အလုပ်အင်တာဗျူးတွေမှာ ချက်ချင်း အစေးကပ်အောင်လုပ်နည်း

အလုပ်အကိုင်ရှာဖွေသူတွေဟာ အလုပ်အင်တာဗျူးဖြေဆိုပြီးနောက် အလုပ်ခန့်အပ်ခြင်းမခံရတဲ့အခါ သူတို့ဘယ်နေရာမှာ ဘာများမှားသွားသလဲလို့ မကြာခဏတွေးတောကြပါတယ်။ အကြောင်းရင်းတစ်ချက်ကတော့ ရလဒ်အပေါ်မျော်လင့်တာထက်ပိုကြီးမားတဲ့ သက်ရောက်မှုရှိပြီး တွေ့ဆုံခါစ ပထမဆုံးမိနစ်အနည်းငယ်အတွင်းမှာ အလုပ်ရှာသူက မေးမြန်းသူ (အင်တာဗျူးသူ) နဲ့အစေးကပ်အောင် လုပ်နိုင်စွမ်းရှိခြင်း၊ မရှိခြင်းပေါ်မူတည်တယ်လို့ သုတေသနပြုချက်အသစ်တစ်ခုက ဖော်ပြပါတယ်။

သူစိမ်းတစ်ဦးနဲ့ သင်လျင်မြန်စွာဘယ်လိုဆက် သွယ်မှုပြုလုပ်မှာလဲ။ အရက်ရောင်းချသူ၊ ဒါမှမဟုတ် အရက်ဖျော်စပ်သူ၊ လက်လီအရောင်းဝန်ထမ်း၊ တစ်ကိုယ်တော်လူရွှင်တော်တွေနဲ့ ရဲစုံထောက်တွေဟာ အဲဒါကို ပုံမှန်အတိုင်းပြုလုပ်ကြပြီး၊ သုတေသီတွေက သူတို့ရဲ့နည်းလမ်းတွေကို လေ့လာခဲ့ကြပါတယ်။ လက်လီအရောင်းလုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းမှ အမှုထမ်းတွေဟာ ဝယ်သူဖောက်သည်တွေအပေါ် ကောင်းစွာအာရုံစိုက်ပြီး သူတို့နဲ့စိတ်ကြည်လင်စွာ မြူးကြွတဲ့စကားတွေ ပြောဆိုကြကြောင်း သုတေသနရလဒ်တွေက ဖော်ပြတယ်။

Christina Oswald ဟာ ကောလိပ်ကျောင်းတက်ရင်း အရက်ဖျော်စပ်သူလုပ်စဉ်က ဧည့်သည်တွေရဲ့ လက်ပတ်နာရီ၊ ဒါမှမဟုတ် လက်ဝတ်ရတနာတွေကို ချီးမွမ်းတယ်။ ဒါမှမဟုတ် သူတို့အကြိုက်ဆုံးအားကစားနည်းအ ကြောင်း ရင်းနှီးဖော်ရွေစွာ မေးမြန်းတယ်။ အဲဒီကျွမ်းကျင်မှုတွေဟာ အလုပ်အင်တာဗျူးမှုအတွက် အထောက်အကူပြုပါတယ်။

ဝန်ထမ်းရွေးချယ်ခန့်အပ်ရေး မန်နေဂျာဟာ အာလာပသလ္လာပပြောတာကို လက်ခံရဲ့လားဆိုတာ Christina က အနီးကပ်လေ့လာတယ်။ ပြီးတော့ အပြုသဘောဆောင်စွာ စကားစမြည်ပြောဆိုတယ်။ ဥပမာအားဖြင့် သူ့ရဲ့အိမ်နဲ့အလုပ် ကူးသန်းသွားလာမှုကိစ္စမေးပြီး ဒါနဲ့ထပ်တူကျတဲ့ အတွေ့အကြုံတွေ၊ ဒါမှမဟုတ် ရပ်ကွက်အကြောင်းတွေ မေးမြန်းပြီး ထင်မြင်ချက်တောင်းခံတယ်လို့ မီရှီဂန်ပြည်နယ်၊ ဆောက်သ်ဖီးလ်မြို့ရှိ ဒစ်ဂျစ်တယ်ဈေးကွက်တင်မှုလုပ်ငန်း Moncur ကုမ္ပဏီမှ ဆန်းစစ်လေ့လာမှု ပညာရှင် Christina က ပြောပါတယ်။

မိမိတို့ရဲ့ မျက်မြင်သက်သေတွေ၊ ဒါမှမဟုတ် သံသယရှိသူတွေနဲ့ မိမိတို့ရဲ့တူညီတဲ့ စိတ်ဝင်စားစရာတွေ၊ ဒါမှမဟုတ် ထပ်တူအတွေ့အကြုံတွေကို တွေ့အောင်ရှာခြင်းအားဖြင့် ရဲစုံထောက်တွေက ချက်ချင်းအစေးကပ်အောင် လုပ်ယူလို့ရကြောင်း ဥပဒေအရာရှိ (ရဲဝန်ထမ်း) ၁၂၃ ဦး ကိုလေ့လာချက်အရ သိရပါတယ်။ ကိုလံဘီယာတက္ကသိုလ်မှ ပဋိပက္ခဖြေရှင်းရေးကျွမ်းကျင်သူနဲ့ သုတေသီ Aldo Civico ဟာ သုတေသနကိစ္စတစ်ခုအတွက် ကိုလံဘီယာနိုင်ငံက အကျဉ်းထောင်တစ်ခုထဲမှာ ပြောက်ကျားသူပုန်ခေါင်းဆောင်တစ်ဦးကို တွေ့ဆုံမေးမြန်းခါစမှာ အဆီအငေါ်မတည့်ခဲ့ဘူး။

နောက်ပိုင်းကျတော့ သူတို့နှစ်ယောက်စလုံး စိတ်ဝင်စားတဲ့ အီတလီချက်ပြုတ်နည်းကိစ္စ ဆွေးနွေးဖြစ်တဲ့အခါ အဲဒီသူပုန်ခေါင်းဆောင်က Aldo Civico မေးသမျအ ကုန်ဖြေသတဲ့။ ပြက်လုံးလက်တန်းပြောတဲ့ လူရွှင်တော်တွေအသုံးပြုတဲ့ ကျွမ်းကျင်မှုကြောင့် ပွဲကြည့်ပရိသတ်နဲ့ အစပ်အဟပ်တည့်ကြကြောင်း သုတေသနရလဒ်က ဖော်ပြတယ်။ ဒီကိစ္စမှာ သူများရဲ့အမူအရာတွေကို မှတ်သားခြင်း ကရုဏာသက်ခြင်း၊ မြူးကြွတဲ့ တုံ့ပြန်စကားတွေ ပြောဆိုခြင်းနဲ့သူများတွေကို လင်းလက်ခွင့်ပေးခြင်းတို့ ပါဝင်ကြောင်း နယူးယောက်မြို့မှ နည်းဗျူဟာကျ ဆက်သွယ်ရေးလုပ်ငန်းဖြစ်တဲ့ Peppercomm ရဲ့ ‘အမှုဆောင်ဟာသအရာရှိချုပ်’ (Chief Comedy Officer) ဆိုသူ Clayton Fletcher က ပြောပါတယ်။

လုပ်ငန်းခွင်မှာ အစုအဖွဲ့စိတ်ဓာတ်နဲ့ ပြောဆိုဆက်သွယ်မှုတွေကို မြှင့်တင်ပေးဖို့ ရယ်စရာမောစရာတွေ သုံးဖို့ သူကဖောက်သည်တွေ (အလုပ်အပ်သူတွေ) ကို အကြံပေးလေ့ရှိပါတယ်။ ပထမဆုံးလက်ဆွဲနှုတ်ဆက်ခြင်းနဲ့ အင်တာဗျူးအတွက် နေရာယူခြင်းတို့ကြားက အသွင်ကူးပြောင်းမှု အခိုက်အတန့်ဟာ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို ပြသဖို့အချိန်ဖြစ်နိုင်ပါတယ်လို့ Fletcher က ပြောပါတယ်။ သူနဲ့ Peppercomm ရဲ့ စီအီးအိုဖြစ်သူ Steve Cody တို့ဟာ သူတို့ရဲ့ဖောက်သည်အသစ်ဖြစ်နိုင်သူတစ်ဦးနဲ့အတူစင်္ကြံလမ်းရှည်ကြီးထဲ အတူလျောက်နေတုန်း ”ဒီဟာ သိပ်ကောင်းတယ်။ ကျွန်တော် ဒီနေ့ (သွေးလှည့်ပတ်မှု) လေ့ကျင့်ခန်းသွားလုပ်ဖို့ မလိုတော့ဘူး” လို့ Cody ကနောက်လိုက်တော့ အဲသည်ဧည့်သည် အားရပါးရရယ်တယ်။ ”အဲဒီမှာတင်သူနဲ့ ကျွန်တော်တို့ သံယောဇဉ်တွယ်သွားပြီလို့ အောက်မေ့ရတယ်” လို့ Cody က ပြောပါတယ်။

သင့်အိမ်စာလုပ်တာလည်း အကျိုးရှိနိုင်ပါတယ်။ တင်နက်ဆီပြည်နယ်၊ နက်ရှ်ဗီးလ်မြို့မှ မြက်ခင်းပြုပြင်ထိန်းသိမ်းမှုလုပ်ငန်း Green Pal ကုမ္ပဏီစီအီးအိုဖြစ်သူ Bryan Clayton က ထွေရာလေးပါး ပြောဆိုရတာ မကြိုက် ပေမယ့် ရာထူးလျာထားခံရသူအများစုက အဲဒါကိုမျော်လင့်ကြတာကြောင့် မကြာခဏ သူအဲဒီလို စကားတွေပြော ရပါတယ်။ လွန်ခဲ့တဲ့ ခုနစ်လက ဈေးကွက်တင်မှုနဲ့ ဆက်စပ်တဲ့ရာထူးအတွက် လျာထားခံရသူ Josh Hudgins ကတော့ ထွေရာလေးပါးမပြောတော့ဘဲ Bryan ရဲ့ ကုမ္ပဏီကို တိုးတက်စေမယ့် သူ့စိတ်ကူးတွေကို တစ်ခါတည်းပြောပြတော့ သူအံ့သြကျေနပ်သွားပါတယ်။ Josh ဟာ မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးအမျိုးအစားကို LinkedIn ထဲက မိမိကိုယ်ရေးအကျဉ်းကို Crystal ဆိုတဲ့ ဆော့ဖ်ဝဲသုံးပြီး ဆန်းစစ်လေ့လာရာမှာ မိမိဟာ အချိန်ဖြုန်းတာကို မကြိုက်တဲ့၊ အလုပ်တာဝန်ကို ဦးစားပေးတဲ့ပုဂ္ဂိုလ်မှန်း သူကြိုသိခဲ့ကြောင်း နောင်အခါကျမှ Clayton သိရှိသွားပါတယ်။ ဆန်းစစ်လေ့လာမှုက Clayton ရဲ့ လိုလားချက်နဲ့ မိမိတုံ့ပြန်မှုကိုက်ညီအောင် အထောက်အကူပြုခဲ့တယ်လို့ Josh က ပြောပါတယ်။ ပြီးတော့ အဲဒီအလုပ်ကို သူတကယ်ရရှိသွားပါတယ်။

အလုပ်အင်တာဗျူးတစ်ခုမှာ အင်တာဗျူးသူနဲ့ အစေးကပ်အောင်လုပ်ခြင်းရဲ့ သက်ရောက်မှုကို သုတေသီတွေ မှတ်တမ်းတင်ခဲ့ပါတယ်။ ဟန်ပြအင်တာဗျူးအတု ၁၆၃ ခုအပေါ် မကြာသေးခင်က လေ့လာမှုအရ အင်တာဗျူးသူတွေဟာ အလုပ်အတွက်ဆန်ခါတင်ရွေးခံထားရသူတွေနဲ့ နှစ်မိနစ်သုံးမိနစ်လောက် မိတ်ဆက်စကား ပြောဆိုပြီးနောက် သူတို့ရဲ့အစွမ်းအစကို အမှတ်ပေးကြရပါတယ်။ ပြီးတော့ အလုပ်နဲ့ဆက်စပ်တဲ့ မေးခွန်း ၁၂ ခုအ တွက် ဆန်ခါတင်စာရင်းဝင်တွေရဲ့ ဖြေဆိုမှုကို အမှတ်ပေး ရပါတယ်။ အင်တာဗျူးသူတွေနဲ့ အလုပ်လျောက်ထားသူတို့ရဲ့ တူညီချက်တွေရှာတွေ့ပြီး အင်တာဗျူးမဖြေခင် ယုံကြည်စိတ်ရှိအောင်လုပ်နိုင်တဲ့ ဆန်ခါတင်စာရင်းဝင် အလုပ်လျောက်သူတွေဟာ အင်တာဗျူးကောင်းစွာဖြေနိုင်ပေမယ့် စောစောစီးစီး ဆက်သွယ်မှုရအောင်မလုပ်နိုင်တဲ့သူ တွေထက် စုစုပေါင်းရမှတ်တွေ ပိုများကြောင်း အက်လန်တာပြည်နယ်၊ ဂျော်ဂျီယာပြည်နယ်ရှိ ဂျော်ဂျီယာစက်မှု တက္ကသိုလ်မှ အဖွဲ့အစည်းဆိုင်ရာအပြုအမူလေ့လာရေး လက်ထောက်ပါမောက္ခ Bryan W. Swider ဦးဆောင်တဲ့ သုတေသီအဖွဲ့က ဆိုပါတယ်။

လျောက်ထားသူနဲ့ အစေးကပ်အောင်လုပ်နိုင်စွမ်းဟာ ဒီအလုပ်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ တစ်မူကွဲပြားထူးခြားတဲ့ သြဇာလွှမ်းမိုးမှုရှိပုံရပါတယ်။ လက်လီလုပ်ငန်းအမှုထမ်းတွေနဲ့ တွေ့ဆုံမှုတွေဟာ အလုပ်ရှာသူ တွေကို ထွေရာလေးပါးပြောနည်းလေ့ကျင့်ခွင့်ရရှိစေနိုင်တယ်လို့ ဒေါက်တာ Swider က ပြောပါတယ်။ ”တကယ်လို့ သင်ဟာ Starbucks ကော်ဖီဆိုင်မှာ ကော်ဖီဝင်ဝယ်တာ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ကုန်စုံဆိုင်ထဲ ခဏဝင်တာဖြစ်ဖြစ် ကော်ဖီဖျော်စပ်သူ၊ ဒါမှမဟုတ် ကုန်ဆိုင်စာရေးကို ဒီနေ့သူ့အတွက် အဆင်ပြေမပြေမေးကြည့်လိုက်ပါ” လို့ သူ က ပြောပါတယ်။

စိုးညွန့်ဇော်

Ref: www.businessinsider.com