ။ နှစ်နာရီတစ်ခါခပ်ကြာကြာလေးနားပေးပါ။ သင်၏ အိမ်အလုပ်များဖြစ်စေ၊ ရုံးအလုပ်ဖြစ်စေ ဤကဲ့သို့နားပေးခြင်းအားဖြင့် သင့်အားနိုးကြား၊ ထက်မြက်စေပြီး အာရုံစူးစိုက်မှုအား ပိုကောင်းစေပါသည်။ ဤအလေ့အကျင့်သည် စိတ်ဖိစီးမှု များလျော့ချရန်ပြသခဲ့သည့်၊ အီတလီလူမျိုး Stephen Covey ဆိုသူက အချိန်ကိုအကျိုးရှိစွာ စီမံအသုံးချနိုင်ရန် တီထွင်ခဲ့သည့် Pomodoro Technique ဟုခေါ်သော နည်းဗျူဟာတစ်ခု ဖြစ်သည်။

အားလပ်ရက်တွင် ကောင်းစွာအနားယူပါ။

သင်ရသင့်ရထိုက်သည့် တစ်နှစ်စာခွင့်ရက်များကိုအကုန်ယူပါ။ လိုအပ်လျင် အပိုင်းတိုလေးများခွဲ၍ယူပါ။ မည်သည့်နည်းနှင့်မဆို ယူဖြစ်အောင်ယူပါ။ သင့်အလုပ်ခွင်နှင့်ဝေးရာတွင် အနားမယူဘဲနေနိုင်လောက်အောင် ဘ၀သည်မရှည်လျားလှပါ။ ကြိုတင်အစီအစဉ်များဆွဲကာ သေချာစွာခွဲခြမ်းပိုင်းခြားလျက် အလုပ်ထဲတွင် ကိုယ်မရှိလျင်မဖြစ်ဟူသော ခံစားချက်ကို မေ့ဖျောက်ထားပါ။ အနားယူသောရက်များတွင် အလုပ် email များကိုဖွင့်မစစ်ပါနှင့်။ အလုပ် phone ကိုပိတ်ထားပါ။ လိုအပ်မှသာ တစ်နေ့လျင်တစ်ခေါက်သာ သင့်အလုပ် phone အား voice mail နှင့် message များစစ်ကြည့်ရန် သဘောတူညီချက်ယူထားပါ။ မိမိ၏အားလပ်ရက်များတွင် မိမိ၏အလုပ်နှင့်ပတ်သက်သည့် ကိစ္စရပ်များကို မိမိ၏ကိုယ်ပိုင်စည်းမျဉ်းများနှင့် လုပ်ဆောင်နိုင်သည့် စိတ်ဓာတ်မွေးပါ။

သင့်အပတ်စဉ် (စနေ၊ တနင်္ဂနွေ) အလုပ်နားရက်များကိုလည်း ထိုနည်းအတိုင်းဖြစ်ပါစေ။

ထိုနှစ်ရက်သည် တစ်ပတ်တွင်ရှိသည့် အားလပ်ရက်များဖြစ်သည်။ စည်းမျဉ်းများချမှတ်ပါ။ ဥပမာအားဖြင့် သင့် email နှင့် phone ကို ထိုအားလပ်ရက်များအတွင်း တစ်ကြိမ် သို့မဟုတ် အများဆုံးနှစ်ကြိမ်သာ စစ်ကြည့်ရန် ဖြစ်သည်။ ထိုသို့မဟုတ်ပါက နောက်လာမည့်အပတ် တနင်္လာနေ့တွင် အလုပ်သို့ လန်းဆန်းစွာပြန်တက်ရန် မည်သို့မျော်လင့်နိုင်မည်နည်း။

အောင်ကို (တောင်ငူ)