အောင်မြင်သူတို့ ပြုလေ့ရှိသောအချက်ပေါင်း ၁၀၀

ယခင်လမှအဆက်

အကူအညီတောင်းပါ သင့်အနာဂတ်ကိုဖန်တီးပါ။

၂။ အကူအညီတောင်းပါ။
‘ ကျွနု်ပ်မသိပါ’ ဟုပြောနိုင်ရန် သတ္တိတော့လိုသည်။ သို့သော်ယင်းအပြုအမူသည် အလွန်ကောင်းမွန်သင့်တော်သည့် တုံ့ပြန်မှုတစ်ခုဖြစ်ပြီး သင့်ကိုယ်သင်လွန်ကဲစွာ အလေးအနက်မထားကြောင်း ရှင်းလင်းပြတ်သားသည့် လက္ခဏာတစ်ခုဖြစ်သည်။ ပြဿနာတစ်ခု၊ သို့မဟုတ် အကြောင်းကိစ္စတစ်ခုအတွက် အဖြေကိုသင်မသိကြောင်းနှင့် ထိုကဲ့သို့ မသိကြောင်းကို ရိုးသားစွာဝန်ခံနိုင်ခြင်းသည် သင့်မှာရှိသောအကြီးမားဆုံး ကျွမ်းကျင်မှုတစ်ခုပင်ဖြစ်သည်။

လူအများသည် မိမိတို့တတ်စွမ်းနိုင်သည့် အတိုင်းအတာထက်ကျော်လွန်သည့်အခြေအနေမျိုးတွင် မည်ကဲ့သို့ ဆက်လုပ်ရမည်ကို သိချင်ဟန်ဆောင်လေ့ရှိကြသည်။ များစွာသောသူတို့သည် မိမိတို့ပြောသမျ လုပ်သမျတို့တွင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသည့်ပုံ ပြသလိုကြသည်။ ယင်းတို့အမှန်တကယ်လိုအပ်သည်မှာ အကူအညီသာဖြစ်သည်။ မိမိတွင် အရာအားလုံးအတွက် အဖြေရှိသည့်ပုံပြုမူရန်မှာ မိမိအိမ်တွင်သာမကအလုပ်ခွင်တွင်ပါ ဖိအားအလွန်ကြီးမားလှပေသည်။

လျို့ဝှက်ချက်မှာ ‘ခဏစောင့်ပါ၊ ကျွနု်ပ်လုံး၀မသိသေးပါ’ ဆိုသည့်စကားကို မည်သည့်အချိန်တွင် ပြောရမည်ဆိုသည်ကို သိရန်ဖြစ်သည်။ အောင်မြင်သူတို့သည် မိမိတို့အမှားများ၊ သို့မဟုတ် မသိကြောင်းများကို ကျေကျေနပ်နပ်ဝန်ခံလေ့ရှိသည်။

လက်တွေ့လုပ်ဆောင်ခြင်း…
သင်မမြင်နိုင်သည့် ရှုထောင့်များကိုရှာဖွေပါ။ အောက်ပါမေးခွန်းများကိုဆင်ခြင်စဉ်းစားရန်။

– သင်မှားကောင်းမှားနိုင်သည်ဆိုသည့်အချက်ကို ငြင်းပယ်၍ အမြင်တစ်ခု၊ အယူအဆတစ်ခုအား ခေါင်းမာစွာဖက်တွယ်ထားဖူးပါသလား။

– မိမိထက် အသက်ပိုငယ်သည့်သူများပြောသည့် အကြောင်းအရာများကို မည်သည့်အခါမျ လက်ခံစဉ်းစားခြင်းမပြုသူတစ်ယောက်ဖြစ်နေပါသလား။ အရှုံးပေးရခြင်းကို အမြဲတမ်းမုန်းတီးပြီး၊ မည်သည့်နည်းနှင့်မဆို အနိုင်ယူလိုသည့် အတွေးအခေါ်စိတ်ဓာတ်ဖြင့် အသက်ရှင်နေပါသလား။

– အပြုအမူများကို ပြုပြင်၍ ပိုမိုပွင့်လင်းစွာဆက်ဆံလိုစိတ်မွေးပါ။ ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ အယူအဆ ထင်မြင်ချက်များအား ပုံဖော်ခြင်း၊ အဖြေများပြန်လည်ပေးခြင်း၊ တစ်နေ့တာအတွင်း ”ငါတစ်ခုခုများ မေ့ခဲ့တာရှိလား၊ ငါမကြည့်မိခဲ့တဲ့ ရှုထောင့်တစ်ခုခုများရှိခဲ့လား” စသည့် မေးခွန်းများ ကိုယ့်ကိုယ် ကိုယ်ပုံစံတကျပြန်မေးမိရန် လေ့ကျင့်ပေးပါ။

သင်ဟာသသမားတစ်ယောက်လိုနေပြီ…
မမြင်နိုင်သည့်နယ်ပယ်များကို ရှာဖွေရခြင်းသည် ခက်ခဲသည့်ကိစ္စတစ်ရပ်ဖြစ်နိုင်ပေသည်။ မိသားစုဝင်၊ မိတ်ဆွေသူငယ်ချင်းများနှင့် လုပ်ဖော်ကိုင်ဖက်များထဲမှ သင့်ကိုဟာသထုတ်ပေးမည့်သူများစာရင်းကို ပြုစုပါ။

ကိုယ့်ကိုယ်ကိုယ် ရယ်မောဖို့သင်ယူပါ…
အောင်မြင်သူများသည် ပုံမှန်အားဖြင့် မိမိတို့၏ အမှားများနှင့် မမှန်ကန်သည့်အတွေးများကြား၌ မိမိတို့ကိုယ်ကို ပေါ့ပေါ့ပါးပါးနေထိုင်ခြင်းတွင် အလွန်တော်သူများဖြစ်သည်။ မိမိကိုယ်မိမိနှိမ့်ချပြီး အမြဲတမ်းကိုယ့်ကိုယ်ကိုယ်ရယ်မောလျက် ပေါ့ပါးစွာနေတတ်ရန် ပြင်ဆင်ထားပါ။

၃။ သင့်အနာဂတ်ကိုဖန်တီးပါ။

အောင်မြင်သောသူတို့သည် အခွင့်အရေး၊ သို့မဟုတ် ကံကြမ္မာစသည်တို့အပေါ် မည်သည့်အခါမျ မှီခိုသူများမဟုတ်ကြပါ။ အဖြစ်မှန်မှာ ကံကောင်းမှု၏အစိတ် အပိုင်းတစ်ခုစီတိုင်းသည် နာရီပေါင်းများစွာ၊ (နှစ်ပေါင်း များစွာပင်ဖြစ်နိုင်သည်) အပင်ပန်းခံ ပြင်ဆင်ကြိုးစား လုပ်ဆောင်မှု၏ ရလဒ်ဖြစ်သည်။

မှန်ကန်သည့်အတွးအခေါ်လိုအပ်ပြီး ကိုင်တွယ်ထိန်းချုပ်နိုင်ရန်လည်း လိုအပ်သည်။ မဆုတ်မနစ် ကြိုးပမ်း၊ အပင်ပန်းခံနိုင်ရန်၊ ပေးဆပ်နိုင်ရန်၊ စွန့်စားနိုင်ရန် ပြင်ဆင်ထားပြီး တောင်းဆိုလာသည့်အတိုင်းလုပ်ကိုင်ရန်သာဖြစ်သည်။

မိမိတို့၏ အနာဂတ်အပေါ် သြဇာသက်ရောက်နိုင်ရန် ကြိုးစားနေခြင်းကို လက်လျော့လိုက်သူ အများအပြားသည် သူတို့၏တာဝန်ကို စွန့်လွှတ်ခဲ့ကြသည်။ အခြေအမြစ်မရှိသော အကြောင်းပြချက်မျိုးစုံပေးခဲ့ကြသည်။ လက်ရှိဘဝ၊ ယင်းတို့၏ အနာဂတ်အတွက် ကံဆိုးမှုများနှင့် အခြားသူများအား အပြစ်တင်ကြသည်။ ယခုထိအောင်မြင်မှုမရသေးလျင် အနာဂတ်တွင်လည်း အောင်မြင်မှုရတော့မည်မဟုတ်ဟူ၍ ခံစားမိပါသည်။

၁၉ ရာစုနှစ်နောက်ပိုင်း၊ အင်္ဂလိပ် လူမျိုးကဗျာဆရာ William Ernest Henley ၏ “Invictus” (အနိုင်မခံအရှုံးမပေး) ဆိုသည့် ကဗျာမှ ‘သင်သည်သာ သင့်အနာဂတ်၏အရှင်သခင်ဖြစ်သည်‘ ဆိုသည့်အပိုဒ်ကို ပြန်လည်ရွတ်ဆိုရန်သာရှိတော့သည်။

‘ကံကောင်းမှု၏ အစိတ်အပိုင်းတစ်ခုစီတိုင်းသည် နာရီပေါင်း၊ သို့မဟုတ် နှစ်ပေါင်းများစွာ၊ အပင်ပန်းခံကာ ပြင်ဆင်၊ ကြိုးစားထားသော လုပ်ဆောင်မှု၏ ရလဒ်ဖြစ်သည်။’

လက်တွေ့လုပ်ဆောင်ခြင်း…
အခြားသူများကြောင့် သင့်သိက္ခာမကျပါစေနှင့်။

– သင့်အိပ်မက်ကို သင့်မိသားစု၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဝေမျရန် အလျင်လိုကောင်းလိုနေလိမ့်မည်။သို့သော် သတိထားလုပ်ဆောင်ပါ။

– လူတို့သည်အများအားဖြင့် အဆိုးဘက်မှ ကြည့်လေ့ရှိကြသည်။ (ရေတစ်ဝက်ဖြည့်ထားသည့်ဖန်ခွက်ကို၊ ရေတစ်ဝက်မရှိကြောင်းသာ မြင်သည့် စိတ်နေသဘောထား မျိုးဖြစ်သည်။)

– လူတစ်ချို့သည် အပြစ်သာမြင်တတ်သော၊ မနာလိုဝန်တိုတတ်သော၊ မကောင်းမြင်တတ်သော၊ ပြစ်တင်ရှုတ်ချ တတ်သောသူများ ဖြစ်ကောင်းဖြစ်နိုင်သည်။

သင့်အတွေးအမြင်ကို ဘောင်ခတ်ထားခြင်းအား ပြန်လည်ပြင်ဆင်ပါ။
သင့်အတွက် အထူးကောင်းမွန်သောအနာဂတ်ကို ကိုယ်တိုင်ဖန်တီးနိုင်သည်ဆိုခြင်းအပေါ် ယုံကြည်ရန် အခက်အခဲဖြစ်နေသလား။ အကန့်အသတ်ရှိသော ယုံကြည်မှုတစ်ခုကိုကျော်လွှားရန် ခက်ခဲမှုရှိနိုင်ပါသည်။ သို့သော်ယင်းတို့မည်သို့ဖြစ်ပေါ်လာသည်ကို သဘောပေါက်လျင် သင့်အတွက်ပို၍လွယ်ကူနိုင်ပေသည်။ သင့်အားပိတ်ပင်နေသော မကောင်းသည့်အရာအားလုံးကို ယနေ့ပင်ချရေးပါ။ ဥပမာအားဖြင့် အလုပ်တစ်ခုမှ ထုတ်ပယ်ခြင်းခံရလျှင် အခွင့်အရေးသစ်များ ရှာဖွေရန်အတွက် လွတ်လပ်မှု တစ်ရပ်ရရှိလာသည့်အဖြစ်ကိုသတိရပါ။

သင့်အနာဂတ်အကြံအစည်များ၊ အိပ်မက်များကို သေချာစေ့စပ်စွာလေ့လာပြီး မည်သည့်အရာများအား သင်စိုးရိမ်ပူပန်ဆုံး ဖြစ်နေသနည်းဆိုသည်ကို ပြန်လည်မေးခွန်းထုတ်ပါ။ အဆိုးဆုံးဖြစ်နိုင်ခြေကိုစဉ်းစားထားပြီး၊ ယင်းအခြေအနေသို့ အမှန်တကယ်ရောက်ရှိနိုင်မလားဆိုသည်ကို ပြန်လည်မေးခွန်းထုတ်ပါ။ ယင်းအချက်ကပင်လျင် သင်ဆန္ဒရှိသည့်အနာဂတ်ကို ဖန်တီးခြင်းအားပိတ်ပင်မည့် အကြောင်းရင်းတစ်ခုများဖြစ်နေသလား။

အောင်ကို (တောင်ငူ)