အောင်မြင်သူတို့ပြုလေ့ရှိသော အချက်ပေါင်း ၁၀ဝ

အောင်ကို (တောင်ငူ)

ယခင်လမှအဆက်

၂၁။ ပိုချစ်ပါ။

လုံလောက်သောမေတ္တာသာထားနိုင်ခဲ့လျှင် သင်သည်ကမ္ဘာပေါ်တွင် စွမ်းအားအထက်ဆုံးလူတစ် ယောက်ဖြစ်နိုင်သည်။

Emmet Fox

သင့်အမြင်ပေါ်မူတည်၍ အချစ်သည်နှစ်သက်ဖွယ်ကောင်းသောအရာတစ်ခု သို့တည်းမဟုတ် စိတ်ရောဂါဝေဒနာတစ်မျိုးပင်ဖြစ်သည်။ အောင်မြင်သူများသည်ချစ်ခြင်းတရားကို အကျိုးပြုသောတွန်းအားကောင်းတစ်ခုအဖြစ်အားယူခဲ့ကြသူများ ဖြစ်သည်။ ကျွနု်ပ်လူအများအားသင်တန်းပေးရာတွင် ချစ်ခြင်းတရားကို တစ်ခဏတာချစ်ခြင်းနှင့် ကြာရှည်ထိန်းသိမ်းထားသော ချစ်ခြင်းဟူ၍တွေ့ကြုံမှုနှစ်ခုခွဲ၍ ရှုမြင်စေခြင်းကအထောက်အကူဖြစ် နိုင်ကြောင်း တွေ့ရှိရသည်။တစ်ခဏတာချစ်ခြင်းသည် ပုံစံအမျိုးမျိုးဖြစ်နိုင်သည်။

တဒင်္ဂအရူးအမူးချစ်ခြင်း၊ ခံစားချက်ဖြင့်ချစ်ခြင်း၊ လိုအပ်မှုကြောင့်ချစ်ခြင်း၊ တဏှာချစ်နှင့် ပိုင်ဆိုင်လိုသောကြောင့်ချစ်ခြင်း စသည်တို့အပါအဝင်ဖြစ်သည်။ အများအားဖြင့် တစ်စုံတစ်ဦး သို့မဟုတ် တစ်စုံတစ်ရာကို လိုချင်တမ်းတခြင်းမျိုးတွင် အခြေခံလေ့ရှိပြီး ထိုခံစားချက်သည်သင့်အားကြီးမားသော ကျေနပ်နှစ်သိမ့်မှုဖြစ်စေသော်လည်းတာရှည်တော့မခံပေ။ တာရှည်ခံစေရန် ပစ္စည်းအသစ် ဝယ်ပေးခြင်း၊ ရင်းနှီးပတ်သက်ခြင်း စသည်တို့ပြုလုပ်ပေးရမည်ဖြစ်သည်။ ဤအခိုက်အတန့်များနောက်သို့လိုက်နေခြင်းသည် သင့်စိတ်ထဲတွင် လစ်ဟာနေသောကွက်လပ်အားဖြည့်ဆည်းခြင်းသက်သက်မျှသာဖြစ်သည်။

ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှု အားနည်းခြင်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းခြင်း၊ သို့မဟုတ် သင်ခံစားနေရသောအရာတချို့တို့၏ ရောင်ပြန်ဟပ်မှုတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤအချစ်မျိုးအား ရှာဖွေနေခြင်းသည် သင့်အားအောင်မြင်သည့် အခိုက်အတန့်များသဖွယ် ခံစားမိစေမည် ဖြစ်သော်လည်း၊ စစ်မှန်သော အောင်မြင်မှုများကား မဟုတ်ပေ။တာရှည်ခံသောအချစ်သည် တဒင်္ဂအချစ်လောက် ရင်ခုန်ဖွယ်၊ နှစ်လိုဖွယ်ပေါ်လွင်မည်မဟုတ်သော်လည်း၊ အပေါ်ယံအမြင်၏ လှည့်စားမှုမခံရစေရန် သတိထားရမည်ဖြစ်သည်။ ဤအချက်သည် အောင်မြင်မှုအစစ်အမှန်ကို ဖန်တီးရန်လိုအပ်သောအချက်ဖြစ်သည်။

ဤအရာသည် သင်နှင့် သင့်သက်ဆိုင်ရာ၊ မိသားစု၊ လက်တွဲဖော်၊ သားသမီးများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဆွေများ စသည့် သူများနှင့် အမှန်တကယ်လက်ခံဆက်နွှယ်မှုဖြစ်သည်။ ဤဆက်ဆံရေးမျိုး တည်ဆောက်ခြင်းသည် လွယ်ကူမည်တော့မဟုတ်ပေ။ ဤဆက်ဆံရေးများအား ကျောခိုင်းထွက် ခွာသွားလိုစေသည့်သွေးဆောင်မှုက အမြဲတစေသင့်အနီးတွင်စောင့်ဆိုင်းနေမှာဖြစ်သည်။ သင်ဇွဲရှိလျှင်တော့ ဆုလာဘ်ကိုခံစားရရှိပေမည်။ သင့်အချိန်နှင့်စွမ်းအင်တို့ကို မည်သည့်အချစ်အမျိုးအစားပေါ်တွင် အသုံးချရန် အာရုံစိုက်ထားသနည်း။ အောင်မြင်သည့်ပုဂ္ဂိုလ်များသည် မေတ္တာတရားမှ ခွန်အားရယူကြသူများ ဖြစ်ကြသည်။လက်တွေ့ဆောင်ရွက်ခြင်းမိမိကိုယ်ကိုချစ်ပါ။

သင့်အောင်မြင်မှု၏ လျှို့ဝှက်ချက်သည်တာရှည်ကြာမြင့်သော ချစ်ခြင်းမေတ္တာဖြင့်ဝန်းရံခြင်းခံနေရသော အသက်တာတွင်အခြေခံပြီး သင့်ကိုယ်သင်ချစ်ခြင်းမှအစပြုသည်။ သင့်အတွက်အခက်ခဲဆုံး စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်သည်။ ကျွနု်ပ်တို့သည် အခြားသူများ၊ ပိုင်ဆိုင်မှုများနှင့်အတွေ့အကြုံများအပေါ်ထားရှိသည့်အချစ်ကို အလွယ်တကူပင်ဖော်ပြနိုင်ကြသော်လည်း ကိုယ့်ကိုယ်ကိုချစ်ပါသည်ဟုပြောရန် မလွယ်ကူကြောင်းပင်ဖြစ်သည်။အောက်ပါမှတ်ချက်မျိုးများ ကြားဖူးကောင်း ကြားဖူးခဲ့ကြပြီးဖြစ်လိမ့်မည်။ – ဒီဆက်ဆံရေးထဲ ဆက်ရှိနေမိတာကိုယ့်ကိုယ်ကိုယ် မုန်းတီးမိတယ်- လစာပိုကောင်းတဲ့ အလုပ်မရှာနိုင်လို့ ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်မိတယ်- ကိုယ့်မိဘတွေအပေါ် ရိုင်းပျမိလို့ ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်မိတယ်- ရည်မှန်းချက်ဒီထက်ပိုမကြီးခဲ့လို့ ကိုယ့်ကိုယ်ကိုယ် ပြစ်တင်မဆုံးဖြစ်နေမိတယ် စသည်တို့ဖြစ်သည်။

ကိုယ့်ကိုယ်ကိုယ်ချစ်သည်ဆိုရာတွင် လက်ရှိမိမိအရှိအတိုင်းနားလည်ခြင်း၊ လက်ခံခြင်း၊ ခွင့်လွှတ်ခြင်း၊ ကျေနပ်ခြင်းတို့ပါဝင်သည်။ မိမိကိုယ်မိမိကျေနပ်ခြင်းနှင့် သက်သောင့်သက်သာရှိရေးတို့အတွက်- ကျွနု်ပ်တို့ထဲတွင် မည်သူတစ်ဦးတစ်ယောက်မျှ ခြောက်ပြစ်ကင်းသဲလဲစင်၊ ဘက်စုံကောင်းမွန်သူမရှိပါ။ အပြစ်အားနည်းချက်များ၊ အရေးကိစ္စများနှင့်မကင်းနိုင် သူမှာသင်တစ်ဦးတည်းမဟုတ်ပါ။

– မည်မျှပင်မပြည့်စုံသူ၊ ချို့တဲ့နေသူတစ်ဦးအဖြစ် ကိုယ့်ကိုယ်ကိုယ်ထင်နေသည်ဖြစ်စေ သင့်အရှိအတိုင်း လက်ခံပါ။

– သင့်ဘဝတစ်လျှောက် အမှားအယွင်းများအတွက်အပြစ်တင်နေခြင်းကိုရပ်ဆိုင်းပြီး ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်လိုက်ပါ။

သင့်ချစ်ခြင်းမေတ္တာကို အာရုံပြောင်းလိုက်ပါ။ယနေ့မှစ၍ တဒင်္ဂအချစ်အား ယင်း၏ဆွဲဆောင်မှုရှိသော ပျော်ရွှင်မှုများ၊ ကျေနပ်အားရစရာများနှင့်အတူ မှီခိုနေခြင်းကိုလျှော့ပြီး ယင်းအစားတာရှည်ခံသောအချစ်နှင့် ပတ်သက်၍ ပိုမိုအချိန်ပေးပါ။ သင်လုပ်နိုင်မလား၊ မိမိဘဝကိုရိုးသားစွာပြန်လည်သုံးသပ်ပါ။ ရင်ခုန်မှုအသစ်များ၊ အတွေ့အကြုံသစ်များကို အမြဲတမ်းရှာဖွေနေသူတစ်ဦးလား။ အချိန်တိုတဒင်္ဂအချစ်၏အတွေ့အကြုံနှင့် ဝေးရာသို့စွန့်ခွာသွားသည့်အလျောက်လစ်ဟာသွားသော ကွက်လပ်ကို တာရှည်ခံသောအချစ်ဖြင့် တတ်နိုင်သမျှအစားထိုးဖြည့်ဆည်းပါ။ အဓိပ္ပာယ်ရှိသောဆက်ဆံရေး များတွင်အချိန်ပေးပြီး ကြိုးစားအားထုတ်ပါ။ သင်ဆန္ဒ ရှိနေသမျှလုပ်ရလွယ်ကူနေမှာဖြစ်သည်။ သင့်ဘဝတွင်တာရှည်ခံနိုင်သည့်အချစ်ကို ဖန်တီးပြုစုပျိုးထောင်သွားနိုင်သည့်စွမ်းအားသည် အတိုင်းအဆမရှိဖြစ်သည်။

၂၂။ သင့်ကိုယ်ကို ပြန်လည်ဆန်းသစ် (ဖန်တီး)ပါ။

သင့်ကိုယ်ကိုဖန်တီးပါ၊ ထို့နောက် သင့်ကိုယ်ကို ပြန်လည်ဖန်တီးပါ၊ ထို့နောက်သင့်ဘဝကိုပြန် လည်ဖန်တီးပါ။ အဘယ်ကြောင့်ဆိုသော် သင်လုပ်ကိုလုပ်ရမည့် အလုပ်ဖြစ်သည်။ ယင်းသည် သင့်ဘဝနှင့်အတိတ်ကဖြစ်ရပ်များသာဖြစ်ပြီး လက်ရှိပစ္စုပ္ပန်သည် သင်နှင့်သာသက်ဆိုင်ပေသည်။

Charles Bulkowski

ပြောင်းလဲချိန်တန်ပြီဟူသော ခံစားချက်မျိုးဖြစ် ပေါ်ခံစားဖူးပါသလား၊ သင်တစ်ယောက်တည်းမဟုတ်ပါ။ ကျွနု်ပ်တို့အားလုံးပင်ဖြစ်သည်။ သင်ရောက်နေသည့် အခြေအနေအတွက်ပေးဆပ်လုပ်ကိုင်ခဲ့ရသည့်အရာများကို ပြန်လည်စဉ်းစားကြည့်လိုက်လျှင် ဆန်းသစ်ဖန်တီးခဲ့ရခြင်းများစွာကိုတွေ့ရမည်ဖြစ်သည်။ ထိုအချိန်က ပြဿနာကြီးတစ်ရပ်အနေနှင့်ယူဆခဲ့မိလိမ့်မည်မဟုတ်ခဲ့ သလို တစ်ခါတစ်ရံတွင်အဖြစ်အပျက်များပြီးဆုံးမှသာ ဘာဖြစ်ခဲ့သည်ကိုပြန်လည်သတိရလာခြင်းများလည်း ရှိတတ်သည်။ပြန်လည်ဖန်တီးခြင်းသည် ပုံစံမျိုးစုံဖြင့် ဖြစ်ပျက်နိုင်သည်။

– အသက်မွေးလုပ်ငန်းသစ်တစ်ခု ပြောင်းလဲလုပ်ကိုင်နိုင်ရန်အတွက် လက်ရှိအလုပ်မှထွက်ခြင်း

– အကြောင်းအရာအသစ်များလေ့လာရန် ကျောင်းပြန်တက်ဖြစ်ခြင်း

– တချို့သောမိတ်ဆွေများနှင့် ခွဲခွာပြီး လူသစ်များနှင့်တွေ့ဆုံခြင်း

– အရာရာကို အလေးအနက်မထားသည့်တစ်ကိုယ်တော်လူလွတ်ဘဝမှ အတည်တကျဖြစ်သွားခြင်း- သင့်အမူအကျင့် သို့မဟုတ်၊ ဥပဓိရုပ်ရည်သွင်ပြင်တို့ကို ပုံစံသစ်ပြောင်းလဲရန် ရွေးချယ်ခြင်း

– အဝတ်ဟောင်းများအားလုံးပေးကမ်းလိုက်ပြီး အဝတ်အစားသစ်များ ဝယ်ယူစုဆောင်းခြင်း (မိမိအ သွင်အပြင်ပုံပန်းသဏ္ဌာန်ကိုပြောင်းလဲလိုက်ခြင်း)

– သင်နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သောနေရာမှ ထွက်ခွာရန် ဆုံးဖြတ်ချက်ချခြင်း- သင့်မိသားစုဝင်များနှင့် အပြန်အလှန်ဆက်ဆံရေးပုံစံအားပြောင်းလဲစေခြင်း စသည်တို့ဖြစ်သည်။

တစ်ခါတစ်ရံသင့်ဘဝတွင် အဓိကပြောင်းလဲမှုများပြုလုပ်ခြင်းနှင့် နောက်ကြောင်းပြန်လှည့်ခြင်းများအပေါ် (သင်တစ်ခုခုကိုပျက်ကွက်၊ ဆုံးရှုံးခဲ့သည် သို့မဟုတ် အလုံးစုံကိုပြန်စရန်အတင်းအကျပ် စေခိုင်းခြင်းခံရသည့် ခံစားမှုမျိုးဖြစ်သည့်) မိမိကိုယ်မိမိအပြစ်ရှိသည် ဟူသော ခံစားမှုဖြစ်ပေါ်တတ်သည်။ စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ အပြစ်ရှိသည်ဟုခံစားမိခြင်းတို့ လုံးဝမဖြစ်ပါနှင့်။ တိုးတက်ဖွံ့ဖြိုးလိုသောဆန္ဒရှိလျှင် ကိုယ့်ကိုယ်ကိုယ်ပြန်လည်ဆန်းသစ်ခြင်းဖြစ်စဉ်သည် မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်သည်။ ကျွနု်ပ်တို့အသက်ကြီးရင့်ကျက်လာသည်နှင့်အမျှ ကျွနု်ပ်တို့၏ရည်မှန်းချက်အစီအစဉ်မျှော်လင့်ချက်တို့ ပြောင်းလဲလာသည်မှာရှောင်လွှဲ၍မရသောအရာဖြစ်သည်။

ပြောင်းလဲခြင်းကိုလက်ခံ၍ ယနေ့လက်ရှိသင့်အောင်မြင်မှုတည်ဆောက်ခြင်းကို သေချာအောင်ကြိုးစားပါ။ အဆိုတော်စာရေးသူ၏ စာသားများအတိုင်းဘီးတစ်ဘီးကို ပြန်လည်ဆန်းသစ်တီထွင်ဖို့ ကြိုးစားနေမည့်အစား သင့်ဘဝတွင်ကောင်းမွန်ပြီးသားဖြစ်သော အရာများကို ထပ်မံတိုးတက်အောင် ကြိုးစားတည်ဆောက်ပါဟု ဆိုရမည်သာဖြစ်ပေတော့သည်။တိုးတက်ဖွံ့ဖြိုးလိုသောဆန္ဒရှိလျှင် ကိုယ့်ကိုယ်ကိုယ်ပြန်လည်ဆန်းသစ်ခြင်းဖြစ်စဉ်သည် မရှိမဖြစ် လိုအပ်ချက်တခုဖြစ်သည်။လက်တွေ့လုပ်ဆောင်ခြင်းမိမိကိုယ်ကို ပြန်လည်ဆန်းသစ်ဖန်တီးခြင်း လုပ်ငန်းစဉ်တွင် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားပါ။

တစ်ခါတစ်ရံပြောင်းလဲခြင်းများပြုလုပ်ရန် တွန်းအားပေးခြင်း ခံရတတ်သည်။ ပင်ပန်းနွမ်းနယ်မှုများနှင့် ခြေကုန်လက်ပန်းကျခြင်းများသည် အလုပ်အကိုင်နှင့် အသက်မွေးဝမ်းကျောင်း ပြောင်းလဲခြင်းများသို့ ဦးတည်စေသည်။ ဒေါသ၊ ငြင်းခုံ ခြင်းများ၊ ခါးသီးသည့်ခံစားမှုများသည် တစ်ဦးနှင့် တစ်ဦးကွဲကွာကြသည်အထိ ဖြစ်စေတတ်သည်။ ကျန်းမာရေးပြဿနာများသည် နေပုံထိုင်ပုံကိုပြောင်းလဲစေသည်။ သင့်ဘဝတွင် ကြီးမားသောပြောင်းလဲမှုဖြစ်ရန်အတွက်ကြီးမား ပြင်းထန်သည့် အဖြစ်အပျက်များဖြစ်သည်အထိ စောင့်ဆိုင်းရန်မလိုအပ်ပါ။ လက်ရှိမည်သည့်အခြေအနေတွင် ရောက်နေပြီဆိုသည်ကို အချိန်မှန်မှန် ရှာဖွေသုံးသပ်ပါ။

ပိုမိုအောင်မြင်သောဘဝကိုရရှိရန်

– ကျွနု်ပ်မည်သည့်အလုပ်၊ အတွေး၊ အခြေအနေများကို ရပ်တန့်ရမည်နည်း။

– ကျွနု်ပ်မည်သည့်အလုပ်၊ အတွေး၊ အခြေအနေများကို စတင်ရမည်နည်း။

– ကျွနု်ပ်မည်သည့်အလုပ်၊ အတွေး၊ ဖြစ်တည်မှုများကို လျှော့ချရမည်နည်း။ – ကျွနု်ပ်မည်သည့်အလုပ်၊ အတွေး၊ ဖြစ်တည်မှုများကို ပိုလုပ်ရမည်နည်း။

– နောက်ဆုံး မည်သည့်အလုပ်အတွေးနှင့် ဖြစ်တည်မှု များကို အများနှင့်မတူ ကွဲပြားခြားနားအောင် ဘာ လုပ်ရမည်နည်း။

ဤမေးခွန်းများနှင့်ပတ်သက်သည့် သင့်အဖြေများကို သင့်စိတ်ထဲတွင် ပုံဆွဲ၊ ချရေးကာမှတ်သားထားပါ။ ဤသို့လုပ်ဆောင်ခြင်းမှ သင်မည်သည့်အချက်များကို ပြန်လည်ဆန်းသစ်ရမည်ဆိုသည်ကို သိလာမည်ဖြစ်သည်။ပြန်လည်ဆန်းသစ်ခြင်းသည် ပေးဆပ်မှုကြီးမား၍ အထီးကျန်ဆန်နိုင်သည်။သင်အမှန်တကယ် ယုံကြည်တန်ဖိုးထားသူများထံမှအတွေးအခေါ်နှင့် ထင်မြင်ချက်များတောင်းဆိုပါ။ သို့သော် သင့်အတွေးအခေါ် ထင်မြင်ချက်များသည် ယင်းတို့နှင့် သဘောထားချင်းတိုက်ဆိုင်ချင်မှ တိုက်ဆိုင်လိမ့်မည်ဆိုသည့်အချက်ကို ကြိုတင်တွက်ဆထားပါ။

သင့်ဘဝ၏ တစ်စိတ်တစ်ပိုင်းကိုပြောင်းလိုသည့် ဆန္ဒအကြောင်းရင်းအား ယင်းတို့သဘောမပေါက်လျှင် သင့်အနေနှင့်မိတ်ဆွေအချို့ကိုပင် ဆုံးရှုံးနိုင်သည်။တစ်စုံတစ်ခုသော အသက်မွေးလုပ်ငန်း သို့မဟုတ် ဆက်ဆံရေးတို့ကဲ့သို့သော သင့်အချိန်နှင့်လုံလအားထုတ်မှုများဖြင့် ရင်းနှီးထားရသည့် သင့်ဘဝ၏ကဏ္ဍအချို့မှ စွန့်ခွာသွားရန် ပြင်ဆင်ထားရန်လည်း လိုအပ်မည်ဖြစ်သည်။