အောင်နိုင်တဲ့ စစ်ပွဲများကိုသာတိုက်ပါ

ဆွန်ဇူးက အောက်ပါအတိုင်း ဆက်လက်မိန့်ကြားပါတယ်။

”အဲဒါကြောင့်လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရ အောင်နိုင်ဖို့သေချာတယ်ဆိုရင် ဘုရင်မင်းမြတ်ကမတိုက်နဲ့လို့ အမိန့်ထုတ်ထားစေကာမူ တိုက်သာတိုက်ပါ။

အောင်နိုင်ဖို့ အလားအလာမရှိဘူးဆိုရင်တော့ ဘုရင်မင်းမြတ်ကတိုက်ဖို့အမိန့်ထုတ်ထားလည်းတိုက်ဖို့မလိုဘူး။

ဗိုလ်ချုပ်ကြီးဟာ သူ့နာမည်ကျော်ကြားခြင်းကိုမက်မောလို့လည်း မဟုတ်ဘူး။ ချီတက်တိုက်ခိုက်တယ်၊ ဂုဏ်သိက္ခာကျမှာကို ထည့်မတွက်ဘဲ ဆုတ်ခွာသင့်ရင်ဆုတ်ခွာတယ်၊ သူ့ရဲ့တစ်ခုတည်းသော ရည်ရွယ်ချက်က သူ့လူတွေကိုဘေးအန္တရာယ်မှ ကာကွယ်ရေးနဲ့ ဘုရင်မင်းမြတ်ရဲ့ အကျိုးစီးပွားများကို တိုးပွားရေးပဲဖြစ်တယ်။ အဲဒီလိုဗိုလ်ချုပ်ကြီးမျိုးဟာတိုင်းပြည်ရဲ့ အဖိုးတန်ရတနာတစ်ပါးဖြစ်တယ်။

ရန်သူကို တိုက်ခိုက်တော့မယ်ဆိုရင် ထည့်သွင်းစဉ်းစားရမယ့် အချက်နှစ်ချက်ရှိပါတယ်။

၁။ အစစအရာရာကို အသေးစိတ်အစီအစဉ် ရေးဆွဲထားပါ။ ပြီးရင် စတင်လုပ်ကိုင်ဆောင်ရွက်ပါ။

ဒုတိယကမ္ဘာစစ်အတွင်း ဥရောပနော်မန်ဒီကမ်းခြေတက်တိုက်ပွဲဟာ သမိုင်းမှာ စေ့စပ်သေချာဆုံးကြိုတင်စီစဉ် ဖွဲ့စည်းဆောင်ရွက်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်တယ်။

နိုင်ငံပေါင်းလေးနိုင်ငံမှ တပ်ဖွဲ့ဝင်ပေါင်း ၁၇၅,၀၀၀ ကျော်ပါဝင်တယ်။ အစစအရာရာကို သိပ္ပံနည်းကျကြိုတင်စီစဉ်ထားတယ်။ အင်္ဂလန်နိုင်ငံ အနီးတစ်ဝိုက်မှာ ဥရောပကိုဝင်ရောက်တိုက်ခိုက်ရေး စစ်ရေးလေ့ကျင့်မှုတွေကို လပေါင်းများစွာ လေ့ကျင့်လုပ်ကိုင်ခဲ့တယ်။ တကယ်ဝင်ရောက်မ တိုက်ခိုက်မီ ဘယ်အချိန်၊ ဘယ်နေရာမှ စတင်တိုက်ခိုက်မယ်ဆိုတာကို ပရိယာယ်တပ်ဆင်ကာ လှည့်ဖြားခဲ့တယ်။

ဒါကြောင့် ၁၉၄၄ ခုနှစ်၊ ဇွန်လ ၆ ရက်မှာ မဟာမိတ်တပ်များက နော်မန်ဒီကမ်းခြေတစ်လျောက် ရောက်ရှိဖြန့်ကြက်နေကြပြီဖြစ်ပေမယ့် ဂျာမနီအာဏာရှင်ဟစ်တလာကတော့ ဒါဟာ တကယ်မဖြစ်နိုင်ဘူးလို့ထင်နေတယ်။

၂။ ယေဘုယျဦးတည်မျော်မှန်းချက်ကိုပဲ ချမှတ်ပြီး ချက်ချင်းစတင်ဆောင်ရွက်ပါ။

မဟာမိတ်တပ်တွေ စတင်တိုက်ခိုက်ကြတဲ့အခါ ရှေ့တန်းတပ်များဟာ သက်ဆိုင်ရာနယ်မြေတိုက်ခိုက်ကြတဲ့အခါ ရှေ့တန်းတပ်များဟာ သက် ဆိုင်ရာနယ်မြေဒေသ အခြေအနေများအရ လုပ်ဆောင်ကြရန်ဖြစ်တယ်။ အဲဒီလို ချီတက်တိုက်ခိုက်ရင် အခြေအနေအရ အသေးစိတ်ကိစ္စများကို ထည့်သွင်းလုပ်ကိုင်သွားတယ်။ ဒီနည်းကိုနောက်ပိုင်းအစ္စရေးနိုင်ငံစစ်တပ်က အသုံးပြုတယ်။

ကြိုတင်စီမံလုပ်ကိုင်ထားရတဲ့အလုပ်နဲ့ စတင်အကောင်အထည်ဖော်လိုက်ရတဲ့ အလုပ်နှစ်ခုဟန်ချက်ညီဖို့ဆိုတာ ခက်ခဲတဲ့ အလုပ်ဖြစ်တယ်။ အောင်မြင်ရေးဟာ တကယ်လုပ်ကိုင်ဆောင်ရွက်လိုက်တဲ့ လုပ်ရပ်ပေါ်မှာ တည်မီနေတယ်။

မန်နေဂျာရှုထောင့်မှ သုံးသပ်ချက်

ဦးစီးဆောင်ရွက်ရသူတိုင်းဟာ နေရာနှစ်နေရာမှာ ဘာတွေကိုဘယ်လိုကြိုးစားလုပ်ကိုင်ရမလဲဆိုတာ ဆုံးဖြတ်ရပါတယ်။ အဲဒီလို လုပ်ကိုင်ရမယ့်နေရာနှစ်နေရာရှိတယ်။ လုပ်ငန်းခွင်အတွင်းမှာ လုပ်ပိုင်ခွင့်သြဇာအာဏာရရှိရေး နဲ့ မိမိကိုပေးအပ်ထားတဲ့ လုပ်ငန်းတာဝန်ကို လုပ်ကိုင်ရေးဆိုတဲ့ ကိစ္စနှစ်ရပ်ပဲဖြစ်တယ်။ မိမိတို့လွှဲအပ်ထားတဲ့ တာဝန်ဆိုတာလည်း မိမိရဲ့လုပ်ငန်းခွင်အတွင်းမှာလည်း ဖြစ်နိုင်တယ်။ ပြင်ပမှာလည်း ဖြစ်နိုင်တယ်။

လုပ်ငန်းခွင်မှာ သြဇာအာဏာရရှိရေးဟာ အချိန်အယူရဆုံးဖြစ်တယ်။ စိတ်ပင်ပန်းစရာလည်း ကောင်းတယ်။ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းကြီးမားလေလေ အဲဒီလိုသြဇာအာဏာလုရေးဟာ ပိုခက်ခဲလေပါပဲ။ David Halberstam ဆိုသူက သူရေးတဲ့ The Reckoning ဆိုတဲ့စာအုပ်ထဲမှာ Ford မော်တော်ကားကုမ္ပဏီမှာဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတစ်ခုမှာ တွေ့ရတဲ့တလွဲတချော်ဖြစ်ရပ်တစ်ခုကို အောက်ပါအတိုင်းတင်ပြထားတယ်။

ဘဏ္ဍာငွေကြေးဆိုင်ရာ တာဝန်ယူထားကြသူများရဲ့ လုပ်ပိုင်ခွင့်သြဇာအာဏာတွေ ကြီးထွားလာတဲ့အတွက် လုပ်ငန်းကိုကောင်းအောင် တွေးတောကြံဆလုပ်ကိုင်ကြသူများဟာ ပိုပြီးပြစ်တင်ဝေဖန်မှုတွေခံလာကြရတယ်။ ဒီလူတွေဟာ ကုန်ပစ္စည်းတစ်ခုပိုကောင်းအောင် တီထွင်ကြံဆလုပ်ကိုင်ရာမှာ အမှားအယွင်းမကင်းနိုင်ကြဘူး။ ဘဏ္ဍာငွေကြေးစာရင်းဇယားတွေကို တာဝန်ယူလုပ်ကိုင်ရေးသူတွေကတော့ ကုန်ပစ္စည်းတစ်ခုမကောင်းရင် သူတို့နဲ့မဆိုင်ဘူး၊ သူတို့က ဘာမှတီထွင်စရာလည်း မလိုဘူးလေ။ အစည်းအဝေးတွေမှာဆိုရင် သူတို့က ဝေဖန်ပြစ်တင်ကြပြီး ဖြေရှင်းစရာလည်းမလိုဘူး။ ကုန်ပစ္စည်းအရည်အသွေးနဲ့ပတ်သက်တဲ့ လူတွေကတော့ ပစ္စည်းမကောင်းရင်ခံဘက်ကချည်းပါပဲ။

လုပ်ငန်းဌာနအတွင်း လုပ်ပိုင်ခွင့်အာဏာရရေးပြိုင်ပွဲမှာ မိမိရဲ့အနေအထားကို ကာကွယ်ရင်းလုပ်နည်းလုပ်ဟန်တွေကိုသာ ဝေဖန်ပြောဆိုပါ။ ပုဂ္ဂလိကတိုက်ခိုက်တာမျိုး မလုပ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ တစ်ချိန်ချိန်မှာ သင်တိုက်ခိုက်တဲ့သူဟာ သင့်ရဲ့အကြီးအကဲဖြစ်လာနိုင်တယ်။

ဌာနရဲ့ပြင်ပမှာ ယှဉ်ပြိုင်တိုက်ခိုက်ရတာတွေမှာ တစ်နည်းအားဖြင့် မိမိဌာနရဲ့ကုန်ပစ္စည်း စသည်တို့ကို ပြင်ပပြိုင်ဘက်များနဲ့ ယှဉ်ပြိုင်ရတဲ့အခါ ထိရောက်မှုရှိရေးကို အဓိကအာရုံစိုက်ပါ။

ပစ္စည်းတန်ဖိုး မတက်လာအောင် ဘယ်လိုလုပ်မလဲ။ အစစအရာရာမှာတော့အနိုင် မရနိုင်ဘူး။ ဒါပေမဲ့ ဈေးကွက်ကိုလေ့လာပြီး လိုအပ်ပါကအရင်းအမြစ်လုံလုံလောက်လောက်စုဆောင်း ခုခံလုပ်ကိုင်ပါ။ ဒီလိုလုပ်ကိုင်လို့မှ မအောင်မြင်ရင်တော့ ဆက်မလုပ်ပါနဲ့တော့။

ညွန့်သောင်း

Issue – ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလထုတ် CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း