အသက် ၆၅ နှစ်နှင့်အထက် မျိုးဆက်သစ်စွန့်ဦးတီတွင် လုပ်ငန်းရှင်များ

သက်ကျားအိုတွေကို လူတွေကလမ်းပေါ်မှာ ဝင်တိုက်သွားလေ့ရှိတယ်။ သက်ကျားအိုဘေးမှာရပ်နေတဲ့ လူငယ်ပိုအရေးစိုက်ခံရတတ်တယ်။ အလုပ်အင်တာဗျူးတွေမှာ ဝန်ထမ်းရှာဖွေသူတွေက အသက်ဘယ်နှနှစ်လဲလို့ သူတို့ကို မေးတတ်တယ်။ အဲဒါဟာ ‘ခင်ဗျားလူမည်းလား ခင်ဗျားကဂေးနဲ့တူတယ်။ ခင်ဗျား ဘယ်နှခုနှစ်ကဘွဲ့ရသလဲ’လို့ မေးတာနဲ့တူတယ်။ လုံးဝအဓိပ္ပာယ်မရှိဘူးလို့ တွမ်ကမ်ဘာ Tom Kamberu က ပြောတယ်။

သူက စကား ပြောသိပ်မြန်တယ်။ သင်မျက်တောင်တစ်ချက်ခတ်လိုက်ရင် သူ့စကားသုံးခွန်းလောက်လွတ်သွားနိုင်တယ်။ ခေါင်းတုံးတုံးထားပြီး လက်မောင်းပေါ်ဆေးမင်ကြောင်ရုပ်တွေထိုးထားကာ နိုက်ကလပ်ထဲမှာ ဆာလ်ဆာအက ကလေ့ရှိတဲ့ တွမ်ကမ်းဘားဟာသက်ကျားအိုရိပ်သာ တစ်ခုရဲ့ ညွှန်ကြားရေးမှူးတစ်ဦးနဲ့မတူပါဘူး။ သူဟာ ‘ဇရာဝါဒ’ (Ageism) ဆိုတဲ့ ဝေါဟာရကိုတီထွင်ပြီး အဲဒီအကြောင်းအများကြီး ပြောပြချင်တတ်သူဖြစ်တယ်။

ဇရာဝါဒီတွေကြားမှာ နေထိုင်သူရဲ့စိတ်ကူးတွေဟာ သူများတွေကိုခြိမ်းခြောက်တယ်။ လူတွေက သူတို့အသက်ကြီးမှာ ကြောက်လို့၊ ဒါမှမဟုတ် ”သူတို့နဲ့စီးပွားပြိုင်တာကြောင့် သူတို့ကအသက်ကြီးသူကို ဟန့်တားချင်ကြတယ်။ လူငယ်ယဉ်ကျေးမှုထဲကို တစ်ဦးတစ်ယောက်ရဲ့ စိတ်ကူးတွေ မိတ်မဆက်ပေးချင်ကြဘူး။ လူတွေဟာ တကယ်စိတ်ကုန်စရာကောင်းတယ်”လို့ သူက ပြောတယ်။ ဒါကြောင့် တွမ်ဟာသက်ကျားအိုတွေ ‘အိုပယ်’ ဖြစ်အောင်ပူးပေါင်းကြံစည်နေတဲ့ လောကထဲ ဖြတ်သန်းဖို့ သူတို့ကိုအသင့်ပြင်ပေးတဲ့ နည်းပညာအသားပေးရိပ်သာတစ်ခုအဖြစ် Senior Planet ကို တည်ထောင်ထားပါတယ်။

အဲဒီရိပ်သာဟာ နယူးယောက်မြို့၊ မန်ဟက်တန်မြို့နယ်၊ ချယ်လ်ဆီးရပ်ကွက်ထဲမှာရှိတယ်။ အဲဒီရိပ်သာမှာ သူနဲ့စကားပြောဖို့ စာရေးသူထိုင်ချတော့ အဲဒီရိပ်သာက သင်တန်းဆင်းသူတစ်ဦးဖြစ်တဲ့ မက်ဒလင်းရစ်ချ်ရောင်းတဲ့ လက်အိတ်တစ်စုံ စာရေးသူဝယ်ထားပြီးပါပြီ။ မက်ဒလင်းဟာ ဖိုင်ဘာအနုပညာရှင်နဲ့ စွန့်ဦးထွင်သူဖြစ်ပြီး အွန်လိုင်းမှာအဓိကရောင်းချတဲ့ အဲဒီလက်အိတ်ဖိုးငွေတွေသုံးပြီး မကြာခင်ကယ်ရီဘီယံဒေသကို အပျော်စီးသင်္ဘောဖြင့် သွားလည်ခဲ့သူဖြစ်တယ်။ အဲဒီမှာ ကွန်ပျူတာသင်တန်းသားတွေက Google Calendar နဲ့ Google Hangouts သုံးနည်းတွေဆည်းပူးနေတယ်။ ဆံပင်ဖြူနဲ့အဘွားကြီး ရေချယ်ရော့က အွန်လိုင်းမှာရောင်းတဲ့ သူ့ရဲ့ဗာဒံစေ့ချောကလက်တွေ မြည်းဖို့ အဲဒီဝန်ထမ်းတွေကို လိုက်ဝေနေတယ်။

Senior Planet on the Small Screen

အသက် ၆၀ ကျော်အရွယ်တွေဟာ ဒီရိပ်သာကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ရောက်လာကြတာဖြစ်တယ်။ အခမဲ့သင်တန်းတက်ဖို့၊ မိတ်ဖွဲ့ပေါင်းသင်းဆက်ဆံဖို့၊ ဖေ့စ်ဘွတ်သုံးတတ်ဖို့၊ သူတို့တိုက်ခန်းမှာ တပ်ပေးထားတဲ့ စမတ်သော့စနစ်ကို သုံးတတ်ဖို့ဖြစ်တယ်။ အဲဒီကိုလာသူ ငါးဦးအနက်တစ်ဦးဟာ နည်းပညာသုံးပြီး ငွေရှာချင်သူဖြစ်တယ်။ အငြိမ်းစားဘဝကို ငြီးငွေ့လို့၊ ဒါမှမဟုတ် ဝါသနာကို စီးပွားရေးအဖြစ်ပြောင်းချင်တာကြောင့်လည်း ဖြစ်ချင်ဖြစ်မယ်။

သူတို့က အင်တာနက်ကို ကျွမ်းကျင်စွာ သုံးတတ်ချင်ကြတယ်။ ဆိုရှယ်မီဒီယာတွေသုံးမယ်။ ဝက်ဘ်ဆိုက်တွေထောင်မယ်။ မဂ္ဂဇင်းတွေ ထုတ်မယ်။ သူတို့ဟာ ငယ်ရွယ်သူတွေထက် သူတို့ရည်မှန်းချက်ပန်းတိုင်ကို ပိုလျင်မြန်စွာ ရောက်ချင်ကြတယ်။ ”သူတို့က အသက်ကြီးပြီဆိုတော သူတို့စိတ်ကူးတွေကို အမြန်ဆုံးလက်တွေ့ဖြစ်စေချင်တယ်”လို့ ကင်ဘာက ပြောတယ်။

”အဲဒီအတွက် သူတို့ကို နည်းနည်းပါးပါး ကူညီမယ့်သူလိုအပ်တယ်ဗျ”လို့ သူက ဆက်ပြောပါတယ်။ ဒါကြောင့် အဲဒီသက်ကျားအိုတွေကို လုပ်ကိုင်ခွင့်ရစေမယ့် ပလက်ဖောင်းတစ်ခုကို ကမ်ဘာရဲ့ NGO ဖြစ်တဲ့ Senior Planet ရိပ်သာက ဖန်တီးပေးခဲ့တယ်။ ကယ်မ်ဗင်ရမ်ဆေးဟာ အသက် ၅၀ ကျော်အရွယ်မှာ အာမခံအရောင်းဝန်ထမ်းအလုပ်မှနုတ်ထွက်ပြီး ဇာတ်ညွှန်းတစ်ပုဒ်နဲ့ ကလေးဖတ်စာအုပ်တစ်အုပ်ရေးခဲ့တယ်။ သူ့ပြဇာတ်တင်ဆက်ကပြခံရပြီး အီးမေးလ်မသုံးတတ်ဘဲနဲ့ စာအုပ်ထုတ်ဝေဖြစ်ခဲ့တယ်။ အသက် ၆၀ ကျော်အရွယ်မှာ စာရေးဆရာအဖြစ်အောင်မြင်လာပြီး အက်လန်တာမြို့ကနေ နယူးယောက်ပြဇာတ်လောကထွန်းကားရာရပ်ကွက်ကို သူပြောင်းရွှေ့ခဲ့တယ်။

သိပ်မကြာခင် Senior Planet ကို သူရောက်လာပြီး သင်တန်းတက်တယ်။ သူ့ဇာတ်ညွှန်းတွေကို အမေရိကတစ်ဝန်းရှိ ပြဇတ်ဒါရိုက်တာတွေနဲ့ သရုပ်ဆောင်တွေဆီ အီးမေးလ်တွေနဲ့ပို့တတ်လာတယ်။ အဲဒီက အမှုထမ်းတွေက သူ့စာအုပ်တွေအကြောင်း ရည်ညွှန်းဖော်ပြတဲ့ ဝက်ဘ်ဆိုက်ထောင်ဖို့ ကူညီတယ်။ ရပ်ဝေးမှ မူလတန်းကျောင်းသူကျောင်းသားတွေကို သူ့ရဲ့ကလေးစာအုပ်တွေအကြောင်း Skype နဲ့ ပြောပြတယ်။ သူ့ကို အင်တာ ဗျူးလုပ်တဲ့ ‘ဘရင်ဒန်စတင်တန်’ က သူ့ကိုယ်ပိုင် Facebook Page ထောင်ခိုင်းတယ်။Senior Planet အမှုထမ်းတွေ ကူညီတည်ထောင်ပေးတဲ့ သူ့ရဲ့ အဲဒီပေ့ဂျ်ကို ရက်အနည်းငယ်အကြာမှာ follow လုပ်သူဦးရေ ၃၇,၀၀၀ အထိ ရှိလာတယ်။ အမေရိကမှာ သက်ကျားအိုတွေဟာ အရင်ကထက်ပိုပြီး အလုပ်လုပ်နေကြပါတယ်။ အသက် ၅၅-၆၄ နှစ်ကြား လူဦးရေက ၆၃ ရာခိုင်နှုန်း၊ ၆၅ နှစ် အထက်က ၂၀ ရာခိုင်နှုန်းရှိတယ်။ လူမှုဖူလုံရေးထောက် ပံ့ငွေအပြည့်အဝလက်ခံရရှိတဲ့အသက်အရွယ်ဟာ ၂၀၂၇ ခုနှစ်ကျရင် ၆၇ နှစ်ဖြစ်လာမယ်။

အမေရိကန်ပြည်သူတွေဟာ အကြွေးထူပြီး ဘဏ်စုငွေနည်းပါးစွာဖြင့် အငြိမ်းစားဘဝရောက်လာကြတယ်။ ဒါပေမဲ့ အသက်တွေပိုရှည်လာကြတယ်။ တိုးလာမယ့်နှစ်တွေကို ပိုပျော်စရာကောင်းအောင် လုပ်ကြတယ်။ မိမိကိုယ်ကိုယ်အသုံးမဝင်သူလို့ သဘောထားတဲ့ သက်ကျားအိုတွေဟာ အပျော့စားမသန်စွမ်းမှုရဖို့ အဲဒါမှမဟုတ် သေဆုံးဖို့ အလားအလာသုံးဆပိုရှိကြောင်း လေ့လာချက်တစ်ခုမှာ တွေ့ရတယ်။ ဂျင်းမက်ကာရီဟာ Senior Planet မှာ Work ဆိုတဲ့ သင်တန်းတက်နေတဲ့ အဘွားကြီးတစ်ယောက်ဖြစ်ပြီး ယခင်အဆင့်မြင့်ပညာသင်ကြားရေးကျောင်းဆရာမတစ်ဦးဖြစ်တယ်။ ယခုအခါ ဘုတ်အဖွဲ့တချို့မှာ ပါဝင်နေသေးပေမယ့် သူ့ရဲ့ ယခင်အလုပ်ကိုပါ လွမ်းနေတယ်လို့ဆိုတယ်။ သူမထက်အသက်ကြီးတဲ့ သူမမိတ်ဆွေအမျိုးသမီးကြီးတစ်ဦးဟာ သက်ကျားအိုဖြစ်ပေမယ့် တက္ကသိုလ်တစ်ခုအတွက် အွန်လိုင်းဆရာမလုပ်ပေးနေတာကို သူ့အားကျနေတယ်။

ဂျင်းဟာ ကျောင်းဆရာမပြန်လုပ်ခွင့်ရဖို့ အကောင်းမြင်ပေမယ့် ခွဲခြားဆက်ဆံခြင်းခံရဖွယ်ရှိပါတယ်။ ”လူငယ်တွေက ပိုတော်ကြတယ်” လို့ ဖေ့စ်ဘွတ်တည်ထောင်သူ မာ့ခ်ဇပ်ကာဘာ့ဂ်က ၂၀၀၇ ခုနှစ်က ပြောခဲ့ဖူးတယ်။ ၂၀၁၇ ခုနှစ် ဆန်ဖရန်စစ္စကိုမြို့အစိုးရအရန်ငွေဘဏ်ရဲ့ လေ့လာချက်တစ်ခုအတွက် သုတေသီတွေက သန့်ရှင်းရေးအရောင်းဝန်ထမ်းနဲ့ လုံခြုံရေးရာထူးတွေအတွက် တကယ်မရှိတဲ့လူတွေရဲ့ အလုပ်လျောက်လွှာအတုတွေ ပေးပို့လျောက်ထားကြည့်တယ်။ အလုပ်ရှင်တွေက လူငယ်တွေကို ပထမဦးစားပေးပြန်ဆက်သွယ်ကြပြီး သက်လတ်ပိုင်းတွေကလည်း သက်ကြီးပိုင်းတွေထက်တုံ့ ပြန်မှုပိုရကြောင်း၊ ဝန်ဆောင်မှုအလုပ်တွေအတွက် မိန်းမရဲ့ရုပ်သွင်ပြင်က ပိုအရေးပါပြီး အသက်ကြီးတဲ့ မိန်းမတွေကို ယောကျ်ားတွေထက် ပိုနှိမ်ကြကြောင်း လေ့လာတွေ့ရှိကြရတယ်။

အလုပ်တစ်ခုရဖို့ အဲဒီလိုအခက်အခဲတွေ ရှိတာကြောင့် တချို့သက်ကျားအိုတွေက စွန့်ဦးထွင်လုပ်ငန်းလုပ်ကြပါတယ်။ Senior Planet မှ သင်တန်းသားတစ်ဦးဖြစ်တဲ့ မိုက်ကယ်တေလာဟာ အသက် ၇၁ နှစ်ရှိ ပေမယ့် ၄၅ နှစ်လို့ ထင်ရလောက်အောင် နုပျိုသူပါ။ ၂၀၀၉ ခုနှစ်က အရောင်းထိုင်းပြီး ဆိုင်ငှားခအဆမတန်တက်လာလို့ သူ့ရဲ့ရှေးဟောင်းပစ္စည်းဆိုင်ကို ပိတ်သိမ်းလိုက်ရပေမယ့် သူက အလုပ်ဆက်လုပ်ချင်သေးတယ်။ အသက် ၈၄ နှစ်မှာ အငြိမ်းစားယူပြီး အသက် ၈၅ နှစ် အရွယ်မှာ ကျွန်တော့်အဖေဟာ တကယ့်ကိုအဘိုးကြီး ဖြစ်နေတာမြင်ရတော့ ကျွန်တော်အလုပ်ဆက်မလုပ်နိုင်တဲ့ အချိန်အထိ၊ ဒါမှမဟုတ် သေတဲ့နေ့အထိ အလုပ်လုပ်သွားဖို့ စိတ်ကူးမိတယ်။ ဒါပေမဲ့ အသက် ၂၀ ကျော်၊ ၄၀ ကျော်တွေလို အလုပ်ရဖို့ သိပ်မလွယ်တော့ဘူး” လို့ သူက ပြောတယ်။

ဒါကြောင့် အသက် ၆၀ ကျော်အရွယ် ၂၀၁၀ ပြည့်နှစ်မှာ နယူးယောက်မြို့ အိမ်ခန်းရုံးခန်းအလှဆင် ဒီဇိုင်းပညာကျောင်းတက်ပြီး မဟာဝိဇ္ဇာဘွဲ့ရယူခဲ့တယ်။ ”နောက်ဆုံးစာမေးပွဲကြီးဖြေဖို့ စာကျက်နေရင်းနဲ့ ခုလို စာကျက်မယ့်အစား ကျွန်တော်စိတ်ရောဂါဝင်လာမှာကို ပိုစိုးရိမ်သင့်တယ်လို့ တွေးမိခဲ့တယ်” လို့ တေလာက ပြောပါတယ်။

သူဟာ ယောဂသင်တန်းမှ မိတ်ဆွေတစ်ဦးဆီက Senior Planet အကြောင်းကြားသိရတော့ သူ့ရဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းသစ်အတွက် အသုံးပြုရမယ့် ဒစ်ဂျစ်တယ်ကိရိယာတန်ဆာပလာအသစ်တွေအကြောင်းဆည်းပူးဖို့ သင်တန်းသွားတက်တယ်။ ဒါကြောင့် ဒီဇိုင်းဆော့ဖ်ဝဲသုံးပြီး အခန်းတွေအလှဆင်တတ်လာတယ်။ သူလက်ခံထားတဲ့အလုပ်တွေကိုတင်ပြဖို့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်ထောင်နည်းတတ် မြောက်သွားတယ်။

Etsy ရဲ့ Startup ဆိုတဲ့ သင်တန်းမှာ အွန်လိုင်းဈေးကွက်သင်ခန်းစာတစ်ခုကို သင်တန်းသား ၁၂ ဦးလာတက်နေတယ်။ ‘ရောဘတ်တို’ ဆိုတဲ့ သင် တန်းဆရာက မိမိပစ္စည်းဟာ ရောင်းဈေးထက်ပိုတန်ကြောင်း ဝယ်သူကို သိမ်မွေ့စွာအယုံသွင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပြောပြတယ်။ Etsy လို အွန်လိုင်းပလက်ဖောင်းတစ်ခုမှာ ”တစ်ဖက်သတ်တန်ဖိုး’တိုးမြှင့်နည်း သူက ရှင်းပြတာပါ။ အသက်ကြီးမှုနဲ့ပတ်သက်လို့ ဆွေးနွေးစရာ ပေါ်လာတယ်။ လက်ချုပ်ခေါင်းအုံးစွပ်နဲ့ ဇာခန်းဆီးတွေ ရောင်းချတဲ့ မိမိလုပ်ငန်းကို အရောင်းမြှင့်ဖို့ ကြော်ငြာရာ မှာ မိမိရုပ် ဒါမှမဟုတ် မိမိမိတ်ဆွေရုပ်၊ ဒါမှမဟုတ် တူမ လေးရုပ်နဲ့ ကြော်ငြာရမလားစဉ်းစားနေတယ်လို့ သင် တန်းသူတစ်ဦးက ပြောတယ်။ ဆရာ ‘ရောဘတ်တို’ က တပည့်တွေကို သူတို့ရဲ့ SME လုပ်ငန်းတွေကြော်ငြာ နည်းလေ့ကျင့်ခိုင်းတယ်။ သင်တန်းသားတွေက သူတို့လို အပ်ချက်တွေအတွက် ရည်ရွယ်ထားတဲ့ စိတ်ကူးတွေကို တင်ပြကြတယ်။ ဥပမာ- လူတွေ လမ်းဝေးဝေးလျောက်ရ သက်သာစေမယ့် ကုန်စုံဆိုင်ဖွင့်ဖို့၊ ဗင်ကားဖြင့် ခွေးအလှပြင်တာ အိမ်အရောက်ဝန်ဆောင်မှုပေးဖို့ စတဲ့ စိတ်ကူးတွေပါတယ်။

မိန်းမတစ်ယောက်က ဟာလမ်ရပ်ကွက်မှာ နှစ်ပေါင်းများစွာ သူစီစဉ်တင်ဆက်ပေးနေတဲ့ ဂျက်ဇ်ဂီတဖြေဖျော်ပွဲတွေအတွက် သူဝန်ဆောင်ခ ဘယ်လိုတိုးယူရမလဲ သိချင်တယ်။ တစ်ယောက်က အရက်ဆိုင်ဖွင့်ချင်တယ်။

သက်ကျားအိုတွေဟာ စွန့်ဦးထွင်လုပ်ငန်းလုပ်ချင်လိမ့်မယ်လို့ ကမ်ဘားက မထင်ခဲ့ဘူး။ ၂၀၀၀ ပြည့် လွန်နှစ်တွေအစောပိုင်းကာလတုန်းက သူဟာ နယူးယောက်က လူမှုရေး NGO တစ်ခုရဲ့ ညွှန်မှူးလုပ်တုန်း၊ အသက် ၇၀ ကျော်မိန်းမတစ်ယောက်ကို အင်တာနက်သုံးနည်း စပြီး သင်ကြားပေးရာက ၂၀၀၄ မှာ OATS ဆို တဲ့အဖွဲ့ကို တည်ထောင်ဖြစ်ခဲ့တယ်။ (အဲဒါက သက်ကြီး နည်းပညာဝန်ဆောင်မှုအဖွဲ့အစည်း နာမည်ရဲ့အတိုကောက်ဖြစ်တယ်။) ပြည်သူ့အိမ်ရာအကြောင်းအရာ ပထမဆုံးသင်တန်းကို သူသင်ကြားပေးပြီး သင်ရိုးညွှန်းတမ်းရေးဆွဲဖို့ မြို့တော်အုပ်ချုပ်ရေးအဖွဲ့ဆီက ရန်ပုံငွေရယူတယ်။ သက်ကျားအိုတွေ ဘာလိုချင်ကြသလဲလို့ သူက မေးခဲ့တယ်။

သူတို့ရဲ့ တုံ့ပြန်မှုတွေအရ သူတို့ဟာ ဖေ့စ်ဘွတ်သုံးနည်း၊ အီးမေးလ်ပို့နည်းတွေ အဓိကသင်ချင်တာ မဟုတ်ဘဲ၊ သူတို့ဘဝလက်တွဲဖော်၊ ဒါမှမဟုတ် သူတို့မိတ်ဆွေတွေ သေဆုံးပြီးနောက်ပိုင်း သူတို့ရဲ့ လူမှုကွန်ရက်ကို မြှင့်တင်ချင်တာဖြစ်သတဲ့။ ဒါအပြင် လွှတ်တော် အမတ်တွေနဲ့လည်း ဆက် သွယ်ပြီး လူမှုဖူလုံရေးထောက်ပံ့ငွေတွေ လျောက်ချင်တယ်။ တိုတိုပြောရရင် နည်းပညာက သူတို့ကိုလုပ်ခွင့်ပေးသမျကို လိုချင်ကြတယ်။ ”ဒါဟာ အသက်ကြီးတာနဲ့ သက်ဆိုင်မှန်း ကျွန်တော်တို့ သဘောပေါက်သွားတယ်”လို့ ကမ်ဘာက ပြောတယ်။ ကမ်ဘာဟာ ထောက်ပံ့ငွေတွေရယူပြီး နည်းပြဆရာတွေ ငှားရမ်းကာ နယူးယောက်မြို့နယ်ကြီးငါးခုမှာ အခမဲ့ ကွန်ပျူတာသင်တန်းခွဲပေါင်း ၄၀ ဖွင့်ပေးတယ်။

Senior Planet ဟာ သမားရိုးကျ ဘိုးဘွားရိပ်သာနဲ့ များစွာခြားနားလို့ မိမိဝမ်းသာကြောင်း ချည်ထိုးလုပ်ငန်းရှင်အမျိုးသမီးကြီး ရစ်ချ်က ပြောတယ်။ သို့တစေ သူ့ရဲ့ပစ္စည်းတွေကို အွန်လိုင်းကရောင်းချဖို့ အကူအညီ လိုအပ်ကြောင်း အမှုထမ်းတွေကို ပြောတယ်။ တစ်နေ့မှာ Google ရဲ့ စေတနာ့ဝန်ထမ်းတွေက အဲဒီရိပ်သာကို လာလည်တော့ ”ခင်ဗျား Gmail account ဖွင့်ချင်သလား” လို့ မေးတဲ့အခါ သူကသူ့ရဲ့ဝက်ဘ်ဆိုက်မှာ Google Analytics ကို ကြည့်ချင်တယ်လို့ဖြေတော့ မေးတဲ့မိန်းမ အံ့သြ သွားသတဲ့။

Planet အမှုထမ်းတွေက သူ့ကို Etsy ပလက်ဖောင်းသုံးနည်းသင်ပေးပြီးနောက် Opera Nuts ဆိုတဲ့ မုန့်ကို စတင်ရောင်းချစဉ်က အဲဒီရိပ်သာကို ဦးစွာရောက်လာတဲ့ ရေချယ်ရော့နဲ့ သူတွေ့ခဲ့တယ်။ သူတို့နှစ်ယောက် လက်တွဲပြီး Senior Planet Holiday Bazaar ဆိုတဲ့ ဈေးရောင်းဝက်ဘ်ဆိုက်ထောင်ကြတယ်။ သူတို့လုပ်ငန်းတွေ အောင်မြင်လာပြီး သူတို့ဝက်ဘ်ဆိုက်တွေရဲ့ အခက်အခဲတွေကို အပြန်အလှန် ကူညီဖြေရှင်းပေးကြတယ်။

ကမ်ဘာရဲ့ OATS ဌာနခွဲတွေကို နယူးယောက်ပြည်နယ်အထက်ပိုင်း၊ မေရီလင်း၊ တက္ကဆပ်နဲ့ ကော်လို ရာဒိုပြည်နယ်တွေမှာလည်း ဖွင့်လှစ်ထားပြီး အစ္စရေး၊ စပိန်နဲ့ ဂျပန်နိုင်ငံတွေမှာလည်း ဖွင့်လှစ်သွားဖို့ ဆွေးနွေးနေပါတယ်။

၂၀၁၉ ခုနှစ်၊ ဇွန်လက ကယ်လီဖိုးနီးယားပြည်နယ်၊ ပါလိုအော်လ်တိုမြို့လယ်ပိုင်းမှာ Avenidas အမည်ဖြင့် OATS ရိပ်သာအသစ်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ စဖွင့်မယ့် သင်တန်းတွေမှာသုံးဖို့ Oculus VR 3D မျက်မှန်နဲ့ နားကျပ်တွေ အသင့်ထားရှိပေးပါတယ်။ နံရံကပ်ရုပ်သံစက်တွေမှာ ရေချယ်ရော့သ်လို့ တခြားမြို့ ကြီးတွေမှာရှိတဲ့ အသင်းဝင်တွေရဲ့ ဓာတ်ပုံတွေကို ဆက် တိုက်ပြသပေးနေပါတယ်။ ရုရှားမှာ ဆွေးနွေးပွဲတက်ပြီး ပြန်ရောက်လာတဲ့ ကမ်ဘာက သက်ကျားအိုတွေသုံးဖို့ အက်ပ်တွေ မိတ်ဆက်ပေးတဲ့ SME တည်ထောင်သူတွေ ရော၊ ဆီလီကွန်တောင်ကြားမှ သက်ကျားအိုအယောက် ၁၅၀ ပါ ပြည့်ကျပ်နေတဲ့ ခန်းမထဲဝင်လာပြီး နယူးယောက်မြို့က Senior Planet သင်တန်းသားတစ်ဦးအကြောင်းပြောပြပါတယ်။

အဲဒီလူဟာ နားထိုင်းနေလို့ သရုပ်ဆောင် ရွေးပွဲကိစ္စတွေ ဖုန်းဆက်စုံစမ်းတဲ့အခါ အခက်တွေ့နေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တယ်။ အခုတော့ အီးမေးလ်ဖြင့် အချက်အလက်တွေ ဖတ်ခွင့်ရလို့ သူသရုပ်ဆောင်ဆက် လုပ်စားလို့ ရသွားသတဲ့။ နယူးယောက် Senior Planet ကို သင်တန်းသားမဟုတ်တဲ့ သက်ကျားအိုတွေဝင်လာပြီး နည်းပညာအကူအညီတောင်းကြတယ်၊ ဒါမှမဟုတ် နယူးယောက် ပြည်နယ်ရဲ့မြို့တော်အယ်လ်ဘင်နီကိုသွားပြီး ရန်ပုံငွေပိုတောင်းတဲ့ စည်းရုံးရေးခရီးစဉ်ကို စီစဉ် ကြတယ်၊ ဒါမှမဟုတ် ကယ်ဗင်ရမ်ဆေးရဲ့ အစီအစဉ်သစ် ကို ဝင်ကြည့်ကြတယ်။

ဇွန်လရဲ့ တစ်မနက်မှာ ရမ်ဆေးဟာ အဲဒီရိပ်သာက ကွန်ပျူတာသုံးပြီး အလုပ်လုပ်တယ်။ နောက်နေ့ညကျတော့ အမျိုးသားစာရေးဆရာများသမဂ္ဂမှ သူ့အသက်တစ်ဝက်အရွယ်ရှိ စာရေးဆရာတွေရဲ့ စာမူတွေ ဈေးကွက်တင် နည်းတွေ ဟောပြောတယ်။

”စာရေးတဲ့အလုပ်က ကိုယ့်လိပ်ပြာကိုယ့်ခန္ဓာ ကိုယ့်ရဲ့အပြင်ဘက်လွင့်သွားသလို ခံစားရတယ်”လို့ သူ က ပြောတယ်။

အဲဒီနောက် ရမ်းဆေးဟာသူ့ရဲ့ပြဇာတ်အသစ်နမူနာပိုင်းကို Microsoft Word ဖွင့်ကာ ကီးဘုတ်ခလုတ်လေးတွေကို လက်ညှိုးနှစ်ချောင်းတည်းသုံးပြီး စိတ်ရှည်လက် ရှည်စာစီတယ်။

သူ့အီးမေးလ်လက်ခံမယ့်သူ ဒါဇင်ပေါင်းများစွာဆီ တစ်ပြိုင်တည်းပေးပို့ဖို့ ‘ပို့ရန်’ send ခလုတ်ကို နှိပ်ပြီး သက်ပြင်းရှည်ကြီးချလိုက်တယ်။ မိနစ်ပိုင်းအတွင်းမှာပဲ သူ့ကို ချီးကျူးတဲ့စာတိုလေးတွေ သူ့ဆီတဖွဲဖွဲရောက်ရှိလာပါတော့တယ်။

Ref: Tech Review

စိုးညွန့်ဇော်

Issue – ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလထုတ် CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း